Skip to main content

တန်ဖိုးထားမှုလျော့ကျလာသော မိခင်ဘာသာစကား

ဒီကြော်ငြာကိုတွေ့တော့ ရင်ထဲမကောင်းဘူး။ မြန်မာမိဘက မွေးတဲ့ကလေးကို မြန်မာစကား ပြန်သင်ပေးနေရတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်သလို ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ နိုင်ငံတကာကျောင်းတွေ မှာ မိမိကလေးကို ထားကြတယ်ဆိုတာ နိုင်ငံတကာ ပညာရေးကို ငယ်ကတည်းက ရစေချင်လို့ဆိုပေမဲ့ မိခင်ဘာသာစကားကို မကျွမ်းကျင်တဲ့အနေအထား ဖြစ်ရတယ်ဆိုတာလည်း လွဲနေပါသေးတယ်။ “အိမ်ကကလေးကလေ မြန်မာလို ကောင်းကောင်းမပြောတတ်ဘူး သိလား ဟင်း ဟင်း” ဆိုတဲ့ တချို့သော မိဘတွေရဲ့ တလွဲဆံပင်ကောင်း ဂုဏ်ယူတတ်တာတွေကိုလည်း မြင်ရကြားရလာတော့ သက်ပြင်းပဲချရုံ။



မြန်မာမိဘကပဲဖြစ်ဖြစ်၊ တိုင်းရင်းသားမိဘကပဲဖြစ်ဖြစ် မွေးလာတဲ့ဘယ်ကလေးမဆို မိခင်ဘာသာစကားဆိုတာ အလိုလိုတတ်မြောက်တာမျိုးပါ။ မိခင်ဘာသာစကားကို ကလေးက မတတ်မြောက်ဘူး၊ မကျွမ်းကျင်ဘူး သို့မဟုတ် အားမသန်ဘူးဆိုရင် ကလေးထက် အနီးဝန်းကျင်က လူကြီးတွေရဲ့အားနည်းချက်လို့ပဲ ဆိုရပါလိမ့်မယ်။ ကလေးဆိုတာကတော့ သူနဲ့နီးစပ်တဲ့ဘက်ကိုပဲ အားသန်သွားတတ်တာပါ။ တစ်ခုရှိတာက မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသားတွေထဲမှာ တိုင်းရင်းဘာသာစကား မပြောတတ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့မပြောတတ်တာက နိုင်ငံရေးစနစ်တွေ၊ ပညာရေးမူဝါဒတွေကြောင့်ပဲဖြစ်ပြီး မိဘက အတင်း ဗမာမှုသွတ်သွင်းလို့ မဟုတ်ပါဘူး။ ဦးနေဝင်းလက်ထက်ကစလို့ ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြား/သင်ယူခွင့် မပြုတော့ဘူး။ တိုင်းရင်းသားကျောင်းဆိုပြီးတော့လည်း ထူထောင်ခွင့်မပြုပြန်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဆိုင်ရာဘာသာစကားကို ရုံးသုံးအဖြစ် မပြဋ္ဌာန်းဘူး။ ဒါ့အပြင် မူဝါဒချမှတ်ပုံအရ ဗမာ/မြန်မာစကား ကောင်းကောင်းမတတ်ရင် ဆယ်တန်းအောင်ဖို့မလွယ်၊ အစိုးရ အလုပ်ရဖို့မလွယ်အောင် စနစ်ကို တည်ဆောက်ခဲ့ပါတယ်။

နိုင်ငံတကာကျောင်းထားကြတယ်ဆိုတာ အဆင့်အတန်းမီတဲ့ ပညာရေးကို ရစေချင်လို့ဆိုတာ မမှားပေမယ့် အင်္ဂလိပ်စကားပြောတတ်ရုံဆိုတဲ့ ရည်ရွယ်ချက်မျိုးထက်တော့ ပိုစေချင်ပါတယ်။ ပညာရေးရဲ့အနှစ်သာရက ဘာသာစကားတစ်ခုကို တတ်မြောက်ရုံသက်သက် မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကလေးဘဝကနေ လူကြီးဘဝအဖြစ် ပြောင်းလဲလာတဲ့ ကာလအပိုင်း အခြား (အသက် ၅ နှစ်ကနေ ၁၅-၁၆ အရွယ်အထိ) မှာ သင်ယူစရာတွေအများကြီးရှိပါတယ်။ ဝိဇ္ဇာသိပ္ပံအခြေခံဗဟုသုတ၊ ဂဏန်းသင်္ချာ၊ ဘာသာစကား(များ)၊ လူမှုပေါင်းသင်း ဆက်ဆံရေးစတာတွေအပြင် မိမိလူမျိုး၊ မိမိနိုင်ငံရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တတ်ဖို့ကိုပါ လေ့လာသင်ယူရတာဖြစ်ပါတယ်။ ဂျပန်ကလေး တစ်ယောက်ဟာ ကျောင်းစနေတဲ့အချိန်ကစပြီး ဘွဲ့ရသည်အထိ ဂျပန်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်တဲ့ဖြစ်စဉ်ကို ဖြတ်သန်းရတာဖြစ်ပါတယ်။ အင်္ဂလိပ်တစ်ယောက်၊ ပြင်သစ်တစ်ယောက်လည်း အတူတူပါပဲ။ ဘယ်သူမှ မွေးကတည်းက အဲဒီလူမျိုးတစ်ယောက် အလိုလိုမဖြစ်လာပါဘူး။ လူဆိုတာ လူမှုရေးသတ္တဝါ (Man is a social animal) မဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ပြုစုပျိုးထောင် (nurture, bring up) ပေးရတဲ့ သတ္တဝါမျိုးဖြစ်ပါတယ်။


အဲသည်လိုမျိုး လူမျိုးတစ်မျိုးရဲ့အဖွဲ့ဝင်အဖြစ်၊ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားအဖြစ် ပြုစုပျိုးထောင် ပေးရတဲ့ဖြစ်စဉ်မှာ အဲဒီလူမျိုးရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေရဲ့ ရင်းနှီးအောင်၊ အဲသည် လူမျိုးတွေကြားထဲမှာ နေထိုင်သွားလာ စားသောက်တတ်ပြီး မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ အဲသည်လူမျိုးတွေကြားထဲမှာ ဝင်ဆန့်နေထိုင်တတ်အောင် သင်ပေးရတာဖြစ်ပါတယ်။ အဲသည်လိုမျိုး ကလေးတစ်ယောက်ကို သူနေထိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်အောင် ပြုစုပျိုးထောင်ပေးရာမှာ မိခင်ဘာသာစကားဟာ အဓိကကျပါတယ်။ ဂျပန် ကလေးတစ်ယောက်ကို တစ်သက်လုံး ပြင်သစ်လိုပြောပြီး ဂျပန်တစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးလို့မရပါဘူး။ ဂျပန်လိုပြောပြီးပြုစုပျိုးထောင်ပေးရတာသာ ဖြစ်ပါတယ်။ စကားပြောတတ်ချိန်ကစလို့ မိဘနဲ့ကလေးနဲ့ကြားက တရင်းတနှီး ရင်ဖွင့်ပြောဆိုမှုတွေ၊ ဆုံးမသွန်သင်မှုတွေ၊ အိပ်ရာဝင်ပုံပြင်တွေ၊ ရိုးရာအစားအသောက်တွေ စတာတွေကနေတစ်ဆင့် ကလေးတစ်ယောက်ဟာ အင်္ဂလိပ်တစ်ယောက်၊ အမေရိကန်တစ်ယောက်၊ ပြင်သစ်တစ်ယောက်၊ ဂျပန်တစ်ယောက်၊ ထိုင်း တစ်ယောက်၊ မြန်မာတစ်ယောက်၊ ကချင်တစ်ယောက်ရယ်လို့ ဖြစ်လာတာမျိုးပါ။ ကလေးတစ်ယောက်ဟာ မိခင်ဘာသာစကားရဲ့ လောင်းရိပ်အောက်ကနေ ကြီးပြင်းလူလားမြောက်လာတာ မဟုတ်ဘဲ၊ ကိုယ်နေနေတဲ့ လူ့အဖွဲ့အစည်းကပြောတဲ့စကားက တစ်ခု၊ ကိုယ် ပြောပြီးကြီးပြင်းလာတဲ့ ဘာသာစကားက တစ်ခုဆိုရင် သူဟာ အဲဒီ လူ့အဖွဲ့အစည်းနဲ့ သူစိမ်းပြင်ပြင် ဖြစ်နေပါ လိမ့်မယ်။ သူ့နိုင်ငံ၊ သူ့လူမျိုးကိုလည်း စိတ်ဝင်စားမှု လျော့ကျ နိုင်ပါတယ်။ 


အင်္ဂလိပ်ဘာသာစကားကတော့ ကမ္ဘာသုံးဖြစ်တဲ့အတွက် တတ်ကိုတတ်မြောက်ရပါလိမ့်မယ်။ အစိုးရကျောင်းထွက်တွေ အင်္ဂလိပ်စာညံ့တယ်ဆိုတဲ့ အဆင့်ရောက်အောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ အနေအထားကနေ ကျွန်တော်တို့ ပညာရေးစနစ်ကြီးတစ်ခုလုံးကို ပြန်လည် တည်ဆောက်ရပါလိမ့်မယ်။ တိုင်းရင်းသားလူနည်းစုတွေ သူတို့မိခင်ဘာသာစကားနဲ့ ကျောင်းမှာ သင်နိုင်အောင်၊ ဆိုင်ရာဒေသအလိုက် တိုင်းရင်းသားဘာသာစကားကို ရုံးသုံးအဖြစ်ပြဋ္ဌာန်းနိုင်အောင် လုပ်ရပါလိမ့်မယ်။ လူတစ်ယောက်ဟာ မိခင်ဘာသာစကားတစ်မျိုးကိုပဲ တစ်သက်လုံးမှာ တတ်သွားတယ်ဆိုတာလည်း မဖြစ်သင့်သလို ကမ္ဘာသုံးဘာသာစကားကိုပဲ တတ်ပြီး မိခင်ဘာသာ စကားကို မတတ်ဘူးဆိုတာလည်း လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဒီနှစ်ခုစလုံးဟာ အစွန်းနှစ်ပါးပါပဲ။ မိခင်ဘာသာစကားကိုလည်း ကျွမ်းကျင်စွာတတ်မြောက်ပြီး မိမိလူမျိုးရဲ့ဝိသေသလက္ခဏာတွေကို လည်း ထိန်းသိမ်းထားနိုင်ရမယ်။ နိုင်ငံတကာသုံးစာနဲ့စကားကိုလည်း ကျွမ်းကျင်စွာတတ်မြောက်ပြီး မိမိကိုယ်ကိုယ်ရော၊ ကိုယ့်နိုင်ငံကိုရော ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် မြှင့်တင်ပေးနိုင်သူလည်း ဖြစ်ဖို့လိုပါတယ်။ ဒါကသာလျှင် ပညာရေးရဲ့ တကယ့်အနှစ်သာရဖြစ်သင့်ပါတယ်။ 


အင်္ဂလိပ်လိုတတ်မြောက်ခြင်းဟာ ကြိုဆိုရမှာဖြစ်ပေမဲ့ မိခင်ဘာသာစကား ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေနဲ့ အပြီးလဲလှယ်လိုက်ရတာကတော့ မဖြစ်သင့်ပါဘူး (Having your kids to be fluent in English language is a right thing but it shouldn’t be at the expense of their mother tongue)။ နိုင်ငံတကာသုံး ဘာသာစကားဆိုတာမျိုးဟာ အမြဲတည်နေတာမျိုး မဟုတ်ပါဘူး။ အချိန်မရွေးပြောင်းချင်ပြောင်းလဲသွားနိုင်ပါတယ်။ တစ်ချိန်က ဥရောပတိုက်မှာ အင်္ဂလိပ်စကားထက် ပြင်သစ်၊ စပိန်၊ ဂျာမန်စကားတွေက ပိုတွင်ကျယ်ခဲ့ပါတယ်။ နောင်တစ်ချိန်မှာလည်း အင်္ဂလိပ်စာစကားနေရာမှာ တခြားကမ္ဘာသုံးစာစကားတစ်ခုက အစားထိုးလာတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဇာတ်ကောင်အပြောင်းအလဲတွေ ပေါ်မှာ မူတည်တာမို့ပါ။ အဲ ဒါပေမဲ့ လူမျိုးတစ်မျိုးရဲ့မိခင်ဘာသာစကားဆိုတာကတော့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ ပကတိအရှိတရားပါ။ ကမ္ဘာသုံးစာစကားဆိုတာက ပညတ် ဖြစ်ပြီး မိခင်ဘာသာစကားကတော့ ပရမတ် ဖြစ်ပါတယ်။


Comments

အဖတ်အများဆုံး

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။