Skip to main content

ကွန်စတန်တီနိုပယ်မြို့ကြီးကို အောင်နိုင်ခြင်း

သက္ကရာဇ် ၁၄၅၁ မှာ အော်တိုမန်ထီးနန်းကို ရလာတဲ့ ဒုတိယမြောက် စူလတန်မာမက်ဟာ သူ့အရင် ဘယ်သူမှ ရအောင်မသိမ်းနိုင်ခဲ့တဲ့ ကွန်စတန်တီနိုပယ်မြို့ (ယခုခေတ် တူရကီနိုင်ငံ အစ္စတန်ဘူ) ကို နှစ်လအတွင်း ရအောင် သိမ်းနိုင်ခဲ့သူဖြစ်ပြီး အောင်နိုင်သူမာမက် (Mehmed the Conqueror) ဆိုတဲ့အမည်ကို ရခဲ့သူဖြစ်ပါတယ်။ သူဟာ အသက် ၂၁ နှစ်နဲ့တင်အော်တိုမန်အင်ပါယာပြည့်ရှင်လည်း ဖြစ်လာသူဖြစ်တယ်။ မာမက်ဟာ ငယ်စဉ်မင်းသားဘဝကတည်းက ရည်မှန်းချက် ကြီးသူဖြစ်ပြီး မဟာအလက်ဇန္ဒားကို အားကျခဲ့သူလည်းဖြစ်တယ်။ သူ့အဖေအပါအဝင် ဒေသတွင်းက အားပြိုင်နေကြတဲ့ ထီးပြိုင်နန်းပြိုင်ဘုရင်တွေဟာ ရောမအင်ပါယာရဲ့ထီးနန်းစိုက်ရာ ကွန်စတန်တီနိုပယ်ကို ၂၃ ကြိမ်တိတိ ချီတက်လုပ်ကြံကြပေမဲ့ ခိုင်ခံ့တဲ့ ကွန်စတန်တီနိုပယ်မြို့တံတိုင်းကို မထိုးဖောက်နိုင်ခဲ့ဘဲ အကြိမ်ကြိမ်အခါ တပ်လန်ခဲ့ရပါတယ်။


မာမက် နန်းတက်လာတော့ ကွန်စတန်တီနိုပယ်ကို တက်သိမ်းဖို့ပြင်တယ်။ သူ့ငယ်ဆရာလည်းဖြစ် နန်းရင်းဝန်လည်းဖြစ်တဲ့ ချန်ဒါလ်ဟာလီ (Candarl Halil) ကတော့ မင်းပျိုမင်းလွင် မာမက်ဟာ စိတ်ဆတ်တယ်၊ အတွေ့အကြုံနည်းတယ် စတာတွေကြောင့် ကွန်စတန်တီနိုပယ်မြို့ကြီးကို သိမ်းနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး။ ဒါပေမဲ့ မာမက်ဟာ ငယ်ရွယ်သူဖြစ်သော်ငြား သူ့မှာ သူများနဲ့မတူအောင် စဉ်းစားတတ်ပြီး ကြံတတ်ဖန်တတ်တဲ့ ညာဉ်ရှိတယ်။ ဒါ့အပြင် မာမက်ဟာ ဒီမတိုင်ခင် ၂၃ ကြိမ်တိတိ ကျရှုံးခဲ့ရတဲ့ မြို့သိမ်းချီတိုက်ပွဲတွေကို ပြန်လေ့လာပြီး ဘာကြောင့်ရှုံးခဲ့ရသလဲ ဆိုတာ လေ့လာတယ်။ ကွန်စတန်တီနိုပယ်ဟာ ဥရောပသမိုင်းမှာ တန်ခိုးထွားခဲ့တဲ့ ရောမအင်ပါယာ၊ ဘိုင်ဇန်တိုင်းအင်ပါယာ၊ အရှေ့ရောမအင်ပါယာတို့ရဲ့ ထီးနန်းစိုက်ရာအဖြစ် နှစ်ပေါင်း ၁၃၀၀ လောက် အဆက်ဆက် တည်ရှိခဲ့တဲ့မြို့။ ဥရောပနဲ့အာရှ ဆုံရာမှာတည်ရှိပြီး ကုန်စည်ကူးသန်းမှုဗဟိုအချက်အချာ ကျတဲ့မြို့။ ပတ်လပတ်လည်မှာ ပင်လယ်တွေ၊ ရေလက်ကြားတွေဝိုင်းရံထားတာမို့ ပထဝီအနေအထားအရ အသာစီးရတဲ့မြို့ဖြစ်တဲ့အပြင် မြို့ရိုးတံတိုင်းကိုလည်း သုံးထပ်အဆင့်ဆင့် ကာရံထားတာကြောင့် ဘယ်လို ဖောက်ဖောက် တိုးမပေါက်တဲ့မြို့ဖြစ်တယ်။ မြန်မာနိုင်ငံက အင်းဝ မြို့တည်နေပုံမျိုးပဲ။

သူ့ရှေ့က ၂၃ ကြိမ်တိုင်တိုင် မနိုင်ခဲ့တဲ့စစ်ပွဲတွေမှာ ကွန်စတန်တီနိုပယ်ရဲ့ ဒီတံတိုင်းတွေကို မကျော်နိုင်ခဲ့ဘူး။ ဒါကြောင့် မာမက်ဟာ ဘူလ်ဂေးရီးယားသား အင်ဂျင်နီယာတစ်ယောက်ရဲ့အကူအညီနဲ့ ကြီးမားတဲ့ စိန်ပြောင်းအမြောက်ကြီးတွေကို ပြုလုပ်တယ်။ ပြောင်းအရှည် ၁၇ ပေ၊ ပြောင်းဝ ၃ ပေခွဲနဲ့ ၁၇ တန်လောက် လေးတဲ့ အမြောက်ကြီးတစ်လုံးဟာ တစ်မိုင်ခွဲလောက်ရောက်အောက် ပစ်ခတ်နိုင်ပြီး အဲဒီခေတ်အခါကဆိုရင် တစ်ခါမှမပေါ်ဖူးသေးတဲ့ အမြောက်မျိုးပဲ။ ပေါက်ကွဲအားကြောင့် ကိုယ်ဝန်သည်တွေ သားလျှောရလောက်အောင် ပြင်းထန်တယ်တဲ့။ အဲဒီအမြောက်ပေါင်း ၇၀ လောက်ကို သွန်းလုပ်ပြီး မာမက်ဟာ ကွန်စတန်တီနိုပယ်ရဲ့ မြောက်ဘက်တံတိုင်းကနေ အဆက်မပြတ်ပစ်ခတ်တယ်။ မြို့တံတိုင်းဟာ အပျက်အစီး များပေမယ့် လုံးဝပြိုကျသွားလောက်အောင်တော့ မဖြစ်ခဲ့ဘူး။

ကွန်စတန်တီနိုပယ်မှာ နန်းစိုက်တဲ့ ရောမအင်ပါယာပြည့်ရှင် ကွန်စတန်တင်း (၁၁) မှာ စစ်သည်အင်အား လူ ၇၀၀၀ ကျော်လောက်ပဲရှိတဲ့အပြင် အများစုက အီတလီကြေးစားစစ်တပ်ဖြစ်တယ်။ မာမက်ရဲ့အော်တိုမန် တပ်မှာတော့ လူ ၈၀,၀၀၀ ကနေ နှစ်သိန်းအထိ ပါတယ်လို့ဆိုတယ်။ ဒါ့အပြင် စစ်သင်္ဘောကလည်း ရာကျော် ပါသေးတယ်။ စစ်သည်အင်အား ကွာခြားပေမယ့် မာမက်ရဲ့တပ်သားတွေဟာ မြို့ရိုးအနားကိုချဉ်းကပ်သွားတိုင်း အီတလီကြေးစားတပ်သားတွေကို မကျော်နိုင်ဘဲ အကျအဆုံးများစွာနဲ့ပြန်လာရတယ်။ မာမက်ဟာ နောက်တစ်နည်းကြံပြန်တယ်။ မြေအောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး မြို့ရိုးတံတိုင်းအောက်တည့်တည့်ရောက်ရင် တံတိုင်းပြိုကျအောင် ယမ်းနဲ့ဖောက်ခွဲပစ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့လှိုဏ်တူးတဲ့အကြံကို ရောမဘုရင်ဘက်က သိသွားပြီးအချိန်မီ တားဆီးနိုင်ပြန်တယ်။

မာမက်ဟာ ရေကြောင်းဘက်ကလှည့်ဖိုးကြိုးစားတယ်။ ကွန်စတန်တီနိုပယ်ရဲ့ အရှေ့ဘက်ဟာ ဘော့စဖိုးရပ် ရေလက်ကြားဖြစ်ပြီး အဲဒီဘက်ခြမ်းက ဟွန်းဆိပ်ကမ်း (Habour of Horn) ကို သင်္ဘောနဲ့ဝင်ဖို့ကြိုးစားတယ်။ အဲဒီဘက်က မြို့ရိုးတံတိုင်းဟာ မြောက်ဘက်က ကုန်းတွင်းပိုင်းမြို့တံတိုင်းလောက် အားမကောင်းလို့ပဲ။ ဒါပေမဲ့ ဘော့စ်ဖိုးရပ်ကို ဝင်ဖို့ရာအတွက် ရေလက်ကြားရဲ့အဝမှာ ဧရာမသံချိန်းကြိုးကြီးတစ်ခုကို ဟိုဘက်ကမ်း ဒီဘက်ကမ်းကနေ ရေပေါ်ကန့်လန့်ဖြတ်ချထားတယ်။ မိတ်ဆွေသင်္ဘောတွေဆိုရင် သံချိန်းကြိုးကို အောက်ချပေးလိုက်ပြီး ရန်သူသင်္ဘောဝင်လာရင်တော့ တင်းထားလိုက်တဲ့အတွက် သံကြိုးနဲ့ ငြိပြီးဆက်မသွားနိုင်ဘူး။ ဒီသံကြိုးဟာ ကွန်စတန်တီနိုပယ်ရဲ့ရေကြောင်းလုံခြုံရေးအတွက် မြို့ရဲ့သက်တမ်းနဲ့ အမျှ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်လို့ဆိုတယ်။

မာမက်ဟာ ရေလက်ကြားထဲကို ဝင်ဖို့ သင်္ဘောတွေကိုဖြတ်မမောင်းခိုင်းတော့ဘဲ အရှေ့ဘက်ကမ်းပေါ်က အီတလီကိုလိုနီဖြစ်တဲ့ ဂါလာတာရပ်ကွက်ရဲ့ နောက်ဘက်ကုန်းတွင်းပိုင်းကနေ သင်္ဘောတွေကို ဖြတ်သယ်ဖို့ လုပ်တယ်။ တောင်ကုန်းပေါ်က သစ်ပင်တွေကိုရှင်းပြီး သင်္ဘောတွေသယ်ဖို့လမ်းဖောက်၊ ပြီးရင် သစ်လုံးတွေကို အောက်ကခံပြီး တောင်ကုန်းပေါ်ကိုဆွဲတင်တယ်။ ကွန်စတန်တီနိုပယ်ဘက်က ကြည့်ရင် တောင်ကုန်းခံနေတဲ့ အတွက် သင်္ဘောတွေကို ကုန်းတွင်းပိုင်းကနေ ပတ်ပြီးရွှေ့နေတာကို မမြင်ရဘူး။ သတိထားမိတဲ့အချိန်မှာ သင်္ဘော ၇၀ ကျော်ဟာ ဘော့စဖိုးရပ်ရေလက်ကြားအတွင်းရောက်ပြီးသွားပြီး။ Habour of Horn ကို ဝိုင်းထား လိုက်ပြီ။ ဒါကြောင့် ကွန်စတန်တင်းဟာ မြောက်ဘက်မြို့ရိုးက အီတလီကြေးစားတွေကို အရှေ့ဘက်မြို့ရိုးဆီ ခွဲဖြန့်ချလိုက်ရတဲ့အတွက် အင်အားနည်းသွားတယ်။ ရောမဘုရင်ဟာ ပုပ်ရဟန်းမင်းဆီကနေ စစ်ကူလှမ်းတောင်းထားပြီး ဒီကြားထဲမှာ ရှိသမျှအင်အားနဲ့ အော်တိုမန်တပ်ကို တောင့်ခံထားတယ်။

မြို့ကိုဝိုင်းရံပိတ်ဆို့ပြီးလုပ်ကြံတာ နှစ်လနီးပါးရှိလာပေမယ့် မာမက်ရဲ့တပ်တွေဟာ မြို့ရိုးကိုမကျော်နိုင်ဘူး ဖြစ်နေတဲ့အခါ စစ်သားတွေစိတ်ဓာတ်ကျလာတယ်။ ဒီကြားထဲမှာ ဗင်းနစ်ကနေ စစ်ကူတိုက်သင်္ဘောတွေ လွှတ်လိုက်ပြီဆိုတဲ့ သတင်းကိုရတဲ့အခါ ကွန်စတန်တီနိုပယ်မြို့သားတွေ စိတ်တက်ကြွသွားသလောက် မာမက်ရဲ့ မှူးမတ်တွေ၊ အထူးသဖြင့် သူ့ငယ်ဆရာ ချန်ဒါဟာလီကတော့ တပ်ပြန်ဆုတ်ဖို့ပဲ တွင်တွင် ပြောနေတော့တယ်။ ဘုရင်ကွန်စတန်တင်းနဲ့ နှစ်ဖက်အပစ်ရပ်သဘောတူညီမှုယူပါ။ မြို့ကို မသိမ်းနိုင်ပေမယ့် ကိုယ်လိုချင်တဲ့ တခြားအရာတွေတွေတောင်းပါ။ သူတို့ဘက်ကလည်း ကျိန်းသေပေါက်သဘောတူမှာပဲ။ ဒီလောက်ရရင်ကိုပဲ ကိုယ်တွေဘက်က နိုင်ပြီလို့သဘောထားပါလို့ ပြောပြီး ဖျောင်းဖျတယ်။

ဒါပေမဲ့ မာမက်က သူ့ဆရာပြောတာကိုလက်မခံဘဲ သူတို့ဘက်က စစ်ကူတွေရောက်မလာခင် အခုပဲ ပွဲသိမ်း တိုက်မယ်လို့ ကြေညာလိုက်တယ်။ အမြောက်ဒဏ် တရစပ်ထိခံထားရတဲ့ အားအနည်းဆုံး ဂိတ်ပေါက်ကနေ ဖိတိုက်တယ်။ တိုက်တဲ့အခါမှာ စစ်သားတွေကို အမျိုးအစားခွဲလိုက်ပြီး အားအနည်းဆုံးနဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက်သမားတွေကို အရင်၊ ပြီးရင် စည်းကမ်းအပြည့်ဆုံးပုံမှန်စစ်သားတွေ၊ ပြီးရင် တိုက်ရည်ခိုက်ရည် အကောင်းဆုံးတပ်ဆိုပြီး လှိုင်းတွေလိုတစ်လုံးပြီးတစ်လုံးလွှတ်တယ်။ အီတလီကြေးစား စစ်သားတွေနဲ့ ရောမစစ်သားတွေဟာ ပထမလွှတ်တဲ့စစ်တပ်တွေကို တောင့်ခံနိုင်ပေမယ့် နောက်ဆုံး တပ်သားတွေကိုတော့ မခံနိုင်ဘဲနောက်ဆုတ်ရင်းဆုတ်ရင်း အီတလီကြေးစားစစ်ဗိုလ်လည်း ကျသွားတယ်။ အော်တိုမန်တပ်တွေ မြို့ထဲဝင်နိုင်ခဲ့ပြီး မြို့ကိုသိမ်းလိုက်နိုင်တယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၁၀၀၀ လောက် တည်တံ့ခဲ့တဲ့ ကက်သလစ်တို့ရဲ့ ရောမအင်ပါယာဟာ မီးစာကုန်ဆီခန်းသွားခဲ့ပြီး အော်တိုမန်လို့ခေါ်တဲ့ တူရကီမျိုးနွယ် စူလတန်တွေအုပ်စိုးတဲ့ အော်တိုမန်အင်ပါယာအသစ်တစ်ခုပေါ်ထွက်လာခဲ့တယ်။ ၁၅ ရာစုကနေ စခဲ့တဲ့ အော်တိုမန် အင်ပါယာဟာ ၂၀ ရာစုအစောပိုင်းပထမကမ္ဘာစစ် အပြီးအထိ တည်တံ့ခဲ့တယ်။

ထင်မှတ်မထားတဲ့ကြားထဲက မာမက်ဟာ နှစ်လအတွင်း ကွန်စတန်တီနိုပယ်ကို သိမ်းနိုင်ခဲ့ရာမှာ အောက်ပါ အကြောင်းတွေကို တွေ့ရတယ်။

- မာမက်ဟာ အရင်က ရှုံးနိမ့်မှုတွေကို ပြန်လေ့လာတယ်။ ဘာကြောင့် ရှုံးရသလဲ ပြန်ကြည့်တယ်။

- စစ်သည်အင်အား၊ လက်နက်အင်အား တောင့်တင်းအောင် လုပ်တယ်။

- မဟာဗျူဟာ၊ နည်းဗျူဟာကောင်းတယ်။ တီထွင်ဖန်တီးစဉ်းစားတတ်တယ်။ လှေကြီးထိုးရိုးရိုးမသွားဘူး။

- အောက်လက်ငယ်သားတွေကို စည်းရုံးရာမှာကောင်းတယ်။ ခွင့်လွှတ်ထိုက်သူကိုလည်း ခွင့်လွှတ်တယ်။ မညှာတာရမယ့် နေရာမှာလည်း မညှာတာဘူး။

- ရန်သူ့အတွင်းသတင်းကို ရအောင် စုံစမ်းတယ်။ နှစ်ဖက်ခွ သတင်းပေးတွေကိုလည်း ခြိမ်းခြောက်နည်း တစ်ဖုံ၊ စည်းရုံး၍တစ်သွယ် ကိုယ့်ကိုပဲသတင်းပေးအောင် လုပ်တယ်။

- အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တဲ့ အီတလီကြေးစားစစ်ဗိုလ်ကို မက်လုံးပေးပြီး ဟိုဘက်ကနေ မတိုက်ပေးဖို့ စည်းရုံးတယ်။ (မအောင်မြင်ခဲ့ဘူး)

- အချိန်ဆွဲမနေဘဲ လုပ်စရာရှိတာ မြန်မြန်ထက်ထက် လုပ်တယ် (စစ်ကူတွေလာရင် နိုင်ဖို့အခွင့် နည်းသွားပြီ)

- မည်မျှပင် နိုင်နိုင်ခြေနည်းသည်ဖြစ်စေ သူနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ကို လျှော့မချလိုက်ဘူး။

- တစ်ဖက်ကိုကြည့်ရင်လည်း ရောမအင်ပါယာဟာ မီးစာကုန်ဆီခန်း နေဝင်ချိန်ကို ရောက်နေပြီ။ ရောမဘုရင် ကွန်စတန်တင်းရဲ့ မှူးမတ်တွေထဲမှာလည်း သဘောထားတွေ ကွဲနေကြတယ်။

- သူတို့ဟာ စစ်ကူကိုမျှော်ရင်းမျှော်ရင်းနဲ့ပဲ အော်တိုမန်တပ်ကို အရှုံးပေးလိုက်ရတယ်။

ဒဏ္ဍာရီဆန်သောဖြစ်ရပ်များနဲ့ အတိတ်တဘောင်များ

ကွန်စတန်တီနိုပယ်မြို့ကြီးနဲ့ ပတ်သက်တဲ့ တဘောင်တစ်ခုက မြို့ကိုတည်ထောင်သူနဲ့ မြို့ကိုဆုံးရှုံးလိုက်ရသူ ဘုရင်နှစ်ပါးစလုံးဟာ နာမည်တူလိမ့်မယ်တဲ့။ မြို့ကိုစတည်ထောင်သူက ပထမမြောက် ကွန်စတန်တင်း ဖြစ်ပြီး မင်းဆက်ရဲ့နောက်ဆုံးဘုရင်ကလည်း ကွန်စတန်တင်း (၁၁ ဦးမြောက်) ပါပဲ။ ဘုရင်နှစ်ပါးစလုံးရဲ့ အမေနာမည်တွေကလည်း တူကြတယ်။

ကွန်စတန်တီနိုပယ်ကျဆုံးမယ့်နေ့မှာ ထူးထူးခြားခြား မြို့ရဲ့ကျက်သရေဆောင် ဘုရားကျောင်းကြီးဖြစ်တဲ့ ဆိုဖီယာကျောင်းတော်ကြီးရဲ့အထက်မှာ အလင်းရောင်တွေပြိုးပြက်နေတယ်။ မြို့ကိုစောင့်ရှောက်တဲ့ မယ်တော်မာရီဟာ မြို့ကိုစွန့်ခွာသွားခြင်းဆိုတဲ့ အတိတ်နိမိတ်လို့လည်း ယူဆကြတယ်။

မာမက်ဟာ ရှေးက အစ္စလာမ်ရှေ့ဖြစ်ဟောတွေထဲမှာပါတဲ့အတိုင်း ကွန်စတန်တီနိုပယ်ကို မွတ်စလင် ဘုရင်တစ်ပါးက သိမ်းပိုက်နိုင်လိမ့်မယ်ဆိုတဲ့ အဟောကို ယုံကြည်တယ်။ လကြီးဟာ အနီရောင်ပြောင်းသွားပြီဆိုရင် ဆန္ဒတွေပြည့်ဝတော့မယ့်နိမိတ်ပဲလို့ သူ့မွေးစားအမေက ပြောခဲ့ဖူးတယ်။ မြို့သိမ်းတိုက်ပွဲမတိုင်ခင် ညမှာ လဟာအနီရောင်ပြောင်းသွားတယ်။

တဘောင်တစ်ခုက လကြတ်ပြီးရင် ကွန်စတန်တီနိုပယ်မြို့ကြီးကျမယ်လို့ ရှိတယ်။ အဲဒီရက်မှာလည်း လကြတ်တယ်။ ဒါတွေကတော့ အတည်ပြုလို့မရတဲ့ ပါးစပ်ရာဇဝင်တွေပါပဲ။

ခေတ်သစ်တစ်ခု အစပြုဖို့ ခေတ်ဟောင်းတစ်ခု ချုပ်ငြိမ်းပေးရတယ်။ ခေတ်ဟောင်းချုပ်ငြိမ်းဖို့အတွက် ဆိုင်ရာ အကြောင်းတရားတွေရှိတဲ့အထဲမှာ လူတွေရဲ့ကံ၊ ဉာဏ်၊ ဝီရိယက အဓိကကျတယ်လို့ ဆိုရမယ်။

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...