ဂျာနယ်ကျော် မမလေးဟာ သူ့ခေတ်သူ့အခါကဆို အတော်ကို ပေါ်ပြူလာဖြစ်တဲ့ မိန်းမစာရေးဆရာ တဦး။ စာအရေးအသားလည်း ကောင်း၊ ထက်လည်းထက်မြက်၊ ရုပ်လည်းချော၊ ယောက်ျားကလည်း ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်။ လင်နဲ့မယား အတွဲအဖက်ညီညီနဲ့ သုတ၊ ရသ၊ သုံးသပ်ချက် ဆောင်းပါးတွေ ရေးခဲ့ကြသူတွေ။ မမလေးကို စဖတ်ဖူးတာ သုံးတန်းလောက်ကဖြစ်မယ်။ အိမ်မှာရှိတဲ့ ‘သွေး’ ဝတ္ထုပေါ့။ ခဏခဏပြန်ဖတ်တယ်။ မောင်မောင့်အစ်မ ဂျပန်မလေး ယုမိစံ ကိုလည်းသနား၊ မောင်မောင့်ကိုလည်း သနား ကိုယ်ချင်းစာမိတယ်။ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ဇာတ်လမ်းအဆက်လေးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်ရေးကြည့်ရတယ်။ ငါးတန်းလောက် ရောက်တော့ ‘ရင်နင့်အောင်မွှေး’ ဖတ်ရတယ်။ အဲဒီတုန်းကတော့ ကြိုက်တာပဲ။ နောက်တော့ ‘သူလိုလူ’၊ ‘အဖြူ’၊ ‘သူမ’ စတာတွေ ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ရှုမဝမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နဲ့ အခြေအတင် ဖြစ်ရတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ ‘မုန်း၍မဟူ’ကိုတော့ မကြာသေးခင်ကမှ ဖတ်ဖူးတယ်။ ငယ်ငယ်က ဖတ်ဖူးရင်တော့ ကြိုက်မလားမသိပေမဲ့ အခုအရွယ်မှာတော့ ပြောစရာတွေ တွေ့လာတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ နောက်ခံထားထားတဲ့ မုန်း၍မဟူထဲမှာ ဝေဝေဆိုတဲ့ ဧရာဝတီတိုင်းသူ ကလေးဟာ သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးစောဟန် ဆိ...