Skip to main content

မုန်း၍မဟူကို မုန်း၍မဟုတ်ဘဲ ဝေဖန်ခြင်း

ဂျာနယ်ကျော် မမလေးဟာ သူ့ခေတ်သူ့အခါကဆို အတော်ကို ပေါ်ပြူလာဖြစ်တဲ့ မိန်းမစာရေးဆရာ တဦး။ စာအရေးအသားလည်း ကောင်း၊ ထက်လည်းထက်မြက်၊ ရုပ်လည်းချော၊ ယောက်ျားကလည်း ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်။ လင်နဲ့မယား အတွဲအဖက်ညီညီနဲ့ သုတ၊ ရသ၊ သုံးသပ်ချက် ဆောင်းပါးတွေ ရေးခဲ့ကြသူတွေ။ 



မမလေးကို စဖတ်ဖူးတာ သုံးတန်းလောက်ကဖြစ်မယ်။ အိမ်မှာရှိတဲ့ ‘သွေး’ ဝတ္ထုပေါ့။ ခဏခဏပြန်ဖတ်တယ်။ မောင်မောင့်အစ်မ ဂျပန်မလေး ယုမိစံ ကိုလည်းသနား၊ မောင်မောင့်ကိုလည်း သနား ကိုယ်ချင်းစာမိတယ်။ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ဇာတ်လမ်းအဆက်လေးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်ရေးကြည့်ရတယ်။ 

ငါးတန်းလောက် ရောက်တော့ ‘ရင်နင့်အောင်မွှေး’ ဖတ်ရတယ်။ အဲဒီတုန်းကတော့ ကြိုက်တာပဲ။ နောက်တော့ ‘သူလိုလူ’၊ ‘အဖြူ’၊ ‘သူမ’ စတာတွေ ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ရှုမဝမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နဲ့ အခြေအတင် ဖြစ်ရတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ ‘မုန်း၍မဟူ’ကိုတော့ မကြာသေးခင်ကမှ ဖတ်ဖူးတယ်။ ငယ်ငယ်က ဖတ်ဖူးရင်တော့ ကြိုက်မလားမသိပေမဲ့ အခုအရွယ်မှာတော့ ပြောစရာတွေ တွေ့လာတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ နောက်ခံထားထားတဲ့ မုန်း၍မဟူထဲမှာ ဝေဝေဆိုတဲ့ ဧရာဝတီတိုင်းသူ ကလေးဟာ သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးစောဟန် ဆိုတဲ့ ဘိုစိတ်ပေါက်နေတဲ့ မြန်မာတယောက်နဲ့ အိမ်ထောင်ကျတယ်။ မိဘပေးစားလို့မဟုတ်ဘဲ ချစ်လို့ယူတာ။ 

ဦးစောဟန်ဟာ ဘိုစိတ်ပေါက်နေသလို မြန်မာတွေကို အထင်သေးတယ်။ ငါးပိရည် တို့စရာစားတဲ့ လူမျိုး၊ လက်နဲ့ထမင်းစားတဲ့ လူမျိုးရယ်လို့ နှိမ်ချင်တယ်။ သူ့မိန်းမ ဝေဝေကိုလည်း အဖေ့အိမ်ကို မကြာခဏ ပေးမကူးဘူး။ မိသားစုဆွေမျိုးတွေနဲ့ စားဟယ် သောက်ဟယ် ရင်းရင်းနှီးနှီး မနေခိုင်းဘူး။ သူကိုယ်တိုင်လည်း မနေဘူး။ ဝေဝေ့ကို အိမ်မှာပဲ ပေါင်မုန့်ထောပတ်သုတ်နဲ့ ကော်ဖီနဲ့ ဘိုဆန်ဆန် အချိန်ဇယားနဲ့ ထားတယ်။ ဒီ အချိန်အိပ်၊ ဒီအချိန်ထ၊ ဒီအဝတ်ကိုဝတ် ဆိုပြီး ကော်ပတ်ရုပ်လေးလို အရိပ်တကြည့်ကြည့်နဲ့ ထားတယ်။ ရွှေလှောင်ချိုင့်လေးနဲ့ ထားတယ်။

ဝေဝေ့အဖေ တီဘီရောဂါသည်ကြီးဟာ ရန်ကုန်မှာ ဆေးကုရင်းကနေ အသည်းအသန်ဖြစ်နေပြီဆိုတဲ့ သံကြိုး ရောက်လာပေမဲ့ ဝေဝေဟာ ဦးစောဟန်ပေးမသွားလို့ ချက်ချင်းလိုက်မသွားရဘူး။ နောက်တနေ့မှာပဲ သူ့အဖေ ဆုံးတဲ့ သတင်းကြားတော့ ဝေဝေဟာ ရင်ကွဲရတယ်။ တရက်ကလေး နောက်ကျလိုက်တာ သူ့အဖေ အသက်ကို မမီလိုက်ဘူး။ ဒါပေမဲ့လည်း ယောကျ်ားလုပ်သူကို မမုန်းရက်ဘူးတဲ့။

ဝေဝေဟာ ကိုယ်ဝန်ရှိလာတော့လည်း ဦးစောဟန်က ပိုလို့တောင် သူ့ကို သဲသဲလှုပ်ပြပြန်တယ်။ ဒါပေမဲ့ ကလေးက ပျက်ကျသွားတယ်။ မကြာဘူး၊ ဝေဝေဟာ သူ့အဖေလိုပဲ ချောင်းဆိုးရင် သွေးပါလာတယ်။ ဦးစောဟန်ဟာ နေ့တိုင်း အင်္ဂလိပ်ဆရာဝန်ခေါ်ပြီး ဆေးထိုးဆေးကု လုပ်ပေမဲ့ မသက်သာဘဲ ဝေဝေဟာ တနေ့တခြား ပိန်ပိန်လာတယ်။ နောက်ဆုံးတော့ ဝေဝေလည်း ဒါနဲ့ပဲ ဆုံးတယ်။

ဒီမှာမရှင်းတာက ဝေဝေဟာ ဘိုဆန်သူ ဦးစောဟန်ကြောင့် သေရတယ်လို့ မမလေးက ဆိုလိုချင်သလား မသိပါ။ ဒါပေမဲ့ ဝေဝေ သေရတာဟာ တီဘီကြောင့်သေရတာဖြစ်သလို တီဘီကလည်း သူ့အဖေဆီကနေ ကူးတာလို့ပဲ ယူဆရတယ်။ ဦးစောဟန်ဟာ သူ့မိန်းမကို အကောင်းဆုံး ကုသပေးခဲ့တာပဲ။ ဝေဝေဟာ ဦးစောဟန်နဲ့ မရလည်း တီဘီရောဂါနဲ့ ကွယ်လွန်ဖို့ရာ အကြောင်းများပြီးသားပဲ။ ဘယ်သူနဲ့ပဲ ယူယူ အဲဒီခေတ် အဲဒီအခါအခြေအနေအရ သေဖို့ရာခိုင်နှုန်းများတာပဲ။ ဒါကြောင့် ဝေဝေသေရတာဟာ ဦးစောဟန် ဘိုဆန်မှုကြောင့်လို့ ပြောရခက်တယ်။ တနေရာကျတော့ ဝေဝေဟာ တီဘီကို ပျောက်အောင် ကုနိုင်တယ်လို့ (သူ့ကိုယ်သူဆိုတဲ့) အမျိုးထဲက ဘကြီး တယောက်နဲ့ ကုချင်ပေမဲ့ ဦးစောဟန်က ခွင့်မပေးလို့ မကုရဘူးလို့ ဆိုပြန်တယ်။ ဒါကလည်း ကံသေကံမပြောရခက်တဲ့ ကိစ္စပါ။ အဲဒီကာလတုန်းက အနောက်တိုင်းဆေး ဖြစ်ဖြစ် တိုင်းရင်းဆေးဖြစ်ဖြစ် တီဘီကို ပျောက်အောင်ကုဖို့ဆိုတာ မလွယ်လှပါ။ ခုခေတ် ကင်ဆာကို ပျောက်အောင် ကုနိုင်တယ်လို့ ဆိုတဲ့ တိုင်းရင်းဆေးဆရာများလိုပါပဲ။ ဟိုလူနဲ့ပျောက်ချင်လည်းပျောက်မယ်၊ ကိုယ့်ကျတော့ ပျောက်ချင်မှလည်း ပျောက်မယ် ဆိုတာလိုမျိုးပါပဲ။

တစ်ခါ ဦးစောဟန်က (တာဏောယက္ခ ဘီလူးပုံပြင်ထဲကလို) ဝေဝေ့ကို အာခံတွင်းငုံထားမတတ် ထားတာဟာ ဦးစောဟန် ဘိုဆန်တာနဲ့ မဆိုင်ပါဘူး။ ဘိုဆန်တဲ့လူတိုင်းက မိန်းမကို ရွှေလှောင်ချိုင့်နဲ့ ထားတာမှ မဟုတ်တာ။ သည်းသည်းလှုပ်ချင်တဲ့သူက ဘိုဆန်ဆန် မဆန်ဆန် သည်းသည်းလှုပ်မှာပဲ မဟုတ်လား။ အဖေ့အသက်ကိုတောင် မမီတဲ့အထိ ဝေဝေ ဖြစ်ရတဲ့ ဦးစောဟန်ရဲ့ချုပ်ချယ်မှုဟာ ဦးစောဟန်ရဲ့ အတ္တသာဖြစ်ပြီး သူ့ရဲ့ ဘိုဆန်ဆန် နေမှုနဲ့မဆိုင်ပါ။

ဇာတ်လမ်းမှာ ဝေဝေ့ရဲ့ ဦးစောဟန်အပေါ် ချစ်သွားပုံကို ရေးဖွဲ့တာအားနည်းတယ်လို့ မြင်ပေမဲ့ မိတ်ဆွေ အစ်မ တယောက်ကတော့ ဝေဝေ့အရွယ်မှာ အကြောင်းပြချက်မရှိဘဲ ချစ်သွားတတ်ကြတာပဲလို့ ပြောတဲ့အတွက် ဒါကိုတော့ ထားလိုက်ပါတော့မယ်။ ကျနော်သာ ထုတ်ဝေသူ/အယ်ဒီတာ ဆိုရင်တော့ ဒီဝတ္ထုကို ထုတ်ဖို့ရာ သိပ်မဖြစ်နိုင်လောက်ဘူး။ ပြန်ပြင်ခိုင်းပြီးမှ ထုတ်ဖို့များပါမယ်။ 

ဒေါ်မမလေးဟာ ကိုလိုနီခေတ်မှာ ကြီးခဲ့သူပီပီ အင်္ဂလိပ်ဆန့်ကျင်တဲ့ မျိုးချစ်စိတ်ရှိသူ တဦးမို့ ဒါမျိုးရေးတာ မဆန်းပါ။ ဘိုစိတ်ပေါက်နေတဲ့ ဦးစောဟန်နဲ့ ယူမိလို့ပဲ သူ့ဘဝရဲ့ကံကြမ္မာဟာ ခုလိုဖြစ်ရတယ်လို့ ဆိုလိုဟန်တူတယ်။ (အဲသလိုတော့ တည့်တည့်မရေးထားဘူး။) ရေးလို့ မရဘူးတော့ မဟုတ်ပါဘူး။ ဘိုဆန်တဲ့သူကို မယူသင့်ဘူးလို့ ရေးချင်ရင်လည်း ယုတ္တိကိုတော့ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ လိုပါလိမ့်မယ်။ အဲသလိုမဟုတ်ရင် မွတ်စလင်နဲ့ယူလို့ ဒုက္ခရောက်ရတဲ့ မြန်မာမိန်းကလေးတဦး အကြောင်း ဇာတ်လမ်းဆင် ရေးတဲ့ ခုခေတ် ဝါဒဖြန့်မဘသဇာတ်လမ်းမျိုးနဲ့ သိပ်မကွာဘူးလို့ပဲ မြင်တယ်။


Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...