နိုဝင်ဘာလ ၂၇ ရက်နေ့သည် ကျွန်တော့်ဘဝတွင် တိုက်ဆိုင်စွာပင် အမှတ်တရများရှိသော နေ့စွဲတစ်ခု ဖြစ်ပါသည်။ လူတို့သည် သူတို့ဘဝတွင် ထူးခြားဖြစ်စဉ်များနှင့်ကြုံရသောအခါ ထိုသို့ကြုံရသည့် နေ့စွဲကို မှတ်မိနေတတ်ကြသည် မဟုတ်လား။ (၁) နိုဝင်ဘာ ၂၇ နှင့်ပတ်သက်၍ ပထမဆုံး အမှတ်တရမှာ ထိုနေ့သည် အဘွားဆုံးသောနေ့စွဲဖြစ်သည်။ အဘွား ရုတ်တရက် ဆုံးတုန်းက ကျွန်တော်အသက် ၁၆ နှစ်အရွယ်။ အဘွားသည် အိပ်ရာထပြီးနောက် ရေချိုးခန်းထဲ မျက်နှာသစ်နေရာမှ နှလုံးရပ်ကာ သတိလစ်သွားခဲ့သည်။ အိမ်သားများက ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်နှိုးကာ ဆေးရုံအမြန်ပို့သော်လည်း ထိုတောင်ကိုမကျော်နိုင်ခဲ့ပါ။ အဘွား အဲသည်လိုတွေ ဖြစ်နေတော့ ကျွန်တော်က ကျောင်းသွားနေချိန်။ မနက်ကျောင်းမသွားခင် အဘွားကို တွေ့လိုက်သေး သည်။ ကျောင်းမှအိမ်ပြန်လာတော့ အဘွားမရှိတော့။ မြန်လိုက်တာ။ သည်လိုမှန်း သိခဲ့လျှင် ကျောင်းမသွားခင် အဘွားကို ဖက်သွားခဲ့ရကောင်းသား။ အဘွားဆုံးတော့ အမေတို့ငိုကြသည်။ အဘွားအကြောင်းတွေ တသသပြန်ပြောကြ၊ အဘွားကို အာဂမိန်းမဟဲ့ ဟူ၍ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြ။ လွမ်းဆွေးကြ။ အဘွားသည် ရှာမှရှားသောမိန်းမတွေထဲက တစ်ယောက်ဟု ထောပနာကြသည်။ ကျွန်တော်သည် နာရေးကာလတစ်...