Skip to main content

မန္တလေးတောင်ထက်က ယွန်းရုပ်လေးရဲ့ မာယာ


ရသတံတား ဘာသာပြန် အလုပ်ရုံဆွေးနွေးပွဲ၊ အင်္ဂလိပ်မှ မြန်မာသို့ ပြန်ဆိုခြင်းအတွက် တက်ရောက်ချင်သူများထံကနေ လျှောက်လွှာပေါင်း (---) စောင်ရရှိခဲ့ပြီး အဲဒီထဲကမှ test သဘောမျိုး အစမ်းပြန်ခိုင်းခဲ့တဲ့ စာပိုဒ်ကို ဘာသာပြန်ဆို ပေးပို့လာသူက (---) စောင်ရှိပါတယ်။ အင်္ဂလိပ်-မြန်မာ အလုပ်ရုံဆွေးနွေးပွဲ ၂ ခုအတွက် တစ်ခုကို ၆ ဦးစီ ရွေးရမှာဖြစ်ပြီး မကြာခင် အရွေးခံရသူတွေကို အကြောင်းပြန်ပါ လိမ့်မယ်။ 

ပါဝင် လျှောက်ထားသူ အားလုံးက test translation ကို ကြိုးစားပြီး ပြန်ထားကြပါတယ်။ လုံးဝ ရာနှုန်းပြည့် ကွက်တိဖြစ်အောင်၊ အကြိုက်ကြီးကြိုက်ရလောက်အောင် ပြန်နိုင်သူတော့ မတွေ့ပေမယ့် အဓိပ္ပာယ် လွဲမသွားအောင် မိအောင် ပြန်နိုင်သူတွေ ရှိတယ်။ အဲဒီ စာပိုဒ်လေးနဲ့ ပတ်သက်ပြီး ဘာသာပြန်အမြင် ဆွေးနွေးဖလှယ်ချင်တာကြောင့် ခုလို ရေးရတာ ဖြစ်ပါတယ်။ ဒီမှာ ဘယ်လိုပြန်မှ၊ ဘယ်လိုယူဆမှ မှန်တယ်၊ ဘယ်လိုဆိုင် မမှန်ဘူးစသည်ဖြင့် လှေနံဓားထစ် ပြောဖို့မဟုတ်ဘဲ ဘာသာပြန်ခြင်းရဲ့ သိမ်မွေ့ပုံအကြောင်း၊ အမြင်အယူအဆပိုင်းဆိုင်ရာ ချဉ်းကပ်ပုံအကြောင်း မျှဝေဖို့ပါပဲ။ 

လျှောက်လွှာမတင်ခဲ့သူတွေအနေနဲ့ အောက်ပါစာပိုဒ်ကို ဖတ်ပြီး ခု ဆောင်းပါးကို ဆက်မဖတ်သေးဘဲ ကိုယ့်ဟာကိုယ် အရင်  စမ်းဘာသာပြန်ကြည့်ပြီးမှ အောက်ကစာကို ဆက်ဖတ်ချင်ရင်လည်း ရပါတယ်။ ကဲ ... test လုပ်ခဲ့တဲ့ စာပိုဒ်ကိုကြည့်ရအောင်။  

“Fanny fixed her eyes upon it, hardly heeding the spectacle of the white Incomparable Pagoda, of the lovely curves of the distant river, the Sagaing hills soft and purple beyond the further banks. Agatha also drew a breath of amazement and stood gazing. But when Fanny at last turned her shining gaze upon her, something naked and avid in the younger girl’s look disturbed her. “Fanny . . .” she said, “Fanny . . . it’s like when the devil took Our Lord up on to the high mountain and showed Him the kingdoms of the world.”

ဒီစာပိုဒ်က ၁၉၂၉ ခုနှစ်ထုတ် The Lacquer Lady ဆိုတဲ့ ဝတ္ထုထဲက။ ရေးသူကတော့ F. Tennyson Jesse (၁၈၈၈-၁၉၅၈) ဆိုတဲ့ ဗြိတိသျှစာရေးဆရာမ။ မြန်မာတွေနဲ့ ရင်းနှီးပြီးသား ကဗျာဆရာကြီး Alfred Lord Tennyson က သူ့ရဲ့ အဘိုးလေးတော်တယ်။ F. Tennyson Jesse က စစ်သတင်းထောက်လည်း လုပ်ဖူးတယ်။ မြန်မာနိုင်ငံကို လာရောက်ရင်းကနေမှ The Lacquer Lady ကို ရေးဖြစ်တာ။ ဆရာမြသန်းတင့်က ချစ်သောယွန်းခင်ခင် အမည်နဲ့ ပြန်ဆိုထားပြီး ခြောက်ကြိမ်တိုင် ပြန်ထုတ်ပြီးဖြစ်တယ်။ စုဖုရားလတ်ကို ခစားခဲ့တဲ့ ကာလို ဂရီဒီ ဆိုတဲ့ အီတလီ-မြန်မာ ကပြား အပျိုတော်မလေးရဲ့ တကယ့်အဖြစ်ကို နောက်ခံထားပြီး ရေးထားတဲ့ ဝတ္ထုတဲ့။ ဒီ ဝတ္ထုကို စာရေးသူရဲ့ “neglected classic (လျစ်လျူရှုခံ ဂန္ထဝင်စာအုပ်)” လို့လည်း ဆိုတယ်။ မူရင်းကိုဖြစ်ဖြစ် ဘာသာပြန်ကို ဖြစ်ဖြစ် ဖတ်ဖူးထားသူတွေကတော့ မြင်တာနဲ့ တန်းသိမယ်။ နောက်ပြီးကျရင် ဆရာမြ ပြန်ပုံနဲ့ပါ ယှဉ်တွဲလေ့လာနိုင်အောင် ဖော်ပြပါ့မယ်။ အခုတော့ စာပိုဒ်ကို အရင်ကြည့်ရအောင်။ 

ဒီစာပိုဒ်က မာယာများပါတယ်။ ဒီစာပိုဒ်မှာ ဇာတ်ကောင် ဥရောပတိုက်သူ ၂ ယောက်ပါတယ်။ တစ်ယောက်က Fanny (ဖန်နီ)၊ နောက်တစ်ယောက်က Agatha (အက်ဂါသာ)။ စာအသွားအလာအရ မန္တလေးတောင်ပေါ်ကို ရောက်နေမှန်း သိနိုင်တယ်။ “Fanny fixed her eyes upon it.” ဖန်နီက တစ်ခုခုကို မျက်လုံးမခွာဘဲ စိုက်ကြည့်နေတယ်။ ဖန်နီက ဘာမှန်းမပြောထားတဲ့ အရာတစ်ခုဆီကနေ အကြည့်တွေမခွာနိုင်ဘူး။ “It” လို့ပဲ သိရပြီး ဘာမှန်းမသိရဘူး။ 

နောက်ထပ် လှပတဲ့မြင်ကွင်း သုံးခု ထပ်လာတယ်။ Incomparable Pagoda ရယ်၊ မြစ်တစ်မြစ်ရဲ့ အကွေ့အကောက်တွေရယ်၊ စစ်ကိုင်းတောင်တန်းကြီးရယ်။ သူတို့ရဲ့ရင်သပ်ရှုမောအလှတရား။ ဒါပေမဲ့ ကောင်မလေးရဲ့အကြည့်က အဲဒီ အလှတွေအပေါ်မှာ မရှိမှန်း “hardly heeding” အရ သိနိုင်တယ်။ ‘hardly’ ဟာ negative အဓိပ္ပာယ်ပဲ။ ဖော်ပြထားတဲ့ ဘုရားတွေ၊ မြစ်တွေ၊ တောင်တွေရဲ့အလှကို လုံးဝကြီး ဂရုမပြုတာမျိုးတော့ မဟုတ်။ ပြုမိတယ်။ ဒါပေမဲ့ ‘အရေးမစိုက်နိုင်အားလောက်အောင်’ ကို အဲဒီ “it” ကို သူက ကြည့်နေကြတာ။ ‘Hardly’ ထောင်ချောက်မိသွားသူတွေကတော့ it ဆိုတာ အဲဒီ အရာသုံးခုကိုပြောနေတာလို့ မှတ်ယူလိုက်ပြီး အဲဒါတွေရဲ့အလှကို Fanny က စိုက်ကြည့်နေတာလို့ ပမာဒ လေခ သွားကြတယ်။ 

အက်ဂါသာ ဆိုတဲ့ အဖော်မိန်းကလေးကလည်း ဖန်နီလိုပဲ အဲဒီ အရာကို အသက်ရှူဖို့တောင် မေ့ပြီး ရင်သပ်ရှုမော ငေးကြည့်နေတယ်။ Agatha also drew a breath of amazement and stood gazing. ဖန်နီကြည့်တဲ့အရာနဲ့ အက်ဂါသာ ကြည့်တဲ့အရာက အတူတူပါပဲ။ အဲဒီအချိန်မှာ ဖန်နီက အက်ဂါသာကို လှည့်ကြည့်လိုက်တယ်။ ဝါကျတည်ဆောက်ပုံအရ ဖန်နီက အက်ဂါသာထက် ငယ်ကြောင်းကို “the younger girl’s look” အရ သိနိုင်ပါတယ်။ (ဝတ္ထုဖတ်ကြည့်ရင်တော့ အက်ဂါသာက ဖန်နီထက် ၂ နှစ်ကြီးမှန်း သိလိမ့်မယ်။) ဖန်နီရဲ့အကြည့်ကြောင့် disturbed ဖြစ်သွားရတာက အက်ဂါသာ ဖြစ်ပါတယ်။ ဖန်နီမဟုတ်ပါ။ တချို့က “younger girl” ကို အက်ဂါသာလို့ ထင်ကြတယ်။ 

အဲဒီနေရာမှာ “Fanny fixed her eyes upon it” မှာပါတဲ့ “it” ဆိုတာ ဘာလဲဆိုတာကို တမင် မြှုပ်ထားခဲ့ပါတယ်။ အဲဒီ “it” က နန်းမြို့ရိုး၊ ကျုံး၊ ပြအိုး၊ ပစ္စင်နဲ့တကွ ဘုံခုနစ်ဆင့် ပြာသာဒ်ပါ မြနန်းစံကျော် ရွှေနန်းတော် ဆိုတဲ့ မင်းတုန်းမင်းရဲ့ ရတနာပုံနေပြည်တော်ကြီးကို ပြောတာ။ ဝတ္ထုကိုဖတ်ဖူးထားရင် ဖြစ်စေ၊ ကိုယ့်ဟာကိုယ် အင်တာနက်မှာလိုက်ရှာလို့သိရသည်ဖြစ်စေ “it” ဟာ နေရောင်အောက်မှာ ဖိတ်ဖိတ်တောက်နေတဲ့ နန်းတော်ကြီးကိုပြောနေမှန်း သိပါလိမ့်မယ်။ မသိရင်လည်း ကိစ္စမရှိ။ It ကို ဘာမှန်းမသိတဲ့အရာအနေနဲ့ “ထိုအရာကို”၊ “၎င်းကို” စသည်ဖြင့် ထည့်ပြန်လိုက်လည်း ရတယ်။ “နန်းတော်ကြီး” လို့ ပြန်လိုက်နိုင်ရင်တော့ ဝတ္ထုဖတ်ဖူးထားမှန်း သို့မဟုတ် အိမ်စာ လုပ်ထားမှန်း အကဲဖြတ်နိုင်တာပေါ့။ 

အခု ‘ချစ်သောယွန်းခင်ခင်’မှာ အဲဒီ အပိုဒ်ကို ဆရာမြ ဘယ်လိုပြန်ထားသလဲ ကြည့်ရအောင်။ 


“ဖဲင်နီသည် ရွှေနန်းတော်ကြီးကိုသာ စိုက်ကြည့်နေမိသည်။ မဟာမြတ်မုနိ ဘုရားကြီးကိုလည်းကောင်း၊ ရစ်ခွေစီးဆင်းလျက်ရှိသော ဧရာဝတီမြစ်ကိုလည်းကောင်း၊ တစ်ဖက်ကမ်းတွင် မှိုင်းပြာလျက်ရှိသော စစ်ကိုင်းတောင်ရိုးကြီးကိုလည်းကောင်း သတိမထားမိ။ အက်ဂါသာမှာလည်း ရှုခင်းအလှကိုကြည့်၍ အံ့အားသင့်ကာ မျက်တောင်ပင် မခတ်မိဘဲ ငေးကြည့်နေသည်။ သို့ရာတွင် ဖဲင်နီက သူ့ကို လှမ်းကြည့်လိုက်သည့်အခါ အက်ဂါသာသည် ဖဲင်နီ၏အကြည့်ကြောင့် အရသာပျက်သွား၏။ (စာ-၆၄၊ ‘ချစ်သောယွန်းခင်ခင်’၊ မြသန်းတင့် (ပြန်)၊ လရိပ်မွန်စာပေ၊ ၂၀၂၀)

ဒီနေရာမှာ Incomparable Pagoda ကို ဆရာမြက ‘မဟာမြတ်မုနိ’ လို့ ပြန်ထားတယ်။ တကယ်ကတော့ ‘မဟာအတုလဝေယန်’ ခေါ် ‘အတုမရှိကျောင်း’ ကိုပြောတာ။ အတုမရှိဟာ မန်းတောင်ခြေ  ရွှေကျောင်းကြီးနဲ့ ကပ်လျက်မှာရှိပြီး မင်းတုန်းမင်းရဲ့ ကုသိုလ်တော် ခုနစ်ပါးထဲက တစ်ပါး။ မဟာမြတ်မုနိဟာ မန္တလေးရဲ့ အနောက်တောင်ဘက်မှာရှိပြီး မြို့မြောက်ဘက်က မန်းတောင်ပေါ်ကနေ ကြည့်ရင်မမြင်ရဘူး။ အတုမရှိကျောင်းကို မူရင်းစာရေးသူက pagoda လို့သုံးထားတာကတော့ သူမှားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် River, further တို့နဲ့ ကာရန်ကိုက်အောင် pagoda လို့ လုပ်ထားတာများလား။ 

Incomparable Pagoda ဆိုပြီး capital letter နဲ့ ရေးထားလို့ ကိုယ်ပိုင်နာမည် (proper name) မှန်း သတိပြုရပါမယ်။ Proper name ဖြစ်တဲ့အတွက် မန္တလေးတောင်အနီးအနားက သာသနိက အဆောက်အဦတွေကို ဘာသာပြန်သူက လိုက်စူးစမ်းဖို့ လိုလာပါတယ်။ အနီးအနားမှာ ရွှေကျောင်း၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိ ဘုရား၊ အတုမရှိကျောင်းတော်ကြီး စသည်ဖြင့် ရှိကြောင်း သိပြီဆိုရင် Incomparable Pagoda ဟာ အတုမရှိကို ပြောတာပဲပေါ့။ 

Test ဖြေကြသူတွေထဲမှာ တုနှိုင်းမမီသောဘုရားလို့ ပြန်တာလည်း တွေ့တယ်။ အတုမရှိဘုရားလို့လည်း ပြန်ကြပါတယ်။ White ပါတဲ့အတွက် ထုံးဖြူဖြူစေတီလေး ဆိုပြီး ပြန်တာလည်းရှိပါတယ်။ ‘အတုမရှိ’ဟာ ဘုန်းကြီးကျောင်း ဖြစ်ပြီး သစ်၊ အုတ်၊ အင်္ဂတေတို့နဲ့ ဆောက်ထားတဲ့ ဘုံငါးဆင့် ပြာသာဒ်ဆောင်ဖြစ်ပါတယ်။ အင်မတန် လက်ရာမြောက်ပြီး နောက်ပိုင်း မီးလောင်သွားလို့ အနုသုခုမလက်ရာတွေ ဆုံးရှုံးသွားရပါတယ်။ ‘သင်္ကြန်မိုး’ ဇာတ်ကားထဲက ထား နဲ့ ကိုငြိမ်းမောင် ခိုးရာလိုက်ဖို့ ချိန်းတဲ့နေရာဟာ အတုမရှိကျောင်းနေရာ ကြီးပါ။ Pagoda ကို ဘုရားလို့ပြန်တာ မမှားပေမဲ့ တကယ့်အပြင်မှာ အတုမရှိက ဘုရားမဟုတ်ဘဲ ဘုန်းကြီးကျောင်း ဖြစ်တယ်ဆိုတဲ့အချက်ကို ဘာသာပြန်သူက သိပြီး ပြင်ပေးဖို့လိုမယ်။ ဒီအတွက် ဘာသာပြန်သူဟာ research လုပ်ဖို့လိုတယ်။ 

စာပိုဒ်ထဲမှာ “the distant river” လို့ပဲဆိုပါတယ်။ မြစ်နာမည်မပါဘူး။ ဒါပေမဲ့ မန္တလေးတောင်ပေါ်ကနေ မြင်ရတာ ဧရာဝတီမြစ်ပဲရှိတယ်။ ဒါ့အပြင် မြစ်တစ်ဖက်ကမ်းက စစ်ကိုင်းတောင်လို့ ဆိုထားသေးတဲ့ အတွက် ဧရာဝတီကိုပြောမှန်း သိနိုင်တယ်။ ဒါကတော့ မန္တလေး မရောက်ဖူးရင်တောင် ဒေသန္တရဗဟုသုတ ရှိရင် သိနိုင်တယ်။ မူရင်းမှာမပါပေမဲ့ မြစ်နာမည်ကိုပါ ထည့်ပြီး ဧရာဝတီမြစ်ရယ်လို့ ပြန်နိုင်ရင်တော့ အမှတ်ပိုရနိုင်တာပေါ့။ ဘာသာပြန်သူဟာ စာထဲမှာမပါတာကိုလည်း သိအောင် အားထုတ်ရပါတယ်။ လိုအပ်ရင်လိုအပ်သလို  မိမိရဲ့ရှာဖွေတွေ့ရှိမှုကို ထည့်ပြန်ပေးနိုင်ရင် ပိုကောင်းတာပေါ့။  

စစ်ကိုင်းတောင်ကို “soft and purple” လို့ နာမဝိသေသန သုံးတယ်။ “soft” က ဒီနေရာမှာ နူးညံ့တယ် ဆိုတာထက် တောင်တန်းတွေက မမတ်စောက်ဘူး၊ ပြေပြေလေး တက်သွားတယ်၊ ကောက်ကြောင်းတွေ လှတယ်လို့ ဆိုလိုချင်တာဖြစ်မယ်။ ဆရာမြက ‘soft’ ကို ထည့်ပြန်မသွားဘူး။ ‘purple’ ကိုတော့ ဒီနေရာမှာ ခရမ်းဆိုတာထက် မှိုင်းတယ်၊ ပြာတယ်၊ မှုန်တယ် စသည်ဖြင့် ပြန်ရင် မြန်မာပိုဆန်မယ်။ ဆရာမြကလည်း “မှိုင်းပြာ”လို့သုံးတယ်။ မြန်မာစကားမှာ တောင်တန်းတွေနဲ့ ပတ်သက်ရင် ‘ညို့မှိုင်း’တယ်၊ ‘တောင်ပြာတန်း’၊ ‘စိမ်းညို့ညို့’ စသည်ဖြင့်ပဲ သုံးတာများတယ်။ နောက်ပြီး စစ်ကိုင်းတောင်ရဲ့ တည်နေရာကို စာရေးသူက “beyond the further banks” တဲ့။ စောစောကပြောတဲ့ ကွေ့ကောက်မြစ်ကြီးရဲ့ ဟိုမှာဘက်ကမ်း အလွန်က စစ်ကိုင်းတောင်ရိုးကြီးပေါ့။ 

“When Fanny at last turned her shining gaze upon her…” ဖန်နီက နန်းတော်ကြီးကိုပဲ ရွှန်းရွှန်းစားစား ငေးကြည့်နေရင်းကမှ အက်ဂါသာဘက်ကို လှည့်လိုက်တဲ့အခါ ... “something naked and avid in the younger girl’s look disturbed her” တဲ့။ “younger girl” က ရှေ့မှာရှင်းပြတဲ့အတိုင်း ဖန်နီကို ပြောတာဖြစ်တယ်။ disturbed her မှာပါတဲ့ her က အက်ဂါသာကိုပြောတာ။ ဖန်နီရဲ့အကြည့်ထဲမှာပါတဲ့ တစ်စုံတစ်ခုဟာ naked and avid ဖြစ်တယ်တဲ့။ အဲဒီမှာ ‘naked’ က အတော်များများကို ဒုက္ခပေးမယ် ထင်တယ်။ အဝတ်မဝတ်ထားဘူး လို့ တချို့က ပြန်ကြတယ်။

ဒီနေရာမှာ naked က ဘာမှတန်ဆာမဆင်ထားတဲ့၊ ပကတိရိုးစင်းတဲ့အကြည့်တမျိုးလို့ ဆိုလိုချင်တာ။ အကြည့်ရိုးကလေးပေါ့။ Test ဖြေကြသူတွေထဲမှာ “အက်ဂါသာ/ဖန်နီက အဝတ်ဗလာနဲ့ဖြစ်နေတယ်” လို့ ပြန်ကြတာ တွေ့တယ်။ ဘယ်သူကများ နေ့ခင်းကြောင်တောင် ကိုယ်လုံးတီးနဲ့ မန္တလေးတောင်ပေါ်ကို တက်မှာတုံး။ ဘာသာပြန်သူဟာ ဖြစ်နိုင်ခြေကိုလည်း စဉ်းစားရပါတယ်။ ‘avid’ ကတော့ ‘စိတ်လိုလက်ရ ရှိတယ်’၊ ‘တက်ကြွတယ်’၊ ‘စိတ်အားထက်သန်တယ်’၊ ‘ဝါသနာထုံတယ်’ စသည်ဖြင့် အဓိပ္ပာယ်ရတယ်။ ဖန်နီရဲ့ အကြည့်မှာပါတဲ့ အဲဒီ ဂုဏ်ရည်တွေပါတဲ့ ဓာတ်တမျိုးကြောင့် နန်းတော်ကြီးကိုကြည့်ပြီး မှင်တက်မိနေတဲ့ အက်ဂါသာဟာ disturbed ဖြစ်သွားတယ်တဲ့။ ကျနော်ကတော့ ဒီနေရာမှာ disturb ကို ‘သတိဝင်သွားတယ်’ လို့ ပြန်ချင်တယ်။ မှင်တက် ငေးမောမိနေရာက ဖန်နီက သူ့ကိုလှည့်ကြည့်လိုက်တော့မှ အက်ဂါသာဟာ စကားပြောဖို့ သတိဝင်သွားတယ်။ 

ဆရာမြကတော့ “something naked and avid” ကို ထည့်ပြန်မသွားဘူး။ ဘာသာပြန်တဲ့နေရာမှာ မူရင်းထဲက စကားလုံးတွေထဲက တချို့ကို ဘာသာပြန်သူတွေက ချန်ခဲ့ဖြုတ်ခဲ့တာမျိုးက လုပ်လေ့ လုပ်ထ ရှိတယ်။ ဆရာမြ ထည့်ပြန်မသွားတာကတော့ ကျန်ခဲ့တာလည်း ဖြစ်နိုင်သလို၊ အဲဒါကို ထည့်ပြန်လိုက်မှ ပိုပြီး ရှုပ်ထွေးသွားမယ်လို့ ယူဆတာမျိုးကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စိတ်ကြိုက်စကားလုံး ရှာမရလို့များလား။ (ဆရာမြဟာ Anna Karenina ဝတ္ထုရဲ့ အဖွင့်စာကြောင်း “Happy families are all alike; every unhappy family is unhappy in its own way” ဆိုတဲ့ စာကြောင်းကို ပြန်ကြည့်တာ စိတ်တိုင်းမကျတာနဲ့ တော်စတွိုင်းရဲ့ နာမည်ကျော် အဲဒီဝတ္ထုကြီးကို မပြန်ဖြစ်ခဲ့ဘူးလို့လည်း ကြားဖူးတယ်။ ကျနော်အမှတ်မှားရင် ပြင်ပေးကြပါ။ စကားချပ်။) ဘာသာပြန်ရာမှာ စာလုံးတွေကို ချန်ခဲ့ချင်လည်း ရပါတယ်။ ဒါပေမဲ့ ဘာသာပြန်သူအနေနဲ့ အဲဒီအတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိဖို့လိုပါလိမ့်မယ်။ ရိုးရိုးသားသားပြောရရင် ကျနော်လည်း “something naked and avid” ကို ခုထိ ဘယ်လို လှအောင် ပြန်ရမလဲ မသိသေး။

နောက်ဆုံးစာကြောင်းကို ကြည့်ရအောင်။ “Fanny . . .” she said, “Fanny . . . it’s like when the devil took Our Lord up on to the high mountain and showed Him the kingdoms of the world.”


ဒါက သမ္မာကျမ်းစာထဲက ကျမ်းချက်တစ်ချက်ကို အက်ဂါသာက ကိုးကားထားတာ။ ရှင်မဿဲ ခရစ်ဝင်ကျမ်း (၄း၈) က စာကြောင်း။ ဆရာယုဒသန်ရဲ့ သမ္မာကျမ်းစာ ဘာသာပြန်မှာ ခုလိုတွေ့တယ်။


“၈။ တဖန် မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ဆောင်သွား၍ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊

“၉။ ကိုယ်တော်သည် ငါ့ကို ညွှတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟု ဆိုလေ၏။”

သမ္မာကျမ်းစာမှာ ယေရှုကို စာတန်က သုံးကြိမ်သုံးခါ သွေးဆောင်ပါသတဲ့။ ပထမတစ်ခါက ယေရှုဟာ ရက်ပေါင်း ၄၀ အစာမစားရလို့ မွတ်သိပ်နေချိန်မှာ စာတန်က ယေရှုကို ‘ဘုရားသားတော်ဆိုရင် ဒီကျောက်ခဲတွေကို မုန့်အဖြစ် ဖန်ဆင်းပြီးစားပေါ့’လို့ ပြောသတဲ့။ ယေရှုကလည်း လူဆိုတာ မုန့်စားပြီး အသက်မွေးရမှာမဟုတ်၊ ဘုရားမိန့်တဲ့အတိုင်း အသက်မွေးရမယ်လို့ ပြန်ပြောပြီး အမွတ်သိပ်ခံလိုက်တယ်။ 

နောက်တခါ စာတန်က ယေရှုကို သန့်ရှင်းသောမြို့ရဲ့ ဗိမာန်ကြီးအထွဋ်ပေါ်ကို ခေါ်လာပြီး ခုန်ချခိုင်းတယ်။ ဘုရားသားတော်ဆိုရင် အောက်ကို ခုန်ချလိုက်၊ ကောင်းကင်တမန်တွေက မင်းကို မြေကြီးနဲ့ မထိအောင် လေထဲမှာ ဆီးဖမ်းကြလိမ့်မယ်တဲ့။ ယေရှုကလည်း ဘုရားသခင်ကို မစစ်ဆေးရဘူးလို့ ကျမ်းမှာ လာတယ် ဆိုပြီး ငြင်းပြန်သတဲ့။ 

တတိယအကြိမ်မှာတော့ စာတန်က တောင်မြင့်ကြီးပေါ်ခေါ်သွားပြီး တိုင်းပြည်နိုင်ငံတွေကိုပြတယ်။ ဘုရားကို မကိုးကွယ်နဲ့၊ ငါ့ကိုကိုးကွယ်။ ဒါဆိုရင် အဲဒီနိုင်ငံတွေရဲ့ မင်းအဖြစ်၊ မင်းစည်းစိမ်ကို ငါပေးမယ်ဆိုပြီး ဖြားယောင်းတယ်။ ဒါလည်း ယေရှုက ငြင်းပြီး စာတန်ကို နှင်လိုက်တယ်တဲ့။ 

Test ဖြေကြတဲ့သူတွေထဲမှာ ခရစ်ယာန် (လို့ထင်ရသူ) တချို့ကတော့ မူလကျမ်းနဲ့ အတော်နီးနီးစပ်စပ် ယူပြန်ထားတာ တွေ့ရတယ်။ ဒီနေရာမှာ “Our Lord” က သခင်ယေရှုကို ညွှန်းတာ။ ဆရာမြ ကတော့ “အဘဘုရားသခင်” လို့ ဆိုထားတယ်။ စာတန်က ထာဝရဘုရားကို သွေးဆောင်ဖို့ ခေါ်သွားတာ မဟုတ်ဘဲ လူ့အဖြစ်ကိုရယူထားတဲ့ ဘုရားသားတော် ယေရှုကို ခေါ်သွားတာဖြစ်တဲ့အတွက် “သခင်ယေရှု” လို့ သုံးတာက ပိုနီးစပ်မယ် ထင်တယ်။ 

သခင်ယေရှုကို ဘုရားသားတော်လို့ ခရစ်ယာန်တွေက ယုံကြည်ပေမဲ့ သုံးပါးတစ်ဆူ (ဘုရားသခင်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်) အယူအဆအရ ဘုရားပဲ ဖြစ်တယ်လို့ ယုံကြည်တဲ့ ခရစ်ယာန်တချို့လည်း ရှိတယ် ပြောတယ်။ ဒီတော့ အဲဒီရှုထောင့်အရ Our Lord ကို ဘုရားသခင်လို့ ပြန်ရင် မမှားဘူးလို့ ပြောရင် ရမလား။ ဒီနေရာမှာ ယေရှုက ဘုရားလား၊ ဘုရားသားတော်လားက ဘာသာပြန်သူရဲ့ ကိစ္စမဟုတ်။ ဘာသာရေးသမားတွေ ကိစ္စ။ သမ္မာကျမ်းစာ အဆက်အစပ်အရ ပြောရရင်တော့ ဒီနေရာမှာ စာတန်ဟာ ယေရှုကို တောင်ပေါ်ခေါ်သွားတာ။ ဒါကြောင့် သခင်ယေရှုလို့သုံးတာကို ပိုကြိုက်တယ်။ 

ဝတ္ထုကိုပြန်ဆက်ရရင် အက်ဂါသာကို ဖန်နီက လှမ်းကြည့်တော့ အက်ဂါသာက သတိဝင်ပြီး စကားပြောတယ်။ နှစ်ယောက်စလုံးက ရွှေနန်းတော်ကြီးရဲ့အလှမှာ မိန်းမောနေကြတာ။ မြနန်းစံကျော် ရွှေနန်းတော်ကြီးကို ကြည့်ပြီး၊ ဘုရင့်စည်းစိမ်ဆိုတာကို မြင်ပြီး အားကျနေကြတာ။ ဒါကြောင့် အက်ဂါသာက သမ္မာကျမ်းစာထဲက ခုန စာကြောင်းကို သတိရသွားတာ။ 

“ဖန်နီရယ်... ဒီလောက်လှတဲ့ နန်းတော်ကြီးကို မြင်တော့ ကျမ်းစာမှာလာသလို ငါတို့သခင်ယေရှုကို စာတန်က တောင်ပေါ်ခေါ်သွားပြီး မင်းစည်းစိမ်ကိုပြတယ်ဆိုတာ ဒါမျိုးနဲ့တူတယ်နော်” လို့ အာမေဋိတ်ပြုလိုက်တာ။ ဒီနေရာမှာ kingdoms ဆိုတာ တိုင်းပြည်နိုင်ငံတွေဆိုတာထက် ကမ္ဘာပေါ်က တိုင်းပြည်အားလုံးရဲ့ အရှင်သခင်အဖြစ်၊ မင်းတကာတို့၏ မင်းအဖြစ်ကို ဆိုလိုတာလို့ ယူဆတယ်။ (ထာဝရ)ဘုရားစကားကို နားမထောင်နဲ့၊ ငါ့စကားကို နားထောင်။ ငါ့စကားနားထောင်ရင် စကြဝတေးမင်းစည်းစိမ်ကို ရမယ်တဲ့။ (ဒါနဲ့ ဆက်စပ်လို့ ဗုဒ္ဓဝင်မှာလည်း ဘုရားလောင်း သိဒ္ဓတ္ထကို တောမထွက်အောင် မာရ်နတ်က စကြာဝတေးမင်း စည်းစိမ်နဲ့တစ်ခါ၊ ဘုရားဖြစ်ပြီးချိန် သူ့သမီးတော်သုံးပါးရဲ့အလှနဲ့ ဖြားယောင်းပြီးတစ်ခါ သွေးဆောင်တယ်လို့ ဆိုတယ်။ တိုက်ဆိုင်စွာဆင်တူနေတာကို ပြောချင်တာပါ။ စကားချပ်။) 

ဆရာမြက ဒီစာကြောင်းကို ဘယ်လိုပြန်သလဲကြည့်ရအောင်။ 

“ကြည့်စမ်းပါဦး ဖဲင်းနီရယ် ... ဘယ်လောက်လှသလဲ။ နတ်ဆိုးက အဘဘုရားသခင်ကို တောင်ပေါ် ခေါ်ပြီးတော့ လောကတစ်ခွင်မှာရှိတဲ့ ဘုံဗိမာန်တွေကို ပြတယ်ဆိုတာ ဒီလိုပဲနေမှာပဲနော်။”

မူရင်းမှာ “Look” လို့ မပါပေမဲ့ ဆရာမြက “ကြည့်စမ်းပါဦး” လို့ ထည့်ပေးလိုက်တယ်။ “How beautiful!” စသည်ဖြင့် မပါပေမဲ့ “ဘယ်လောက်လှသလဲ” လို့ ထည့်ပေးလိုက်တယ်။ အဲဒီ “ကြည့်စမ်းပါဦး” နဲ့ “ဘယ်လောက်လှသလဲ” မပါဘဲနဲ့ အဲဒီ စာကြောင်းကို ပြန်ဖတ်ကြည့်ပါ။ ဒါတွေ ထည့်ပေးလိုက်ခြင်းအားဖြင့် ဖတ်ရတာ ပိုညက်ညောသွားတယ် မဟုတ်လား။ ဒါဟာ ရသပါပဲ။ ဘာသာစကားနဲ့ ရသတို့ ချိတ်ဆက် အလုပ်လုပ်ပုံကို သိမြင်ကျွမ်းကျင်ဖို့လိုပါတယ်။ ဘာသာပြန်သူတစ်ဦးဟာ သူ့စာမှာ ပါတဲ့အတိုင်း အတိအကျပြန်နေတာထက် ကိုယ့်နားထဲမှာ မြန်မာနှစ်ဦးပြောနေသံကို ကြားယောင်ပြီးမှ ချရေးဖို့ လိုတယ်။

ပြန်ချုပ်ရရင် ဖန်နီနဲ့ အက်ဂါသာဆိုတဲ့ ဥရောပတိုက်သူ နှစ်ယောက်ဟာ မန္တလေးတောင်ပေါ် ရောက်သွားတယ်။ တောင်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းက သိပ်ဖမ်းစားနိုင်တယ်။ အထူးသဖြင့် နန်းမြို့ရိုးထဲက နန်းတော်ကြီးဆီကနေ သူတို့ မျက်စိတောင် မခွာနိုင်ဘူး။ စစ်ကိုင်းတောင်တွေ၊ ဧရာဝတီမြစ်တွေ၊ အတုမရှိကျောင်းကြီးတွေကိုတောင်မှ သူတို့ မကြည့်အားတော့ဘူး။ နန်းတော်ရဲ့အလှမှာ မိန်းမောနေလိုက်တာ နှစ်ယောက်သား စကားပြောဖို့တောင် သတိမရဘူး။ အဲဒီမှာ ဖန်နီက အက်ဂါသာကို လှည့်ကြည့်လိုက်တော့မှ တို့ဆေးမိထားသလိုဖြစ်နေတဲ့ အက်ဂါသာဟာ စကားပြောဖို့ သတိဝင်သွားတယ်။ “ဖန်နီရယ်... သမ္မာကျမ်းထဲကလို နတ်ဆိုးက ငါတို့သခင်ကို တောင်ထိပ်ပေါ် ခေါ်ပြီး ဟောဒီမှာ မင်းစည်းစိမ်ဆိုတာဒါပဲ လို့ ခေါ်ပြသလိုပါပဲလား” လို့ အက်ဂါသာက ရေရွတ်တယ်။ ဘာသာပြန်ခိုင်းတဲ့ စာပိုဒ်အဓိပ္ပာယ်က ဒါ။ 

ဒီကနေ ကျနော်တို့ ဘာတွေရနိုင်လဲ။ ဘာသာပြန်သူဟာ ဘာသန္တရရော၊ ဒေသန္တရရော၊ သမိုင်းတွေ ပထဝီတွေရော၊ ဒါ့အပြင် ဖြစ်နိုင်ရင် ဆက်စပ်နေတဲ့ ဘာသာရေးဗဟုသုတတွေရော ဖြည့်ဆည်းဖို့ ရှာမှီးဖို့ လိုအပ်တယ်ဆိုတာ ဒီ စာပိုဒ်ကို ဘာသာပြန်ကြည့်ရာကနေ ပေါ်လွင်တယ်။ စာတစ်ပုဒ်ကို ဘာသာမပြန်ခင် နောက်ခံ ဗဟုသုတတွေ သိပြီဆိုရင် ရေးထားတဲ့ အင်္ဂလိပ် စာကြောင်းကိုလည်း သဒ္ဒါအရ ပုဒ်တခုချင်းအရ အနက်မလွဲအောင် နည်းစနစ်မှန်စွာ ပြန်ရမယ်။ ဒါပြီးမှ ရသ ပါအောင် ဘယ်လို ပြန်မလဲဆိုတဲ့ အဆင့်က လာမှာ ဖြစ်ပါတယ်။ 

ဘာသာပြန်ရာမှာ လိုအပ်လာခဲ့ရင် ထပ်ဖြည့်ပေးရတာ၊ ချိတ်ဆက်ပေးရတာ၊ (အရေးမကြီးရင်) ဖြုတ်ချ ခဲ့ရတာတွေရဲ့ သဘောကိုလည်း ဆင်ခြင်ကြည့်စေချင်ပါတယ်။ ဆရာမြရဲ့ ဘာသာပြန်လက်ရာနဲ့ပါ နှိုင်းယှဉ်လေ့လာပြီးတော့လည်း အတုယူစေချင်ပါတယ်။ ဆရာမြရဲ့ ပြန်ဆိုချက်မှာ ချန်ခဲ့တဲ့ စာလုံးအချို့ (soft နဲ့ something naked and avid)၊ မူရင်းမှာ မပါဘဲ ပြေပြစ်အောင်ထည့်ပြန်တာ (“ကြည့်စမ်းပါဦး” နဲ့ “ဘယ်လောက်လှသလဲ”) စတာတွေကိုလည်း သတိပြုစေချင်တယ်။ အမှားတစ်ခု (အတုမရှိ ကို မဟာမြတ်မုနိ လို့ မှားတာ) ကတော့ ဘာသာပြန်သူတွေဟာလည်း လူတွေပဲမို့ အမှားမကင်းနိုင်လို့ ခွင့်လွှတ်ရမှာပါပဲ။ စာအုပ်တိုက်တွေမှာ အယ်ဒီတာကောင်းကောင်း တစ်ယောက် မထားနိုင်တာ မြန်မာနိုင်ငံက စာပေလောကရဲ့ ချို့တဲ့နေတဲ့အချက်ပါ။ 

ဘာသာပြန်တာဟာ အနုပညာတစ်ခု ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲ ဓာတ်ငွေ့ထုတ်ဖော်တာမျိုး၊ ဒါနဲ့ဒါပေါင်းရင် ဒါရတယ်ဆိုတာမျိုး မဟုတ်ပါ။ ဒါကြောင့် နည်းစနစ်ဆိုတာတွေနဲ့ စာအုပ်ကြီး အတိုင်း လုပ်လို့မရပါဘူး။ ကိုယ်တိုင် ဝင်ခံစားပြီးမှ၊ ကိုယ်တိုင် ရသကို ရင်ထဲရောက်အောင် မွေးပြီးတော့မှ စာရေးသူနေရာကနေ ဝင်ခံစားပေးရတာ ဖြစ်ပါတယ်။ သူတို့ ဘာသာစကားအားဖြင့် ရှိနေတဲ့ ရသကို ကိုယ့်ဘာသာစကားအားဖြင့် ခံစားနိုင်မယ့် ရသအဖြစ် သူ့နေရာကရော ကိုယ့်နေရာကပါ ဝင်ခံစားပြီး အသွင်ကူးပြောင်းပေးရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရသချင်း ရသချင်း တံတားထိုးပေးရတာ၊ ပေါင်းကူးပေးရတာ ဖြစ်ပါတယ်။ မရှိမဖြစ် ကနဦးလိုအပ်ချက်ကတော့ သူ့ဘာသာ၊ ကိုယ့်ဘာသာ နှစ်မျိုးစလုံး ထုံးလိုချေ ရေလိုနှောက် တတ်သိနေဖို့ပါပဲ။ 

ချစ်သောယွန်းခင်ခင်ပါ စာပိုဒ်တစ်ပိုဒ်ကို ဘာသာပြန်ရာမှာ ကြုံရမယ့် ယွန်းရုပ်ကလေးရဲ့ ပရိယာယ်တွေကို  လေ့လာကြည့်လို့ရှိရင် ရသဘာသာပြန် မော်ရုံတောကြီးရဲ့ မာယာကို ရိပ်စားမိနိုင်မယ် ထင်ပါတယ်။ ။ 

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...