Skip to main content

ဝါဆိုလပြည့်နေ့အတွေးများ

ဓမ္မစကြာဒေသနာရဲ့အဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးအနက်က ရှင်ကောဏ္ဍညတစ်ပါးတည်းသာ တရားကို သိတယ် (သောတာပန်တည်တယ်)လို့ ဆိုတယ်။ ကျန်လေးပါးကတော့ နောက်ရက်တွေမှာ ဗုဒ္ဓက တရားရှုမှတ်တတ် အောင် အနီးကပ်သင်ကြားပြသပေးမှ (guide လုပ်ပေးမှ) သောတာပန် ကိုယ်စီတည်ကြတယ်။ အားလုံး သောတာပန်ဖြစ်ပြီး လပြည့်ကျော်ငါးရက်နေ့ကျမှ အနတ္တလက္ခဏသုတ်ကိုဟောမှ ငါးပါးစလုံး ရဟန္တာဖြစ်ကြတယ်။ 



ဆိုတော့ ပါရမီအရင့်အမာပုဂ္ဂိုလ်တွေတောင်မှ ဗုဒ္ဓနဲ့တွေ့ပြီးတရားနာရတာတောင် တရားသိမြင်တဲ့ အဆင့်ချင်းမတူကြဘူးပေါ့။ ဗုဒ္ဓရဲ့သာဝကတွေထဲမှာတောင် တစ်ဦးနဲ့တစ်ဦး တရားကိုထိုးထွင်းသိမြင်ကြတဲ့ အဆင့်တွေ ကွာခြားကြပြန်တယ်။ လူတစ်ဦးနဲ့တစ်ဦး ဉာဏ်ရဲ့လျင်မြန်မှုချင်းမတူကြဘူး။ နောက်ပြီး တရားအထက်အဆင့်တွေကို တက်လှမ်းရာမှာလည်း ကြာတဲ့အချိန်တွေ မတူကြပြန်ဘူး။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ဟာ ရှင်အဿဇိဟောတဲ့ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ …” အစချီ ဂါထာကိုနာရရုံနဲ့ သောတာပန်ဖြစ်ကြပေမဲ့ ရဟန္တာဖြစ်အောင် ဆက်အားထုတ်ကြရာမှာတော့ ရှင်မောဂ္ဂလာန်က ရက်သတ္တ တစ်ပတ်၊ ရှင်သာရိပုတ္တရာက နှစ်ပတ်ကြာတယ်လို့ ဆိုတယ်။ အကြောင်းကတော့ ရှင်သာရိပုတ္တရာဟာ ဉာဏ်ပညာမှာ ဧတဒဂ်ရမယ့် ပုဂ္ဂိုလ်ဖြစ်မှာမို့လို့ တရားကိုအနုစိတ် ခွဲခြမ်းစိတ်ဖြာလေ့လာနေတဲ့အတွက် ပိုကြာတာလို့လည်း ဆိုတယ်။ ရှင်မောဂ္ဂလာန်ကတော့ ရှုရမယ့်အရာကို ရှုပြီး မြန်မြန်ခရီးဆက်တော့ မြန်မြန်ကိစ္စပြီးတယ်ပေါ့။ 

ဗုဒ္ဓရဲ့သာဝကတွေထဲ တရားတစ်ပုဒ်၊ တစ်ဂါထာဆုံးအောင် နာရုံနဲ့ သောတာပန်၊ သကဒါဂမ် စသဖြင့် တည်တဲ့သူတွေ လူထဲမှာရော ရဟန်းထဲမှာရော အများအပြားရှိပေမဲ့ ရဟန္တာတန်းဖြစ်တာတော့ အတော်ရှားတယ်လို့ တွေ့ရတယ်။ တရားဦးနာရတဲ့ ရှင်ကောဏ္ဍညရော၊ အဂ္ဂသာဝကနှစ်ပါးရောဟာ ရဟန္တာတန်းမဖြစ်ဘဲ တရားနာနာချင်းမှာ သောတာပန်သာ ဖြစ်ကြတယ်။ ဗုဒ္ဓရဲ့ညီတော်လည်းဖြစ်၊ အလုပ်အကျွေးလည်းဖြစ်တဲ့ ရှင်အာနန္ဒာကျတော့ သောတာပန်ဖြစ်တာ လွယ်ပေမယ့် ရဟန္တာဖြစ်ဖို့ကျ အတော်ကြိုးစားယူလိုက်ရတယ်။ သူ့တစ်သက်လုံး ဗုဒ္ဓနဲ့အနီးကပ်နေပြီး တရားတွေအကုန် မှတ်ထားနိုင်သူ ဖြစ်ပေမဲ့ တရားကိုနှလုံးမသွင်းတော့ ဉာဏ်က ထပ်မတက်ဘူး။ ဒါနဲ့ ဗုဒ္ဓလွန်ပြီး သုံးလကြာမှ ရဟန္တာဖြစ်တယ်။

ဗုဒ္ဓရဲ့သာဝကတွေထဲမှာ အင်္ဂုလိမာလနဲ့ ရှင်ဗာဟိယတို့နှစ်ပါးပဲ တရားတစ်ပုဒ်အဆုံးမှာ ရဟန္တာ တန်းဖြစ်တယ် လို့မှတ်သားမိတယ်။ ရှိသေးရင်လည်း ထောက်ပြကြပေါ့။ အင်္ဂုလိမာလကိုတော့ သိကြတယ်။ လက်ညှိုးတစ်ထောင်ပြည့်ဖို့ တစ်ချောင်း (နှစ်ချောင်း) အလို အမေကိုသတ်ဖို့ လိုက်နေတုန်း ဗုဒ္ဓကိုတွေ့တော့ ဗုဒ္ဓကိုသတ်ဖို့လိုက်တယ်။ “ရပ် ရပ် ရဟန်းကြီး” လို့ပြောတော့ အင်္ဂုလိမာလကို ဗုဒ္ဓက “ပြေးနေသူဟာ ငါမဟုတ်၊ သင်ပဲဖြစ်တယ်။ သင်ပဲရပ်ရမှာ” လို့ ပြောလိုက်တဲ့ခဏ သတိဝင်သွားတယ်။ ငါက သံသရာဆက်မလည်တော့ဘဲ ရပ်နေသူ၊ မင်းကသာ မရပ်မနား သံသရာဆက်လည်နေသူလို့ ပြောတော့ ရှော့ခ် ရသွားပြီး တရားဆက်နာတော့ တရားအဆုံးမှာ ရဟန္တာဖြစ်တယ်။ 

ရှင်ဗာဟိယကတော့ ဒိဋ္ဌေဒိဋ္ဌမတ္တံ တရားကို ဟောဖြစ်စေတဲ့ အကြောင်းပုဂ္ဂိုလ်။ ခါးမှာပျဉ်ချပ်တွေကို ကြိုးနဲ့သီပြီး သူ့ကိုယ်သူရဟန္တာထင်နေတဲ့ ပရဗိုဇ်။ ဗုဒ္ဓနဲ့တွေ့တော့ လမ်းမှာဆွမ်းခံကြွနေတုန်း။ တရားဟောပါဆိုတော့ “ဗာဟိယ၊ ဆွမ်းခံကြွပြီးအောင် စောင့်ဦး” ဆိုလည်း မရ။ စိတ်ကတအားထက်သန်နေ။ နှစ်ကြိမ်ထိ ငြင်းလည်းမရတော့မှ ဆွမ်းခံရင်းမတ်တပ်နဲ့ပဲ “မြင်ရင်မြင်မှန်းသိကာမတ္တဖြစ်ပါစေ၊ ကြားရင်ကြားမှန်း သိကာမတ္တဖြစ်ပါစေ” အစချီတဲ့ ဒိဋ္ဌေဒိဋ္ဌမတ္တံဒေသနာကို တိုတိုတုတ်တုတ်ပဲ ဟောတယ်။ တရားအဆုံးမှာ ရဟန္တာအထိ တန်းဖြစ်တယ်။ ဒါကြောင့်လည်း ရှင်ဗာဟိယကို လျင်မြန်သောဉာဏ်ရှိသူတွေထဲမှာအထက်ဆုံး ဧတဒဂ်အဖြစ် အသိအမှတ်ပြုရတယ်။

(ဖြည့်စွက်။ ဗိမ္ဗိသာရမင်းရဲ့ မိဖုရား ခေမာ လည်း တစ်ထိုင်တည်းနဲ့ ရဟန္တာဖြစ်တယ် ဆိုတာ သိရလို့ ထပ်ဖြည့်စွက်လိုက်ပါတယ်။ ခေမာထေရီလည်း ရှင်သာရိပုတ္တရာနဲ့ အတူတူ ပညာဧတဒဂ်ရပါတယ်)

ရှင်ဗာဟိယတို့လို ဉာဏ်ထက်သူတွေရှိသလို ရှင်စူဠပန်တို့လို ဉာဏ်ထိုင်းတဲ့သာဝကတွေလည်း ရှိတာပဲ။ ရှင်စူဠပန်ကို သူ့အစ်ကိုကြီးလည်းဖြစ် ရဟန္တာလည်းဖြစ်တဲ့ ရှင်မဟာပန်က သုံးပိုဒ်လောက် ရှိတဲ့ ဂါထာလေးကို ကျက်ခိုင်းတာ ဝါတွင်းသုံးလလုံးကျက်တာတောင် မရဘူး။ ရှေ့ကရ၊ နောက်ကမေ့၊ နောက်ကရ အလယ်ကမေ့။ နောက်ဆုံး လူထွက်တော့မယ်ဆိုတော့မှ ဗုဒ္ဓက လာခဲ့ လူမထွက်နဲ့ဦး၊ ငါပေးတဲ့ ဒီပိတ်ဖြူလေးကို ပွတ်နေဆိုပြီးခိုင်း။ ပွတ်နေရင်းကမှ ပိတ်ဖြူစကလေး ညစ်နွမ်းလာတာကိုမြင်တော့ လက္ခဏာရေးသုံးပါးဉာဏ်ထင်၊ ဝိပဿနာရှုပြီး ရဟန္တာဖြစ်တယ်လို့ ဆိုတယ်။

ရှင်စူဠပန်အဖြစ်ကို ဖတ်ရတော့ Amir Khan ရိုက်တဲ့ Every child is special ဆိုတဲ့ ဘောလီးဝုဒ်ကားလေး သွားအမှတ်ရမိတယ်။ ဇာတ်ကားထဲမှာ ကလေးက Dyslexia ဆိုတဲ့ စာဖတ်၊ စာရေး၊ ဂဏန်းအတွက်မှာ ပုံမှန်ကျက်မှတ်လို့မရတဲ့ရောဂါဖြစ်နေတာ။ သူ့ ဉာဏ်ရည်က ပုံမှန်ပဲ။ တချို့နေရာတွေမှာ ကျန်တဲ့ကလေးတွေထက်တောင်မှ ထိုးထွင်းမြင်ဦးမယ်။ ဒါပေမဲ့ ဆရာတွေက နားမလည်တော့ သူ့ကို ငပျင်း၊ ငထိုင်းလို့မြင်ကြ။ နောက်ဆုံး Amir Khan နဲ့တွေ့မှ ကလေးက Dyslexia ဖြစ်နေမှန်းသိပြီး အထူးသီးသန့်သင်ကြားပေးတော့မှ ကလေးလည်း စာလိုက်နိုင်လာ၊ ပျော်လည်းပျော်လာတယ်။ ကောင်လေးဖြစ်တဲ့ Dyslexia ဟာ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကိုယ်တိုင် ငယ်ငယ်က ဖြစ်ဖူးတဲ့ရောဂါ။ အက္ခရာစာလုံးတွေကို ကွဲပြားအောင်မမှတ်တတ်၊ စာဖတ်ရင် အက္ခရာတွေ စာလုံးတွေ အရောရောအထွေးထွေးတွေဖြစ်။ အပေါင်းအနုတ်အမြှောက်အစားဆိုရင်လည်း ရှုပ်ထွေးပြီး တလွဲတွေတွက်။ စာမေးပွဲမှာ အမြဲ အမှတ်အနည်းဆုံးပဲရတယ်။

ရှင်စူဠပန် ဂါထာလေးတစ်ပိုဒ်ကိုကျက်တာမရတာ Dyslexia လား၊ တခြား ဘာရောဂါလည်းတော့မသိဘူး။ သူ့မှာ disorder တစ်ခုခုရှိနေတာတော့အမှန်ပေါ့။ ဗုဒ္ဓနဲ့သာ မတွေ့ရင် သူလည်း ရဟန္တာဖြစ်မှာမဟုတ်ဘူး။ ဟိုရုပ်ရှင်ထဲက ကလေးလည်း ဉာဏ်ရည်မီပါလျက်နဲ့ ဆရာကောင်းနဲ့သာ မတွေ့ရင် တစ်သက်လုံး စာတတ်တော့မှာမဟုတ်ဘူး။ ဆိုတော့ ဆရာကောင်းဟာ ဘဝမှာ သိပ်အရေးပါကြောင်း တွေ့ရတယ်။ လောကီမှာလည်း ဆရာကောင်း လိုအပ်တယ်။ ကလေးအကြောင်းနားမလည်ဘဲ စာအုပ်ကြီးအတိုင်း စွတ်သင်၊ စွတ်အကဲဖြတ်တဲ့ ဆရာတွေကြောင့် ပန်းကောင်းအညွန့်ကျိုးရတဲ့ကလေးတွေ အများကြီး ရှိသလို လောကုတ္တရာဆရာကောင်းနဲ့မတွေ့ရလို့ မဂ်ဖိုလ်မျိုးစေ့ ညှိုးရတဲ့ သူတွေလည်း အများကြီး နေမှာပဲ။ ဗုဒ္ဓဟာ ဘယ်သူက ဘယ်အရည်အချင်းရှိတယ်၊ ဘယ်လိုသွေးပေးလိုက်ရင် ဘယ်လို ကျောက်ကောင်း ဖြစ်လာမယ်ဆိုတာသိတဲ့ ဂုရုကြီးပဲ။ ဘာမှဖြစ်မလာမယ့်သူကိုလည်း အပင်ပန်းခံ ဟောမနေဘူး။ မီးစာလည်းရှိတယ်၊ ဆီလည်းရှိတဲ့ မီးခွက်တွေကို သူက မီးလိုက်ညှိပေးတဲ့သူပေါ့။ ဗုဒ္ဓမရှိတော့တဲ့နောက်မှာ နှောင်းလူတွေဟာ စမ်းတဝါးဝါးနဲ့သာ တရားအားထုတ် ရတော့တယ်။ ကိုယ့်ဟာ ဘာနည်းနဲ့ ဘယ်လိုရှုရင် အမြန်ဆုံးတရားမျက်စိရမယ်ဆိုတာ သိတဲ့ ဆရာကမရှိတော့ဘူး။ နှောင်းလူတွေမှာ တရားတစ်ပုဒ်နာရုံနဲ့ သောတာပန် စသည် တည်နိုင်တဲ့ ဉာဏ်မျိုး ကလည်း မရှိတော့ဘူးနဲ့ တူပါတယ်။ ပိဋကတ်သုံးပုံလုံး ခြောက်ခြားအောင်ကျွမ်းတာတောင် တလွဲတွေ လုပ်နေတဲ့ ဘုန်းကြီးတွေ ခုခေတ် ပေါမှပေါ။ ခုခေတ်မှာတော့ ဗုဒ္ဓရဲ့တပည့်တွေဟာ စာသိနဲ့တင် ရပ်နေကြပြီ။ ဒါပေမဲ့ အားထုတ်ရင်ရနိုင်သေးတဲ့ နေယျခေတ်လို့ ဆိုတယ်။ အားထုတ်တာတောင် အသေအကျေ အားထုတ်ရတဲ့ခေတ်ပေါ့။ အဲဒီမှာ ကျင့်စဉ်နည်းလမ်းနဲ့ ဆရာနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တာလည်း ရှိသလို တလွဲဖြစ်ပြီး တဝဲလည်လည်ဖြစ်နေတာတွေလည်း ရှိတာပဲ။

ပြောရင်းဘယ်ရောက်သွားမှန်း မသိဘူး။ ခုလို တစ်နိုင်ငံလုံး စိတ်ပူပန်သောကရောက်နေချိန်မှာ စိတ်ဓာတ် မကျဖို့နဲ့ တည်ငြိမ်အောင် လေ့ကျင့်ဖို့ပါပဲ။ စိတ်တည်ငြိမ်ဖို့ဆိုတာ “ဖြစ်လာသမျှကို ငါရင်ဆိုင်မယ်” ဆိုတဲ့ စိတ်ဝင်လာရင် တည်ငြိမ်လာတာပါပဲ။ ဒါဟာ လောကဟာ ကိုယ့်အလိုအတိုင်းမဟုတ်ဘူး၊ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေပဲ မဖြစ်ဘူး၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတယ်ဆိုတာကို လက်ခံလိုက်ခြင်းပဲ။ လူတွေက များသောအားဖြင့် ဘဝကို ပုံသေပဲ မသိစိတ်ထဲမှာ မြင်ထားကြတာကိုး။ ကိုယ့်မျက်စိရှေ့ မြင်နေရတဲ့ မိဘ၊ ဆွေမျိုးဉာတိ၊ သူငယ်ချင်း၊ စည်းစိမ်ဥစ္စာ အားလုံး ကိုယ်အပါအဝင် အမြဲတည်နေမယ်လို့ ထင်မှတ်နေကြတာကိုး။ ဒါတွေဟာ အချိန်မရွေး ဗျသနတရားနဲ့ကြုံရနိုင်တယ်ဆိုတာ သိထားရင် တကယ် ကြုံလာရင် မတုန်လှုပ်တော့ဘူး။ အဲဒီလိုသိတယ်ဆိုတာ တရားသိတာပဲ။ တရားသိရင် တည်ငြိမ်သွားတာပဲ။ မတုန်လှုပ်တော့ဘူး။ ဓမ္မစကြာအပါအဝင် ဗုဒ္ဓဟောခဲ့သမျှတရားဒေသနာတိုင်းရဲ့ ရည်ရွယ်ရင်းကလည်း ဘဝကို လောကကို မတုန်မလှုပ် ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်စေဖို့ပဲ။ စိတ်ခွန်အားသတ္တိရှိဖို့ပဲ။ အဲဒီလို ရှိဖို့ဆိုတာ ကလည်း အကြိမ်ကြိမ် လေ့ကျင့်ထားရတာမျိုး။ မဂ္ဂင်ရှစ်ပါးမှာပါတဲ့ သမ္မာသတိပေါ့။ သတိနဲ့ အမြဲနှလုံးသွင်း တာများလာရင် လောကရဲ့မမြဲပုံကိုမြင်လာပြီး လောကအပေါ် ငါစွဲနဲ့သိမ်းပိုက်မှုနည်းလာမယ်၊ သူသဘောသူ ဆောင်လို့ ရွေ့လျားပျက်စီးပြောင်းလဲခဲ့ရင်လည်း မတုန်မလှုပ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်လာမယ်။ ဘဝမှာ ကြုံရတဲ့ အဆိုးလောကဓံတွေကို ကျော်လွှားဖို့ရာမှာ စိတ်ဓာတ်ကသာလျှင် အဓိကပဲ။ စိတ်ဓာတ်ဆိုတာကလည်း အမှန်ကို အမှန်အတိုင်းမြင်ခြင်းနဲ့ အဖန်ဖန်နှလုံးသွင်းဆင်ခြင် လေ့ကျင့်ခြင်းကနေသာလျှင် မွေးမြူရတာမျိုး။ 

#ဝါဆိုလပြည့်နေ့အတွေးများ

Comments

  1. သိပ် နှစ် သက် တဲ့ စာ တ ပုဒ် ပါ။

    ReplyDelete
  2. ရှာနေတဲ့စာလေးပြန်တွေ့ပါပြီ ကျေးဇူးအထူးပါ

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

၃ နှင့် ၄ များ

သူငယ်ချင်းပင်၊ ဆိုချင်ဆိုစေ၊ သူတို့တွေသည်၊ ကမ္ဘေကမ္ဘာ၊ ခြားကွာမလောက်၊ ထင်မှတ်ရောက်၏။ တစ်ကိုင်းတည်းနားပင်၊ ဆိုချင်ဆိုလေ၊ သူတို့တွေသည်၊ နင်နေ-ငါသွား၊ ထိုစိတ်ထားရောက်၊ မေတ္တာပျောက်၏။ အတွေးအယူ၊ တူခဲစွာဝယ်၊ မြင်ကြားသိကြွယ်၊ ခြားနားရာဝယ်၊ ငယ်ကျွမ်းစွယ်တော်၊ ထိုနှစ်ဖော်လည်း၊ စကားဆိုခဲ၊ ရယ်ခဲလှာသည်၊ လားရာသွေဖည်ကြပြီကိုး...။ ဝေယံဘုန်း (၇ မေ ၂၀၁၈)