တက္ကသိုလ်ကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ဖိုးဇော်ဆိုတာ ရှိတယ်။ ဖိုးဇော်နဲ့ ကျွန်တော်နဲ့က မေဂျာမတူဘူး။ သူက မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ကျွန်တော်က အီလက်ထရွန်းနစ်ပေါ့။ ဖိုးဇော်ဟာ သူနဲ့ တစ်မေဂျာတည်းတက်တဲ့ နွေးနွေးဆိုတဲ့ ကျောင်းသူနဲ့ပဲ နောက်ပိုင်း အိမ်ထောင်ကျတယ်။ သမီးတစ်ယောက်ရတယ်။ ဖိုးဇော်နဲ့ နွေးနွေးတုန်းက ကြိုက်သွားတဲ့အကြောင်းတွေကို ကျွန်တော်က အစအဆုံး သိတယ်။ ကျွန်တော်တို့ ပထမနှစ်ကတည်းက ဖိုးဇော်က နွေးနွေးကို စိတ်ဝင်စားတယ်။ နွေးနွေးက တရုတ်ကပြားမလေး၊ အသားဖြူဖြူ၊ ခပ်ချောချော၊ သွားထပ်ကလေးနဲ့။ ဆံပင်ရှည်ရှည်လေးကို ဖားလျားလေးချပြီး လွယ်အိတ်လေး ဘေးတစောင်းလွယ်လို့ ကျောင်းလာတတ်တယ်။ ရိုးရိုးယဉ်ယဉ်ပုံစံလေးပေါ့။ ဖိုးဇော်က နွေးနွေးကို ကျွန်တော်တို့ ပထမနှစ်မှာ စပိုးတယ်။ ဖိုးဇော်က ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့သူ။ အဲဒီတုန်းက ကျွန်တော်တို့ အင်ဂျင်နီယာကျောင်းသားတွေကို ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက အသကုန်နှိပ်ကွပ်ထားတာ။ ကျောင်းတွေကို ခွဲထုတ်၊ မြို့ပြင်ပို့။ ရိုးရိုး အေဂျီတီအိုင်တွေနဲ့ ရောပြီးတက်ခိုင်း။ အဲသလိုလုပ်တော့ ကျောင်းသားတွေက ကျောင်းထဲမှာ ဆန္ဒပြကြတယ်။ အခန်းထဲကနေ အပြင်ထွက်ထိုင်၊ ...