Skip to main content

ကွန်စတန်တီနိုပယ်မြို့ကြီးကို အောင်နိုင်ခြင်း

သက္ကရာဇ် ၁၄၅၁ မှာ အော်တိုမန်ထီးနန်းကို ရလာတဲ့ ဒုတိယမြောက် စူလတန်မာမက်ဟာ သူ့အရင် ဘယ်သူမှ ရအောင်မသိမ်းနိုင်ခဲ့တဲ့ ကွန်စတန်တီနိုပယ်မြို့ (ယခုခေတ် တူရကီနိုင်ငံ အစ္စတန်ဘူ) ကို နှစ်လအတွင်း ရအောင် သိမ်းနိုင်ခဲ့သူဖြစ်ပြီး အောင်နိုင်သူမာမက် (Mehmed the Conqueror) ဆိုတဲ့အမည်ကို ရခဲ့သူဖြစ်ပါတယ်။ သူဟာ အသက် ၂၁ နှစ်နဲ့တင်အော်တိုမန်အင်ပါယာပြည့်ရှင်လည်း ဖြစ်လာသူဖြစ်တယ်။ မာမက်ဟာ ငယ်စဉ်မင်းသားဘဝကတည်းက ရည်မှန်းချက် ကြီးသူဖြစ်ပြီး မဟာအလက်ဇန္ဒားကို အားကျခဲ့သူလည်းဖြစ်တယ်။ သူ့အဖေအပါအဝင် ဒေသတွင်းက အားပြိုင်နေကြတဲ့ ထီးပြိုင်နန်းပြိုင်ဘုရင်တွေဟာ ရောမအင်ပါယာရဲ့ထီးနန်းစိုက်ရာ ကွန်စတန်တီနိုပယ်ကို ၂၃ ကြိမ်တိတိ ချီတက်လုပ်ကြံကြပေမဲ့ ခိုင်ခံ့တဲ့ ကွန်စတန်တီနိုပယ်မြို့တံတိုင်းကို မထိုးဖောက်နိုင်ခဲ့ဘဲ အကြိမ်ကြိမ်အခါ တပ်လန်ခဲ့ရပါတယ်။


မာမက် နန်းတက်လာတော့ ကွန်စတန်တီနိုပယ်ကို တက်သိမ်းဖို့ပြင်တယ်။ သူ့ငယ်ဆရာလည်းဖြစ် နန်းရင်းဝန်လည်းဖြစ်တဲ့ ချန်ဒါလ်ဟာလီ (Candarl Halil) ကတော့ မင်းပျိုမင်းလွင် မာမက်ဟာ စိတ်ဆတ်တယ်၊ အတွေ့အကြုံနည်းတယ် စတာတွေကြောင့် ကွန်စတန်တီနိုပယ်မြို့ကြီးကို သိမ်းနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး။ ဒါပေမဲ့ မာမက်ဟာ ငယ်ရွယ်သူဖြစ်သော်ငြား သူ့မှာ သူများနဲ့မတူအောင် စဉ်းစားတတ်ပြီး ကြံတတ်ဖန်တတ်တဲ့ ညာဉ်ရှိတယ်။ ဒါ့အပြင် မာမက်ဟာ ဒီမတိုင်ခင် ၂၃ ကြိမ်တိတိ ကျရှုံးခဲ့ရတဲ့ မြို့သိမ်းချီတိုက်ပွဲတွေကို ပြန်လေ့လာပြီး ဘာကြောင့်ရှုံးခဲ့ရသလဲ ဆိုတာ လေ့လာတယ်။ ကွန်စတန်တီနိုပယ်ဟာ ဥရောပသမိုင်းမှာ တန်ခိုးထွားခဲ့တဲ့ ရောမအင်ပါယာ၊ ဘိုင်ဇန်တိုင်းအင်ပါယာ၊ အရှေ့ရောမအင်ပါယာတို့ရဲ့ ထီးနန်းစိုက်ရာအဖြစ် နှစ်ပေါင်း ၁၃၀၀ လောက် အဆက်ဆက် တည်ရှိခဲ့တဲ့မြို့။ ဥရောပနဲ့အာရှ ဆုံရာမှာတည်ရှိပြီး ကုန်စည်ကူးသန်းမှုဗဟိုအချက်အချာ ကျတဲ့မြို့။ ပတ်လပတ်လည်မှာ ပင်လယ်တွေ၊ ရေလက်ကြားတွေဝိုင်းရံထားတာမို့ ပထဝီအနေအထားအရ အသာစီးရတဲ့မြို့ဖြစ်တဲ့အပြင် မြို့ရိုးတံတိုင်းကိုလည်း သုံးထပ်အဆင့်ဆင့် ကာရံထားတာကြောင့် ဘယ်လို ဖောက်ဖောက် တိုးမပေါက်တဲ့မြို့ဖြစ်တယ်။ မြန်မာနိုင်ငံက အင်းဝ မြို့တည်နေပုံမျိုးပဲ။

သူ့ရှေ့က ၂၃ ကြိမ်တိုင်တိုင် မနိုင်ခဲ့တဲ့စစ်ပွဲတွေမှာ ကွန်စတန်တီနိုပယ်ရဲ့ ဒီတံတိုင်းတွေကို မကျော်နိုင်ခဲ့ဘူး။ ဒါကြောင့် မာမက်ဟာ ဘူလ်ဂေးရီးယားသား အင်ဂျင်နီယာတစ်ယောက်ရဲ့အကူအညီနဲ့ ကြီးမားတဲ့ စိန်ပြောင်းအမြောက်ကြီးတွေကို ပြုလုပ်တယ်။ ပြောင်းအရှည် ၁၇ ပေ၊ ပြောင်းဝ ၃ ပေခွဲနဲ့ ၁၇ တန်လောက် လေးတဲ့ အမြောက်ကြီးတစ်လုံးဟာ တစ်မိုင်ခွဲလောက်ရောက်အောက် ပစ်ခတ်နိုင်ပြီး အဲဒီခေတ်အခါကဆိုရင် တစ်ခါမှမပေါ်ဖူးသေးတဲ့ အမြောက်မျိုးပဲ။ ပေါက်ကွဲအားကြောင့် ကိုယ်ဝန်သည်တွေ သားလျှောရလောက်အောင် ပြင်းထန်တယ်တဲ့။ အဲဒီအမြောက်ပေါင်း ၇၀ လောက်ကို သွန်းလုပ်ပြီး မာမက်ဟာ ကွန်စတန်တီနိုပယ်ရဲ့ မြောက်ဘက်တံတိုင်းကနေ အဆက်မပြတ်ပစ်ခတ်တယ်။ မြို့တံတိုင်းဟာ အပျက်အစီး များပေမယ့် လုံးဝပြိုကျသွားလောက်အောင်တော့ မဖြစ်ခဲ့ဘူး။

ကွန်စတန်တီနိုပယ်မှာ နန်းစိုက်တဲ့ ရောမအင်ပါယာပြည့်ရှင် ကွန်စတန်တင်း (၁၁) မှာ စစ်သည်အင်အား လူ ၇၀၀၀ ကျော်လောက်ပဲရှိတဲ့အပြင် အများစုက အီတလီကြေးစားစစ်တပ်ဖြစ်တယ်။ မာမက်ရဲ့အော်တိုမန် တပ်မှာတော့ လူ ၈၀,၀၀၀ ကနေ နှစ်သိန်းအထိ ပါတယ်လို့ဆိုတယ်။ ဒါ့အပြင် စစ်သင်္ဘောကလည်း ရာကျော် ပါသေးတယ်။ စစ်သည်အင်အား ကွာခြားပေမယ့် မာမက်ရဲ့တပ်သားတွေဟာ မြို့ရိုးအနားကိုချဉ်းကပ်သွားတိုင်း အီတလီကြေးစားတပ်သားတွေကို မကျော်နိုင်ဘဲ အကျအဆုံးများစွာနဲ့ပြန်လာရတယ်။ မာမက်ဟာ နောက်တစ်နည်းကြံပြန်တယ်။ မြေအောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး မြို့ရိုးတံတိုင်းအောက်တည့်တည့်ရောက်ရင် တံတိုင်းပြိုကျအောင် ယမ်းနဲ့ဖောက်ခွဲပစ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့လှိုဏ်တူးတဲ့အကြံကို ရောမဘုရင်ဘက်က သိသွားပြီးအချိန်မီ တားဆီးနိုင်ပြန်တယ်။

မာမက်ဟာ ရေကြောင်းဘက်ကလှည့်ဖိုးကြိုးစားတယ်။ ကွန်စတန်တီနိုပယ်ရဲ့ အရှေ့ဘက်ဟာ ဘော့စဖိုးရပ် ရေလက်ကြားဖြစ်ပြီး အဲဒီဘက်ခြမ်းက ဟွန်းဆိပ်ကမ်း (Habour of Horn) ကို သင်္ဘောနဲ့ဝင်ဖို့ကြိုးစားတယ်။ အဲဒီဘက်က မြို့ရိုးတံတိုင်းဟာ မြောက်ဘက်က ကုန်းတွင်းပိုင်းမြို့တံတိုင်းလောက် အားမကောင်းလို့ပဲ။ ဒါပေမဲ့ ဘော့စ်ဖိုးရပ်ကို ဝင်ဖို့ရာအတွက် ရေလက်ကြားရဲ့အဝမှာ ဧရာမသံချိန်းကြိုးကြီးတစ်ခုကို ဟိုဘက်ကမ်း ဒီဘက်ကမ်းကနေ ရေပေါ်ကန့်လန့်ဖြတ်ချထားတယ်။ မိတ်ဆွေသင်္ဘောတွေဆိုရင် သံချိန်းကြိုးကို အောက်ချပေးလိုက်ပြီး ရန်သူသင်္ဘောဝင်လာရင်တော့ တင်းထားလိုက်တဲ့အတွက် သံကြိုးနဲ့ ငြိပြီးဆက်မသွားနိုင်ဘူး။ ဒီသံကြိုးဟာ ကွန်စတန်တီနိုပယ်ရဲ့ရေကြောင်းလုံခြုံရေးအတွက် မြို့ရဲ့သက်တမ်းနဲ့ အမျှ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်လို့ဆိုတယ်။

မာမက်ဟာ ရေလက်ကြားထဲကို ဝင်ဖို့ သင်္ဘောတွေကိုဖြတ်မမောင်းခိုင်းတော့ဘဲ အရှေ့ဘက်ကမ်းပေါ်က အီတလီကိုလိုနီဖြစ်တဲ့ ဂါလာတာရပ်ကွက်ရဲ့ နောက်ဘက်ကုန်းတွင်းပိုင်းကနေ သင်္ဘောတွေကို ဖြတ်သယ်ဖို့ လုပ်တယ်။ တောင်ကုန်းပေါ်က သစ်ပင်တွေကိုရှင်းပြီး သင်္ဘောတွေသယ်ဖို့လမ်းဖောက်၊ ပြီးရင် သစ်လုံးတွေကို အောက်ကခံပြီး တောင်ကုန်းပေါ်ကိုဆွဲတင်တယ်။ ကွန်စတန်တီနိုပယ်ဘက်က ကြည့်ရင် တောင်ကုန်းခံနေတဲ့ အတွက် သင်္ဘောတွေကို ကုန်းတွင်းပိုင်းကနေ ပတ်ပြီးရွှေ့နေတာကို မမြင်ရဘူး။ သတိထားမိတဲ့အချိန်မှာ သင်္ဘော ၇၀ ကျော်ဟာ ဘော့စဖိုးရပ်ရေလက်ကြားအတွင်းရောက်ပြီးသွားပြီး။ Habour of Horn ကို ဝိုင်းထား လိုက်ပြီ။ ဒါကြောင့် ကွန်စတန်တင်းဟာ မြောက်ဘက်မြို့ရိုးက အီတလီကြေးစားတွေကို အရှေ့ဘက်မြို့ရိုးဆီ ခွဲဖြန့်ချလိုက်ရတဲ့အတွက် အင်အားနည်းသွားတယ်။ ရောမဘုရင်ဟာ ပုပ်ရဟန်းမင်းဆီကနေ စစ်ကူလှမ်းတောင်းထားပြီး ဒီကြားထဲမှာ ရှိသမျှအင်အားနဲ့ အော်တိုမန်တပ်ကို တောင့်ခံထားတယ်။

မြို့ကိုဝိုင်းရံပိတ်ဆို့ပြီးလုပ်ကြံတာ နှစ်လနီးပါးရှိလာပေမယ့် မာမက်ရဲ့တပ်တွေဟာ မြို့ရိုးကိုမကျော်နိုင်ဘူး ဖြစ်နေတဲ့အခါ စစ်သားတွေစိတ်ဓာတ်ကျလာတယ်။ ဒီကြားထဲမှာ ဗင်းနစ်ကနေ စစ်ကူတိုက်သင်္ဘောတွေ လွှတ်လိုက်ပြီဆိုတဲ့ သတင်းကိုရတဲ့အခါ ကွန်စတန်တီနိုပယ်မြို့သားတွေ စိတ်တက်ကြွသွားသလောက် မာမက်ရဲ့ မှူးမတ်တွေ၊ အထူးသဖြင့် သူ့ငယ်ဆရာ ချန်ဒါဟာလီကတော့ တပ်ပြန်ဆုတ်ဖို့ပဲ တွင်တွင် ပြောနေတော့တယ်။ ဘုရင်ကွန်စတန်တင်းနဲ့ နှစ်ဖက်အပစ်ရပ်သဘောတူညီမှုယူပါ။ မြို့ကို မသိမ်းနိုင်ပေမယ့် ကိုယ်လိုချင်တဲ့ တခြားအရာတွေတွေတောင်းပါ။ သူတို့ဘက်ကလည်း ကျိန်းသေပေါက်သဘောတူမှာပဲ။ ဒီလောက်ရရင်ကိုပဲ ကိုယ်တွေဘက်က နိုင်ပြီလို့သဘောထားပါလို့ ပြောပြီး ဖျောင်းဖျတယ်။

ဒါပေမဲ့ မာမက်က သူ့ဆရာပြောတာကိုလက်မခံဘဲ သူတို့ဘက်က စစ်ကူတွေရောက်မလာခင် အခုပဲ ပွဲသိမ်း တိုက်မယ်လို့ ကြေညာလိုက်တယ်။ အမြောက်ဒဏ် တရစပ်ထိခံထားရတဲ့ အားအနည်းဆုံး ဂိတ်ပေါက်ကနေ ဖိတိုက်တယ်။ တိုက်တဲ့အခါမှာ စစ်သားတွေကို အမျိုးအစားခွဲလိုက်ပြီး အားအနည်းဆုံးနဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက်သမားတွေကို အရင်၊ ပြီးရင် စည်းကမ်းအပြည့်ဆုံးပုံမှန်စစ်သားတွေ၊ ပြီးရင် တိုက်ရည်ခိုက်ရည် အကောင်းဆုံးတပ်ဆိုပြီး လှိုင်းတွေလိုတစ်လုံးပြီးတစ်လုံးလွှတ်တယ်။ အီတလီကြေးစား စစ်သားတွေနဲ့ ရောမစစ်သားတွေဟာ ပထမလွှတ်တဲ့စစ်တပ်တွေကို တောင့်ခံနိုင်ပေမယ့် နောက်ဆုံး တပ်သားတွေကိုတော့ မခံနိုင်ဘဲနောက်ဆုတ်ရင်းဆုတ်ရင်း အီတလီကြေးစားစစ်ဗိုလ်လည်း ကျသွားတယ်။ အော်တိုမန်တပ်တွေ မြို့ထဲဝင်နိုင်ခဲ့ပြီး မြို့ကိုသိမ်းလိုက်နိုင်တယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၁၀၀၀ လောက် တည်တံ့ခဲ့တဲ့ ကက်သလစ်တို့ရဲ့ ရောမအင်ပါယာဟာ မီးစာကုန်ဆီခန်းသွားခဲ့ပြီး အော်တိုမန်လို့ခေါ်တဲ့ တူရကီမျိုးနွယ် စူလတန်တွေအုပ်စိုးတဲ့ အော်တိုမန်အင်ပါယာအသစ်တစ်ခုပေါ်ထွက်လာခဲ့တယ်။ ၁၅ ရာစုကနေ စခဲ့တဲ့ အော်တိုမန် အင်ပါယာဟာ ၂၀ ရာစုအစောပိုင်းပထမကမ္ဘာစစ် အပြီးအထိ တည်တံ့ခဲ့တယ်။

ထင်မှတ်မထားတဲ့ကြားထဲက မာမက်ဟာ နှစ်လအတွင်း ကွန်စတန်တီနိုပယ်ကို သိမ်းနိုင်ခဲ့ရာမှာ အောက်ပါ အကြောင်းတွေကို တွေ့ရတယ်။

- မာမက်ဟာ အရင်က ရှုံးနိမ့်မှုတွေကို ပြန်လေ့လာတယ်။ ဘာကြောင့် ရှုံးရသလဲ ပြန်ကြည့်တယ်။

- စစ်သည်အင်အား၊ လက်နက်အင်အား တောင့်တင်းအောင် လုပ်တယ်။

- မဟာဗျူဟာ၊ နည်းဗျူဟာကောင်းတယ်။ တီထွင်ဖန်တီးစဉ်းစားတတ်တယ်။ လှေကြီးထိုးရိုးရိုးမသွားဘူး။

- အောက်လက်ငယ်သားတွေကို စည်းရုံးရာမှာကောင်းတယ်။ ခွင့်လွှတ်ထိုက်သူကိုလည်း ခွင့်လွှတ်တယ်။ မညှာတာရမယ့် နေရာမှာလည်း မညှာတာဘူး။

- ရန်သူ့အတွင်းသတင်းကို ရအောင် စုံစမ်းတယ်။ နှစ်ဖက်ခွ သတင်းပေးတွေကိုလည်း ခြိမ်းခြောက်နည်း တစ်ဖုံ၊ စည်းရုံး၍တစ်သွယ် ကိုယ့်ကိုပဲသတင်းပေးအောင် လုပ်တယ်။

- အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တဲ့ အီတလီကြေးစားစစ်ဗိုလ်ကို မက်လုံးပေးပြီး ဟိုဘက်ကနေ မတိုက်ပေးဖို့ စည်းရုံးတယ်။ (မအောင်မြင်ခဲ့ဘူး)

- အချိန်ဆွဲမနေဘဲ လုပ်စရာရှိတာ မြန်မြန်ထက်ထက် လုပ်တယ် (စစ်ကူတွေလာရင် နိုင်ဖို့အခွင့် နည်းသွားပြီ)

- မည်မျှပင် နိုင်နိုင်ခြေနည်းသည်ဖြစ်စေ သူနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ကို လျှော့မချလိုက်ဘူး။

- တစ်ဖက်ကိုကြည့်ရင်လည်း ရောမအင်ပါယာဟာ မီးစာကုန်ဆီခန်း နေဝင်ချိန်ကို ရောက်နေပြီ။ ရောမဘုရင် ကွန်စတန်တင်းရဲ့ မှူးမတ်တွေထဲမှာလည်း သဘောထားတွေ ကွဲနေကြတယ်။

- သူတို့ဟာ စစ်ကူကိုမျှော်ရင်းမျှော်ရင်းနဲ့ပဲ အော်တိုမန်တပ်ကို အရှုံးပေးလိုက်ရတယ်။

ဒဏ္ဍာရီဆန်သောဖြစ်ရပ်များနဲ့ အတိတ်တဘောင်များ

ကွန်စတန်တီနိုပယ်မြို့ကြီးနဲ့ ပတ်သက်တဲ့ တဘောင်တစ်ခုက မြို့ကိုတည်ထောင်သူနဲ့ မြို့ကိုဆုံးရှုံးလိုက်ရသူ ဘုရင်နှစ်ပါးစလုံးဟာ နာမည်တူလိမ့်မယ်တဲ့။ မြို့ကိုစတည်ထောင်သူက ပထမမြောက် ကွန်စတန်တင်း ဖြစ်ပြီး မင်းဆက်ရဲ့နောက်ဆုံးဘုရင်ကလည်း ကွန်စတန်တင်း (၁၁ ဦးမြောက်) ပါပဲ။ ဘုရင်နှစ်ပါးစလုံးရဲ့ အမေနာမည်တွေကလည်း တူကြတယ်။

ကွန်စတန်တီနိုပယ်ကျဆုံးမယ့်နေ့မှာ ထူးထူးခြားခြား မြို့ရဲ့ကျက်သရေဆောင် ဘုရားကျောင်းကြီးဖြစ်တဲ့ ဆိုဖီယာကျောင်းတော်ကြီးရဲ့အထက်မှာ အလင်းရောင်တွေပြိုးပြက်နေတယ်။ မြို့ကိုစောင့်ရှောက်တဲ့ မယ်တော်မာရီဟာ မြို့ကိုစွန့်ခွာသွားခြင်းဆိုတဲ့ အတိတ်နိမိတ်လို့လည်း ယူဆကြတယ်။

မာမက်ဟာ ရှေးက အစ္စလာမ်ရှေ့ဖြစ်ဟောတွေထဲမှာပါတဲ့အတိုင်း ကွန်စတန်တီနိုပယ်ကို မွတ်စလင် ဘုရင်တစ်ပါးက သိမ်းပိုက်နိုင်လိမ့်မယ်ဆိုတဲ့ အဟောကို ယုံကြည်တယ်။ လကြီးဟာ အနီရောင်ပြောင်းသွားပြီဆိုရင် ဆန္ဒတွေပြည့်ဝတော့မယ့်နိမိတ်ပဲလို့ သူ့မွေးစားအမေက ပြောခဲ့ဖူးတယ်။ မြို့သိမ်းတိုက်ပွဲမတိုင်ခင် ညမှာ လဟာအနီရောင်ပြောင်းသွားတယ်။

တဘောင်တစ်ခုက လကြတ်ပြီးရင် ကွန်စတန်တီနိုပယ်မြို့ကြီးကျမယ်လို့ ရှိတယ်။ အဲဒီရက်မှာလည်း လကြတ်တယ်။ ဒါတွေကတော့ အတည်ပြုလို့မရတဲ့ ပါးစပ်ရာဇဝင်တွေပါပဲ။

ခေတ်သစ်တစ်ခု အစပြုဖို့ ခေတ်ဟောင်းတစ်ခု ချုပ်ငြိမ်းပေးရတယ်။ ခေတ်ဟောင်းချုပ်ငြိမ်းဖို့အတွက် ဆိုင်ရာ အကြောင်းတရားတွေရှိတဲ့အထဲမှာ လူတွေရဲ့ကံ၊ ဉာဏ်၊ ဝီရိယက အဓိကကျတယ်လို့ ဆိုရမယ်။

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...