Skip to main content

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။



သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။ 

ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်း၊ ဆရာနိုင်ဝင်းဆွေ၏ ‘မသိန်းရှင်ဆီ ပို့ပေးပါ (သင့်စာပေ/၁၉၇၁)’ သည်လည်းကောင်း မြန်မာနိုင်ငံတွင် တံခါးပိတ်စီးပွားရေး စနစ်ကို ကျင့်သုံးပြီး နောက်ပိုင်း အခြေခံလူတန်းစားများ အလွန်ကျဉ်းမြောင်းကျပ်တည်းစွာဖြင့် စားဝတ်နေရေး ဖြေရှင်းရသော ကာလတွင် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများကို အာဏာပိုင်များနှင့် လက်တစ်လုံးခြား စိန်ပြေးတမ်း ကစားရင်း ကူးသန်းရောင်းဝယ်ကာ ဝမ်းရေးဖြေရှင်းရသည့် ဘဝသရုပ်ဖော်ဝတ္ထုကြီးများဖြစ်ကြပါသည်။ 

ကျွန်မ မသိမမီလိုက်သော တစ်ချိန်ကသက်စွန့်ကြိုးပမ်း မှောင်ခိုကုန်ကူးခဲ့ရသော ခေတ်ကို နောက်ခံထား၍ ရေးဖွဲ့ထားသော ထိုဝတ္ထုနှစ်ပုဒ်သည် သက်ဆိုင်ရာ စာရေးဆရာများ၏ အောင်မြင်ထင်ရှားသော လက်ရာများ ဖြစ်ကြပြီး ဝတ္ထုနောက်ခံပြုရာခေတ်မှာ ကျန်ခဲ့ပြီဆိုသည့်တိုင် နှောင်းလူတို့ကလည်း စိတ်ဝင်တစား ဖတ်ရသည့် လက်ရာမြောက်ဝတ္ထုများဖြစ်သည်။

ဝတ္ထုနှစ်အုပ်စလုံးက မှောင်ခိုခေတ်၏ သရုပ်သကန်များကို ပေါ်လွင်အောင် နောက်ခံထား ဖွဲ့နိုင်ကြပုံချင်း တူသလို အဆုံးသတ်တွင် ပျော်ရွှင်ဖွယ်နိဂုံးမဖြစ်ပုံခြင်းလည်း ညီကြပါသည်။ ဇာတ်ကောင်လေးဦးစလုံးသည် မှောင်ခိုကူးရသည့်အလုပ်ကို မချစ်သော်လည်း အောင့်ကာနမ်းကြရသူများ ဖြစ်ပြီးလျှင် ထိုသူ လေးဦးစလုံး သည် ခေတ်စနစ်၏ (အတိအကျဆိုရလျှင်) မှားယွင်းသော နိုင်ငံမူဝါဒတို့၏ သားကောင် ဖြစ်ရသူများလည်း ဖြစ်ကြသည်။

သို့သော် ဝတ္ထုနှစ်အုပ်တွင် မတူညီသော လက္ခဏာသွင်ပြင်များလည်း ရှိနေပါသည်။ "မာယာဘုံ"သည် ဇာတ်လမ်းရှည်ရှည် ဇာတ်အိမ်ကြီးကြီးဖြင့် မုံရွာ-ကလေးဝ တစ်ကြော မှောင်ခိုလုပ်ငန်း သဘော သဘာဝ ကို အဓိကတည်ကာ ရေးထားရုံသာမက ဝတ္ထုရေးဆရာ၏ တခြားအထွေထွေဗဟုသုတများ၊ ဘဝဒဿန အဘိဓမ္မာ များကိုပါ စာမျက်နှာ အတော်များများပေးကာ ထည့်သွင်းရေးသား ထားသော ဝတ္ထုဖြစ်သည်။ စာအုပ်ကလည်း ထူလှသည်။ 

"မသိန်းရှင်ဆီပို့ပေးပါ" (‘မသိန်းရှင် …’ ဟုသာ သုံးပါတော့မည်) မှာမူ မီးရထားဖြင့် ထန်းလျက်မှောင်ခို ကူးကြသူ တို့၏ နေ့စဉ်ဘဝကို လက်မှတ်စစ် စာရေးလေး ကိုရင်မောင်၏ ရှုထောင့်မှ တင်ပြဟန် ပထမနာမ်စား သုံး၍ ရေးထားသော ဝတ္ထုဖြစ်သည်။ ဇာတ်လမ်း ဇာတ်ကွက်ကလည်း မာယာဘုံနှင့်ယှဉ်လျှင် ရိုးစင်းပါသည်။ ဇာတ် အလှည့်အပြောင်း မပါသလောက်ရှိပြီး ကိုရင်မောင်၏ ညိုညို့အပေါ်ချစ်သည့် အချစ်နှင့် ညိုညို့အတွက် စိုးရိမ်ပူပန် ရသည့် ခံစားချက်များကို ဇောင်းပေးရေးသားထားသည့် ဇာတ်ကောင်၏ ရင်တွင်းခံစားမှု အသားပေး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ မာယာဘုံ၏ သုံးပုံတစ်ပုံခန့်သာ ရှည်သည်။ 



မာယာဘုံ သည် သုတေသနအားကောင်းကောင်းဖြင့် ဆိုရှယ်လစ်ခေတ်မြန်မာနိုင်ငံအခြေအနေ တစ်ခုလုံးကို မြင်ကွင်းကျယ်မြင်ရအောင် နှိုက်ထုတ်တင်ပြထားသော ဝတ္ထုကြီးဖြစ်သည်။ မှောင်ခိုလောက ဝတ္ထု ဖြစ်သော်လည်း စာရေးသူက သစ်ချောက်ကျောက်မီးသွေးတွင်းအကြောင်း၊ ဘူမိဗေဒသဘောတရားများ၊ လေးကောင်ဂျင်ကစားနည်း ဗဟုသုတများကိုပါ အသေးစိတ် အဆစ်အနေဖြင့် ထည့်ပေးထားသဖြင့် ဟင်းတွေ အမျိုးအမည်စုံလင်လှရုံတင်မက အချိုပွဲများပါ အီစိမ့်နေအောင် ကျွေးသော စားသောက်ဝိုင်းကြီးမှာ ထိုင်စားရသည်နှင့် တူပါသည်။ 

မသိန်းရှင် … မှာမူ မာယာဘုံလောက် မရှည်လျားသည့်အပြင် ဝတ္ထု၏အဓိကအကြောင်းအရာနှင့် မသက်ဆိုင် သော တခြားပြင်ပ ဗဟုသုတများလည်း မပါသလောက်ပင်။ တောင်တွင်းကြီး-ကျောက်ပန်းတောင်း ခေါက်ပြန် ရထားပေါ် ထန်းလျက်မှောင်ခိုကူးကြသူများ၏ နေ့စဉ်ဘဝ ကြုံရဆုံရသည့် အဖြစ်အပျက် ကြီးငယ် တို့ကို နောက်ခံထား၍ ကိုရင်မောင်နှင့် ညိုညိုတို့၏ အချစ်ဇာတ်လမ်းကို ရုပ်လုံးကြွအောင် ရေးထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ အရသာရှိသော အဓိကဟင်းလျာတစ်မျိုးတည်းကို ထမင်း၊ ငါးပိရည်၊ တို့စရာတို့ဖြင့် နယ်ဖပ်စားကာ လွေးရသည်နှင့် တူသော စာတစ်ပုဒ်ဖြစ်ပါသည်။ 

အဓိက ဇာတ်ကောင်ချင်း နှိုင်းယှဉ်ကြည့်သောအခါ မာယာဘုံမှ ကိုမြင့်နှင့်အေးမတို့ထက် မသိန်းရှင် … မှ ကိုရင်မောင်နှင့် ညိုညိုတို့က ကျွန်မ၏ ရင်ထဲကိုပိုရောက်သည်၊ ပိုငြိသည်ဟု ဆိုချင်ပါသည်။ ဝတ္ထုကြီး တစ်အုပ်လုံးအနေဖြင့် မာယာဘုံသည် ဇာတ်လမ်းဇာတ်အိမ် ကြီးမားခိုင်ခန့်သော်လည်း ကိုမြင့်နှင့် အေးမတို့၏ ဇာတ်ကောင်စရိုက်များသည် အင်အားအနည်းငယ်လျော့နည်းနေသည်ဟု ထင်ပါသည်။ ဆိုလိုသည်မှာ စာဖတ်သူနှင့် ဇာတ်ကောင်များကြား ကူးလူးချိတ်ဆက်ရာတွင် မမိချင် ဖြစ်နေပုံမျိုးဟု ဆိုနိုင်သည်။ 

ဆရာဇော်ဂျီက “ရသစာပေဆိုသည်မှာ လောကအဖြစ်အပျက်ကိုလည်းကောင်း၊ လူတို့၏ အမူအရာ တို့ကို လည်းကောင်း စာဖတ်သူတို့၏ စိတ်၌ မြင်ယောင်ယောင် ကြားယောင်ယောင်ဖြစ်အောင် ပြု၍ ရသ နှစ်သက်ခြင်း အမျိုးမျိုးကို ပေး၍ စာရေးသူ၏ ဘဝအသိအမြင်ကို ထိုစာမျိုးဖတ်သူ၏ စိတ်သန္တာန်၌ သူ့အလို အလျောက် ပေါ်လာအောင်၊ ထင်လာအောင် ပြုတတ်သည်။ တစ်နည်းဆိုရသော် ရသနှစ်သက်ခြင်း အမျိုးမျိုးကို ပေးရင်း လူ့လောကနှင့်စပ်၍ ဝမ်းမြောက်ထိုက်သည်ကို ဝမ်းမြောက်တတ်အောင်၊ ဝမ်းနည်း ထိုက်သည်ကို ဝမ်းနည်းတတ်အောင်၊ ချီးကျူးထိုက်သည်ကို ချီးကျူးတတ်အောင်၊ ရှုတ်ချတတ်သည်ကို ရှုတ်ချတတ်အောင် ပြု၍ ကိုယ်ပိုင် ဘဝအတွေးအခေါ်နှင့် ကိုယ်ပိုင် ဘဝအသိဉာဏ်တို့ကို အားပေးရန် စာရေးဆရာ၏ ပဋိဘာန် ဉာဏ်စွမ်းဖြင့် ဖန်တီးသောစာမျိုး ဖြစ်သည်” ဟု ဆိုထားပါသည်။

ဤနေရာတွင် ကျွန်မအနေဖြင့် မာယာဘုံနှင့် မသိန်းရှင်… တို့ကို ဖန်တီးထားသူနှစ်ဦး၏ ဝတ္ထုရေးနည်း အတတ်ပညာနှင့် ပတ်သက်၍ ဝေဖန်ရန်မဟုတ်သလို မည်သည့်ဝတ္ထုက ထိုခေတ်စနစ်ကို ပို၍ ကွင်းကွင်း ကွက်ကွက် ဖော်ပြနိုင် သည်ဟု နှိုင်းယှဉ်ရန်လည်း မဟုတ်ပါ။ ကိုမြင့်နှင့် အေးမတို့သည် ရင်မောင်နှင့် ညိုညိုတို့ လောက် ကျွန်မကို မငြိစေခြင်းမျှသာ ဖြစ်ကြောင်း ပြောလိုခြင်းဖြစ်သည်။ အထက်ပါ ဆရာဇော်ဂျီ၏ ဖွင့်ဆိုချက်အရဆိုလျှင် ကိုမြင့်နှင့် အေးမတို့သည် ရင်မောင်နှင့် ညိုညိုတို့လောက် ကျွန်မ၏ စိတ်၌ “မြင်ယောင်ယောင် ကြားယောင်ယောင်” ဖြစ်မလာခဲ့ဟုသာ ဆိုလိုရင်းဖြစ်သည်။ 

ကျွန်မတစ်ဦးတည်း၏ အမြင်ဖြင့်ဆိုရသော် ကိုမြင့်နှင့် အေးမတို့သည် စာဖတ်သူနှင့်အနည်းငယ် စိမ်းနေသည်ဟု ခံစားမိပါသည်။ အရင်ဦးဆုံး ကိုမြင့်ကို ထုတ်နုတ်ပြရလျှင် ကိုမြင့်သည် အဘိဓမ္မာဆန်သော စကားများကို ဝတ္ထုတစ်လျှောက်လုံး ပြောသွားသူဖြစ်သည်။ ဝတ္ထုရေးသူသည် အရာရာကို အကုန်သိနေသူ (omniscient narrator) နေရာမှ ရေးထားသည်ဟု ဆိုသော်လည်း ကိုမြင့်၏ရှုထောင့်မှ အများဆုံး ရေးသား ထား သဖြင့် ကိုမြင့်သည်ပင် ယခုဝတ္ထု၏အဓိကဇာတ်ကောင်ကြီးဖြစ်သည်ဟု သုံးသပ်ရသည်။ 

ကျွန်မသည် ဝတ္ထုတစ်ပုဒ်ဖတ်သည့်အခါ ဇာတ်ကောင်များနေရာကို ရောက်သွားဖို့၊ ဇာတ်ကောင်များနှင်အ့တူ လိုက်မြင်နေဖို့၊ လိုက်ခံစားနေမိဖို့ ပိုနှစ်သက်ပါသည်။ ဇာတ်ကောင်၏ ဘဝအမြင်၊ ဘဝဒဿနများထက် ထိုဇာတ်ကောင် တွေ့ကြုံခံစားနေရသည့် အရာများကို စာဖတ်သူကပါ လိုက်တွေ့ကြုံခံစားပြီး သူပျော်လျှင် ကိုယ်လိုက်ပျော်၊ သူဝမ်းနည်းလျှင်ကိုယ်လိုက်ဝမ်းနည်း စသည်ဖြင့် ထိုဇာတ်ကောင်နှင့် စာဖတ်သူ တသားတည်း ဖြစ်နေဖို့ကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ပိုလိုလားသည်။ 

ထို ရှုထောင့်မှ ဆိုလျှင် ကိုမြင့်နေရာကိုရောက်သွားဖို့ ကျွန်မ ခဲခဲယဉ်းယဉ်းဖြစ်နေခဲ့သည်။ ကိုမြင့် နှုတ်မှ ထွက်လာသော မှောင်ခိုလောကဆန့်ကျင်ရေး စကားများ၊ ဘဝကိုအကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း ရှုထောင့်တို့သည် စာဖတ်သူကျွန်မနှင့် တစ်သားတည်း ဖြစ်မလာခဲ့ပါ။ ကိုမြင့်၏နှုတ်ထွက် စကားများသည် စကားလုံးများ၊ ဝါကျများ သက်သက်သာဖြစ်နေပြီး အဘယ်ကြောင့် ကိုမြင့် ထိုသို့ တွေးခေါ် ခံစားနေရ ကြောင်းကို သူ့နေရာမှဝင်၍ လိုက်ပါစီးမျောဖို့ရာ စာရေးဆရာက ခေါ်သွားဖို့အရေးတွင် အနည်းငယ် လိုနေ သည် ဟု မြင်ပါသည်။ 

ထိုသို့ဆိုရာတွင် စာရေးသူသည် ကိုမြင့်နှင့်ပတ်သက်သော နောက်ခံအချက်အလက်များကို မပေးဟု မဆိုလိုပါ။ ကိုမြင့်၏ ငယ်ဘဝမှသည် အေးမ၊ တိုးမတို့နှင့်တွေ့၍ နောက်ပိုင်း ထမင်းငတ်လာသောအခါ သူကိုယ်တိုင် သူမယုံကြည်ခဲ့သည့် မှောင်ခိုအလုပ်ကို ဝင်လုပ်ရသည့်ဘဝ ဖြစ်လာပုံတို့ကို ဇာတ်လမ်း ဇာတ်ကွက် (plot) များဖြင့်ရော၊ အပြန်အလှန်ပြောစကား (dialogues) များ ဖြင့်ရော၊ ဇာတ်ကြောင်းပြောပုံ (narration) အရရော စာရေးသူက အပြည့်အစုံ ‘ပြော’ ထားပါသည်။ သို့ပါသော်လည်း ပြဿနာက ကိုမြင့်ကြုံနေရသော ဝိရောဓိ များသည် ဝတ္ထုရေးဆရာ ကိုယ်တိုင်၏ ဝိရောဓိများ (သို့မဟုတ်) ဝတ္ထုရေးဆရာက သူ့ဇာတ်ကောင်ကို ကြုံစေချင်နေသော ဝိရောဓိများသာဖြစ်နေပြီး ကိုမြင့်က ကိုယ်စားပြုနေသည့် ပြင်ပရှိ အမှန်တကယ် မှောင်ခို ကူးနေသူများ၏ ရင်ထဲမှ ဝိရောဓိများ ဟုတ်မှ ဟုတ်ပါ့မလားဟု ကျွန်မ၏စိတ်ထဲတွင် မေးမိလာ၍ ဖြစ်ပါသည်။ 

ယင်းသံသယကို ပံ့ပိုးနေသောအချက်မှာ ကိုမြင့်၏ဘဝဖြတ်သန်းမှု ဖြစ်သည်။ ကိုမြင့်သည် ဆယ်တန်းမအောင်။ သို့သော် ကဗျာသမား စာသမားဖြစ်သည်။ ကမ္ဘာ့စာကြီးပေကြီးတွေလည်း သိသည်။ အသက်နှစ်ဆယ်ကျော် မျှသာ ရှိသေးသော်လည်း သူ့နှုတ်ထွက် ဘဝအဘိဓမ္မာများက သူ့ဘဝ၊ သူ့ပညာရေး၊ သူ့ဖြတ်သန်းမှု တို့နှင့် စာလျှင် ရင့်ကျက်လွန်းနေသည်ဟု ထင်ရသည်။ ဝတ္ထုရေးဆရာက ယင်းအတွက် အဖြည် တစ်ခု ထည့်ပေး ထားသည်။ ၎င်းမှာ ကျောက်ထု အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစံကောင်းဆိုသူဖြစ်သည်။ လူပျိုကြီး ဦးစံကောင်းသည် တယောတစ်လက်နှင့်၊ စာအုပ်ပုံများနှင့်သာ မွေ့လျော်သူ ဖြစ်သည်။ ကိုမြင့်ကိုလည်း စာဖတ်ဝါသနာပါမှန်းသိ၍ ကျောင်းထားပေးသည်။ စာအုပ်ကောင်းများ ရွေး၍ ဖတ်စေသည်။ အင်္ဂလိပ် ဂန္ထဝင်ဝတ္ထုများကို ဖတ်ပြီး ပြန်ပြောပြသည်။ ကမ္ဘာ့ဂန္ထဝင်စာရေးဆရာကြီးများ အကြောင်းကို ပြောပြသည်။ တယောထိုးလည်း သင်ပေးသည်။ ဤနည်းဖြင့် ဝတ္ထုရေးဆရာသည် ကိုမြင့်ကဲ့သို့သော တောသူ တောင်သား ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာသူတစ်ဦး အဘယ်ကြောင့် မြို့ကြီးသား ပညာတတ် တစ်ဦးသဖွယ် ပြောတတ် ဆိုတတ် စဉ်းစားတတ်ရကြောင်းကို ဖြည်ပေးထားဟန် ရှိသည်။

သို့သော် ဝတ္ထုတစ်လျှောက်လုံးတွင် ကိုမြင့်၏ မှောင်ခိုလောကအပေါ်အမြင်၊ မှောင်ခိုကူးသူများအပေါ် (အစပိုင်း) အမြင်တို့သည် ပြင်းထန်လွန်းနေသည်။ ကိုမြင့်သည် အေးမနှင့်တွေ့ချိန်တွင် ထောင်ထဲ၌ တစ်နှစ်ကျော် နေခဲ့ပြီးဖြစ်သည်။ စစ်သားလုပ်နေတုန်း ပြစ်မှုမကျူးလွန်ဘဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်ပြီး မှားယွင်းစွပ်စွဲခံရကာ ထောင်နန်းစံခဲ့ရခြင်းဖြစ်သည်။ ထောင်ကျလိုက်ခြင်းကြောင့် ဒုက္ခခံစား ရခြင်း သည် ကိုမြင့်ကို ပြောင်းလဲပေးလိုက်သည်ဟု ဝတ္ထုရေးဆရာက ရုရှား စာရေးဆရာကြီး ဒေါ့စတိုယက်စကီး ၏ စကားတစ်ခွန်းကို ကိုးကား၍ ဆိုထားသည်။ ထောင်မှထွက်လာပြီးနောက် … 


“သူ (ကိုမြင့်) သည် လောကကို ခါးသီးနာကျည်းသောအမြင်ဖြင့် မကြည့်တော့။ တွယ်တာခုံမင်သော အကြည့်ဖြင့် မြင်တတ်လာခဲ့ပြီ။ … သူတစ်ပါးအတွက် စွန့်လွှတ်အနစ်နာခံတတ်သောစိတ်မျိုး မွေးမြူရကောင်းမှန်း သိလာပြီ …” (စာ - ၈၈)


ကိုမြင့်သည် လောကကိုအကောင်းမြင်စိတ်ဖြင့် ကြည့်တတ်လာသည်ဆိုသော်လည်း မှောင်ခိုကူးနေရသူများ အပေါ်မှာတော့ ဥပဒေကိုချိုးဖောက်သူများ၊ ဖြတ်လမ်းမှကြီးပွားလိုသူများအဖြစ် အဆိုးမြင်ပြန်သည်။ လူတွေ ဒုက္ခသုက္ခခံပြီး မှောင်ခိုကူးရလောက်အောင်အထိ ဖြစ်လာစေသည့် နောက်ကွယ်က ခေတ်စနစ်တို့ကို ကိုမြင့်က တစ်ခွန်းအပြစ်မဆို။ ရှိသမျှ စီးပွားရေးလုပ်ငန်းမှန်သမျှ နိုင်ငံပိုင်လုပ်ပြီး ပြည်သူတို့မှာ မရှိမဖြစ် လူသုံးကုန် အိမ်သုံးကုန်ပစ္စည်းများကိုပင် လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်မရအောင် လုပ်ထားသည့် မှားယွင်းနေ သော မူဝါဒကြီးကို လက်ညှိုးမထိုးဘဲ ငါ့ဝမ်းပူဆာ မနေသာသဖြင့် မရဲဘဲကျွဲပြဲစီးရသူများအပေါ် ဘာကြောင့် အကောင်းမမြင်နိုင်ပါလိမ့်။ ကိုမြင့်အား အမြင်ဖွင့်ပေးခဲ့သော ဆရာကြီးဦးစံကောင်းသည် သူ့သားတပည့်အား ထို သဘောတရားများ မဆွေးနွေးခဲ့ဘူးလားဟု စာဖတ်သူတစ်ဦးအနေဖြင့် ကျွန်မမေးမိပါသည်။ 

ကိုမြင့်အနေဖြင့် မှောင်ခိုကုန်ကူးသည့်အလုပ်သည် မကောင်းသောအလုပ်ကြီးဟုသာ တွင်တွင်ဆိုနေပြီး ထိုသို့ တွင်တွင်ဆိုရလောက်အောင် တွန်းပို့ပေးလိုက်သော နောက်ခံအတွေ့အကြုံကို ဝတ္ထုတွင် ရှာမတွေ့ပါ။ ကိုမြင့် ကြုံခဲ့ရသော ဘဝ (ပထွေးဆိုးနှင့်နေရခြင်း၊ သူ့နှမကိုပါ ပထွေးက ယူခြင်း၊ စစ်သားဘဝ အမှုပတ်ပြီးထောင်ကျ ခြင်း) များကိုထောက်လျှင် ကိုမြင့်သည် လောကအပေါ် အဆိုးမြင်သူတစ်ဦး ဖြစ်သွားဖို့ကသာ ပိုနီးစပ်ပါသည်။ လျှာပေါ်မြက်အပေါက်ခံမယ်၊ မှောင်ခိုတော့ မလုပ်ဘူးဟု ကြွေးကြော်နေသော သူရဲကောင်းဆန်ဆန် လူတစ် ယောက် ဖြစ်နေဖို့ထက် မှောင်ခိုအလုပ်ကို လိုလိုလားလား လုပ်နေသူ ဖြစ်ဖို့ကသာ ပိုများပါသည်။ ကိုမြင့်ကို ဦးစံကောင်းဖတ်ပြခဲ့သော ကဗျာ၊ စာတို့တွင် မှောင်ခိုအလုပ်ကို ကိုမြင့် ဆန့်ကျင်မိသွားစေရာသော စာမျိုး ပါမပါ တိတိကျကျရေးမထားပါ။ ထို့အပြင် ကိုမြင့်ထံတွင် မှောင်ခိုအလုပ်အပေါ် ဤမျှ တူးတူးခါးခါး ဖြစ်ရလောက် သည်အထိ ဖြစ်စေသော ဆက်စပ် ဘဝအတွေ့အကြုံမျိုးကိုလည်း ဖော်ပြမထားပါ။ ကိုမြင့်၏ မှောင်ခိုအပေါ် မုန်းတီးမှုသည် မိုးပေါ်မှ ရုတ်တရက် ကျလာခဲ့သလော မသိ။

အေးမကိုကြည့်လျှင်လည်း အေးမဇာတ်ရုပ်ကိုဖတ်နေခိုက်တွင် မှောင်ခိုလောကထဲ အသက်ကိုရော၊ အရှက် ကိုရော ရင်း၍ ကုန်သယ်ယူပို့ပေးနေရသည့် မိန်းကလေးတစ်ဦးအဖြစ် ခံစားမိဖို့ရာ ခက်နေပြန်ပါသည်။ အေးမသည် ဆင်းရဲသားတောသူတစ်ဦးဖြစ်သည်။ ရှစ်တန်းပင်မအောင်။ သို့သော် သူ့ပညာရေး၊ သူ့နောက်ခံနှင့် စာလျှင် အနည်းငယ်ကြီးနေသော စကားလုံးများ၊ အဘိဓမ္မာများကို ကိုမြင့်လိုပင် ရွတ်ဆိုပြတတ် သူ ဖြစ်နေပြန် သည်။ ကိုမြင့်နှင့် အေးမတို့ နှစ်ဦး အချီအချစကားပြောသည့်နမူနာတစ်ခုကို ကြည့်ပါ။ 


(အေးမ) “သူတို့က ကုန်ကူးသန်းရောင်းဝယ်တဲ့ အလုပ်ဟာ ဘာတဲ့၊ ဪ … ဟုတ်ပြီ၊ ဓမ္မိယလဒ္ဓဖြစ်သတဲ့၊ ဓမ္မိယလဒ္ဓဆိုတာ ဘာတဲ့လဲ အစ်ကို”

(ကိုမြင့်) “သန့်ရှင်းစင်ကြယ်သပေါ့ကွယ်” 


အထက်ပါ သာဓကမှာလိုပင် အေးမသည် သူ့အလုပ်နှင့်ပတ်သက်၍၊ သူ့ဘဝအမြင် လောကအမြင်နှင့် ပတ်သက်၍ ဤသို့ပြောပါသည်။  

ဘဝဆိုတာ နှင်းဆီခင်းတဲ့လမ်း မဟုတ်ဘူး။ ဆူးခင်းတဲ့လမ်းဆိုတာ အစ်ကိုလည်း ဝတ္ထုတွေထဲမှာ မကြာခဏ ဖတ်ဖူးသားပဲ။ ဒီတော့ သားရဲတွေပေါတဲ့ တောမှန်းသိပေမယ့်လည်း လျှောက်ရတာပဲ … 


ထို့ပြင် … 


ခေတ်မီတယ်ဆိုတာ ခေတ်အကြောင်းကိုသိတာ၊ လိမ္မာတာ၊ ရေလိုက်ငါးလိုက် နေတတ်တာ၊ ဟိုကွေ့ကို ဟိုတက်နဲ့ လှော်ပြီး ဒီကွေ့ကျတော့ ဒီတက်နဲ့ လှော်တတ်တာ … ကိုယ့်အယူအဆကို အမှန်လို့ တရားသေ မဆုပ်ကိုင်ဘဲ ခေတ်နဲ့အညီ လိုက်လျောညီထွေ ကျင့်တတ်တာ အဲဒါတွေဟာ ခေတ်မီသူ တစ်ယောက်ရဲ့ မရှိမဖြစ်တဲ့ အရည်အချင်းတွေပေါ့ အစ်ကိုရဲ့ …


ကိုမြင့်နှင့် တိုးမတို့၏ နှုတ်ထွက်စကားများသည် အဆင့်အတန်းမြင့်၍ လှပသည်။ သို့သော် စာဖတ်သူတစ်ဦး အနေဖြင့် ပြောရလျှင် ဖတ်နေစဉ်အတွင်း ထိုဇာတ်ကောင်နှစ်ဦးအပေါ် ချစ်ခြင်း၊ မုန်းခြင်း၊ အံ့ဩခြင်း၊ စက်ဆုပ်ခြင်း၊ ရွံရှာခြင်း စသည့်ခံစားချက်များ သိသိသာသာ ဝင်မလာမိစေပါ။ ထိုနှစ်ဦးနှင့် စာဖတ်သူတို့ တစ်သားတည်းဖြစ်မနေပါ။ ထိုဇာတ်ကောင်နှစ်ဦးက သတ်သတ်၊ စာဖတ်သူက သတ်သတ်၊ ည တစ်ရေးနိုးစဉ် နံရံခြားထားသည့် တစ်ဖက်ခန်းမှ လူနှစ်ယောက် မိမိနှင့် အဆက်အစပ်မရှိသည့် အကြောင်းအရာကို ဆွေးနွေးနေကြသံကို သည်ဘက်ခန်းမှ တစွန်းတစ ကြားရပုံမျိုးနှင့်သာ တူပါသည်။ ကိုမြင့်နှင့် တိုးမတို့သည် နံရံပေါ်တွင် ရေးဆွဲထားသော ဆေးရေးပန်းချီအရုပ်နှစ်ရုပ်နှင့် ပိုတူနေပါသည်။ 

သို့သော် မသိန်းရှင် … ဝတ္ထုမှ ဇာတ်ကောင်နှစ်ဦးမှာမူ ထိုသို့မဟုတ်ပါ။ ညိုညိုနှင့် ကိုရင်မောင်တို့သည် ဘဝကို ဆင်ခြင်သောစကား၊ လက်ရှိ ရထားပေါ်မှ ထန်းလျက်မှောင်ခိုသမားများ၏ ကျီးလန့်စာစား ဘဝများအပေါ် ကိုယ်ကျင့်ရှုထောင့်မှ ဆင်ခြင်မှုပါသော အဘိဓမ္မာဆန်ဆန် စကားများကို မပြောကြပါ။ ညိုညိုသည် စာမျှပင် မဖတ်တတ်သော ဆယ်ကျော်သက် တောသူလေးတစ်ဦးမျှသာ ဖြစ်သည်။ ညိုညို သိသည်မှာ မျက်မမြင် ဖအေနှင့် သူ့အမေ ပန်းနာရင်ကျပ် ရောဂါသည်ကြီး ဆေးကုဖို့၊ လူမမည် မောင်လေး ကျောင်းစရိတ်အတွက် ငွေရှာဖို့သာ။ ညိုညိုသည် တောင်တွင်းကြီး-ကျောက်ပန်းတောင်း ရထားဖြင့် ကုန်စိမ်းလိုက်ရောင်းသူသာ။ လက်မှတ်ပင် ဝယ်မစီးနိုင်သဖြင့် ကိုရင်မောင်က ခွင့်လွှတ်ပေးထားသူ။ ကုန်စိမ်း တစ်ခုတည်းမှ ရငွေဖြင့် မည်သို့မျှမရပ်တည်နိုင်တော့သောအခါ တခြားသူများလိုပင် ထန်းလျက်ကို ခိုးကာဝှက်ကာ သယ်ရသူ။

ကိုရင်မောင်သည်လည်း ပညာအရည်အချင်း မည်မျှရှိမှန်းမသိရ။ သို့သော် အနိမ့်ဆုံးဆယ်တန်းတော့ အောင်ထားပြီးဟု ယုံကြည်ရရုံမျှသာ။ အထိုက်အလျောက် စာဖတ်သူဟု စာရေးသူက တစ်နေရာမှာ ညွှန်းဆိုသွားတာ၊ ကိုရင်မောင်သည် အဝေးရှိ မိဘအား လစဉ်ထောက်နေရသူ ဆိုတာတွေကလွဲပြီး သူ့ဘဝ နောက်ခံ အသေးစိတ်ကို စာရေးဆရာက ရေးပြမထားပါ။ ရင်မောင်သည် ကိုမြင့်ကဲ့သို့လည်း မှောင်ခိုအပေါ် ရှုပ်ရှုပ်ထွေးထွေး မြင်ကြည့်မနေ။ အဘိဓမ္မာတွေမလွှတ်။ ‘မတတ်နိုင်ဘူးလေ ဒါကိုက လက်တွေ့ဘဝပဲ’ ဟု မြင်သမျှကို မချိပြုံးဖြင့် ကြည့်နေရဟန်ရှိသည်။  

သို့သော် ဇာတ်လမ်းစသည်နှင့် မကြာမီ စာရေးဆရာသည် ရင်မောင်နှင့် ညိုညိုတို့အား ချစ်လာအောင်၊ သနား ကြင်နာချင်လာအောင် ရေးဖွဲ့ထားပါသည်။ နမူနာကြည့်ပါ။


“လက်မှတ်စစ်ကြီး … ဒီနေ့ … ဒီနေ့ … သူများကို ဖမ်းဦးမလား ဟင် …” 

သူသည် အလောသုံးဆယ် မေးနေသည်။ 

ကျွန်တော်သည် ပြုံးနေမိ၏။ 

“လက်မှတ်မဝယ်ရင် ဖမ်းမှာပေါ့” ဟု ရယ်သံဖြင့် ပြောနေမိသည်။ 

“ဒါဖြင့် ညိုညို မလိုက်တော့ဘူး”

“ဒါဖြင့် ဘာနဲ့သွားမှာလဲ”

“ခြေလျင်သွားမှာပေါ့” (စာလုံးပေါင်းအမှန်မှာ ခြေကျင် ဖြစ်သည်၊ စကားချပ်)


ကိုရင်မောင်သည် ရထားလက်မှတ်ပင် ဝယ်မစီးနိုင်သော ညိုညို့ကိုသနားသည်။ သည်လိုနှင့် လက်မှတ်မဲ့ စီးစေဟု နားလည်မှုဖြင့် ကူညီပေးရာမှ ညိုညို့အပေါ် မေတ္တာကြိုးမျှင်တွေဖွဲ့တည်လာမိသည်။ ကိုရင်မောင် ပါလျှင် ညိုညိုသည် လက်မှတ်ဝယ်စရာ မလိုတော့။ ပြင်ပ လက်မှတ်စစ်များနှင့် တိုးလျှင်တောင် ကိုရင်မောင် သည် နီးရာဘူတာ၌ ဆင်းပြေးကာ ညိုညို့အတွက် လက်မှတ်ဝယ်ပေးတတ်သည်။ ဘဝမှာ ကူကယ်ရာမဲ့ နေသော ညိုညို့အတွက် ကိုရင်မောင်သည် မိုးပေါ်က သိကြားမင်း။  


“အဖေတို့က ကိုရင်မောင်ကြီးကို အလည်ခေါ်လာဖို့ မှာလိုက်တာ၊ သူများတော့ မခေါ်ချင်ဘူး၊ သူများတို့အိမ်က သိပ်စုတ်တာ၊ ရှက်စရာနော်၊ အဖေတို့ကတော့ ကိုရင်မောင်ကြီးဟာ သူများတို့ ကျေးဇူးရှင်တဲ့” 


သူတို့နှစ်ယောက်သည် ရင်းနှီးလာကြသည်။ လက်ပွန်းတတီးရှိလာကြသည်။ ကိုရင်မောင်သည် ညိုညိုတို့ အဖွဲ့နှင့်အတူ လမ်းခရီး ရထားပေါ်မှာပဲ ထမင်းအတူတူ စားသည်။ တဖြည်းဖြည်း ကိုရင်မောင်နှင့် ညိုညိုတို့ကို ညိုညို့အဖော်တွေကရော၊ တခြား ရထားဝန်ထမ်းတွေကရော စသည့်နောက်သည့်အဖြစ် ရောက်လာကြသည်။ 

မတတ်သာ၍ ခွင့်ယူရသည့်အခါများတွင် ကိုရင်မောင်သည် ညိုညိုတစ်ယောက် လမ်းမှာ တခြား ရထား ဝန်ထမ်းများနှင့် အဆင်မှပြေပါ့မလားဟု စိတ်ပူသည်။ ညိုညိုသည် ကလေးသာသာ ကောင်မလေးမျှသာ။ ဖြီးလိမ်းပြင်ဆင် ကျောင်းစာသင်နေရမည့်အရွယ်တွင် မိသားစုဝမ်းရေးအတွက် ကုန်စိမ်းရောင်းကာ ဖြေရှင်း နေရသူ။ ကိုရင်မောင့်အပေါ် အစ်ကိုတစ်ယောက်လို အားကိုးမိရာမှ အစပြုသော သူတို့သံယောဇဉ်။ ကိုရင်မောင် ရက်အတန်ကြာခွင့်ယူပြီး အလုပ်ပြန်ဆင်းသည့်တစ်နေ့ နှစ်ဦးသား အပြန်အလှန်ဝမ်းသားကြပုံ အကြောင်း ကိုရင်မောင် နေရာမှ ရေးထားပုံကို ကြည့်ပါ။ 

သူ့ကိုလည်း သူနေနေကျ ထိုင်ခုံတွင်သာ တွေ့ရသည်။ သူ ရထားကြီးကို ငေးမျှော်ကြည့်နေပုံမှာ မျှော်လင့်ချက် ကြီးမားစွာဖြင့် စောင့်မျှော်နေပုံ ထင်ရှားနေသည်။ ထိုအသွင်သဏ္ဌာန်ကို ကျွန်တော်သည် မည်သည့်အခါတွင်မှ မေ့နိုင်မည် မဟုတ်။ 

သူနှင့်ကျွန်တော်သည် အဝေးကတည်းက တစ်ယောက်ကိုတစ်ယောက် စိန်းနေအောင် ကြည့်လာမိခဲ့ကြသည်။ ကျွန်တော့်ကိုလှမ်းမြင်ရလျှင် သူသည် ကလေးစိတ်ပေါ်လာကာ နေရာမှ ရုတ်တရက် ထရပ်ပြီး ပြေးထွက်လာသည်။ သူ၏ ဝမ်းသာအားရဖြစ်နေဟန်ကို သူသည် ဖုံးဖိဟန်ဆောင်ထားရကောင်းမှန်း မသိ။ (စာ ၆၁)


“ကိုရင်မောင်ကြီး မလိုက်တာ ဆယ်ရက်နော် … သူများ သေသေချာချာ မှတ်ထားတာ၊ ကိုရင်မောင်ကြီး မပါတဲ့နေ့ကလေ ကံကောင်းလို့ လက်မှတ်အဖမ်းမခံရတာ (…) အဲဒီ လူကြီးက လူကို ရိသဲ့သဲ့ လုပ်သေးတယ်၊ ပြီးတော့ ပြောသေးတယ် … သူများက ကိုရင်မောင်ကြီးကို သိပ်လွမ်းနေပလားတဲ့ … ပြန်လာတော့မှာပါတဲ့၊ သူများလည်း အမြင်ကပ်တာနဲ့ လွမ်းနေတယ်လို့ ပြောလိုက်တယ်၊ ပြီးတော့ ကိုရင်မောင်ကြီး မိန်းမယူဖို့ အိမ်ပြန်သွားတာဆို အဲဒါ ဟုတ်သလား” (စာ - ၆၃) 


‌ကိုရင်မောင်က ရည်းစားစကားပြောလိုက်ပြီးနောက်တွင် ညိုညိုသည် စိတ်ဆိုးဟန်ပြု၍ ကိုရင်မောင် မမြင်အောင် ရှောင်လိုက်၊ တွဲချင်းမတူအောင် စီးလိုက်နှင့် သူ့ကို “ကျီစား” နေခဲ့သည်။ တစ်နေ့တွင် ကျောက်ပန်းတောင်မှအပြန် ကိုရင်မောင်သည် ဘူတာပလက်ဖောင်းအစွန် ညိုညိုတစ်ယောက်တည်း ထိုင်နေရာသို့ သွား၍ ညိုညို့ဘေးမှာဝင်ထိုင်လိုက်သည်။ ထိုရက်များဆီက ညိုညို့ရင်ထဲ ဖြစ်ပေါ်နေသည့် မလုံခြုံစိတ်ကို ကိုရင်မောင်က ယခုလို ပြန်ပြောပြ၏။


“လက်မှတ်စစ်မလို့လား” 

သူသည် အသံတုန်တုန်ဖြင့်ပြောကာ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် လက်မှတ်ကို ပြနေသည်။ 

ကျွန်တော်သည် သူ့စိတ်၌ ဖြစ်ပေါ်ခံစားနေရသည်တို့ကို အမှန်အတိုင်း မြင်တွေ့ရသောအခါ စိတ်၌ ထိခိုက် နာကျင်မိပြန်သည်။ သူ့မျက်နှာမှာ ညှို့မှိုင်းနေခဲ့၏။ သူ့မျက်လုံးအပေါ်တွင် မျက်ရည်များ ဝဲလာနေသည်။ လက်မှတ်ပြနေသော သူ့လက်မှာ တဆတ်ဆတ် တုန်ယင်နေသည်။ သူက “သူသည် လက်မှတ်မဲ့ဖြင့် ခရီးသွားနေသူ၊ ကျွန်တော်က လက်မှတ်စစ်ဖြစ်၍ သူ့ကို မချစ်ဘဲနှင့် အပျော်ကြံစည်နေသည်” ဟု ယုံကြည်ယူဆနေခဲ့သည်။  


ကိုရင်မောင်သည် ညိုညို ထန်းလျက်မှောင်ခိုသူ ဖြစ်လာမှာကို စိုးရိမ်နေမိသည်။ သည်ခရီး သည်လမ်းမှာ ထန်းလျက်မှောင်ခိုသူအမျိုးသမီးတွေ ဘာဖြစ်သွားကြမှန်း ကိုရင်မောင်သိသည်။ ထန်းလျက်မှောင်ခို များမှာ ကိုရင်မောင်တို့လို ရထားပေါ်ပါသည့် ဝန်ထမ်းတွေ၊ ရထားရဲတွေနှင့် နေ့စဉ် ဝေစုခွဲကာ ပေးကမ်း ပေါင်းထား ကြသော်လည်း လမ်းတွင် ရထားကို ရှောင်တခင် ဝင်စစ်သည့် စစ်ဆေးရေးများနှင့်တွေ့လျှင်တော့ ကိုရင်မောင်တို့လို ရထားဝန်ထမ်းများ ဘာမှ မတတ်နိုင်ပါ။ ထန်းလျက် ပါလာသူများမှာ စစ်ဆေးရေးက ‘ဒါ ဘယ်သူ့ခြင်းလဲ’ ဟု မေးလျှင် မမြင်ချင်ယောင်ဆောင်ပြီး ပစ္စည်းအဆုံးခံရသည်။ မဟုတ်လျှင် ပစ္စည်းလည်းဖမ်း၊ လူလည်းထောင်ကျ။ ထောင်ကျ မခံချင်လျှင် ကိုယ်ခန္ဓာကို ပေးရ။ ညိုညိုနှင့်အတူ ရထားစီး ကုန်ကူးဖက် အမျိုးသမီးများမှာလည်း ယောက်ျားတကာနှင့် အိပ်ပြီးမှန်း ကိုရင်မောင် သိပြီးပြီပဲလေ။ 


“ကိုယ်ပြောချင်တာက ညိုညို … အခု မင်း ထန်းလျက်တင်နေပလားလို့ မေးမလို့၊ ဘယ်လို စမေးရမှန်း မသိဘူး။ မမေးရက်ဘူး။ နာနတ်ခြင်းတွေအောက်က ထန်းလျက်ထည့်ယူနေပလားလို့၊ မလုပ်သေးဘူး ဆိုတာကို သိပါတယ်။ (…) မင်းလည်း သိပါတယ်လေ။ ထန်းလျက်တင်ကြရင်ပေါ့ကွယ် မှောင်ခိုလုပ်ကြရင် ဘာဖြစ်သလဲ ဆိုတာကိုပေါ့ (…) နောက်ဆုံး တစ်ကိုယ်လုံးပုံပြီး လိုချင်သလိုသုံးပါတော့လို့ သူတို့ကို ထိုးအပ်လိုက်ရတာပဲ။ ဒါဟာ ထမင်းငတ်လို့ မလုပ်မဖြစ်တော့လို့ လုပ်ကြရတယ်ဆိုတာကို မသိလို့ ပြောနေတာမဟုတ်ဘူးနော် … 

(…) 

ညိုညို့မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်လာနေသည်။ သူက … 

“သူများ … သူများ … မလုပ်ပါဘူး၊ သူ မလုပ်နဲ့ဆိုရင် မလုပ်ပါဘူး …” 

ပြောရင်း ပြောနေရင်း အသံများ တုန်ယင်လာနေသည်။ (စာ - ၈၉)


ညိုညိုသည် ကိုရင်မောင် မတင်စေချင်သဖြင့် ထန်းလျက်မတင်ဘဲ လွတ်ကင်းသည့် ကုန်စိမ်းကိုသာ ဆက်ရောင်းနေရသော်လည်း ခုန်တက်သည့် ကုန်ဈေးနှုန်းဒဏ်၊ မိဘများ၏ဆေးကုစရိတ်တို့ ထောင်းသဖြင့် ယဲ့ယဲ့သာ ကျန်တော့သည်။ သူ့ထမင်းထုပ်လေးတွင် ဆန်နှင့်ဆန်ကွဲ ရောရာမှ တဖြည်းဖြည်း သုံးလွန်းတင် ထမင်း ဖြစ်လာခဲ့သည်။ နောက်ဆုံး ထမင်းပင် ထုပ်မလာနိုင်တော့။ ညိုညို အဆင်ပြေဖို့ဆို တခြားသူတွေ နည်းတူ ထန်းလျက်မှောင်ခိုမှ ဖြစ်တော့မည်။ ဒါကို ကိုရင်မောင်ကလည်း သိသည်။ ညိုညို ထန်းလျက်တင်လျှင် သူကြည်ဖြူရတော့မည့် အဖြစ်ကို ယခုလို ပြောပြနေသည်။


အခြားသူများက ထန်းလျက်များအသိမ်းခံရသဖြင့် နှလုံးကြေကွဲနေကြသလို … သူသည်လည်း ထန်းလျက် မတင်ရသဖြင့် သူတို့စားဝတ်နေရေးမှာ မည်မျှ အခြေအနေ ယိုင်နဲ့နေရပြီကို ပြောပြနေသလို  ခံစားနေရ ပြန်သည်။ (စာ - ၉၄)


ဆီမလိမ်းနိုင်သော သူ့ခေါင်းမှ ဆံပင်များသည် လေဝှေ့သဖြင့် တဖွာဖွာလွင့်နေ၏။ အုန်းဆီဈေးသည်လည်း ဆယ်ဆမျှ မြင့်နေခဲ့ပြီ။ တစ်ခါတစ်ရံ၌မူ သူသည် ပဲဆီများ သုတ်လာခဲ့၏။ ပဲဆီနံ့ထွက်လာမည်ကို သူသည် စိုးရိမ်သောကဖြစ်နေကာ သူ့ကိုယ်ကို ကျွန်တော်နှင့်အဝေးဆုံး နေရာရောက်အောင် တိုးနေသည်။ (စာ - ၉၉)


“မထူးတော့ဘူးကွယ်၊ ထန်းလျက်တင်တော့၊ တစ်ခေါက် ငါးပိဿာလောက် တင်တော့” ဟု ပြောချလိုက် ချင်သည်။ ဤနည်းလမ်းမှတစ်ပါး သူသည်လည်း အခြား ဖြူစင်ရိုးသားသော မိန်းကလေး များလို အမဲဖျက်ခံရ ကာ ရေတိမ်နစ်ကာ မထူးတော့ပြီဟု ဇွတ်နှစ်ကာ ဖာထက်ဆိုးသော ဘဝသို့ ကျရောက်သွားရမည် ကိုလည်း မတွေး၍ မရ။ 

ကျွန်တော်သည် သင်းသင်းနှင့် နုတို့ကို လှမ်းကြည့်မိ၏။ ဤမိန်းကလေးများမှာ ယောက်ျား အရေအတွက် ငါးဆယ်ထက်မနည်းနှင့် အိပ်ခဲ့ရပြီးကို သိနေရ၏။ မအေးသွယ်၊ တင်တင်၊ မအေးမြင့်၊ မအေးရွှေ။ ထိုမျက်နှာများနှင့်တကွ အခြားသော မျက်နှာများသည် တစ်ခုနှင့်တစ်ခု ရောထွေးသွားကြ၏။ သူတို့ကား ချောက်ကမ်းပါးကြီးအောက်မှ တစာစာ အော်နေကြသော လူသားများဖြစ်သည်ဟု ခံစားနေရသည်။ (စာ - ၁၀၅)


ဤသို့ဖြင့် စာရေးသူက သူ့ဇာတ်ကောင်မှတစ်ဆင့် ‘ပြ’ ထားသည်များကိုဖတ်ရင်း ကျွန်မသည် ကိုရင်မောင့် နေရာသို့ ရောက်ကာ ညိုညို့ကို မျက်စိရှေ့မှာ အမှန်ပင်ရှိသကဲ့သို့ မြင်လာရပါသည်။ မီးရထားပေါ်မှ နိစ္စဓူဝ မှောင်ခိုကုန်ကူးနေသူတို့၏ ဘဝကို အမှန်ပင် “မြင်ယောင်ယောင် ကြားယောင်ယောင်” ဖြစ်လာရပါသည်။ ဆရာနိုင်ဝင်းဆွေ၏ ဇာတ်ကောင်များသည် နံရံပေါ်မှ နှစ်ဖက်မြင် ပန်းချီအရုပ်များအဖြစ်မှသည် အပြင်သို့ ခုန်ထွက်လာကြကာ မျက်တောင်လေးပုတ်ခတ်လျက်၊ အသက်ရှူလျက်၊ လက်လှုပ်ခြေလှုပ်ဖြစ်လျက် မြင်ရသူ၏ ဟဒယအပေါ် တစ်စုံတစ်ရာ ရိုက်ခတ်စေပါသည်။ 

မွန်းကျပ်လှသော မှောင်ခိုပြည်သူတို့၏ ဘဝများကိုဖတ်ရင်း ဝမ်းနည်းနေရသော်လည်း ကိုရင်မောင်နှင့် ညိုညိုတို့ ချစ်သူဘာဝ စနောက်ကျီစယ်ကြခန်း၊ ချစ်ကြခန်းများတွင်မူ ဘဝအလွမ်းအမောများကို ခေတ္တမေ့၍ ကြည်နူးခြင်း၊ နှစ်သိမ့်ခြင်းများကို ခံစားရပြန်သည်။ “ဝမ်းမြောက်ထိုက်သည်ကို ဝမ်းမြောက်တတ်အောင်၊ ဝမ်းနည်းထိုက်သည်ကို ဝမ်းနည်းတတ်အောင်၊ ချီးကျူးထိုက်သည်ကို ချီးကျူးတတ်အောင်၊ ရှုတ်ချတတ် သည်ကို ရှုတ်ချတတ် အောင်” ပြုခံထားရသည်ဟု ခံစားရသည်။ 

မာယာဘုံ တွင် စာရေးသူသည် ဦးမြတို့၊ ဦးကျင်စိန်တို့၊ နေလင်းအောင်တို့ကဲ့သို့ ဘနဖူးသိုက်တူးနေကြသည့် အကြီးစား မှောင်ခိုသမားများကို ဗီလိန်အဖြစ် စာမျက်နှာအတော်များများပေး၍ ရေးဖွဲ့ထား၏။ မသိန်းရှင် … တွင်မူ ထိုသို့သော ဗီလိန် ဇာတ်ကောင်များ တခမ်းတနား ထည့်မထားပါ။ မသိန်းရှင်အမည်ရှိ လက်ကား ဒိုင်တစ်ဦးသာ ညိုညိုတို့လို ငါးပိဿာ၊ ဆယ်ပိဿာ သမားများထံမှ ထန်းလျက်ကောက်သည်ဟု အကျဉ်းကလေး ဆိုရုံဆိုထားသည်။ ဂါတ်ဗိုလ်နှင့်ပေါင်း၍ တွဲစီးတိုက် ထန်းလျက်တွေတင်သူရှိကြောင်း၊ ထိုသူတို့မှာမူ တစ်ခါမျှ အဖမ်းအစီးမခံရကြောင်း တစ်နေရာတွင် တစ်ဆင့်ကြားဟန် ဆိုထားသည်တို့မှ လွဲလျှင် အဓိကဇာတ်ကောင်များမှာ အာဏာပိုင်တို့ ပြုသမျှ နုရရှာသော ညိုညိုတို့လို မှောင်ခိုအသေးစားများသာ ဖြစ်သည်။ 

နိဂုံးချုပ်ရလျှင် မာယာဘုံ သည် ဇာတ်အိမ်ကျယ်ပြန့်ကာ အကြောင်းအရာတွေများသည်။ ဗဟုသုတ ရှုထောင့်၊ အချက်အလက် စုဆောင်းသူ ရှုထောင့်မှကြည့်လျှင် သုတရတနာသိုက်ကြီးသဖွယ် ဖြစ်သည်။ စကားပြောခန်း တွေများ၍ ဇာတ်ကောင်၏ အဘိဓမ္မာများ၊ ဆင်ခြင်မှုများကို အိုင်နေအောင် ဖတ်ရသော ဝတ္ထုတစ်ပုဒ် ဖြစ်သော် လည်း အဓိကဇာတ်ကောင်များမှာ စာဖတ်သူ၏ ရင်ထဲသို့ တိုးဝင်လာကာ သူတို့ကို ချစ်အောင်၊ ကရုဏာ ဖြစ်အောင် လုပ်ရာ၌ အားနည်းနေသည်ဟု မြင်ပါသည်။ 

တခြားတဖက်တွင် မသိန်းရှင် … ဝတ္ထုသည် ကျစ်ကျစ်လျစ်လျစ်ရှိသည်။ ဖော်ပြသည့် ရေးကွင်းရေးကွက် ကျဉ်းသည်။ သို့သော် ဝတ္ထု၏အဓိကအကြောင်းအရာပိုင်းကို မြင်သာပေါ်လွင်အောင် တင်ပြနိုင်သည်။ ထို့အပြင် အရေးအကြီးဆုံး အချက်ဖြစ်သည့် ဇာတ်ကောင်များကို မြင်ယောင်ယောင် ကြားယောင်ယောင် ဖြစ်လာစေကာ ထိုဇာတ်ကောင်များနေရာသို့ စာဖတ်သူ ရောက်သွားပြီးလျှင် စာဖတ်သူနှင့် ဇာတ်ကောင်တို့ တစ်သားတည်း ဖြစ်၊ ဇာတ်ကောင်တို့နှင့်အတူတူ လိုက်ပျော်၊ လိုက်ဝမ်းနည်း၊ လိုက်ကြေကွဲအောင် ပြုနိုင်သည့် ဝတ္ထုတစ်ပုဒ် ဖြစ်သည်ဟု ကျွန်မအနေဖြင့် ဆိုချင်ပါသည်။ 


ယခုဆောင်းပါးသည် ကျွန်တော်ရေးသားသည့် "လေနံရံ" ဝတ္ထုပါ ဇာတ်ကောင် ရွှန်းလဲ့ဝေ ၏ စာအုပ်နှိုင်းယှဉ် သုံးသပ်ချက် ဆောင်းပါးကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ ဝတ္ထုထဲတွင် မြန်မာစာ ဂုဏ်ထူးတန်း ကျောင်းသူ ရွှန်းလဲ့ဝေသည် ဆရာဖြစ်သူ ဦးမင်းဟန်နှင့် စာရေးဆရာ မြသန်းတင့်တို့၏ တောင်းဆိုတိုက်တွန်းချက်အရ အထက်ပါ ဆောင်းပါးကို ရေးသားသူဖြစ်သည်။ 




Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

အမှိုက်ကလေးတစ်စ

လူသိများသည့် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုတွင် ဆိုင်လာသူတို့ ဝိုင်းအပြည့်။ သူတို့၏ စားပွဲဝိုင်း အောက်မှာလည်း ပန်းရောင် တစ်ရှူးစလေးများက ဖွေးနေပါသည်။ ခဏနေတော့ စားပွဲထိုးလေး တစ်ယောက်က စားပွဲဝိုင်း အောက်ရှိ အမှိုက်များကို လာကောက်သဖြင့် ရှင်းသွားသည်။ မကြာပါ။ စားသောက်သူ နောက်တစ်သုတ် ထပ်ကျ လာပြန်၏။ စားပွဲဝိုင်းများသည် ပန်းရောင်တစ်ရှူးစများဖြင့် တစ်ခါပြန် ပြည့်သွားပြန်လေသည်။ လက်ဖက်ရည်ဆိုင်ထဲမှာသာ ဒီမြင် ကွင်းမျိုးရှိပါသလား။ မဟုတ်ပါ။ အိမ်ရှေ့၊ အိမ်နောက်ဖေး၊ လမ်းမ၊ ကွင်း ပြင်၊ ဘတ်စ်ကားပေါ် ဘယ်နေရာပဲ ကြည့်ကြည့် တစ်ရှူးစများ၊ ပလတ်စတစ် အိတ်များ၊ ဆေးလိပ်ဖင်စီခံများ၊ သဲကြိုး ပြတ်ဖိနပ်များသည် မြင်မကောင်းအောင် ရှိနေပါသည်။ ယင်းတို့သည် ရန်ကုန်မြို့ တော်စည်ပင်နယ်နိမိတ်အတွင်းရှိ ၄ ဒသမ ၈ သန်းသောလူထုက နေ့စဉ်စွန့်ပစ်လိုက် ကြသော အမှိုက်တန် ၁,၄၅၀ အနက်မှ စည်းကမ်းမဲ့စွာ ပစ်ထားကြသော အမှိုက်များဖြစ်ပါသတည်း။ ဤသို့လျှင် မိမိပတ်ဝန်းကျင်ကို အရုပ် ဆိုးအကျည်းတန်စေ၍ ကျန်းမာရေးကို လည်း ထိုခိုက်စေသော ထိုအမှိုက်များ ကို ဘာကြောင့်များ စည်းကမ်းမဲ့ စွန့်ပစ် ကြပါလိမ့်ဟု စဉ်းစားမိပါသည်။ အမှိုက် ကို ပစ်သူကပစ်သည်။ အချိန်တန်တော့ က...

ပျော်ရွှင်ခြင်းလမ်းစ

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂျီအွန်မီဆွန် (Jeon Mi-sun) ဟာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ ယူဆရတဲ့အနေအထားမျိုးနဲ့ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖတ်ရပါတယ်။ နာမည်ကျော် အနုပညာရှင်တွေအပြင် သာမန် ပြည်သူတွေထဲကလည်း မကြာခဏ သေကြောင်းကြံစည်မှုတွေ များတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီမင်းသမီး သေကြောင်းကြံစည် သွားတာဟာလည်း အဆန်းတကြယ်တော့ မဟုတ်လှပြန်ပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ထက် အများကြီးချမ်းသာ ကြွယ်ဝတဲ့၊ လွတ်လပ်မှုလည်း ပိုမို ရရှိတဲ့ နိုင်ငံတစ်နိုင်ငံက အောင်မြင်ကျော်ကြားတဲ့၊ သူများတကာတွေ လေးစားအားကျရတဲ့ နောက်ထပ်လူသားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြန်ခြင်းဟာ မေးခွန်းတွေမေးစရာ အများကြီးချန်ထားခဲ့ပြန်ပါတယ်။ တောင်ကိုရီးယားမှတင် မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှာမဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုတွေဟာ အရင်ကလည်းရှိခဲ့၊ ခုလည်း ရှိနေ၊ နောင်လည်း အနည်းနဲ့အများဆိုသလို ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ ဆင်းရဲပြီး စိတ်ရှုပ်စရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ပြည့်နေနဲ့ ကျနော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးက သာမန်ပြည်သူတစ်ယောက်အန...