Skip to main content

တန်ဖိုးထားမှုလျော့ကျလာသော မိခင်ဘာသာစကား

ဒီကြော်ငြာကိုတွေ့တော့ ရင်ထဲမကောင်းဘူး။ မြန်မာမိဘက မွေးတဲ့ကလေးကို မြန်မာစကား ပြန်သင်ပေးနေရတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်သလို ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ နိုင်ငံတကာကျောင်းတွေ မှာ မိမိကလေးကို ထားကြတယ်ဆိုတာ နိုင်ငံတကာ ပညာရေးကို ငယ်ကတည်းက ရစေချင်လို့ဆိုပေမဲ့ မိခင်ဘာသာစကားကို မကျွမ်းကျင်တဲ့အနေအထား ဖြစ်ရတယ်ဆိုတာလည်း လွဲနေပါသေးတယ်။ “အိမ်ကကလေးကလေ မြန်မာလို ကောင်းကောင်းမပြောတတ်ဘူး သိလား ဟင်း ဟင်း” ဆိုတဲ့ တချို့သော မိဘတွေရဲ့ တလွဲဆံပင်ကောင်း ဂုဏ်ယူတတ်တာတွေကိုလည်း မြင်ရကြားရလာတော့ သက်ပြင်းပဲချရုံ။



မြန်မာမိဘကပဲဖြစ်ဖြစ်၊ တိုင်းရင်းသားမိဘကပဲဖြစ်ဖြစ် မွေးလာတဲ့ဘယ်ကလေးမဆို မိခင်ဘာသာစကားဆိုတာ အလိုလိုတတ်မြောက်တာမျိုးပါ။ မိခင်ဘာသာစကားကို ကလေးက မတတ်မြောက်ဘူး၊ မကျွမ်းကျင်ဘူး သို့မဟုတ် အားမသန်ဘူးဆိုရင် ကလေးထက် အနီးဝန်းကျင်က လူကြီးတွေရဲ့အားနည်းချက်လို့ပဲ ဆိုရပါလိမ့်မယ်။ ကလေးဆိုတာကတော့ သူနဲ့နီးစပ်တဲ့ဘက်ကိုပဲ အားသန်သွားတတ်တာပါ။ တစ်ခုရှိတာက မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသားတွေထဲမှာ တိုင်းရင်းဘာသာစကား မပြောတတ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့မပြောတတ်တာက နိုင်ငံရေးစနစ်တွေ၊ ပညာရေးမူဝါဒတွေကြောင့်ပဲဖြစ်ပြီး မိဘက အတင်း ဗမာမှုသွတ်သွင်းလို့ မဟုတ်ပါဘူး။ ဦးနေဝင်းလက်ထက်ကစလို့ ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြား/သင်ယူခွင့် မပြုတော့ဘူး။ တိုင်းရင်းသားကျောင်းဆိုပြီးတော့လည်း ထူထောင်ခွင့်မပြုပြန်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဆိုင်ရာဘာသာစကားကို ရုံးသုံးအဖြစ် မပြဋ္ဌာန်းဘူး။ ဒါ့အပြင် မူဝါဒချမှတ်ပုံအရ ဗမာ/မြန်မာစကား ကောင်းကောင်းမတတ်ရင် ဆယ်တန်းအောင်ဖို့မလွယ်၊ အစိုးရ အလုပ်ရဖို့မလွယ်အောင် စနစ်ကို တည်ဆောက်ခဲ့ပါတယ်။

နိုင်ငံတကာကျောင်းထားကြတယ်ဆိုတာ အဆင့်အတန်းမီတဲ့ ပညာရေးကို ရစေချင်လို့ဆိုတာ မမှားပေမယ့် အင်္ဂလိပ်စကားပြောတတ်ရုံဆိုတဲ့ ရည်ရွယ်ချက်မျိုးထက်တော့ ပိုစေချင်ပါတယ်။ ပညာရေးရဲ့အနှစ်သာရက ဘာသာစကားတစ်ခုကို တတ်မြောက်ရုံသက်သက် မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကလေးဘဝကနေ လူကြီးဘဝအဖြစ် ပြောင်းလဲလာတဲ့ ကာလအပိုင်း အခြား (အသက် ၅ နှစ်ကနေ ၁၅-၁၆ အရွယ်အထိ) မှာ သင်ယူစရာတွေအများကြီးရှိပါတယ်။ ဝိဇ္ဇာသိပ္ပံအခြေခံဗဟုသုတ၊ ဂဏန်းသင်္ချာ၊ ဘာသာစကား(များ)၊ လူမှုပေါင်းသင်း ဆက်ဆံရေးစတာတွေအပြင် မိမိလူမျိုး၊ မိမိနိုင်ငံရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တတ်ဖို့ကိုပါ လေ့လာသင်ယူရတာဖြစ်ပါတယ်။ ဂျပန်ကလေး တစ်ယောက်ဟာ ကျောင်းစနေတဲ့အချိန်ကစပြီး ဘွဲ့ရသည်အထိ ဂျပန်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်တဲ့ဖြစ်စဉ်ကို ဖြတ်သန်းရတာဖြစ်ပါတယ်။ အင်္ဂလိပ်တစ်ယောက်၊ ပြင်သစ်တစ်ယောက်လည်း အတူတူပါပဲ။ ဘယ်သူမှ မွေးကတည်းက အဲဒီလူမျိုးတစ်ယောက် အလိုလိုမဖြစ်လာပါဘူး။ လူဆိုတာ လူမှုရေးသတ္တဝါ (Man is a social animal) မဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ပြုစုပျိုးထောင် (nurture, bring up) ပေးရတဲ့ သတ္တဝါမျိုးဖြစ်ပါတယ်။


အဲသည်လိုမျိုး လူမျိုးတစ်မျိုးရဲ့အဖွဲ့ဝင်အဖြစ်၊ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားအဖြစ် ပြုစုပျိုးထောင် ပေးရတဲ့ဖြစ်စဉ်မှာ အဲဒီလူမျိုးရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေရဲ့ ရင်းနှီးအောင်၊ အဲသည် လူမျိုးတွေကြားထဲမှာ နေထိုင်သွားလာ စားသောက်တတ်ပြီး မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ အဲသည်လူမျိုးတွေကြားထဲမှာ ဝင်ဆန့်နေထိုင်တတ်အောင် သင်ပေးရတာဖြစ်ပါတယ်။ အဲသည်လိုမျိုး ကလေးတစ်ယောက်ကို သူနေထိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရာမှာ မိခင်ဘာသာစကားဟာ အဓိကကျပါတယ်။ ဂျပန် ကလေးတစ်ယောက်ကို တစ်သက်လုံး ပြင်သစ်လိုပြောပြီး ဂျပန်တစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးလို့မရပါဘူး။ ဂျပန်လိုပြောပြီးပြုစုပျိုးထောင်ပေးရတာသာ ဖြစ်ပါတယ်။ စကားပြောတတ်ချိန်ကစလို့ မိဘနဲ့ကလေးနဲ့ကြားက တရင်းတနှီး ရင်ဖွင့်ပြောဆိုမှုတွေ၊ ဆုံးမသွန်သင်မှုတွေ၊ အိပ်ရာဝင်ပုံပြင်တွေ၊ ရိုးရာအစားအသောက်တွေ စတာတွေကနေတစ်ဆင့် ကလေးတစ်ယောက်ဟာ အင်္ဂလိပ်တစ်ယောက်၊ အမေရိကန်တစ်ယောက်၊ ပြင်သစ်တစ်ယောက်၊ ဂျပန်တစ်ယောက်၊ ထိုင်း တစ်ယောက်၊ မြန်မာတစ်ယောက်၊ ကချင်တစ်ယောက်ရယ်လို့ ဖြစ်လာတာမျိုးပါ။ ကလေးတစ်ယောက်ဟာ မိခင်ဘာသာစကားရဲ့ လောင်းရိပ်အောက်ကနေ ကြီးပြင်းလူလားမြောက်လာတာ မဟုတ်ဘဲ၊ ကိုယ်နေနေတဲ့ လူ့အဖွဲ့အစည်းကပြောတဲ့စကားက တစ်ခု၊ ကိုယ် ပြောပြီးကြီးပြင်းလာတဲ့ ဘာသာစကားက တစ်ခုဆိုရင် သူဟာ အဲဒီ လူ့အဖွဲ့အစည်းနဲ့ သူစိမ်းပြင်ပြင် ဖြစ်နေပါ လိမ့်မယ်။ သူ့နိုင်ငံ၊ သူ့လူမျိုးကိုလည်း စိတ်ဝင်စားမှု လျော့ကျ နိုင်ပါတယ်။ 


အင်္ဂလိပ်ဘာသာစကားကတော့ ကမ္ဘာသုံးဖြစ်တဲ့အတွက် တတ်ကိုတတ်မြောက်ရပါလိမ့်မယ်။ အစိုးရကျောင်းထွက်တွေ အင်္ဂလိပ်စာညံ့တယ်ဆိုတဲ့ အဆင့်ရောက်အောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ အနေအထားကနေ ကျွန်တော်တို့ ပညာရေးစနစ်ကြီးတစ်ခုလုံးကို ပြန်လည် တည်ဆောက်ရပါလိမ့်မယ်။ တိုင်းရင်းသားလူနည်းစုတွေ သူတို့မိခင်ဘာသာစကားနဲ့ ကျောင်းမှာ သင်နိုင်အောင်၊ ဆိုင်ရာဒေသအလိုက် တိုင်းရင်းသားဘာသာစကားကို ရုံးသုံးအဖြစ်ပြဋ္ဌာန်းနိုင်အောင် လုပ်ရပါလိမ့်မယ်။ လူတစ်ယောက်ဟာ မိခင်ဘာသာစကားတစ်မျိုးကိုပဲ တစ်သက်လုံးမှာ တတ်သွားတယ်ဆိုတာလည်း မဖြစ်သင့်သလို ကမ္ဘာသုံးဘာသာစကားကိုပဲ တတ်ပြီး မိခင်ဘာသာ စကားကို မတတ်ဘူးဆိုတာလည်း လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဒီနှစ်ခုစလုံးဟာ အစွန်းနှစ်ပါးပါပဲ။ မိခင်ဘာသာစကားကိုလည်း ကျွမ်းကျင်စွာတတ်မြောက်ပြီး မိမိလူမျိုးရဲ့ဝိသေသလက္ခဏာတွေကို လည်း ထိန်းသိမ်းထားနိုင်ရမယ်။ နိုင်ငံတကာသုံးစာနဲ့စကားကိုလည်း ကျွမ်းကျင်စွာတတ်မြောက်ပြီး မိမိကိုယ်ကိုယ်ရော၊ ကိုယ့်နိုင်ငံကိုရော ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် မြှင့်တင်ပေးနိုင်သူလည်း ဖြစ်ဖို့လိုပါတယ်။ ဒါကသာလျှင် ပညာရေးရဲ့ တကယ့်အနှစ်သာရဖြစ်သင့်ပါတယ်။ 


အင်္ဂလိပ်လိုတတ်မြောက်ခြင်းဟာ ကြိုဆိုရမှာဖြစ်ပေမဲ့ မိခင်ဘာသာစကား ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေနဲ့ အပြီးလဲလှယ်လိုက်ရတာကတော့ မဖြစ်သင့်ပါဘူး (Having your kids to be fluent in English language is a right thing but it shouldn’t be at the expense of their mother tongue)။ နိုင်ငံတကာသုံး ဘာသာစကားဆိုတာမျိုးဟာ အမြဲတည်နေတာမျိုး မဟုတ်ပါဘူး။ အချိန်မရွေးပြောင်းချင်ပြောင်းလဲသွားနိုင်ပါတယ်။ တစ်ချိန်က ဥရောပတိုက်မှာ အင်္ဂလိပ်စကားထက် ပြင်သစ်၊ စပိန်၊ ဂျာမန်စကားတွေက ပိုတွင်ကျယ်ခဲ့ပါတယ်။ နောင်တစ်ချိန်မှာလည်း အင်္ဂလိပ်စာစကားနေရာမှာ တခြားကမ္ဘာသုံးစာစကားတစ်ခုက အစားထိုးလာတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဇာတ်ကောင်အပြောင်းအလဲတွေ ပေါ်မှာ မူတည်တာမို့ပါ။ အဲ ဒါပေမဲ့ လူမျိုးတစ်မျိုးရဲ့မိခင်ဘာသာစကားဆိုတာကတော့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ ပကတိအရှိတရားပါ။ ကမ္ဘာသုံးစာစကားဆိုတာက ပညတ် ဖြစ်ပြီး မိခင်ဘာသာစကားကတော့ ပရမတ် ဖြစ်ပါတယ်။


Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...