သက္ကရာဇ် ၁၄၅၁ မှာ အော်တိုမန်ထီးနန်းကို ရလာတဲ့ ဒုတိယမြောက် စူလတန်မာမက်ဟာ သူ့အရင် ဘယ်သူမှ ရအောင်မသိမ်းနိုင်ခဲ့တဲ့ ကွန်စတန်တီနိုပယ်မြို့ (ယခုခေတ် တူရကီနိုင်ငံ အစ္စတန်ဘူ) ကို နှစ်လအတွင်း ရအောင် သိမ်းနိုင်ခဲ့သူဖြစ်ပြီး အောင်နိုင်သူမာမက် (Mehmed the Conqueror) ဆိုတဲ့အမည်ကို ရခဲ့သူဖြစ်ပါတယ်။ သူဟာ အသက် ၂၁ နှစ်နဲ့တင်အော်တိုမန်အင်ပါယာပြည့်ရှင်လည်း ဖြစ်လာသူဖြစ်တယ်။ မာမက်ဟာ ငယ်စဉ်မင်းသားဘဝကတည်းက ရည်မှန်းချက် ကြီးသူဖြစ်ပြီး မဟာအလက်ဇန္ဒားကို အားကျခဲ့သူလည်းဖြစ်တယ်။ သူ့အဖေအပါအဝင် ဒေသတွင်းက အားပြိုင်နေကြတဲ့ ထီးပြိုင်နန်းပြိုင်ဘုရင်တွေဟာ ရောမအင်ပါယာရဲ့ထီးနန်းစိုက်ရာ ကွန်စတန်တီနိုပယ်ကို ၂၃ ကြိမ်တိတိ ချီတက်လုပ်ကြံကြပေမဲ့ ခိုင်ခံ့တဲ့ ကွန်စတန်တီနိုပယ်မြို့တံတိုင်းကို မထိုးဖောက်နိုင်ခဲ့ဘဲ အကြိမ်ကြိမ်အခါ တပ်လန်ခဲ့ရပါတယ်။ မာမက် နန်းတက်လာတော့ ကွန်စတန်တီနိုပယ်ကို တက်သိမ်းဖို့ပြင်တယ်။ သူ့ငယ်ဆရာလည်းဖြစ် နန်းရင်းဝန်လည်းဖြစ်တဲ့ ချန်ဒါလ်ဟာလီ (Candarl Halil) ကတော့ မင်းပျိုမင်းလွင် မာမက်ဟာ စိတ်ဆတ်တယ်၊ အတွေ့အကြုံနည်းတယ် စတာတွေကြောင့် ကွန်စတန်တီနိုပယ်မြို့ကြီးကို သိမ်းနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး။ ဒါပေမဲ့ မာမက်ဟာ ငယ်ရွယ...