Skip to main content

အပြာရောင်မီးတောက်တခုအကြောင်း

(၁)

လွန်ခဲ့သည့် နှစ် ၃၀ ဝန်းကျင်။ ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ်ကွက် ခြံကျယ်တခြံထဲတွင် ဆောက်ထားသော တထပ် ပျဉ်ထောင်အိမ်ကလေးထဲမှာ ဖြစ်သည်။ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ပိန်ပိန်ပါးပါးနှင့် အမျိုးသား တဦးက ဧည့်ခန်းထဲတွင်ထောင်ထားသည့် ဘုတ်ပြားကလေး တချပ်ရှေ့တွင်ရပ်နေသည်။ သူ့တခေါင်းလုံးမှာ ဆံဖြူတွေက အရွယ်နှင့်မလိုက်အောင် ဖွေးဖွေးလှုပ်နေသဖြင့် အဘိုးအိုပေါက်စလေးနှင့်တူနေသည်။ သူ့မျက်နှာမှာ အထူးခြားဆုံးကတော့ စူးရှသည့် မျက်လုံးတစုံ ဖြစ်သည်။ သူနှင့်မျက်နှာချင်းဆိုင်မှာတော့ ကလေး လေးယောက် ထိုင်နေကြသည်။ 


နွေရာသီဖြစ်သော်လည်း ခြံဝင်းကြီးထဲတွင် အရိပ်ရအပင်များရှိနေသလို အေးမြသည့် လေနုအေးကလည်း အနီးအနား ကန်တော်ကြီးရေပြင်ကို တချက်တချက် ဖြတ်သန်းတိုက်ခိုက်လျက်ရှိသည်။ ဘုတ်ပြားရှေ့မှာ ရပ်နေသော သူက လည်ချောင်းရှင်းလိုက်သည်။ ထိုလူသည် ဆယ်တန်းကျူရှင်ဆရာတဦး၊ အလွတ်သင် အင်္ဂလိပ်စာဆရာတဦး ဖြစ်ခြင်းကြောင့် ကလေးများကို စာပြနေသည်ဟု ထင်စရာ ရှိသည်။ သို့သော် သူကိုင်ထားသည့် ဘုတ်ပြားပေါ်တွင် ဆယ်တန်းစာ၊ အင်္ဂလိပ်စာတို့နှင့် လားလားမျှမဆိုင်သော စာများရေးထားသည်။ သေချာကြည့်ပါက စာကြောင်း ၁၀ ကြောင်းကို တွေ့ရမည်ဖြစ်သည်။ 

၁။ လောဘ

၂။ ဒေါသ

၃။ မောဟ

၄။ မာန

၅။ ထိနမိဒ္ဓ

၆။ ဥဒ္ဓစ္ဆ ကုက္ကုစ္စ

၇။ အဟိရိက

၈။ အနောတ္တပ္ပ

၉။ ဒိဋ္ဌိ

၁၀။ ဝိစိကိစ္ဆာ

သူ့ရှေ့ ကြမ်းပြင်မှာ ထိုင်နေကြသော ကလေး လေးဦး (မ-၂ + ကျား-၂) က စိတ်ပါဝင်စားစွာဖြင့် ထိုစာကြောင်းများကို ဖတ်ရှုနေသည်။ အကြီးဆုံး ဆယ်တန်းအရွယ်မှ အငယ်ဆုံး ၁၀ နှစ်ဝန်းကျင်အထိ အရွယ်စုံ ကြီးစဉ်ငယ်လိုက်ပါသည့် ထို ကလေး လေးဦးမှာ အပေါ်ဆုံးမှ ‘လောဘ’၊ ‘ဒေါသ’၊ ‘မောဟ’ ဆိုသည့်အရာများကို ကြားဖူးကြသော်လည်း ကျန်သည့် ခုနစ် လုံးကို ဘာတွေမှန်း မသိကြသေးပေ။

“ဒါတွေကို ကိလေသာတွေလို့ ခေါ်တယ်။ လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊ သတ္တဝါတွေအားလုံးမှာ အဲဒီ ကိလေသာ ၁၀ ပါးစလုံး ရှိကြတယ်။ ဇာတ်ခုံပေါ်မှာ အလှည့်ကျတဲ့ ဇာတ်ဆောင်က ထွက်ပြီး ကားလိပ်ရှေ့ထွက်လာသလိုပဲ ကိလေသာတွေဟာလည်း မင်းတို့ ငါတို့ သတ္တဝါတွေရဲ့သန္တန်မှာ အလျင်းသင့်သလို သူဝင်လာလိုက်၊ ငါဝင်လာလိုက်နဲ့ အခွင့်အခါကိုစောင့်ပြီး မင်းမူနေကြတယ်။”

ထိုဆရာသည် ကိလေသာ ၁၀ ပါးစလုံးကို တခုချင်းစီ၏ အဓိပ္ပာယ်နှင့် သဘောသဘာဝကို အရွယ်အမျိုးမျိုးရှိသော ကလေး ၄ ယောက် နားလည်အောင် အသေးစိတ်ရှင်းပြသည်။ ကျူရှင် သင်ရာတွင် စာအသင်အပြကောင်းသော ထိုပုဂ္ဂိုလ်သည် တရားဓမ္မနှင့်စပ်သော ကိလေသာ ၁၀ ပါးကို ကလေးအထွာနှင့်ကလေး နားလည်အောင် ရှင်းပြရာတွင်လည်း ပုံတိုပတ်စများ၊ ဥပမာ ဥပမေယျများနှင့် ရှင်းခနဲ လင်းခနဲ ဖြစ်အောင် ရှင်းပြသွားခဲ့သည်။ ထို သင်တန်းသား ၄ ဦးအနက် အငယ်ဆုံးဖြစ်သော ၁၀ နှစ်သား ကောင်လေးသည်ပင် ကိလေသာ ၁၀ ပါးအကြောင်းကို ဉာဏ်ထဲထိ ဒုတ်ဒုတ်ထိ ဝင်ရောက်သဘောပေါက်သွားခဲ့ရာ ထိုနေ့ကသင်ခန်းစာကို ယနေ့ထိတိုင် မမေ့တော့ပေ။

“ဟို သတ္တဝါလေး... ခု ပြောနေတာတွေ နားလည်လား...”

သင်တန်းဆရာက အငယ်ဆုံး သင်တန်းသားဖြစ်သည့် ၁၀ နှစ်သား ကောင်လေးကို ပြုံး၍ကြည့်ပြီး မေးလိုက်သည့်မေးခွန်းကြောင့် အားလုံး ဝါးခနဲရယ်လိုက်ကြသည်။ ထိုကောင်လေးက ခေါင်းညိတ် အဖြေပြေးလိုက်သော်လည်း သူ့ကို “သတ္တဝါလေး” ဟု အာလုတ်စကားသုံးသည့်အပေါ် ကြောင်စီစီနှင့် နားမလည်နိုင်ဖြစ်နေသည်။ “ဟုတ်တယ်လေ၊ မောင်လေးကလည်း။ တို့အားလုံးက သတ္တဝါတွေပဲ မဟုတ်ဘူးလား” ဟု သူ့ထက် အသက်အနည်းငယ်ကြီးသည့် မိန်းကလေးက ဝင်ပြောတော့မှ ထိုကောင်လေးက ဪ ဟုဆိုကာ ဘဝင်ကျသွားတော့သည်။

“အေး ... အဲဒီ ကိလေသာ ၁၀ ပါးမှာ ဒိဋ္ဌိဆိုတဲ့ အယူလွဲမှားမှုနဲ့ ဝိစိကိစ္ဆဆိုတဲ့ ယုံမှားသံသယ နှစ်ပါး ပြုတ်သွားတဲ့ ပုဂ္ဂိုလ်ကို သောတာပန်လို့ခေါ်တယ်။ သောတာပန်ဟာ အပယ်မကျတော့ဘူး။ အလွန်ဆုံး ခုနစ်ဘဝပဲ နေပြီးရင် နိဗ္ဗာန်မျက်မှောက်ပြုတယ်။”

ထိုဆရာက ဆက်ပြီး သကဒါဂမ်၊ အနာဂါမ်တို့တွင် ကိလေသာများ အဆင့်ဆင့် ပယ်သတ် သွားပုံနှင့် ရဟန္တာအဆင့်တွင် ကိလေသာ အကုန်အစင် အကြွင်းမဲ့ပယ်သတ်ပုံတို့ကို ဆက်ရှင်းပြသည်။ ထိုနေ့က သင်ခန်းစာသည် ကိလေသာ ၁၀ ပါးအကြောင်းနှင့် အရိယာပုဂ္ဂိုလ် လေးပါးတို့အကြောင်း မကျဉ်းမကျယ် ရှင်းပြခြင်းဖြင့် ပြီးဆုံးသွားသည်။ သို့သော် ထိုသင်တန်းသား ကလေး လေးယောက်မှာ မေးစရာတွေက ရှိနေပါသေးသည်။ နိဗ္ဗာန်ဆိုတာဘာလဲ၊ နိဗ္ဗာန်ကို ဘယ်လိုမျက်မှောက်ပြုသလဲ။ ကိလေသာ ၁၀ ပါးပိုင်ရှင်များဘဝကနေ သောတာပန်ပုဂ္ဂိုလ်ဖြစ်အောင် ဘယ်လိုလုပ်ရသလဲ။

ထိုမေးခွန်းများအတွက် လောစရာမလိုပါ။ အချိန်တွေအများကြီးရှိပါသေးသည်။ ထိုတရားပြဆရာသည် သူတို့ခြံသို့ မကြာမကြာ လာတတ်သည်ဖြစ်ရာ နောက်ထပ်လည်း ခုလို သင်ခန်းစာလေးတွေ လာပါဦးမည်။ ထို့အပြင် ထိုဆရာသည် ထိုခြံပိုင်ရှင် လူကြီးနှင့်လည်းကောင်း၊ ထိုခြံသို့ လာလည်လေ့ရှိသော တခြားလူကြီးများနှင့်လည်းကောင်း တရားဓမ္မဆွေးနွေးပွဲများ၊ အခါ အားလျော်စွာ ပြုတတ်ရာ ကလေးများအတွက် ဘေးကထိုင်နားထောင်ရုံနှင့်ပင် ဗဟုသုတ အတော် ရနိုင်သည့်အခွင့်အရေး ဖြစ်သည်။

ထိုတရားပြဆရာသည် ထိုခြံပိုင်ရှင်ဖြစ်သော သူ့အစ်ကိုအကြီးဆုံးနှင့်လည်း တခါတခါ တရားဆွေးနွေးရင်း ငြင်းကြခုံကြသည်အထိ ဖြစ်တတ်သည်။ သူသည် သူလက်ခံထားသော အမှန်တရားနှင့် ပတ်သက်လာလျှင် မည်သူ့ကိုမှ အလျှော့မပေးတမ်း ငြင်းခုံတတ်သူ ဖြစ်သည်။ တခါသားတွင် ထိုခြံနှင့် ခြံနီးချင်း အမျိုးသမီးတဦး ကိုးကွယ်သည့် အာဂန္တုဘုန်းကြီးတပါးနှင့် အကြီးအကျယ် ငြင်းပွဲဖြစ်လိုက်သေးသည်။ ထိုဘုန်းကြီးမှာ ထွက်ရပ်ပေါက်၊ ဂန္ဓာရီ စသည့် လမ်းစဉ်များဖြင့် သူ့ကိုယ်သူ “သာသနာပြု” နေသည်ဟု ကြွေးကြော်သည့် ကိုယ်တော်ဖြစ်ရာ မဂ္ဂင်ရှစ်ပါးကိုသာ ပဓာနထားသည့် ခုနက တရားဆရာနှင့်တွေ့တော့ အီစိမ့်နေအောင် ခံသွားရသည်။ 

"ဟုတ်ပါပြီ။ အဲဒီတော့ ကိုယ်တော် အခု ရဟန်းကိစ္စပြီးပြီလား။"

သူ မေးလိုက်သည့် မေးခွန်းကြောင့် ထိုဘုန်းကြီး ပထမကြောင်သွား၏။ နောက်တော့ အညတြ လူပုဂ္ဂိုလ် တယောက်၏ ပြန်လှန်မေးခွန်းထုတ်ခြင်းကို ခံရသဖြင့် ရှူးရှူးရှားရှားဖြစ်သွားသည်။ 

"ဟေ့ကောင်။ ငါ သာသနာပြုနေတာကွ။"

“ကိုယ်တော်တို့က ဘာသာသနာပြုတာလဲ။ သာသနာက ဘုရားရှင်ကိုယ်တိုင် ၄၅ ဝါလုံး ပြုသွားခဲ့ပြီးပြီ။ ဘုရားရှင်ထားခဲ့တဲ့ အဆုံးအမတွေအတိုင်း လိုက်နာကျင့်သုံးနေထိုင်တာမှ သာသနာ ပြုတာ။ ကိုယ်တော်တို့တွေ အခုလုပ်နေတဲ့ ထွက်ရပ်ပေါက်တွေ၊ ဂန္ဓာရီတွေ ဆိုတာ သာသနာ ဖျက်နေတာပဲ။”

ပြောရင်းပြောရင်း မာန်တွေပါလာသဖြင့် မသိလျှင် ဘုန်းကြီးအပေါ် အဂါရဝပုံစံတော့ ပေါက်နိုင်သည်။ သို့သော် တရားဓမ္မနှင့်ပတ်သက်လျှင် အမြဲ စိတ်နှစ်ကိုယ်နှစ် အလျှော့မပေးစတမ်း ငြင်းတတ်ခြင်းမှာ သူ့ညာဉ်ဖြစ်သည်။ အသက် ၂၀ ကျော်အရွယ် သူ တရားကို နှစ်မြှုပ်အားထုတ်ပြီး နောက်ပိုင်း သူသိမြင်သဘောပေါက်ထားသော ဗုဒ္ဓလမ်းစဉ်ဆိုသည်မှာ သာသနာနှင့်ကြုံတုန်းအခိုက် မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်အောင် အားထုတ်ခြင်းသာ သူ့အတွက်အရေးအကြီးဆုံး ဖြစ်သည်။ အထူးသဖြင့် ဘုရားသားတော်ဆိုသူများ ကိုယ့်တရားအလုပ်ကိုယ်မလုပ်ဘဲ ဟိုယောင်သည်ယောင် လုပ်နေလျှင် သူ လုံးဝကြည့်မရပေ။

သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တရားဓမ္မနှင့်ပတ်သက်လျှင် ဆရာတဆူအဖြစ် အသိအမှတ် ပြုခံရသူ ဖြစ်သည်။ ထိုသို့ ဖြစ်လာရအောင်လည်း ရှေ့မှာ အကြောင်းကံတွေက ဖန်တီးခဲ့သည်။ သူ၏ ဓမ္မခရီးသည် သူတက္ကသိုလ်ကျောင်းသားဘဝ ဘွဲ့ယူသည့်နေ့မှ အစပြုခဲ့သည်ဟု ဆိုရမည်။ ထို့မတိုင်ခင်ကတော့ သူသည် သာမန်ဘဝကိုသာ ဖြတ်သန်းခဲ့သူဖြစ်သည်။ ပဲခူးတိုင်း လက်ပံတန်း မြို့တွင်မွေး၊ ထိုမှာပင် ဆယ်တန်းအောင်တော့ ဆရာဝန်အမေဖြစ်ချင်လွန်းသူ မိခင်ဖြစ်သူ၏ ဆန္ဒအရ တိမွေးကုတက္ကသိုလ်တက်ခဲ့သည်။ သူ့တွင် အစ်ကိုလေးယောက် ရှိသော်လည်း အင်ဂျင်နီယာသာပါပြီး ဆရာဝန်မပါ။ မိခင်ကျေနပ်အောင် အမှတ်မီသည့် တိမွေးကု တက္ကသိုလ်တက်ရောက်ရအောင် ရန်ကုန်သို့ ရောက်လာခဲ့သည်။ တက္ကသိုလ် ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရင်းမှ နောက်ဆုံးနှစ်အထိ သူနှင့် အဆောင်မှာ တခန်းတည်းနေ၊ သွားအတူ လာအတူ သူငယ်ချင်းသည် စာမေးပွဲနောက်ဆုံးနေ့ (ဘွဲ့ယူသည့်နေ့??) မှာပင် ရုတ်တရက် ဆုံးသွားသည်။ 

ထိုသူငယ်ချင်း ရုတ်တရက်ဆုံးသွားခြင်းသည် သူ့အတွက် ဘဝအချိုးအကွေ့အလှည့် အပြောင်း ဖြစ်လာခဲ့သည်။ သူသည် အခန်းအောင်းကာ ဆရာတော်ကြီးများ၏ ကျမ်းဂန်များကို တအုပ်ပြီး တအုပ် ဖတ်ရှုသည်။ သူဖတ်ခဲ့သည့် စာအုပ်များထဲတွင် လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ ဝေဘူဆရာတော်၊ စွန်းလွန်းဆရာတော်တို့၏ ကျမ်းများ၊ တောင်လေးလုံးဆရာတော်(စတုဂီရိရှုဖွယ်ကျမ်းများ)၊ မင်းဘူးလေသာကျောင်း ဆရာတော် ဘဒ္ဒန္တရေဝတ (အင်္ဂလိပ်အစိုးရလက်ထက် ရဟန္တာဟုကြော်ကြား၊ နိဗ္ဗာနသစ္ဆိကရဏီယကျမ်း၊ နာမရူပပရိစ္ဆေဒ ကထာကျမ်းပြုစု) စသော ပုဂ္ဂိုလ်ကျော်တို့၏ ကျမ်းများပါဝင်သည်။ စာဖတ်ခြင်းသာ မက သူသည် သတိပဌာန် ဝိပဿနာတရားကိုလည်း ပြင်းပြင်းထန်ထန် အားထုတ်သည်။ မနက်တိုင်း အရုဏ်မတက်ခင် ရွှေတိဂုံဘုရားသို့ လမ်းလျှောက်သွားသည်။ စောင်းတန်းရှိ ဝယ်နေကျ ပန်းဆိုင်ရှင်က သူ့အတွက် ပန်းကြိုပြင်ထားရသည်။ သူရောက်လာလျှင် ကျသင့်ငွေကို ပေးပြီး ပန်းကိုယူသည်။ ပြီးတော့ ရင်ပြင်တော်ပေါ် ဆက်တက်သွားသည်။ စကားတခွန်းမျှမပြော။ ပြီးနောက် ဘုရားကိုကပ်လှူပြီး ၃ နာရီကြာအောင် ထိုင်ဣရိယာပုထ်ဖြင့် တရားရှုမှတ်သည်။ ထိုသို့ ပြုသည်မှာ သုံးနှစ် သုံးမိုးတိတိ နေ့စဉ်မပြတ် ဖြစ်သည်။ 

သူ့အတွက် ဝိပဿနာသည် အသစ်အဆန်းတော့မဟုတ်ပါ။ သူငယ်စဉ်က မွေးရပ်မြေ လက်ပံတန်းတွင် နွေကျောင်းပိတ်တိုင်း မိခင်က သူတို့ညီအစ်ကိုတွေကို ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ကိုရင်ဝတ် တရားမှတ်ခိုင်းသဖြင့် သတိပဌာန်ဝိပဿနာနှင့် အထိအတွေ့ရှိဖူးပြီးသား ဖြစ်သည်။ ငယ်စဉ် ကိုရင်ဝတ်စဉ် တနှစ်က ဖြစ်သည်။ ညချမ်း ထိုင်တရားရှုမှတ်ချိန်ပြီး၍ စင်္ကြန်လျှောက် ရှုမှတ်ရမည့်အချိန်ဖြစ်သည်။ နွေရာသီဖြစ်သဖြင့် စုပေါင်း တရားထိုင်ရာ ဓမ္မာရုံကြီးထဲမှာ ပူအိုက်နေသဖြင့် ကိုရင်သည် အပြင်သို့ ထွက်လာပြီး ဆရာတော်ကြီး ကျောင်းအနီး နတ်လမ်းတွင် တပါးတည်း စင်္ကြန်လျှောက်ရင်း တရားရှုမှတ်နေသည်။ ထိုစဉ် ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ကြီးက  စင်္ကြန်လျှောက်ရင်း ခြေထောက်အကြွ၊ အချ စသည့် ကာယဂတာသတိကို ရှုမှတ်နေသည့် သူ့အား “ကိုရင်၊ ခြေထောက်အရွေ့ကိုပဲ မရှုနဲ့၊ ခြေထောက် ရွေ့နေမှန်း သိနေတဲ့ စိတ်ကိုပါရှု” ဟု သူ့ကျောင်းပေါ်မှနေရင်း လှမ်းသတိပေးလိုက်သည်။ ထိုအခိုက်မှာပင် သူသည် နာမရူပ ပရိစ္ဆေဒ ဟုဆိုသော “ရုပ်နှင့်နာမ်ကိုကွဲပြားစွာမြင်သော” ဉာဏ်ကို ရခဲ့သည်။ ထိုဉာဏ်သည် ဝိပဿနာ ဉာဏ်စဉ် ၁၆ ပါးတွင် အစအဦးခြေလှမ်းဖြစ်သည်။ 

ယခု သူငယ်ချင်းဖြစ်သူက ပြသွားသော အနိစ္စတရားကြောင့် အကြီးအကျယ် သံဝေဂရကာ တရားကိုသာ ဇောက်ချရှုမှတ်သောအခါ ငယ်စဉ်ကိုရင်ဝတ်စဉ်က လေ့ကျက်ဖူးပြီးသား ဉာဏ်တို့သည် ခဏချက်ချင်း ပြန်ထင်မြင်လာမည်မှာ မလွဲပါ။ သူသည် ရိပ်သာတခုခုသို့ ဝင်အားထုတ်ခြင်း မဟုတ်သော်လည်း သူ့ကိုယ်သူ ရိပ်သာဝင်နေသူကဲ့သို့ သဘောထားကာ အိပ်ချိန်မှလွဲပြီး ကျန်အချိန်တိုင်း ဝိပဿနာသတိကပ်ထားသည်။ ထမင်းစားလည်း သတိ၊ ဘတ်စ်ကားစီးလည်း သတိ၊ ခြေကျင်သွားနေလည်းသတိ စသည်ဖြင့် မီးပွတ်ယောက်ျားပမာလားသို့ အားထုတ်သည်။ မနက်တိုင်း ရွှေတိဂုံဘုရားသို့ တက်ကာအားထုတ်သည်။ အခြေအနေပေးသည့်အခါ ကျကျနနထိုင်ပြီး အားထုတ်သည်။ ဤသို့ဖြင့် နှစ်ပေါက်အောင် စာအုပ်တွေဖတ်ရင်း၊ တရားတွေရှုမှတ်ရင်းဖြင့် သူသည် သူ့ကိုယ်သူ သေဖို့အဆင်သင့်ဖြစ်ပြီဟု သေချာသောနေ့တွင် လောကီနယ်သို့ ပြန်ဝင်ခဲ့သည်။ 

“ဘဝမှာ တခြားဘာအလုပ်မှမလုပ်ခင် အရင်ဆုံးလုပ်ရမှာ ဒါပဲ။ ဒါလုပ်ပြီးမှ ကျန်တဲ့ဟာတွေ လုပ်” ဆိုသော စကားမှာ ရင်းနှီးသူများကို သူအမြဲပြောတတ်သော စကားဖြစ်သည်။

 (၂)

သူ့မိသားစုတွင် သူသည် လူဝင်စားဖြစ်သည်ဆိုသော ယုံကြည်မှုရှိသည်။ သူ့မိခင်သည် သားယောက်ျားလေးများသာ မွေးထားရာမှ အလွန်ချစ်စရာကောင်းသော သမီးလေးတဦး ရလာခဲ့ရာတွင် ထိုသမီးလေးသည် ငယ်စဉ်ကလေးဘဝမှာပင် ဆုံးပါးသွားခဲ့သည်။ အလွန်ချစ်ရသော သမီးလေးကိုဆုံးရှုံးရသဖြင့် စိတ်သောကရောက်ခဲ့ရာမှ သားဆုပန်လျှင် ပြည့်သည်ဟုဆိုသော ညောင်ပင်စောင့်နတ်ထံတွင် ထိုသမီးလေးကို ပြန်လိုချင်ပါသည်ဟု ဆုတောင်းပြီးနောက် အိပ်မက်တခုမက်သည်။ အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်ဝတ် အဘိုးအို တဦးသည် ဖိုးသူတော်ကလေးတဦးကို လက်ဆွဲခေါ်လာကာ ‘နင်တို့နဲ့နေဖို့’ ဟု ဆိုပြီး ပေးခဲ့သည်။ ထိုအိပ်မက်မက်ပြီး မကြာခင် သူ့ကို ကိုယ်ဝန်ရှိခြင်းဖြစ်သည်။ သူ့ကို မွေးလာတော့ ဆုံးသွားသည့် သမီးလေးလိုပင် ဣန္ဒြေကြီးသည်။ မျက်ခုံး၊ မျက်မှောင် ကောင်းသည်။ စိတ်ထက်သည်။ ထို့ကြောင့် သူ့မိခင်က သူ့အား သမီးဖြစ်သူ ပြန်ဝင်စားသူဟု ယုံကြည်ခဲ့သည်။

သူသည် မိခင်၏ဆန္ဒအရ တိမွေးကုတက္ကသိုလ် တက်ရောက်ခဲ့သော်လည်း ထိုအလုပ်ကို ဝါသနာပါသူ မဟုတ်။ အစိုးရက မွေးမြူရေးနှင့်ဆေးကုသရေးဦးစီးဌာနအတွက် အလုပ်တွေခေါ်သည်။ သူသည် "မွေးမြူရေး" ကိုမလုပ်ချင်။ တိရစ္ဆာန်မွေးမြူရေးသည် အကုသိုလ်ဟု မြင်သည်။ ထို့အပြင် အစိုးရဝန်ထမ်းဘဝကိုလည်း သူ မနှစ်မြို့။ ထို့ကြောင့် မကြာမီမှာပင် ဆ/မ လက်မှတ်ကို အစိုးရထံပြန်အပ်လိုက်သည်။ မိခင်ဖြစ်သူက “မင်းနှယ် ဆရာဝန်ဖြစ်တဲ့အထိ ဒီလောက် စာတွေကျက်လာခဲ့ပြီးခါမှ ဆ/မ ပြန်အပ်ရတယ်လို့” ဟု မြည်တွန်တောက်တီးသော် “မေမေ တက်စေချင်တဲ့ကျောင်းတက်ပြီး မေမေရစေချင်တဲ့ ဆရာဝန်ဘွဲ့ရပြီပဲမဟုတ်လား။ ဒါပေမဲ့ ဒီအလုပ်နဲ့ ပိုက်ဆံမရှာချင်ဘူး” ဟု ဆိုကာ ဝင်ငွေရလမ်းဖြောင့်နိုင်သည့် တိမွေးကု ဆရာဝန်ဘဝကို ခေါင်းမာမာနှင့်ပင် အပြီးတိုင် စွန့်လွှတ်ခဲ့သည်။

ပြဇာတ် ဇာတ်ခုံပေါ်ရှိ သရုပ်ဆောင်တိုင်းတွင် အခန်းကဏ္ဍကိုယ်စီရှိကြသည်။ တချို့က မင်းသား၊ တချို့က ဗီလိန်၊ တချို့က ဇာတ်ပို့ဇာတ်ရံ၊ အတော်များများကတော့ ဖြတ်လျှောက်၊ အရေးမပါသည့်အခန်းမှာပါသူများဖြစ်ကြသည်။ ထို့အတူ လောကဇာတ်ခုံတွင်လည်း လူတိုင်းသည် ဘဝတွင် ရည်ရွယ်ချက်တခုကိုယ်စီဖြင့် လူလာဖြစ်ကြခြင်းဖြစ်သည်။ သူတို့သည် ဘဝမှာ “တစ်ခုခု” ဖြစ်ဖို့ (စာရေးဆရာ၊ သိပ္ပံပညာရှင်၊ စစ်အာဏာရှင်၊ အနုပညာရှင်၊ တိုင်းပြည်ခေါင်းဆောင်၊ ဘာသာရေး ခေါင်းဆောင် စသည်) လူလာဖြစ်ကြခြင်းဖြစ်သည်။ တချို့က ဘဝမှာ စည်းစိမ်ချမ်းသာခံစားဖို့ သက်သက် လူဖြစ်လာသည်။ တချို့က ဘဝမှာ ဒုက္ခဆင်းရဲခံစားဖို့သက်သက် လူဖြစ်လာသည်။ လူတိုင်းကိုယ်စီတွင် လူဖြစ်လာရသည့် ရည်ရွယ်ချက်က ပါလာပြီး ဖြစ်သည်။ ၉၀ ရာခိုင်နှုန်းမျှသော လူတို့ကတော့ “မွေးလာ-ပညာသင်-အလုပ်တခုလုပ်-အိမ်ထောင်ပြု-မျိုးဆက်ချန်-ရုန်းကန်-သေ” ဆိုသည့် ဖော်မြူလာ အတိုင်း မထင်မရှားဖြင့် ပြီးဆုံးသွားကြသည်။

သူအပြင်းအထန် ရှာဖွေခဲ့သည့် တရားကို ရှာဖွေတွေ့ရှိချိန်၌ သူသည် အသက် ၂၄ နှစ်အရွယ်ရှိပြီ ဖြစ်သည်။ သူသည် အသက် ၂၄ နှစ်အရွယ်မှာ တရားရဖို့ သည်ဘဝမှာ လူလာဖြစ်ရသည်ဟု ဆိုနိုင်သည်။ သူဖြစ်ရမည့် “တစ်ခုခု” သည် တရားတွေ့သူဖြစ်ဖို့။ သူ၏ ယခုဘဝ ရည်ရွယ်ချက်သည် အသက် ၂၄ နှစ်အရွယ်တွင် ပြီးမြောက်သွားခဲ့သည်။ “ငါ့အသက် ၂၄ နှစ်မှာ သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီ။ အဲဒီကတည်းက ငါသေမယ့်နေ့ကို ထိုင်စောင့်နေခဲ့တာပဲ” ဟု သူက ဆိုသည်။ သို့ဖြစ်လျှင် သူ ဘာဆက်လုပ်မည်နည်း။ သေဖို့အဆင်သင့်ဖြစ်ပြီ ဆိုတိုင်းလည်း သေချင်တိုင်းသေလို့မရ။ အသက်ကြွင်းရှိသေးလျှင် နေရဦးမည်ဖြစ်သည်။ အသက် ၂၄ နှစ်မှ သူကွယ်လွန်သည့် ၆၆ နှစ်အထိ ၄၂ နှစ်တာ ကာလအတွင်း သူသည် ဘဝတာဝန်၊ လောကတာဝန်များကို ထမ်းရလိမ့်ဦးမည်။ 

ဆရာဝန်ဘဝမှသည် ကျူရှင်ဆရာဘဝသို့ 

မချမ်းသာလျှင်တောင် အတော်အသင့် ဝင်ငွေရလမ်းဖြောင့်နိုင်သည့် တိမွေးကုဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ပြီးနောက်တွင် သူသည် ပုဂ္ဂလိကအဆောင်တခုမှာနေရင်း ပရိုက်ဗိတ်ကျူရှင်ဆရာဘဝဖြင့် ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းတော့သည်။ ဆယ်တန်းကျူရှင်ဆရာ၊ အင်္ဂလိပ်စာဆရာဘဝဖြင့် ရသောဝင်ငွေက သူ့တကိုယ်စာ ကောင်းကောင်း ဖူလုံသည်။ သူသည် အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်လည်း မရှိပေ။ သူ့ကို စိတ်ဝင်စားသော မိန်းကလေးများ ရှိသော်လည်း သူ၏ အိမ်ထောင်ရေးအပေါ်အမြင်အရ သူသည် မလွှဲမရှောင်သာ ကံကတွန်းပို့ခံရ၍ အိမ်ထောင်ကျသည်မှ လွဲလျှင် မိန်းမတယောက်ကို အရူးအမူးချစ်ကြိုက်သဖြင့် မရရအောင်ယူမည်ဆိုသော စိတ်ကူးမရှိပေ။

“ငါ့ဘဝမှာ ဘယ်မိန်းမကိုမှ ချစ်ပါတယ်၊ လက်ထပ်ပါရစေလို့ မပြောခဲ့ဖူးဘူး။ အဲဒါ မှန်သောစကားပဲ” ဟု သူက ဆိုလေသည်။ သူသည် ငယ်စဉ်ကတည်းက မိန်းမများနှင့် ပရောပရည် နေတတ်သူမဟုတ်။ ဣန္ဒြေကြီးသူ၊ ခပ်တည်တည်နေလွန်းသူဟု လူသိများကြသည်။ သူ မကွယ်လွန်မီ နှစ်အနည်းငယ်က ရန်ကုန်ရောက် လက်ပံတန်းမြို့သားများဖြင့် ဖွဲ့ထားသည့် အသင်း၏ပွဲတခုတွင် ငယ်သူငယ်ချင်းများနှင့် ပြန်ဆုံကြတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြသည်။ “လှအောင်က ငယ်ငယ်က သိပ်တည်တာ။ ဘယ်မိန်းကလေးကိုမှ သွားစကားပြောတာ မဟုတ်ဘူး။ အန်တီတို့ကလည်း သူ့ဆို ရှိန်တာ။ အခု ကြီးမှသာ ရင်းရင်းနှီးနှီးနေတာ” ဟု သူနှင့်ငယ်ငယ်က ကျောင်းအတူတက်ခဲ့ဖူးသည့် အမျိုးသမီးတဦးက သူ၏ ဆွေမျိုးသားချင်းတဦးကို ထိုပွဲတွင် ပြန်ပြောပြသောအခါ သူက ရယ်နေသည်။

အိမ်ထောင်မပြုဘဲနေဖို့ရာ ဖြစ်လာရခြင်းတွင် သူရရှိခဲ့သည့်တရားအသိကြောင့် ဘဝအမြင် ပြောင်းသွားခြင်းလည်း ဖြစ်နိုင်သည်။ သူသည် ကာမဂုဏ်အာရုံများတွင် ခုံမင်မှုအတော်နည်းမှန်း သူနှင့်အနီးကပ်ပေါင်းဖူးသူများက သိကြသည်။ သူ့စိတ်၊ သူ့စရိုက်နှင့် အိမ်ထောင်သည်ဘဝ ကိုက်မှာ မဟုတ်မှန်း သိလို့လည်း ဖြစ်နိုင်သည်။ သူ့ကို သင့်တော်ရာ မိန်းမများနှင့် အောင်သွယ်လုပ်သူများ ရှိသည်။ သို့သော် သူသည် တမင်တကာပင် အိမ်ထောင်ရေးကို ရှောင်ရှားခဲ့လေသည်။ မည်သည့်မိန်းမကိုမျှ သူ စွဲစွဲလန်းလန်း မရှိ။ လက်ထပ်ဖို့လည်း သူ ကြိုးစားမည် မဟုတ်ပေ။ သို့သော် ဘဝဘဝက အတူပြုခဲ့ဖူးသောကံတို့ကြောင့် ယခု ဘဝမှာ ဖူးစာဖက်ဖို့ အကြောင်းဖန်လာသူနှင့် ဆိုလျှင်တော့ သူအိမ်ထောင်ပြုကောင်း ပြုဖြစ်လိမ့်မည်ဟု သူက ဆိုသည်။ အတည်ပြောခြင်းလား၊ တမင် ရွဲ့ပြောခြင်းလား မကွဲသည့် စကားတခွန်းကိုတော့ သူက တသက်လုံးကြွေးကြော်ခဲ့သည်။ ‘သူ့ကိုချစ်ပါသည်၊ လက်ထပ်ချင်ပါသည်’ ဟု စတင်ဖွင့်ပြောလာသည့် မိန်းကလေးကိုဆိုလျှင် ယူမည်ဟူ၏။

“ဟဲ့ အဲလိုဆိုမှတော့ ဘယ်မိန်းကလေးက သူ့လာစပြောပါ့မလဲ” ဟု မိခင်ဖြစ်သူမှစ၍ နှမ၊ အဒေါ် စသည့် အမျိုးမိတ်ဆွေတို့က သူ့ကိုရယ်ပွဲဖွဲ့ကြသည်။ သူကတော့ အမြဲပြုံးစိစိဖြင့်သာ ထိုစကားကို တသက်လုံး ဆိုခဲ့လေသည်။ သူသည် ကိုယ်တိုင်က ရည်းစားကိစ္စ၊ မိန်းမယူဖို့ကိစ္စ မစဉ်းစားသော်လည်း အပေါင်းအသင်း မိတ်ဆွေများ၏ ချစ်ရေးချစ်ရာ ကိစ္စများမှာတော့ အတိုင်ပင်ခံဖြစ်သည်။ ကျူရှင်ဆရာဘဝ ကျောင်းသားတပည့်များ၏ ရည်းစားသနာကိစ္စများ သူ့ကို တိုင်ပင်လည်းရသည်။ သူက တပည့်များနှင့်လည်း သူငယ်ချင်းပေါင်း ပေါင်းသည်။ ဆရာဟူ၍ ဟိတ်ဟန်ဖြင့်မနေ။ အချစ်ရေးကိစ္စမှမဟုတ်၊ မည်သည့် ပြဿနာအရေးအရာဖြစ်ဖြစ် သူက ကူညီသည်။ ထို့ကြောင့် သူ့ကိုလူချစ်လူခင်များသည်။ သူသည် လူကသာ လူပျိုကြီးဖြစ်သော်လည်း သူ့တသက်တွင် သူများအတွက် မိန်းမလိုက်တောင်းပေးရပေါင်းလည်း မနည်း၊ မိဘနေရာမှနေ၍ လူကြီးချင်းကြောင်းလမ်းစကား ပြောမည်ဆိုလည်း သူပါမှ၊ မင်္ဂလာဆောင်၍ ဘိသက်ဆရာ လိုပြီဆိုလည်း သူပါမှ။ နောက်ဆုံး မကွယ်လွန်မီရက်ပိုင်းအလိုအထိ တပည့်မတဦး၏ မင်္ဂလာဆောင်မှာ အခမ်းအနားမှူးလုပ်၊ ဩဘာစာရွတ်ဖို့အတွက် ပြင်ဆင်နေခဲ့သေးသူဖြစ်သည်။ 

တရားဓမ္မကိုလည်း ငယ်ငယ်ရွယ်ရွယ်နှင့် ပေါက်မြောက်အောင် လိုက်စားထားသူ၊ အိမ်ထောင်မပြု လူပျိုကြီးလည်း လုပ်နေသူ သူ့ကို ဘာကြောင့် ဘုန်းကြီးအပြီးမဝတ်လိုက်သနည်းဟု မေးစရာရှိသည်။ ဒါကတော့ သူ့ဘဝကိုယ်၌က ဘုန်းကြီးဖြစ်ဖို့ ကံပါမလာလို့ဟုသာ ဆိုရမည်။ တခါက ဇာတိမြေမှ ရင်းနှီးသည့် ဆရာတော်ကြီးတပါးက ‘မင်းနှယ် တရားတွေ ဒီလောက်သိနေတာ ဘာကြောင့် ဘုန်းကြီးမဝတ်သလဲကွ’ ဟု အမေးရှိရာတွင်လည်း သူ့ကို ကံက ဘုန်းကြီးဖြစ်ဖို့ တွန်းမပို့ခဲ့တာ ကြောင့် ဖြစ်မည်ဟု သဘောပါသော အဖြေကိုသာလျှောက်ခဲ့သည်။ ဘဝဆိုသည်မှာ ကံက ပြဋ္ဌာန်းထားသည့်အတိုင်းသာ ဖြစ်ရသည်။ သူသည် လူဝတ်ဘဝနှင့်ပင် ကြုံရဆုံရဦးမည့် ဘဝကံကြမ္မာ အချိုးအကွေ့များ ရှိသေးသောကြောင့်သာ ဘုန်းကြီးမဝတ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ လူဝတ်နှင့်ပင် ထပ်မံကြုံဆုံရဦးမည့် လူတွေရှိသေးသည်။ ကြွေးဟောင်းတွေဆပ်၊ ကြွေးသစ်တွေ ချရဦးမည်။ ဒါ့ကြောင့်လည်း သူ့အဖို့ သာသနာ့ဘောင်ဝင်ဖြစ်ဖို့ရာ အကြောင်းတိုက်ဆိုင် မလာခဲ့ခြင်း ဖြစ်သည်။

လောကီပညာများလိုက်စားခြင်း

လူပျိုအဆောင်နေ ဘဝဖြင့် ကျူရှင်လိုက်သင် စာပြရင်း တကိုယ်တည်း မွေ့လျော်နေသော သူ့အဖို့ အားလပ်ချိန် များစွာရသည်ဖြစ်ရာ မိမိစိတ်ဝင်စားရာ ဝါသနာပါရာကို လေ့လာလိုက်စားဖို့လည်း အခွင့်အရေးပင် ဖြစ်သည်။ ထိုအခါ သံသရာမှလွတ်ကြောင်း လောကုတ္တရာစာပေများအပြင် အဘိဓမ္မာကဲ့သို့သော ဉာဏ်ကြီးသူတို့ဉာဏ်ကွန့်မြူးကျက်စားရာ စာပေကိုလည်း သူလိုက်စားသည်။ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသင်္ဂဟများထဲတွင် သူ့ထံမှ ပဋ္ဌာန်းသင်တန်းတက်ဖူးသူ အများအပြား ရှိသည်။ သူသင်ပေးသည့် ပဋ္ဌာန်းသင်တန်းတက်ရသည်ကို ပျော်ကြသည်။ အများနားလည်အောင် သူက သင်ပေးတတ်၍ ဖြစ်သည်။ ထို့အပြင် ဗေဒင် နက္ခတ်စသော လောကီပညာများကိုလည်း သူ လေ့လာသည်။ ဗေဒင်ဟုဆိုရာတွင် မဟာဘုတ်၊ သုံးတန်ပေါ်နိစ်၊ ဆန်း၊ နိမိတ်ကောက်၊ အယူတော်မင်္ဂလာ စတာတွေလည်း သူအကုန် လေ့လာသည်။ နက္ခတ္တဗေဒ ဟု ဆိုသော astrology ကတော့ နှောင်းပိုင်းကျမှ စနစ်တကျ သင်ယူ ခဲ့ခြင်းဖြစ်သော်လည်း လက်ရိုးဗေဒင်တွက်နည်းများ၊ လက္ခဏာဖတ်နည်းများကို စတင် လေ့လာခဲ့ သည်မှာတော့ အတော်ငယ်ငယ်ကတည်းက ဖြစ်သည်။ 

ထေရဝါဒ ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ပန်းတိုင်ဟု ဆိုအပ်သော သတိပဌာန် ဝိပဿနာ မဂ်ဉာဏ် ဖိုလ်ဉာဏ် လမ်းစဉ်ကို ဦးထိပ်ရွက်ဆင် လျှောက်လှမ်းပါသည်ဟု ကြွေးကြော်ထားသူ တဦးအနေဖြင့် ဗေဒင်၊ နက္ခတ် စသော လောကီပညာများ လိုက်စားခြင်းသည် မေးခွန်းထုတ်စရာဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် သူက ဒါကို မငြင်းပါ။ လောကီပညာသည် အမှန်တကယ်ရှိ၍ တကယ်လည်း ကျယ်ဝန်းနက်နဲသော နယ်ပယ် ဖြစ်သည်ဟု သူက ဆိုသည်။ ဗုဒ္ဓသည် လောကီပညာတို့ကို အားမပေးခဲ့ခြင်းမှာ ၎င်းပညာတို့သည် သံသရာမှ လွတ်မြောက်ကြောင်းနှင့် မည်သို့မှ မပတ်သက်၍ဖြစ်သည်။ ဗုဒ္ဓသည် သတ္တဝါတို့အား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တရားကို ပြသရန်သာ ပွင့်ထွန်းခဲ့ခြင်းဖြစ်သည်။ ထို လောကီပညာတို့သည် ဗုဒ္ဓမပွင့်ခင် ကလည်းရှိခဲ့သည်၊ နောင်လည်း ရှိနေမည်သာ ဖြစ်သည်။ ထိုပညာတို့အပေါ် ဗုဒ္ဓက မည်သို့မျှ မှတ်ချက်မပေး။ အဘယ်ကြောင့်ဆိုသော် သူ့လမ်းစဉ်မဟုတ်၍ဖြစ်သည်။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်နှင့် မပတ်သက်သော်လည်း ထိုလောကီပညာတို့သည် စိတ်ကူးပေါက်ရာ လျှောက်တီထွင်ထားသော ပညာမျိုးမဟုတ်၊ ထိုပညာတို့သည် အမှန်တကယ်ရှိသည်ဟု သူက ယုံကြည်သည်။

လောက၌ သတ္တဝါတို့သည် မွေးဖွားလာစဉ်ကတည်းက တဘဝစာ ဖြတ်သန်းရမည့် ကံကြမ္မာက ကြိုတင် ပြဋ္ဌာန်းသတ်မှတ် ပြီးသားဖြစ်သည်။ ဘယ်အချိန်မှာ ဘာဖြစ်မည်၊ ဘယ်အချိန် သေမည်က အစ အတိအကျ သတ်မှတ်ပြီးသားဖြစ်သည်။ ကံကြမ္မာကို သတ္တဝါတို့မလွန်ဆန်နိုင်။ ထို တစ်ဘဝစာ ကံကြမ္မာကို သိလိုသူသည် လျှို့ဝှက်နက်နဲသော နက္ခတ္တဗေဒ တံခါးပေါက်မှတစ်ဆင့် အကြမ်းဖျင်း သိနိုင်သည်။ ၎င်းသည် နက္ခတ္တဗေဒအပေါ် သူ၏ ခံယူချက်ဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါတို့သည် မိမိကံကြမ္မာ မိမိ ဖန်တီးခွင့် မရှိတော့ဘူးလား။ ဘဝသည် ကြိုတင်ပြဋ္ဌာန်း သတ်မှတ်ပြီးသား ဆိုပါက ဗုဒ္ဓဟောသလို အတ္တာဟိ အတ္တနော နာထော (subjective) မဟုတ်ဘဲ predetermined (ကြိုတင်ပြဋ္ဌာန်းသတ်မှတ်ပြီးသား အပြုခံ) သဘောမျှသာ ဖြစ်နေပြီလား။ 

“အဲလိုပဲ ယေဘုယျပြောရမှာပေါ့။ သတ္တဝါတွေရဲ့ ဘဝကံကြမ္မာက မွေးကတည်းက သေသည်အထိ အတိအကျ ပြဋ္ဌာန်းပြီးသားပဲ။ ဒါကိုပြောင်းလို့မရဘူးမဟုတ်ဘူး။ ရတယ်။ ဒါပေမဲ့ အလွန်အားကြီးတဲ့ စိတ်၊ ဝီရိယ၊ သမာဓိတွေနဲ့ ပြောင်းမှရမယ်။ အဲလိုပြောင်းနိုင်တာကလည်း အနည်းစုပဲရှိမယ်” ဟု သူက တစ်ခါက ရှင်းပြဖူးသည်။ 

လောကီပညာတို့တွင် အတိအကျဆုံးဟု ဆိုနိုင်သော ပညာသည် လူတယောက်၏ မွေးဖွားသည့် အချိန်၊ မွေးဖွားသည့်နေရာ၊ ခုနှစ် သက္ကရာဇ်ကို တည်၍ တွက်သည့် Birth horoscope ခေါ် ဖွားဇာတာကို ကြည့်၍ ဟောကိန်း ထုတ်ရသည့် နက္ခတ္တဗေဒ (astrology) ဖြစ်သည်။ ထိုပညာသည် သမိုင်းအစမထင်သည့် ကာလကတည်းက ရှိခဲ့သည့် ရှေးဟောင်းပညာဖြစ်ပြီး အထင်မသေးသင့်သည့် ပညာဖြစ်သည်ဟု သူက ဆိုသည်။ သူ့ အမျိုးတယောက်သည် တခါက ပြည်တွင်းသတင်းစာ တစောင်၌ သတင်းထောက် လုပ်ဖူးရာ ထိုစဉ်တုန်းက ဗေဒင်နှင့်ပတ်သက်၍ ဆောင်းပါးရေးရာ၌ သူ့ကို အင်တာဗျူးသူများအနက် တဦးအပါအဝင်အနေဖြင့် ထည့်ဖူးသည်။ ထိုစဉ်က ဆောင်းပါးတွင် သူ့ကို ကိုးကားပြုထားသော စာပိုဒ်အချို့ကို ကောက်နုတ်ရလျှင် အောက်ပါအတိုင်း ဖြစ်သည်။

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးလှအောင် ကတော့ သူ့အတွက် ကြိုတင်ဟောကိန်းတွေဟာ တကယ်မှန် လာတာ တွေ့တဲ့အတွက် စိတ်ဝင်စားပြီး ဗေဒင်ကို လေ့လာလိုက်စားခဲ့သူ ဖြစ်ပါတယ်။ "ဗေဒင်ပညာဟာ မိမိ အလိုရှိရာကို ပုံစံအမျိုးမျိုးနဲ့ အသုံးချလို့ ရတဲ့ ပညာရပ်" လို့ သူက ဆိုပါတယ်။

ဗေဒင်ဟာလူတွေအပေါ် ဘာကြောင့် သည်လောက်လွှမ်းမိုးမှုရှိရပါ သလဲ။ ဦးလှအောင် ကတော့ "မျှော်လင့် ချက်နဲ့အသက်ရှင်တယ်ဆိုတဲ့ စကားကို အသက်သွင်းချင်လို့" လို့ ဖြေပါတယ်။

လူတစ်ယောက်ရဲ့ကံကို ပြောင်းလဲလို့ မရဘူး။ ဒါကြောင့် ဗေဒင်ဆိုတာ အဲဒီ ကံကို အရှိအတိုင်းဖော်ပြတဲ့ပညာရပ် သာဖြစ်တယ်။ ဒါပေမယ့် ဗေဒင်ကနေ ထွက်လာတဲ့ ဟောချက်တွေဟာ တစ်ခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချနိုင်ဖို့အထောက်အပံ့ရတယ်လို့ ဦးလှအောင်က ဆိုပါတယ်။

"ယုံကြည်အားထားရာ နေရာဌာန တစ်ခုဆီကို သွားခြင်းမဟုတ်ဘဲ ဆင်ခြင် စဉ်းစားစရာ၊ အချက်အလက်ရှာဖွေစရာ တစ်ခုအနေနဲ့ သဘောထားသင့်ပါတယ်" လို့ လူတွေရဲ့ဗေဒင်အပေါ် ချဉ်း ကပ်သင့်ပုံ၊ သဘောထားသင့်ပုံကို ဦးလှအောင်က တင်ပြပါတယ်။

"ဗေဒင်ပညာအနေနဲ့ကတော့ မှန်ကန် တဲ့အဖြေကို ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ အသုံးပြုသူရဲ့ ကျွမ်းကျင်လိမ္မာမှု၊ အာရုံ စူးစိုက်မှုပေါ်မူတည်ပြီး အဖြေအမှား၊ အမှန်ဖြစ်နိုင်တယ်" လို့ဆိုပါတယ်။

၂၀၀၈ ဇန်နဝါရီလ၊ မြန်မာတိုင်း(မ်) ဂျာနယ်ပါ “ဖောင်နှင့်တူသော နက္ခတ်ပညာ” ဆောင်းပါးမှ

သူသည် ကိုယ်တိုင် ထိုပညာများလိုက်စားသလို နာမည်ကျော် ပညာရှင်များထံမှာလည်း အတွေ့အကြုံရအောင် သွားမေးဖူးသည်။ အီးတီ နာမည်ကြီးစဉ်ကလည်း သူသွားမေးဖူးသည်။ ဆရာ စံဇာဏီဘို လျှမ်းလျှမ်းတောက်လာတော့လည်း သူသွားမေးဖူးသည်။ စံ-ဇာဏီဘိုကို သွားမေးတုန်းက ဟိုက ဟောတာတွေကို သူအသံဖမ်းလာခဲ့သည်။ စံ-ဇာဏီဘိုက လက္ခဏာကို အဓိက အားပြုဟောခြင်း ဖြစ်သည်။ သူ ဟောလိုက်သည်များအနက် တစ်ချက်ကိုတော့ သူက ပီတိဖြာသော မျက်နှာဖြင့် ပြန်ပြောပြဖူးသည်။ 

“ခင်ဗျားရဲ့လက္ခဏာအရ ခင်ဗျားဟာ နှလုံးသားမှာ တရားထူးကိန်းသူပဲ” ဟု စံ-ဇာဏီဘိုက သူ့ကို ဟောကြောင်း သူက ပြုံး၍ဆိုလေသည်။

(၃)

သူသည် ဘွဲ့ရပြီးနောက် အဆောင်မှာလခပေးကာ ကျူရှင်ပြခဲ့သည့်အချိန်မှစ၍ ခေါင်းခေါင်းပါးပါး နေခဲ့သည်မှာ သေသည်အထိဖြစ်သည်။ သူ့မှာ ခြင်ထောင်မရှိ၊ ခုတင်မရှိ။ အဆောင်နေစဉ်ဘဝက သူ့ခုတင်တွင် စာအုပ်များက အပြည့်နေရာ ယူထားသည်။ ခုတင်ဘေး ပက်လက်ကုလားထိုင် တလုံးမှာသာ သူအိပ်သည်။ နာရီအနည်းငယ်သာ အိပ်သည်။ ခြင်ဘယ်လောက်ကိုက်ကိုက် ခြင်ထောင်မထောင်။ ကိုက်နေသည့် ခြင်များကိုလည်း မသတ်။ သူများက ခြင်လာသတ်လျှင်လည်း မကြိုက်ပေ။ လမ်းလျှောက်၊ ဘတ်စကားစီး၊ စာသင်၊ အဆောင်ရောက်လျှင် ပက်လက်ကုလားထိုင်မှာ အိပ် ဘဝဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည်။ သူ့မိခင်က ရန်ကုန်ရောက်တိုင်း သူ့သားကိုကြည့်ပြီး “ပေါင်နှစ်လုံးကြား မီးထွက်တဲ့အထိအောင် လမ်းလျှောက်ရသူ” ဟု ပြောကာ မျက်ရည်လည် လေသည်။

သူသည် အအိပ်အနေ အလွန်နည်းသည်။​ လူတယောက်သည် တနေ့လျှင် အနည်းဆုံး ၈ နာရီ အိပ်စက်မှ ကျန်းမာမည်ဆိုသော ဆေးသိပ္ပံပညာရှင်တို့၏ စကားကို သူလက်မခံပေ။ သူသည် ပျမ်းမျှ တနေ့ကို ၄ နာရီခန့်သာ အိပ်စက်ကြောင်းနှင့် သူ့ခန္ဓာကိုယ်သည် ၈ နာရီ ပြည့်အောင် မအိပ်စက်ခြင်းကြောင့် မည်သည့်ဆုတ်ယုတ်မှုမှ မရကြောင်း သူက ကြွေးကြော်သည်။ တကယ်လည်း သူသည် သူမတူအောင် ကျန်းမာသူဖြစ်သည်။ သူ့တသက်တွင် သူများ နေမကောင်းတာကိုသာ လိုက်ပြုစုပေးရရိုးရှိသည်၊ သူ့ကို နေမကောင်းဖြစ်သည်ဟု ကြားရခဲလှသည်။

"ဘုရား၊ ရဟန္တာတွေဟာ တနေ့မှာ နာရီအနည်းငယ်ပဲ ကျိန်းစက်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ခန္ဓာကိုယ်က အိပ်ဖို့ မလိုအပ်လို့ပဲ။ ကိလေသာကင်းစင်နေပြီဖြစ်တဲ့ အရိယာပုဂ္ဂိုလ်တွေရဲ့ စိတ်ဟာ သိပ်ကိုကြည်လင်နေတဲ့အတွက် ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်း​နယ်မှုမရှိလှဘူး။ ကိလေသာထူပြောတဲ့ ပုထုဇဉ်တွေကတော့ တနေ့လုံး သူတို့စိတ်ဟာ ကိလေသာတွေကြောင့် ညစ်နွမ်းနေတယ်။ စိတ်ညစ်တော့ လူကလည်း နွမ်းလျတယ်။ ဒါကြောင့် အိပ်စက်နားနေဖို့ကို လိုအပ်တယ်" ဟု သူက ဆိုသည်။

သူငယ်ငယ်က ညှက်သဖြင့် ဆယ်တန်းအောင်ပြီးနောက် အားကစားလိုက်စားခြင်း၊ သိုင်းကစားခြင်းများကြောင့် အရပ်ရှည်ကာ ထွားကျိုင်းလာခဲ့သော ကိုယ်ခန္ဓာသည် တရားကို စွဲစွဲမြဲမြဲ အားထုတ်ချိန်မှစ၍ ပိန်ပိန်လှီလှီသာ ကျန်တော့သည်။ သူသည် ထမင်းဟင်းကိုလည်း စားသည် ဆိုရုံမျှ စားသည်။ မည်မျှကြိုက်သည့်အစားအစာဖြစ်ဖြစ် လွန်လွန်ကျူးကျူး မစား။ ထိုသို့ အစားကို ခြိုးခြံသူဖြစ်နေသော်လည်း ထမင်းချက် ဟင်းချက်ကိုလည်း အထူးဝါသနာပါရုံမက အိုးသူကြီးလည်း ဖြစ်သည်။ ၈၈ အရေးအခင်းပြီးခါစက မြို့ထဲ သူငယ်ချင်းတယောက်၏ လက်ဖက်ရည်ဆိုင်မှာ အဖျော်ဆရာ ခဏဝင်လုပ်ဖူးသေးသည်။ သူ့အဖေရော၊ အမေရောက သူ့နည်းသူ့ဟန် စတိုင်တမျိုးစီဖြင့် ဟင်းချက်ကောင်းသူများ ဖြစ်ပြီးလျှင် သူက အဖေ့နည်းကိုရော၊ အမေ့နည်းကိုရော ပေါင်းစပ်ကာ တီထွင် ချက်သူဖြစ်သည်။ အလှူပွဲစသည် ရှိ၍ အလှူ့ရှင်ကိုယ်တိုင် ချက်ပြုတ်ပြီဆိုလျှင် သူက မည်သို့ချက်ဟု ညွှန်ကြားသည်။ ကြုံကြိုက်လျှင် ကိုယ်တိုင်ချက်ကျွေးတတ်ပြီး သူ့လက်ရာကို စားဖူးသူများက ချီးကျူးကြသည်။ ကောင်းကောင်းမွန်မွန် ချက်မစားတတ်သူများနှင့် တွေ့လျှင် “ထမင်းကောင်း ဟင်းကောင်းဆိုတာ ဘယ်လိုမှန်းမသိကြတဲ့သူတွေ” ဟု ကရုဏာဒေါသောပြောတတ် သည်။

ထို့အပြင် လူအများ ယုံကြည်နေကြသည့်အစွဲအချို့ကို သူလက်မခံတတ်ပေ။ ဆိုရှယ်မီဒီယာတွင် တညင်းသီးမစားသင့်ကြောင်း၊ မည်သို့ အဆိပ်ဖြစ်ကြောင်း လူတွေဖြန့်ကြသောအခါ သူက ပယ်ချသည်။ တညင်းသီးသည် မြန်မာလူမျိုးတို့၏ အတွဲအဖက် အစားအသောက်ဓလေ့အတိုင်း စားပါက လူတွေ ကြောက်နေကြသလို အန္တရာယ်မရှိဟု သူက ယုံကြည်သည်။ တညင်းသီးသည် မည်သို့ ဂုဏ်သတ္တိရှိသည်၊ ဘယ်အရာနှင့်တွဲစားလျှင် ထိုတညင်းသီး၏ဂုဏ်သတ္တိကို ချေဖျက်နိုင်သည် စသည်ဖြင့် ဆိုသည်။ ဘယ်အသီးနှင့် ဘယ်အရွက်၊ ဘယ်အသားနှင့် ဘယ်ငါး စသည်ဖြင့် မည်သို့ တွဲဖက်စားသင့်ကြောင်း၊ မြန်မာ့ရိုးရာ ဟင်းအတွဲအဖက်များကို နားမလည်ဘဲ ချက်ချင်သလို ချက်စားကြသဖြင့် ရောဂါများဖြစ်ကြောင်း သူက ပြောလေ့ရှိသည်။ သူသည် ရှေးမြန်မာကြီးများ၏ အရိုးအစဉ် အယူအဆသဘောများကို အတော်လေးစား ယုံကြည်သည်။ ရှေးမြန်မာကြီးများသည် ဘယ်အရာကိုမှ အကြောင်းမဲ့မလုပ်၊ အကြောင်းမဲ့ မစား။ ဥပမာ - တပို့တွဲလတွင် ထမနဲစားခြင်းမှာ မကြာမီလာတော့မည့် နွေရာသီအတွက် ဖြစ်သည်။ ထမနဲသည် ကိုယ်ခန္ဓာ၏ ဓာတ်သဘောကို မည်သို့ပြောင်းပေးလိုက်သည်။ ထို့ကြောင့် နွေအပူကို ခံနိုင်ရည်ရှိသည် စသည်ဖြင့် ရုပ်ဓာတ်သဘော၊ အာဟာရသဘောရှုထောင့်မှ ရှင်းပြတတ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာတွင် ဩဠာရိက သုခုမ၊ သဘာဝဓမ္မ၊ ပုဂ္ဂလပညတ် စသဖြင့် ဂိုဏ်းများ ရှိသည့်အနက် သူက ‘သဘာဝဓမ္မ’ ဂိုဏ်း၏ အယူအဆနှင့် နည်းနာကို အကြိုက်ဆုံးဖြစ်သည်။

သူ့ဘဝတွင် ဗုဒ္ဓဘာသာအကြောင်း အင်္ဂလိပ်လို စာအုပ်တအုပ် ကိုယ်တိုင်ရေးသား ထုတ်ဝေရန်နှင့် အော်ဂင်းနစ်စိုက်ပျိုးရေး အောင်မြင်ထွန်းကားရေးအတွက် ကြိုးပမ်းရန်တို့မှာ အကြီးမားဆုံး ဆန္ဒများဖြစ်သည်။ ပထမ ရည်မှန်းချက်အတွက် မရမ်းကုန်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်တွင် ဘွဲ့ကြိုတန်းအထိ တက်ဖူးသည်။ ထိုတက္ကသိုလ်၏ သင်ကြားရေးစနစ်ပိုင်းကို သူဝေဖန်ခဲ့သည်။ ဆရာတချို့၏ လက်ချာပို့ချပုံများကို ဝေဖန်သည်။ ထိုတက္ကသိုလ်၏ အုပ်ချုပ်ရေးပိုင်းနှင့် သူနှင့်ကြားတွင် အဆင်မပြေမှု၊ အမြင်မကြည်မှုအချို့လည်း ရှိခဲ့သည်။ ဒုတိယရည်မှန်းချက် အတွက်တော့ အတိုင်းအတာ တခုအထိ သူရွက်ဆောင်သွားနိုင်ခဲ့သည်။ အနာဂတ်လူ့ဘောင်အတွက် အော်ဂင်းနစ်စိုက်ပျိုးရေးကိုမှ မဖော်ဆောင်နိုင်လျှင် လူတွေ ဒုက္ခရောက်ကြတော့မည်ဟု ဆိုသည်။ ထို့ကြောင့် အော်ဂင်းနစ်နည်းပညာ ပြန့်ပွားရေး ပညာပေးလုပ်ငန်းများ၊ လှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်သည်။ သင်တန်းပေါင်းများစွာ ပို့ချခဲ့သည်။ 

ပရိုက်ဗိတ် ကျူတာဘဝဖြင့် နေရင်း တရားဓမ္မကိုလည်းလိုက်စား၊ တခြား ဝါသနာပါရာ ပညာရပ်များ နှင့်လည်း မွေ့လျော်နေခဲ့သည့် ကာလသည် သူ့ဘဝ၏ နံနက်ခင်း နေခြည်နုကာလဟု ဆိုရမည်။ သူသည် မိမိဝန်အပြင် တပါးသူတို့၏ ဝန်ကိုလည်း နိုင်သလောက် ကူထမ်းပေးခဲ့သည်။ တရားဓမ္မကို လိုက်စားခြင်းဆိုသည်မှာ လောကီတာဝန်များမှ ရှောင်ပြေးခြင်း မဟုတ်ဟု သူခံယူသည်။ စိတ်ရှုပ်စရာ လောကီအပူအလောင်များဟူ၍ အကြောင်းပြကာ အေးရာအေးကြောင်း တဦးတည်း သတ်သတ်မနေ။ ‘ငါ့ကိုဒါတွေလာမပြောနဲ့’ ဟု မျက်နှာမလွှဲ။ ဘာကိစ္စ လာညည်းညည်း နားထောင်သည်။ ကြောင့်ကြမဲ့မနေ။ တရားရှိသူသည် လောကနှင့် ဝေးရာပြေးဖို့မဟုတ်၊ ကြာသည် နွံမှာပင် ပွင့်လျက် နွံမလိမ်းကျံဘဲ မိမိဂုဏ်သတ္တိနှင့်မိမိ တင့်တယ်စွာ နေသကဲ့သို့ တရားကို လိုက်စားသူ၊ ကျင့်သုံးသူသည်လည်း ကာမဂုဏ်အာရုံတောမှာပင်နေလျက် ကာမဂုဏ်တို့၏ အလွှမ်းမိုးကို မခံဘဲ မိမိဘာသာဖြူစင်စွာနေရင်း ဆွေဝတ်မျိုးဝတ်၊ မိတ်ဆွေဝတ်၊ လောကဝတ်တို့ကို ဖြည့်ဆည်းရမည်ဟု သူခံယူသည်။ သူတပါး၏ကျေးဇူးတရားကို အမြဲသိမှတ်တတ်သည်။ သူ့အစ်ကိုအကြီးဆုံးသည် သူ့ကို ကျောင်းပြီးအောင် ထားပေးခဲ့ဖူးသည်ဟူသော ကျေးဇူးကိုအောက်မေ့လျက် သူကြီးကြပ်နေသည့် အော်ဂဲနစ် ခြံမှ သီးနှံများကို အစ်ကိုအကြီးဆုံးထံ မပျက်မကွက် သွားရောက်ပေးတတ်သည်။ 

သူသည် ဆွေမျိုးသားချင်းများအပေါ်တွင်သာ ကျေးဇူးသိတတ်သူ မဟုတ်။ သူ့ ဇာတိရပ်ရွာမှ ခင်မင်ရင်းနှီးသူ ရဲ အရာရှိဟောင်း တဦးသည် သူ့ထံ ဗေဒင်မေးလေ့ရှိသည်။ ထိုသို့ မေးလာတိုင်း ထိုရဲဟောင်းက သူ့အတွက်သူသာ မက တဆွေလုံး တမျိုးလုံးအတွက်ပါ ကိုယ်စားမေးပေးလေ့ရှိသည်။ ထိုရဲသည် ဆွေမျိုးများထံမှ  ဗေဒင်မေးခ ဆိုပြီး တောင်းလာခဲ့သော်လည်း ကြားက ဖြတ်စားကာ သူ့ကိုတော့ မစို့မပို့သာ ပေးတတ်သည်။ ထိုသို့ ပြုသည်ကို သူ သိသော်လည်း ထိုရဲမိတ်ဆွေဟောင်းကို သူခွင့်လွှတ်သည်။ အကြောင်းက ထိုရဲသည် သူ့ကို တခါက ကယ်တင်ဖူး၍ ဖြစ်သည်။ 

သူ တက္ကသိုလ်ကျောင်းသားဘဝက လူငယ်ပီပီ၊ ကျောင်းသားစိတ် ကျောင်းသားသွေးကြွကာ ဦးနေဝင်းကို ဆန့်ကျင်သော ဆန္ဒပြပွဲအတော်များများတွင် ပါဝင်ဖူးသည်။ ထိုစဉ်က ဆန္ဒပြလူအုပ်ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်ပြီး ဆန္ဒပြသူများကို ဖမ်းရန်ဟု ဆိုကာ ဓာတ်ပုံများကို ရဲစခန်းများသို့ ပို့သည်။ ထိုအခါ ထိုရဲအရာရှိသည် ဓာတ်ပုံများကို မြင်သောအခါ "ဟာ လှအောင်ပါလား" ဟု မှတ်မိသဖြင့် သူ့ပုံပါသမျှ ဓာတ်ပုံများကို အကုန်လုံး ယူကာ မီးရှို့ဖျောက်ဖျက်ဖူးကြောင်း နောင် တချိန် သူ့ကို ပြန်ပြောပြဖူးသည်ဟူ၏။ ထိုကဲ့သို့သာ မကူညီခဲ့ပါက သူလည်း အဖမ်းခံရပြီး "ဘဝအညွန့်ကျိုးသွားနိုင်" ပေသည်။ သို့ဖြစ်ရာ သူ့ကို ကယ်ခဲ့ဖူးသည့် ကျေးဇူးကို ထောက်၍ (ယခု အငြိမ်းစား) ထိုရဲအရာရှိအပေါ် သူ ဗွေမယူ ခွင့်လွှတ်ခဲ့လေသည်။

လောကတွင် သူတပါးအပေါ် သူပြုဖူးသမျှ အကူအညီများထဲတွင် သူ မတတ်နိုင်ဆုံးအရာမှာတော့ ငွေကြေးဟုသာ ဆိုရမည်။ သူသည် စီးပွားမရှာ၊ ချမ်းသာအောင်မလုပ်။ ဥစ္စာကိုမစုဆောင်း။ ထို့ကြောင့် သူ့တွင် ငွေကြေး ပေါပေါများများမရှိ။ ငွေကြေးအကူအညီ ကြီးကြီးမားမား လိုလျှင်တော့ သူမပေးနိုင်။ ယင်းမှလွဲလျှင် သူသည် တာဝန်ဝတ္တရားမလစ်ဟင်းရအောင် အထူးအားထုတ်သည်။ ဘယ်သူနေမကောင်းဟု ကြားလျှင် ရောက်အောင်သွားပြီး မိမိတတ်နိုင်သလောက် ဂရုစိုက် အကြံပေးသည်။ ကိုယ်တိုင်က တိမွေးကုဆရာဝန်ဘွဲ့ရ ဖြစ်သဖြင့် အနောက်တိုင်းဆေးကို သိကျွမ်းသလို မြန်မာ့တိုင်းရင်းဆေးကိုလည်း လိုက်စားသည့်အလျောက်  သူ ကုပေးနိုင်သည့် အဆင့်ဖြစ်ပါက ကိုယ်တိုင်ကုပေးသည်။ လိုအပ်မည့် ဆေးဝါးဓာတ်စာများ ယူလာပေးတတ်သည်။ ကျန်းမာရေး ပြဿနာတင်မက လူမှုရေးကိစ္စ၊ ပညာရေးကိစ္စ၊ အလုပ်ကိစ္စ ဘာအခက်အခဲ ဘာပြဿနာရှိရှိ သူ့ကို အကူအညီတောင်းလျှင် မဆုတ်မဆိုင်း သွားရောက် ကူညီဖြေရှင်းပေးသည်။ အတောင်သာလျှင် ဝန်ရှိသော ငှက်ကဲ့သို့ အပေါ့ပါးဆုံးသောဘဝမှာ နေသူတဦး၏ အားသာချက်ဟု ဆိုရပေမည်။ 

သို့သော်လည်း ဘဝသည် တသတ်မှတ်တည်း မသွားတတ်သော သဘောလည်း ရှိပြန်၏။ နံနက်ခင်း နေခြည်နု ပက်ဖျန်းသောကာလပြီးသည့်နောက် မွန်းတည့်နေ၊ မွန်းလွဲနေ ပြင်းပြင်းကာလ ဆိုတာလည်း ရှိလာတတ်စမြဲဖြစ်သည်။ ဘဝ၏ ထင်မထားရလောက်အောင် ခက်ခဲသော ကာလများကို ဖြတ်သန်းရပြန်သည်။ လောကဓံ၏အထုအထောင်းကို ကြီးစွာခံရသည်။ အထင်လွဲခံရခြင်း၊ အစွပ်စွဲခံရခြင်း၊ တရားတဘောင်ဖြစ်ခြင်းများ ကြုံသည်။ သို့သော် တချက်မှ မညည်း။ မည်သူ့ကိုမျှအပြစ်မဆို။ စိတ်ဓာတ်အလွန်မာကျောစွာဖြင့် ဖြတ်ကျော်ခဲ့သည်။ သူသည် ကံကြမ္မာကို ယုံသည်။ အကြွေးပါလျှင် ဆပ်ရမည်ဟုသာ ခံယူသည်။ ပြုံးပြုံးလေး ဆပ်ဖို့သာ သူပြင်ထားသည်။ သူ့ဇာတာတွင် အာစရိယတပါး၊ ဂုရုတပါးအဖြစ် ရောက်လေရာ ဆက်ဆံခံရမည့်ကံ ပါသော်လည်း ငွေကြေးချမ်းသာမည့်ကံ၊ ဥစ္စာစည်းစိမ်ကံ မပါဟု သူ့ကိုယ်သူ ပြန်ဟောသည်။ သူ့ တသက် လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ဖူးသော်လည်း ဘယ်ဟာနှင့်မျှ မမြဲ။ တချိန်မဟုတ်တချိန် အကြောင်းတခုမဟုတ်တခုနှင့် ပျက်ရသည်ချည်းဖြစ်သည်။ အလုပ်အကိုင်နှင့် ပတ်သက်သော ဇာတာအိမ်တွင် သက်ဆိုင်ရာလုပ်ငန်းတခုခုကို ကိုယ်စားပြုသည့် မည်သည့် ဂြိုဟ်မျှ မပါဟု ဆိုသည်။ သေသည်အထိ အိမ်တလုံးမပိုင်သွား။ သေသည်အထိ ဘဏ်စာရင်းထဲ ငွေကြေးမစုဆောင်းနိုင်သွား။ သူသည် A man of success မဟုတ်ခဲ့။​ သို့သော် သူသည် A man of value အဖြစ် တဘဝစာ နေထိုင်သွားခဲ့သူ ဖြစ်သည်။

ငယ်စဉ်ကတည်းက ဗေဒင်၊ လက္ခဏာ လောကီပညာတို့ကို လေ့လာခဲ့သော်လည်း နက္ခတ္တဗေဒ (astrology) ကို ထဲထဲဝင်ဝင် လေ့လာလိုက်စားသည်ကတော့ အသက် ၅၀ ဝန်းကျင်မှဖြစ်သည်။ သူ့အစ်ကိုကြီးနှင့် ကုမ္ပဏီတခုတည်းမှာ လုပ်နေသည့် ဝန်ထမ်းတယောက်သည် သူ့အစ်ကိုကြီးမှတဆင့် သူနှင့်ချိတ်မိကာ သူ့အား နက္ခတ္တဗေဒကို ပညာအမွေသင်ပေးဖို့ ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်လာခဲ့သည်။ သူနှင့် သူ့ဆရာတို့ ဇာတာတွေ ဖွဲ့ပြီး လေ့ကျင့်တွက်ချက်ကြသည်။ မြန်မာနိုင်ငံဇာတာကို သူ့အား သူ့ဆရာက တွက်ခိုင်းသည်။ 

“ငါတော်တော် စိတ်ပျက်သွားတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာအရ စစ်တပ် (အင်္ဂါ) နဲ့က ဘယ်လိုမှကိုမလွတ်ဘူး” ဟု သူက ပြန်ပြောပြသည်။ 

သူ့တွင် ဒုတိယဆရာတယောက်ရှိသေးသည်။ ထိုဆရာကြီးကတော့ ပညာပိုမြင့်သည်ဟု ဆိုသည်။ ထိုဆရာကြီးသည် ငယ်ငယ်က ဂျပန်ခေတ်အတွင်း မပေါက်ကွဲသေးသည့် ဗုံးဆန်ကိုကိုင်မိရာမှ လက်နှစ်ဖက် ဆုံးရှုံးခဲ့သူ ဖြစ်သည်။ ထိုဆရာကြီးထံတွင် သူ နောက်တဆင့် ပညာထပ်သင် အပြီးမှာတော့ နက္ခတ္တဗေဒကို သူတကယ်ပေါက်မြောက်အောင် သိပြီဟု ကြွေးကြော်ခဲ့သည်။ 

ထို့နောက်တွင် ဆွေမျိုးရင်းချာများ၊ ခင်မင်ရင်းနှီးသောသူများ၏ မွေးသက္ကရာဇ်၊ မွေးရပ်၊ မွေးချိန်တို့ကို မေး၍ ဇာတာဖွဲ့ကာ စာအုပ်တအုပ်တွင် စုစည်းထည့်ထားသည်။ တခုခု အခက်အခဲကြုံလျှင် သူ့ကို လှမ်းမေးတိုင်း သူက စာအုပ်ကလေးကိုဖွင့်ကြည့်ကာ သက်ဆိုင်သူ၏ ဇာတာကိုကြည့်ပြီး သူ့အမြင်ကို ပြောသည်။ ထိုစာအုပ်ကို ကြည့်ဖန်များလွန်း သဖြင့် ဇာတာအတော်များများကို သူ အလွတ်ရနေသည်။ မြန်မာပြည် ဇာတာကတော့ အမှတ်အရဆုံး။ ကြည့်စရာမလိုဘဲ မျက်လုံးမှိတ်ပြီးတော့ကို ခု ဘယ် ရာသီကိုရောက်နေပြီ၊ ဘယ်ဂြိုဟ်က ဝင်တော့မည်၊​ ဘယ်ဂြိုလ်က ထွက်တော့မည် စသည် ပြောနိုင်သည်။

တကြိမ်မှာတော့ ဆွေမျိုးရင်းချာတဦး၏ ဇာတာကိုဖွဲ့ပေးဖို့ကျန်နေသေးသည်။ သူက ထိုသူ၏ မွေးချိန်ကို မေးသည်။ ကာယကံရှင်သည် အကြောင်းတခုကြောင့် ‘မွေးချိန်မသိဘူး’ ဟု လိမ်ပြောလိုက်၏။ မွေးချိန်မှလွဲလျှင် ထိုကာယကံရှင်၏ မွေးသက္ကရာဇ်၊ မွေးဇာတိ၊ ဘဝဖြစ်စဉ်တို့ကို အသိုင်းအဝိုင်းတခုလုံး သိပြီးသား။ မွေးချိန်တခုသာ မသိ။ မွေးချိန် မသိလျှင် ဇာတာဖွဲ့၍ မရပေ။ ထိုအခါ သူက ‘မင်းကလည်း ကိုယ့်မွေးချိန်တောင် ကိုယ်မသိဘူးလား’ ဟု ဆိုလေသည်။ ကာယကံရှင်သည် ဒီအတိုင်း အေးအေးနေလိုက်လေသည်။ 

နောက်တကြိမ် သူနှင့် ပြန်တွေ့တော့ သူက ထိုကာယကံရှင်အား “မင်း မွေးချိန်က ည (...) ပဲ ဖြစ်ရမယ်” ဟု ပြောလိုက်ရာ ထိုကာယကံရှင်သည် အတော်အံ့ဩသွား၏။ အကြောင်းမှာ ငြင်းမရအောင် မှန်နေ၍ဖြစ်သည်။ ဘယ်လိုသိသလဲဟု ပြန်မေးရာ “ဟ ငါက မင်းဘဝ သိနေတာပဲ။ မသိကိန်းက မွေးချိန်တခုပဲ ရှိတာကို။ အဲဒီတော့ သိပြီးသား အချက်တွေအပေါ် မူတည်ပြီး မွေးချိန်ကို ပြန်ခန့်မှန်းတာပေါ့ကွ။ ခု ငါခန့်မှန်းတွက်လိုက်တဲ့ မွေးချိန်ကို ယူပြီး မင်းဇာတာကိုဖွဲ့လိုက်ရင် ခု လက်ရှိ မင်းဘဝနဲ့ သွားကိုက်နေတာပဲဟာ” ဟု ဆို၏။ ထိုအခါ ထိုကာယကံရှင်သည် ဆက်ပြီး မလိမ်နိုင်တော့ဘဲ ထိုမွေးချိန် ဟုတ်ပါသည်ဟု ဝန်ခံလိုက်ရသည်။

သို့ဖြင့် သူသည် နီးစပ်သူများအား တရားအားထုတ်ဖို့လည်း တိုက်တွန်းသည်။ ဇာတာအရ ဖြစ်လာနိုင်သည်များကိုလည်း ပြောပြသည်။ ဘဝတွင် ဖြစ်ဖို့အကြောင်းရှိသော အရာသည် ရှောင်လွှဲရန် ခက်သော်လည်း လက်ရှိ ပစ္စုပ္ပန်တည့်တည့်ကို ကိုယ်ပိုင်ဆိုင်သည်။ ကိုယ်ပိုင်ဆိုင်သည့် မိနစ်၊စက္ကန့် များကို သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ဖြတ်သန်းဖို့သည် ကိုယ်တတ်နိုင်သောကိစ္စဖြစ်သည်။ ကံက သူ့အလုပ်သူလုပ်သည်၊ ကိုယ်က ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ဖြစ်သည်။ အတိတ်ကံ၏ အလုပ်သည် လူတယောက်ကို ဒီအချိန်၊ ဒီနေရာ၊ ဒီမိဘ ဒီပတ်ဝန်းကျင်မှာ လူအဖြစ် ပစ်ချလိုက်ခြင်း ဖြစ်သည်။ တဘဝစာကို အတိတ်ကံက ပုံကြမ်းလောင်းပေးလိုက်သည်။ ထိုပုံကြမ်းကို ဇာတာမှာ မြင်ရသည်။ ကျန်တာကတော့ ကာယကံရှင်၏ အပိုင်း။ ဘဝမှာ ဖန်တီးပေးလာသော အခြေအနေများအပေါ် ကိုယ်က မည်သို့တုံ့ပြန်သလဲ ဆိုတာ ပစ္စုပ္ပန်ကံဖြစ်သည်။

ပစ္စုပ္ပန်ကိုပိုင်သော လူသားတယောက်အဖို့ အကျင့်သုံးသင့်ဆုံးတရားမှာ ခန္တီတရားဖြစ်သည်ဟု သူက ဆိုသည်။ ခန္တီကို 'သည်းခံခြင်း' ဟု လူပြိန်းသိသိကြသော်လည်း အများနားလည်သော သည်းခံခြင်းသည် ကာယကံမြောက်၊ ဝစီကံမြောက် ချုပ်တီးခြင်းမျှသာ ဖြစ်သည်။ သူ ရှင်းပြသော ခန္တီတရားသည် ဒွါရတံခါးခြောက်ပေါက်မှ နှစ်သက်သော အာရုံ၊ မနှစ်သက်သော အာရုံများကြောင့် မိမိစိတ်၏ မူလအခြေအနေကို အပြောင်းအလဲ အဖြစ်မခံ၊ အာရုံ အသီးသီး၏ ရိုက်ခတ်မှုအပေါ် နဂိုမူလစိတ် အဖြူရောင်အတိုင်း ထားဖို့သာ အားထုတ်ခြင်းဖြစ်သည်။

"ဘောဖျက်လေးတခုကိုင်ပြီး ကျောက်သင်ပုန်းတချပ်နား ရပ်နေတယ်လို့ သဘောထားလိုက်။ ကျောက်သင်ပုန်းပေါ် ဟိုလူက ဟိုဟာ လာရေးလိုက်၊ ဒီလူက ဒီဟာ လာခြစ်လိုက် လုပ်တယ်ပေါ့။ မင်း အလုပ်က ဘယ်သူ ဘာလာရေးရေး ဘောဖျက်လေးတခုနဲ့ လိုက်ဖျက်နေဖို့ပဲ။ မင်းရဲ့ ဘောသင်ပုန်းကို နဂိုမူလအတိုင်း သန့်စင်နေအောင် ထားထားဖို့ပဲ။ အဲဒါ ခန္တီ တရားပဲ။ လောကမှာ အမြင့်ဆုံး၊ အမြတ်ဆုံးတရား (ခန္တီ ပရမံ တပေါ တိတိက္ခာ) လို့တောင် ဗုဒ္ဓက ချီးမွမ်းခဲ့တဲ့ တရားပဲ။" ဟု သူက ဆိုဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးနောက် အစိုးရဖွဲ့ခါစကာလက အားလုံးပျော်ရွှင်ကာ အကောင်းမြင်နေကြခိုက်တွင် သူက ခေါင်းခါသည်။ တိုင်းပြည်သည် မကောင်းသေး၊ ဒုက္ခတွေ အကျပ်အတည်းတွေ ကြုံရဦးမည်၊ စစ်မီးတွေ တောက်အုံးမည်ဟု သူက ဟောသည်။ သမ္မတဦးထင်ကျော်၏ ဇာတာကို လူမှုကွန်ရက်တွင် တွေ့တော့ တချက်ကြည့်ပြီး ‘သူ (သမ္မတ)သက်တမ်းပြည့် နေရမှာမဟုတ်’ ဟု ဆိုသည်။ မြန်မာပြည်သည် ၂၀၂၀ တွင် အဆိုးတကာ့အဆိုးဆုံး သို့ရောက်မည်၊ ထိုကာလပြီးတော့မှ ပြာပုံဘဝမှသည် တိုင်းပြည်ကို အသစ်ကစပြန်ထူထောင်ရမည်၊ သို့သော် ကာလအကြာကြီး စောင့်ရမည်မဟုတ်ဘဲ နိုင်ငံက ထိုးထောင်တက်သွားမည်၊ ၂၀၃၀ အလွန် ကာလရောက်လျှင် အာဆီယံနိုင်ငံတွေလောက်တော့ စာရင်းထဲ ထည့်စရာ မလိုလောက်အောင်ကို တိုးတက်နေမည်ဟု ဆိုသည်။ ၂၀၂၀ အလွန်တွင် ဘာတွေ ဘယ်လိုကြုံရမည်ကို သူလည်း သိချင်သည်ဟု ဒီချုပ်အစိုးရ ကာလအတွင်း ဆိုခဲ့သည်။ 

သူဟောခဲ့သည့် အဆိုးတွေကတော့ မှန်လာခဲ့ပြီဖြစ်သည်။ အဆိုးပြီး လာမည်ဟုဆိုသည့် အကောင်းကာလ မှန်မမှန်အထိ စောင့်ကြည့်မသွားနိုင်တော့။ ကံက သူ့အာယုကို ရုတ်တရက် ဖြတ်ခဲ့ပြီဖြစ်သည်။ သူ သေတော့မည်ကို ကြိုသိနေခဲ့သလော။ ဗေဒင်အရတော့ သူ့သက်တမ်းသူ တွက်မကြည့်ဟု ဆိုသည်။ သူပြောသလို သူအချိန်မရွေးသေလို့ရသည်ဟု ကြွေးကြော်သည့်အတိုင်း မှန်ပါက သေမည့်နေ့ကို ကြိုသိစရာလည်း လိုမည်မဟုတ်ပေ။ ဗေဒင်အရမဟုတ်ဘဲ ခန္ဓာကပြသည့် အရိပ်အမြွက်ကိုကြည့်ပြီး သူ့ကိုယ်သူ သေတော့မည်ဟု သိချင်လည်း သိနိုင်သည်။ လူကတော့ မောနေသည်ကလွဲလျှင် ကြည်ကြည်လင်လင်ရှိသည်။ အသံကလည်း မာသည်။ သူ့တသက်လုံး သူ့ခန္ဓာ၏ ကိုယ်၊ နှုတ်၊စိတ် အမူအရာတိုင်းမှာ သတိမကပ်သည့် နေ့မရှိစဖူးဟု ဆိုဖူးသည့်အတွက် နေထိုင်မကောင်းဖြစ်ချိန်တွင် ဝိပဿနာသတိ ခါတိုင်းထက် စွဲကပ်မည်ဟု ယူဆလျှင်လည်း ဖြစ်နိုင်သည်။ 

ပြီးခဲ့သည့်တနှစ်အတွင်း သူသံယောဇဉ်အရှိဆုံး ရင်ဘတ်မိတ်ဆွေနှစ်ဦး ကိုဗစ်လှိုင်းတွင် ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကြသောအခါ သူ မျက်ရည်ကျသည်။ သူတို့နှစ်ယောက် မရှိတဲ့နောက် ‘မနေချင်တော့ဘူး’ ဟုလည်း ပြောသည်။ လောကတွင် လူတွေ တဦးနှင့်တဦး ချစ်ပါသည် ချစ်ပါသည်ဟု တတွတ်တွတ် ဆိုကြသော်လည်း အများစုမှာ ခွေးကလေး၊ ကြောင်းကလေးများကို ချစ်သလို အချစ်မျိုးကိုသာ တကယ့်အချစ်ဟု ထင်မှတ်လျက် ချစ်ကြခြင်းဖြစ်သည်။ လူအများစုသည် ချစ်ခြင်းမေတ္တာ၏ တကယ့် သဘောသဘာဝကို နားမလည်ကြ၊ မခံစားဖူးကြဟု သူက ဆိုသည်။

ဘဝမှာ ပညာရှာသည့်အခါ လောကီ လောကုတ် မည်သည့်ပညာပဲရှာရှာ ထိုးထွင်းသိသည်အထိ ရှာပါ၊ စာတွေ နောက်ကို မလိုက်ပါနဲ့ဟု သူက ဆုံးမသည်။ လောကမှာ လူရှိနေသရွေ့ လူအသီးသီးတို့၏ အာဘော်ကိုလိုက်၍ လောတို့ဝေါဟာရ ပညတ်အစွမ်းဖြင့် ဖန်တီးသော ရှုထောင့်အမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုးတို့သည် မဆုံးနိုင်အောင် ပေါ်နေဦးမည်။ သို့သော် အတွင်းအနှစ်ကိုသိလျှင် ဆန်စင်ရာ ကျည်ပွေ့လျှောက်လိုက်နေစရာ မလိုတော့။ ထို့ကြောင့် "ကျမ်းလျှောက်ရင် မဆုံးဘူး၊ ကျမ်းပေါက်ရင်တလုံး" ဟု သူက ဆိုသည်။

သူသည် ထေရဝါဒက ပကာသနိယကံပြုထားခဲ့သည့် တောင်တွင်း နတ်မှီတောရ ရှင်ဥက္ကဋ္ဌကို ကြည်ညိုသူဖြစ်သည်။ ရှင်ဥက္ကဋ္ဌကို သူမမြင်ဖူး၊ သို့သော် ထိုဆရာတော် သည် ထူးခြားသည့်ပုဂ္ဂိုလ်ဖြစ်သည်ဟု သူ ဖတ်ဖူး၊ ကြားဖူးသည်များကို ကိုးကား၍ ဆိုဖူးသည်။ အထူးသဖြင့် ရှင်ဥက္ကဋ္ဌ၏ နောက်ဆုံးအချိန်ဟု ဆိုသော ဇာတ်လမ်းကို သူ မကြာခဏ ပြောပြလေ့ရှိသည်။ 

“ရှင်ဥက္ကဋ္ဌက ပျံလွန်ခါနီးမှာ ဒကာတယောက်ကို မေးတယ်တဲ့။ ဒကာကြီးဦးဘယ်သူပေါ့၊ လူအသက်ထွက်တာ မြင်ဖူးသလားပေါ့။ ဟိုဒကာက မမြင်ဖူးပါဘူးလို့ လျှောက်တော့ ‘အေး မမြင်ဖူးရင် ကြည့်၊ ငါပြမယ်၊ အသက်ထွက်တယ်ဆိုတာ ရင်ဘတ်ကလေး လှုပ်နေတာလေး ဟောသလို ငြိမ်သွားတာကို ခေါ်တယ်’ လို့ ပြောပြောဆိုဆို လှဲပြီး သူ့ရင်ညွန့်နေရာလေးကို စိုက်ကြည့်ခိုင်းတယ် တဲ့။ ကြည့်နေတုန်းမှာပဲ အဲဒီ ရင်ညွန့်နေရာက ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတာလေး ငြိမ်ကျအသွား၊ ရှင်ဥက္ကဋ္ဌလည်း ပျံလွန်တော်မူတာပဲတဲ့။”

သူတော့ သေခါနီး မည်သူ့ကိုမျှ သေတာမမြင်ဖူးရင်ကြည့်ဟု ပြောမသွား။ သို့သော် သတိထားကြည့်လျှင်တော့ ရှင်ခြင်းနှင့်သေခြင်းကြားက စည်းသည် ပါးလွှာလွန်းသည်ဟု မြင်မည် ဖြစ်သည်။ အိုးနှင့်တူသော လူ့ဘဝသည် အချိန်မရွေး ခွမ်ခနဲ ကွဲသွားပြီးသည်နှင့် အပြီးတိုင်ပစ်လိုက်ရပြီ ဖြစ်သည်။ ထိုလူသည် မနှေးအမြန် လောကမှ ကွယ်ပျောက်သွားတော့သည်။ ရှင်စဉ်က နေခဲ့၊ ထိုင်ခဲ့သည်များသာလျှင် အကျိုးဆက်များအဖြစ် ပတ်သက်သူများထံတွင် ကျန်ရစ်သည်။ ထိုသူ၏ ကိုယ်အမူအရာ နှုတ်အမူအရာများသာလျှင် ကျန်ရစ်သူတို့၏ မှတ်ဉာဏ်ထဲတွင် ကျန်ရစ်သည်။ အဆိုပါ မှတ်ဉာဏ်ပါ ပုံရိပ်တို့သည်လည်း အချိန်ကြာလျှင် ဝေဝါးလာမည်၊ ထိုမှတ်ဉာဏ် ရှင်တို့ကိုယ်တိုင်လည်း တနေ့ ထိုသို့ ပျောက်ကွယ်သွားဦးမည် ဖြစ်သည်။ ။


Comments

  1. ကျေးဇူးပါရှင်။ ဖတ်ရတာ အားလည်းတတ်တယ်။ အဲ့ဒီပုဂ္ဂိုလ်ကိုလည်း အားကျမိပါတယ်။ ကျမအဖိုးက ရွာမှာ နွေရာသီတိုင်း ကလေးတွေကို ဗုဒ္ဓစာပေတွေ သင်ပေးတော့ ကျမ ငယ်ငယ်လေးကတည်းက ဓမ္မစာပေတွေနဲ့ နီးစပ်ခဲ့ပါတယ် ။ ဒါပေမယ့် စာအသိသာရှိခဲ့တယ် သူ့လိုတော့ အခုထိမကျင့်ကြံနိုင်သေးဘူး။ အလွန်ဆုံး ဉပုလ်စောင့်တာလောက်ပဲလုပ်ဖြစ်သေးတယ်။လူဖြစ်ရကျိုးမနပ်သေးဘူးပဲ။ ကြိုးစားရပါအုန်းမယ်။

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...