Skip to main content

မြန်မာ့ပြည်တွင်းရေးပဋိပက္ခ၊ အမှတ်လက္ခဏာပညတ်မှုများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း

မြန်မာနိုင်ငံရဲ့ ယနေ့အသွင်ကူးပြောင်း ရေးကာလ ခြေလှမ်းတွေကို အဓိကခြိမ်းခြောက်နေတဲ့ အန္တရာယ်ဟာ ပြည်တွင်းရေးပဋိပက္ခ (ဝါ) လူမျိုးစုပဋိပက္ခပါပဲ။ ဒါဟာလည်း နိုင်ငံရေးလေ့လာသူ ပညာရှင်တွေရဲ့အဆိုအရ ဒီမိုကရေစီအသွင်ကူးပြောင်းကာစ နိုင်ငံတွေ ရင်ဆိုင်ရ လေ့ရှိတဲ့ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေပြန်တယ်။ တခြားသောအရှေ့တောင်အာရှနိုင်ငံတွေမှာလည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ တိုင်းရင်းသားနိုင်ငံရေးဖြစ်စဉ်တွေကို ထည့်သွင်းတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသားအရေးဟာ မြန်မာပြည်မှာလောက် ဘယ်နိုင်ငံမှာမှ ပြဿနာအားလုံးရဲ့ဗဟိုမှာရှိမနေဖူးဘူး (Gilbert, 2009)။
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး စာတမ်းကိုင်ဆောင်ထားသော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု (ဓာတ်ပုံ - Reuters)
ဒီဆောင်းပါးဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းရှည်လျားလှတဲ့ ပြည်တွင်းစစ်မီးနဲ့ တိုင်းရင်းသားပဋိပက္ခပေါင်းစုံကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့ ဆေးနည်းတစ်ခု (ဝါ) ထွက်ပေါက်တစ်ခုကို ပေးဖို့တော့မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းရင်းသား ပဋိပက္ခဆိုတဲ့အပေါ် ကျွန်တော်တို့အကြား (အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတို့ရဲ့ ခံစားမှုကို တိုက်ရိုက်တွေ့ကြုံသိကို မရရှိနိုင်သူတွေအကြား) ရှိထားပြီးသားဖြစ်တဲ့ သိမှတ်နားလည်မှုတွေကို မတူတဲ့ရှုထောင့် (အထူးသဖြင့် တိုင်းပြည်ရဲ့ ပညာရေးစနစ် အတွင်းမှာရော၊ အားကောင်းတဲ့မီဒီယာတွေနဲ့ လူမှုဆက်ဆံရေးနယ်ပယ်အတွင်းမှာပါ သိပ်အလေးပေး ဖော်ပြလေ့မရှိတဲ့ ရှုထောင့်အမြင်) ကနေ လေ့လာတင်ပြဖို့ဖြစ်တယ်။ ဆောင်းပါးကို (၁) တိုင်းရင်းသားနဲ့ တိုင်းရင်းသားရဲ့ အဓိပ္ပာယ် အပေါ်သိမှတ်မှုအမျိုးမျိုး (၂) တိုင်းရင်းသားပဋိပက္ခတွေအပေါ်ခြုံငုံသုံးသပ်ချက်များ (၃) ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီး ဆွေးနွေးမှာပါ။ လေ့လာတင်ပြတဲ့နေရာမှာ မြန်မာ့နိုင်ငံရေးကို ပညာရပ်မူဘောင်အတွင်းကလေ့လာနေသူတွေရဲ့ အမြင်တွေကို အထူးအားပြုပြီး တင်ပြသွားမှာဖြစ်ပြီး စာရေးသူရဲ့ အတ္တနောမတိတွေကိုတော့ မိမိပေးနိုင်တဲ့၊ ဒါမှမဟုတ် ပေးသင့်တယ်လို့မြင်တဲ့နေရာတိုင်းမှာ ဖြည့်သွင်း တင်ပြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားနဲ့ တိုင်းရင်းသားဝေါဟာရအပေါ် သိမှတ်နားလည်မှုများ

တိုင်းရင်းသားဆိုတာဘာလဲ၊ တိုင်းရင်းသားဆိုတဲ့ဝေါဟာရဟာ ဘာကိုရည်ညွှန်းသလဲ။ တိုင်းရင်းသားလို့ပြောလိုက်ရင် လူအများစုက “Ethnicity” ဆိုတဲ့ အင်္ဂလိပ် စကားလုံးကို ပြေးမြင်ကြမှာပဲ။ ဒီစကားလုံးဟာ အတော်ကိုရှုပ်ထွေးစေတဲ့ စကားလုံးဖြစ်တယ်။ အကြောင်းကတော့ “တိုင်းရင်းသား”ဆိုတဲ့ မြန်မာဝေါဟာရကညွှန်းတဲ့ အဓိပ္ပာယ်နဲ့ “Ethnicity” ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကညွှန်းတဲ့ အဓိပ္ပာယ်တို့ ထပ်တူထပ်မျှမဖြစ်လို့ပဲဖြစ်တယ်။ “Ethnicity” ဆိုတာ “အစဉ်အဆက် လက်ခံယုံကြည်လာတဲ့အရာ”၊ လူမှုစနစ်ယဉ်ကျေးမှုသမိုင်းကြောင်းတစ်ခုတည်းကို လက်ခံသုံးစွဲကြတဲ့ လူအုပ်စုတစ်ခုရဲ့ အဖွဲ့ဝင်တွေပဲ (Connor in South 2012)။ အဲဒီ ရှုထောင့်ကကြည့်ရင် “ethnicity” သို့မဟုတ် “ethnic group” ဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့နယ်နိမိတ်ဘောင်ထဲမှာ မှီတင်းနေထိုင်တဲ့ ကိုယ်ပိုင်သွင်ပြင်လက္ခဏာတူညီကြတဲ့ လူအုပ်စု တစ်ခုကို ဆိုလိုတာ ဖြစ်တယ်။

အဲဒီ လူအုပ်စု (Ethnicity) တွေဟာ ကျန်တဲ့လူအုပ်စုတွေနဲ့ မတူကွဲပြားမှုရှိတဲ့အခါ (ဝါ) မတူအောင် အားထုတ်ကြတဲ့အခါ သူတို့ကို “Nation” (လူမျိုး) တွေလို့ သတ်မှတ်တယ် (Ibid xix)။ နောက်ထပ် ဖွင့်ဆိုချက်တစ်ခုအရလည်း “Nation” ဆိုတာဟာ “သမိုင်းဝင်နယ်မြေဒေသတစ်ခုမှာ နေထိုင်ပြီး တူညီတဲ့ဒဏ္ဍာရီတွေနဲ့ အစဉ်အဆက် မှတ်သားမှုတွေ၊ အများသုံး ယဉ်ကျေးမှုတစ်ရပ်၊ ထုံးတမ်းစဉ်လာဥပဒေတွေနဲ့ ဓလေ့တွေရှိတဲ့ နာမည်တစ်ခုပေးထားတဲ့ လူဦးရေတစ်ရပ်” ကို ခေါ်တာ ဖြစ်တယ် (Smith in Gilbert 2013)။ အဲဒီ လူမျိုးတစ်ရပ် (Nation) ရဲ့တန်ဖိုးတွေ၊ သင်္ကေတတွေ၊ မှတ်သားထားမှုတွေ၊ ဒဏ္ဍာရီတွေနဲ့ ရိုးရာအစဉ်အလာတွေအချင်းချင်း ဖွဲ့စည်းရက်ဖောက်ထားမှုကို မပျောက်ပျက်ထိန်းသိမ်းတာ၊ အဖန်ဖန် ပြန်ပြီး အနက်ပြန်ဆိုခြင်းဟာ အမျိုးသားစရိုက်လက္ခဏာ (National identity) ဖြစ်ပြီး (Breuilly in Ibid) လူမျိုးတစ်မျိုး (Nation) ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ညီညွတ်မှုနဲ့ စရိုက်လက္ခဏာတို့ကို ရရှိရေးနဲ့ ထိန်းသိမ်းထားနိုင်ရေး အတွက် နိုင်ငံရေးအရလှုပ်ရှားဆောင်ရွက်မှုဟာ အမျိုးသားရေးစိတ်ဓာတ်/ဝါဒ (Nationalism) ပဲ (Smith in Ibid)။ 

ဒါပေမဲ့ “တိုင်းရင်းသား”ဆိုတဲ့ မြန်မာဝေါဟာရမှာတော့ အဓိပ္ပာယ်က ဒါထက်မကပိုသွားတယ်။ မြန်မာစကားပြောတဲ့ မြန်မာ (ဒီနေရာမှာ ဗမာမဟုတ်သူတွေပါ အပါအဝင်) တွေအကုန်လုံးရဲ့ သိမှတ်နားလည်မှုထဲမှာ “တိုင်းရင်းသား” လို့ ပြောလိုက်ရင် သမိုင်းဝင်နယ်မြေဒေသတစ်ခုမှာ ရှေးပဝေသဏီကတည်းက ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြသူတွေလို့ အဓိပ္ပာယ်ထွက်တယ်။ နောက်ပြီး တိုင်းရင်းသားလို့ဆိုလိုက်ရင် ဗမာ/မြန်မာမဟုတ်တဲ့ တခြားလူမျိုးစုတွေ လို့လည်း အဓိပ္ပာယ်ထွက်နေပြန်တယ်။ “ကျွန်တော်/ကျွန်မက တိုင်းရင်းသားပါ” လို့ ပြောလိုက်ရင် သူသည် ဗမာ/မြန်မာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းထွက်နေတယ်။ တချို့သောပညာရှင်တို့က “ဗမာ/မြန်မာသည်လည်း တိုင်းရင်းသား တစ်မျိုးပဲ”လို့ ပြောဟောကြတာ ရှိတဲ့အတွက် “တိုင်းရင်းသား” ရဲ့ မူလအဓိပ္ပာယ်ဟာ နယ်မြေဒေသတစ်ခုမှာ နှစ်ကာလ တစ်ခုကတည်းက အခြေချနေထိုင်လာကြသူတွေကို ရည်ညွှန်းခြင်းဖြစ်တယ်လို့ ကောက်ယူလို့ရတယ်။ တိုင်းရင်းသား ဆိုတာကို အင်္ဂလိပ်လို အနီးစပ်ဆုံးပြန်ရရင် “Indigenous people” လို့ပဲ ပြန်ရနိုင်တယ်။ “Indigenous” ဟာ အရပ် ဒေသတစ်ခုမှာ မူလကတည်းကအခြေချနေထိုင်လာကြသူတွေဖြစ်ပြီး တခြားအရပ်ကနေ ရွှေ့ပြောင်းလာတဲ့သူတွေ မဟုတ်ဘူး (Oxford Advanced Learner’s Dictionary 2005)။ ဒီအနက်အရ အမေရိကတိုက်က ရက်ဒ်အင်ဒီးယန်းတွေ၊ သြစတြေးလျ တိုက်က အဘောရီးဂျင်းတွေဟာ ဌာနေလူမျိုး/တိုင်းရင်းသား (Indigenous people) တွေပဲ။ သူတို့ဟာ ဘယ်ကမှ ရွှေ့ပြောင်းရောက်လာကြတာမဟုတ်ဘူး။ နောက်မှရောက်လာတဲ့လူဖြူတွေဟာ “Indigenous people” တွေ မဟုတ်ကြပေမဲ့ သူတို့ဟာ “Ethnic groups” တွေတော့ဖြစ်တယ်။

ဒါကြောင့် အင်္ဂလိပ်လို “Ethnic conflict” လို့သုံးလိုက်ရင် မြန်မာ့မြေ၊ မြန်မာ့ရေပေါ်မှာရှိတဲ့ ကိုယ်ပိုင်ဟန်ပန် လက္ခဏာရပ် ကိုယ်စီရှိကြတဲ့ အားလုံးသောလူမျိုးစုတွေကြားက ပဋိပက္ခကို ဆိုလိုရင်းဖြစ်ပြီး မြန်မာလို “တိုင်းရင်းသားပဋိပက္ခ” လို့ သုံးလိုက်ရင်တော့ မြန်မာ့မြေပေါ်မှာ ရှေးနှစ်အတော်ကြာကတည်းက ပြောင်းရွှေ့အခြေချနေထိုင်လာခဲ့ကြတဲ့၊ ယနေ့ တရားဝင်အသိအမှတ် ပြုထားတဲ့ ၁၃၅ ခုသော လူမျိုးအုပ်စုကြီးတွေအကြားမှာ ရှိတဲ့ ပဋိပက္ခကို ညွှန်းလိုရင်းဖြစ်တယ်။ ဒါကြောင့် “Ethnic conflict” ဆိုရင် လူမျိုး ၁၃၅ မျိုးအပြင် မြန်မာပြည်ဖွားတရုတ်နဲ့ အိန္ဒိယသားအဆက်တွေ၊ နောက်ပြီး အခု ထိပ်တန်းရောက်ပြဿနာတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာနဲ့ တခြားလူမျိုးစု(တွေ)အရေးလည်း အကျုံးဝင်သွားပြီး တိုင်းရင်းသားပဋိပက္ခလို့သုံးရင်တော့ တရားဝင်အသိအမှတ်ပြု ၁၃၅ မျိုးကြားက အရေးကိစ္စကိုသာ ဆိုလိုရင်းဖြစ်ပါတယ်။ 

ဒီတစ်ပတ်ဂျာနယ်ရဲ့ ခေါင်းစဉ် ကို အင်္ဂလိပ်လို “Ethnic Conflicts and Peace Building” လို့ ပေးထားပေမယ့် မြန်မာလိုတော့ တိုင်းရင်းသားပဋိပက္ခနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလို့ပဲ ပေးထားတယ်။ ဒါကလည်း မြန်မာစာဖတ်သူတို့နဲ့ ပိုမိုယဉ်ပါးမယ့်စကားလုံးမျိုးကို ရွေးချယ်လိုရင်းဖြစ်ပြီး မည်သည့်အုပ်စုကိုမှ ဖယ်ထုတ်လိုရင်းမရှိဘူး။ 

တိုင်းရင်းသားပဋိပက္ခတွေအပေါ်ခြုံငုံသုံးသပ်ချက်များ

ဒုတိယပိုင်းအနေနဲ့ ခုနကပြောခဲ့တဲ့ တိုင်းရင်းသား/လူမျိုးစုတွေအချင်းချင်းကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ကြည့်ရ အောင်ပါ။ မြန်မာပြည်လို့ ယနေ့ခေါ်တဲ့တိုင်းပြည်ပေါ်မှာ နဝတ/နအဖအစိုးရလက်ထက် သတ်မှတ်ကြေညာချက်အရ တိုင်းရင်းသားလူမျိုး တရားဝင် ၁၃၅ မျိုးရှိတယ်။ တချို့ကလည်း လူမျိုးရေတွက်ပုံတွေဟာ ထပ်နေတယ်လို့ ဆိုပြီး အဲဒီလောက်ပမာဏမရှိဘူးလို့လည်း ဆိုတယ်။ ဒီဆောင်းပါးမှာ ဒါကို သုံးသပ်မှာ မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုး အများအပြားရှိတယ်လို့ပဲ ဆိုရအောင်။ အဲဒီတိုင်းရင်းသားလူမျိုးစုတွေဟာ အခု မြန်မာလို့ ခေါ်တဲ့မြေပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီတဲ့ကာလကတည်းက ရောက်ရှိနေထိုင်ခဲ့ကြပြီး ကိုယ့်အုပ်ချုပ်ရေးပုံစံနဲ့ကိုယ် နေထိုင်ခဲ့ကြ တယ်။ အဲဒီနယ်မြေပေါ်မှာ ဘုရင့်နိုင်ငံ (Kingdom) တွေပေါ်ထွက်ခဲ့ဖူးရာမှာ ပျူ၊ မြန်မာ/ဗမာ၊ ရခိုင် နဲ့ မွန်မြို့ပြ နိုင်ငံတွေဟာ အထင်ရှားဆုံးပဲ။ အဲဒီ မြို့ပြနိုင်ငံတွေဟာ ကိုယ့်မင်းနဲ့ကိုယ် သီးခြားရပ်တည်ခဲ့တဲ့ ကာလ တွေရှိခဲ့သလို မင်းတစ်ပါးပါးရဲ့လက်အောက်မှာ အဲဒီမင်းကို သြဇာခံ (သို့မဟုတ်) အညံ့ခံခဲ့ရတဲ့ကာလတွေလည်း ရှိတယ်။ ပျူခေတ်ကွယ်ပျောက်သွားပြီးတဲ့နောက်မှာ မြန်မာ/ဗမာမင်းနဲ့ မွန်မင်းတွေဟာ အချင်းချင်းအင်အားပြိုင်ကြတယ်။ တစ်ခါ တရံမှာ မြန်မာ/ဗမာ မင်းဘက်က အားသာရင် မွန်မြို့ပြနိုင်ငံငယ်တွေဟာ ဗမာ/မြန်မာလက်အောက်ကိုရောက်တယ်၊ မွန်က အားသာတဲ့အခါ မြန်မာ/ဗမာ မြို့ပြနိုင်ငံတွေဟာ မွန်လက်အောက်ကိုရောက်တယ်။ 

အဲဒီ မွန်နဲ့ ဗမာ/မြန်မာဘုရင်တွေဟာ မိမိဩဇာကို တတ်နိုင်သမျှဖြန့်ကျက်ကြတယ်။ ရခိုင်ကတော့ အနောက်ဖက် ကမ်းရိုးတန်းတစ်ဝိုက်မှာ မြို့ပြနဲ့ ဘုရင့်နိုင်ငံတွေထူထောင်နေထိုင်ကြပြီး မြန်မာ/ဗမာမင်းတွေနဲ့ မွန်မင်းတွေနဲ့ သင့်မြတ်အောင် နေထိုင်ကြတယ်။ တစ်ခါတစ်ရံမှာ မွန်နဲ့ဗမာ/မြန်မာ စစ်ဖြစ်တဲ့အခါ တစ်ဖက်ဖက်က မဟာမိတ်ဖွဲ့ဝင်ရောက်ကူညီကြ တယ်။ ရခိုင်ဟာ သီးခြားရပ်တည်ခဲ့တဲ့ ဘုရင့်နိုင်ငံတော်တစ်ခုဖြစ်ခဲ့ပြီး ကုန်းဘောင်ခေတ်မှာ ဗမာ/မြန်မာဘုရင်က ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ ၁၈ ရာစုအလယ်လောက်အထိ သီးခြားရပ်တည်ခဲ့တယ်။ အရှေ့ဘက် ကုန်းမြင့်မှာနေထိုင်ကြတဲ့ ရှမ်းတွေဟာ စော်ဘွား (ရှမ်းအသံထွက် စာဝ်ဖား ) လို့ခေါ်တဲ့ မင်းငယ် (ပဒေသရာဇ်) တွေက ကိုယ့်ကိုယ်ပိုင် သီးခြားပြည်နယ်တွေနဲ့ အုပ်ချုပ်ကြတဲ့ပုံစံမျိုးပဲ။ သူတို့ဟာ အနီးအနားမှာရှိတဲ့ ပိုပြီးအင်အားကြီးတဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ/ဗမာ၊ ယိုးဒသား၊ မွန်တို့နဲ့ သင့်မြတ်အောင်နေကြတယ်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့ ဩဇာခံပဏ္ဏာဆက် အဆင့်နဲ့နေပြီး အဲဒီနိုင်ငံကြီးတွေ အင်အားနည်းတဲ့အချိန်မှာ ဘယ်သူ့ကိုမှဩဇာမခံဘဲ နေကြတယ်။

ထိုနည်းလည်းကောင်း တခြားသောတိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ မြောက်ဖျားပိုင်းက ကချင်အုပ်စုဝင်တွေ၊ ချင်း၊ ကရင်၊ ကယား၊ ပအိုဝ်း စတာတွေဟာလည်း လူမျိုးစုအကြီးအကဲအုပ်ချုပ်ရေး (Chieftainship) စနစ်နဲ့ အုပ်ချုပ်နေထိုင်ကြတဲ့ လူမျိုးစုတွေဖြစ်ပြီး သူတို့ဟာလည်း အခါအားလျော်စွာ ဗမာ/မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ကိုယ့်ထက် အင်အားပိုကြီးတဲ့ လူမျိုးစုတွေရဲ့ ဩဇာခံတာမျိုး၊ သင့်မြတ်အောင်နေတာမျိုး၊ စစ်ဖြစ်ရင် ကူညီတာမျိုးနဲ့ နေထိုင်လေ့ရှိကြတယ်။ အင်္ဂလိပ်တို့ သိမ်းပိုက်တာခံရတဲ့ ၁၉ ရာစုနှစ်မတိုင်မီအထိ ဒီနိုင်ငံရဲ့မြေပေါ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပဋိပက္ခဟာ စစ်ဘုရင်တွေရဲ့နယ်မြေချဲ့ထွင်မှုနဲ့ ဩဇာဖြန့်ကျက်မှုတွေပဲ။ အဲဒီအချိန်တွေတုန်းက ယနေ့ခေတ်ရဲ့ နိုင်ငံတော် (State) ဆိုတဲ့ အယူအဆမျိုးနဲ့ တိုင်းပြည်ထူထောင်နေ ကြတာမျိုးမဟုတ်ဘဲ သက်ဦးဆံပိုင်ဘုရင်စံနစ် (Totalitarianism/Absolute monarchy) သို့မဟုတ် ပဒေသရာဇ်စနစ် (Feudalism) နဲ့ ထူထောင်ထားကြတဲ့ လူမျိုးစုနယ်မြေ (ဝါ) အမျိုးသားနိုင်ငံတွေ (Nation) တွေ၊ မြို့ပြနိုင်ငံငယ် (City State) တွေပဲဖြစ်တယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာ လူမျိုးတူတယ်၊ တစ်ခါတစ်ရံမှာ လူမျိုးမတူကြဘူး။ သူတို့အချင်းချင်းကြားမှာ လွန်ဆွဲမှုတွေရှိခဲ့တယ်။ ပယ်လိုပိုနီးရှန်း စစ်ပွဲများ (peloponnesian war) ကာလ ဂရိမြို့ပြနိုင်ငံတွေနဲ့ ဆင်တူတယ်။ မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံးပဋိပက္ခကတော့ မွန်ဘုရင်တွေနဲ့ဗမာ/ မြန်မာဘုရင်တွေကြားမှာဖြစ်တဲ့ စစ်ပွဲတွေပဲ။ အနှစ် ၄၀ နီးပါးကြာညောင်းခဲ့တယ်။

ဗမာ/မြန်မာ မဟုတ်တဲ့လူမျိုးစုတွေဘက်က အမြင်ကိုကြည့်ရင် သမိုင်းမှာ ယနေ့မြေပုံပေါ်မှာမြင်ရတဲ့ မြန်မာ (Myanmar/ Burma) ဆိုတဲ့ နိုင်ငံဟာ ရှေးယခင်ကတည်းရှိလာတာမျိုးမဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီစနစ်ကြောင့် ရလာတဲ့မြေပုံ တစ်ခုဖြစ်တယ်။ တိုင်းရင်းသားတွေဟာ ဘယ်တုန်းကမှ မြန်မာ/ဗမာရဲ့လက်အောက်ကို မရောက်ခဲ့ဖူးဘူး၊ ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ ကိုယ့်ဆုံးဖြတ်ခွင့်နဲ့ ကိုယ်နေခဲ့ရတာဖြစ်တယ်။ သူရဲကောင်းဗမာ/မြန်မာဘုရင်တွေ တည်ထောင်ခဲ့တဲ့ ပထမ၊ ဒုတိယနဲ့ တတိယ မြန်မာနိုင်ငံတော်တွေလက်ထက်မှာ ဗမာ/မြန်မာဘုရင့်နိုင်ငံလက်အောက်ကို ကြိုကြားကြိုကြား ကျရောက်ခဲ့တာတွေ ရှိပေမယ့် များသောအားဖြင့် ဗမာ/မြန်မာ မဟုတ်သူ တိုင်းရင်းသားတွေဟာ ကိုယ့်လွတ်လပ်ရေးနဲ့ ကိုယ်နေခဲ့ကြသူတွေ ဖြစ်တယ်။ အင်္ဂလိပ်က မြန်မာ/ဗမာဘုရင့်နိုင်ငံတော်ကို သိမ်းပိုက်ပြီးတဲ့အခါမှာ နယ်စွန်နယ်ဖျား တွေမှာရှိတဲ့ ဆက်စပ်နယ်မြေတွေနဲ့ တိုင်းရင်းသားဒေသတွေကိုပါ သိမ်းတယ်။ အဲဒီလိုသိမ်းယူတာဟာ မြန်မာ/ဗမာဘုရင့် ပိုင်နက် အနေနဲ့ သိမ်းယူတာမဟုတ်ဘဲ သီးခြားနယ်မြေတွေအနေနဲ့ သဘောထားပြီး သိမ်းယူတာဖြစ်တယ်။ လွတ်လပ်ရေး ရတော့လည်း သီးခြားစီလွတ်လပ်ရေးယူတာထက်စာရင် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်နဲ့ ယူတာက ပိုပြီးအကျိုးကျေးဇူး ရှိမယ်လို့လက်ခံတဲ့အတွက် အတူတကွလွတ်လပ်ရေးယူခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာ/ဗမာ တွေဟာ ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တိုင်းရင်းသားအားလုံးတန်းတူညီမျှရေးဆိုတာကို မျက်ကွက်ပြုပြီး လက်ရှိမြန်မာ့ နယ်နိမိတ်ထဲက နယ်မြေတွေကို ဗမာ/မြန်မာ တစ်မျိုးတည်းက အစဉ်အဆက်ပိုင်လာခဲ့ကြသယောင် တိုင်းရင်းသားတွေ အပေါ်ပြုမူကြတယ် လို့ မြင်ကြတယ် (Sai Latt, 2013 နှင့် Lian Sakhong, 2012)။ 

ယနေ့ မြန်မာနိုင်ငံရဲ့မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီးနဲ့ ရှုပ်ထွေးလှတဲ့တိုင်းရင်းသားပဋိပက္ခဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်း ကာလပဋိပက္ခကို ညွှန်းလိုရင်းဖြစ်တယ်။ အယူဝါဒရေးရာအပေါ်မှာအခြေခံတဲ့ ဗမာ/မြန်မာအများစုပါ ကွန်မြူနစ်တို့ကလွဲရင် ကျန်တဲ့တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးအားလုံးဟာ ပင်လုံစာချုပ်မှာပါတဲ့ ကတိကဝတ်တွေ တကယ် လက်တွေ့ အကောင်အထည်ပေါ်မလာတာကြောင့်ပဲ။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချင်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်တွေဟာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့အခြေခံမူတွေအပေါ်မှာ သဘောတူညီပြီး အနာဂတ်မြန်မာပြည်ထောင်စုမှာ အတူအကွလက်တွဲနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရှမ်းပြည်ထောင်များနဲ့ ကရင်နီဒေသတို့ ပြည်ထောင်စုအတွင်းမှာ ၁၀ နှစ်နေပြီးရင် ခွဲထွက်ခွင့်ကိုလည်း ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာ ထည့်သွင်းရေးဆွဲခဲ့တယ်။

၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပုံသဏ္ဌာန်အရ ပြည်ထောင်စု (federal union) ပုံစံရေးဆွဲထားပေမယ့် လက်တွေ့ မှာတော့ တစ်ပြည်ထောင် (unitary state) စနစ်ပဲဖြစ်လာတယ်။ “ပင်လုံညီလာခံအရ ချမှတ်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မလာခဲ့ဘဲ တစ်ပြည်ထောင်စနစ်ရဲ့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာများသာပါဝင်တဲ့ ဖက်ဒရယ်အမည်ခံ ပြည် ထောင်စုတစ်ခုသာ ဖြစ်လာခဲ့ပြီး အဲဒါကလည်း ဗမာ/မြန်မာလူမျိုးစုတစ်ခုတည်းက လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနစ်များနဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို ချုပ်ကိုင်ခဲ့တယ် (Sakhong, 2012: p1)”။ တကယ်တော့ ယနေ့မြင်နေရတဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံ”ဆိုတာဟာ ပင်လုံစာချုပ်ကြောင့် ပေါ်ပေါက်လာတဲ့နိုင်ငံသာဖြစ်ပြီး အင်္ဂလိပ် ကိုလိုနီခေတ်မတိုင်မီက ရှိနှင့်ပြီးဖြစ်တဲ့ အမျိုးသားနိုင်ငံတွေကို လွတ်လပ်မှု၊ တန်းတူညီမျှမှုဆိုတဲ့ အခြေခံမူတွေ အပေါ်မှာ စုပေါင်းထားခြင်းဖြစ်တဲ့အတွက် ဗမာ/မြန်မာ လူမျိုးတစ်မျိုးတည်းက ကြီးစိုးပြီးလွှမ်းမိုးချယ်လှယ်တဲ့ ပြည်ထောင်စုစနစ်ဖြစ် နေတယ်လို့ တိုင်းရင်းသားတွေက ရှုမြင်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုကြောင့် တိုင်းရင်းသားတွေ မျှော်မှန်းခဲ့ တဲ့ ပြည်ထောင်စုစနစ်ဖြစ်မလာတဲ့အတွက် ဗမာ/မြန်မာမဟုတ်တဲ့ တိုင်းရင်းသားတွေဟာ အသီးသီး လက်နက်ကိုင်အဖွဲ့ တွေဖွဲ့ပြီး ဗမာ/မြန်မာ အများစုချုပ်ကိုင်တဲ့ ဗဟိုအစိုးရကို တော်လှန်ခဲ့ကြတယ်။

ဦးနုအစိုးရဟာ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ စေ့စပ်ဆွေးနွေးဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒါ့ပြင် သူ့ရဲ့ဖဆပလအဖွဲ့အတွင်းမှာလည်း ပြဿနာတွေ က ရှိနေပြန်တယ်။ ဒါကပဲ ၁၉၅၈ ခုနှစ်မှာ တပ်မတော်ရဲ့ပထမအကြိမ် အာဏာသိမ်းမှုဖြစ်လာတယ်။ ၁၉၆၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပပေးခဲ့ပြီး ဦးနုရဲ့သန့်ရှင်းဖဆပလ တစ်ဖြစ်လဲ ပထစ ပါတီက အာဏာရလာတယ်။ ဒါပေမဲ့ ဦးနုဟာ သူရွေးကောက်ပွဲအကြိုကာလက ပေးခဲ့တဲ့ကတိဖြစ်တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာဖို့လုပ်တယ်။ ဒီလုပ်ဆောင်ချက်ဟာ တိုင်းရင်းသားလူနည်းစု (အထူးသဖြင့် ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသားတွေ) ရဲ့အမြင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တခြားတိုင်းရင်းသားခေါင်း ဆောင်တွေတန်းတူညီမျှမှုအပေါ်အခြေခံပြီး ပြည်ထောင်စုတည်ထောင်ဖို့သဘောတူခဲ့ကြတဲ့ ပင်လုံစာချုပ်ကို “အကြီးမားဆုံး ချိုးဖောက်မှု”ပဲ (Sakhong 2012: p5)။ (စကားချပ်။ ။၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံတဲ့ သီးခြား ဥပဒေတစ်ခုကိုလည်း ပြဋ္ဌာန်းခဲ့တယ် (Steinberg 2010))

ဗုဒ္ဓဘာသာကို နိုင်ငံဘာသာအဖြစ် ပြဋ္ဌာန်းခြင်း ဟာ ဘာသာရေးကိစ္စသက်သက်မဟုတ်တော့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စပါဖြစ်လာတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗမာ/မြန်မာလူမျိုးစုကိုသာ ကြီးစိုးခြယ်လှယ်ခွင့်ပေးထားပြီး တိုင်းရင်းသားတွေအတွက် လွတ်လပ်မှု၊ တန်းတူညီမျှမှုဆိုင်ရာ အကာအကွယ်တစ်ခုဖြစ်မလာဘူးလို့ ဗမာ/မြန်မာ မဟုတ်သူများက မြင်ကြတယ် (Ibid)။ ဒါကြောင့်ပဲ ကချင်လူမျိုးစုတွေ (အထူးသဖြင့် ဂျိန်းဖောတွေ) ဟာ ကချင် လွတ်မြောက် ရေး အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ကို ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ရှမ်းစော်ဘွားတွေဦးဆောင်တဲ့ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ ဦးနုအစိုးရအဖွဲ့တွေဟာ ရန်ကုန်မှာတွေ့ဆုံပြီး ဖက်ဒရယ်မူကိုဆွေးနွေးဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တပ်မတော်က ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေးဟာ နောက် ကြောင်းပြန်လှည့်သွားခဲ့ရတယ်။

ပါမောက္ခစတိုင်းဘတ် (Steinberg 2010) က ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုရဲ့နောက်မှာ ရှိနိုင်တဲ့အဓိက ရည်ရွယ်ချက် လေးခုကို စဉ်းစားပြတယ်။ အဲဒါတွေကတော့ တိုင်းရင်းသားလူနည်းစုတွေ ခွဲထွက်သွားပြီး ပြည်ထောင်စုပြိုကွဲသွားမှာကို ကာကွယ်ဖို့၊ တပ်မတော်ရဲ့အမြင်မှာ အရည်အချင်းလည်းနည်း၊ အကျင့်ပျက်ခြစားမှုတွေလည်းရှိတဲ့ အရပ်သားအစိုးရ (ဖဆပလအစိုးရ) ရဲ့ အုပ်ချုပ်မှုကိုအဆုံးသတ်စေဖို့၊ တိုင်းပြည်ရဲ့စီးပွားရေးကို ဆိုရှယ်လစ်အတွေးအခေါ် အခြေခံပေါ်မှာ တည်ဆောက်ခြင်းအားဖြင့် နိုင်ငံခြားလွှမ်းမိုးမှုကို ဖယ်ရှားဖို့နဲ့ နိုင်ငံတော်အပေါ်မှာ တပ်မတော်က တိုက်ရိုက်ဖြစ်စေ တစ်ဆင့် ခံဖြစ်စေ ထိန်းချုပ်ဦးဆောင်နိုင်မယ့် နိုင်ငံရေးစနစ်တစ်ခုကို အုတ်မြစ်ချပေးခဲ့ဖို့ပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဲဒီ မျှော်လင့်ချက်လေးခုစလုံးဟာ မျိုးဆက်တစ်ခုအတွင်းမှာ တစ်ခုမှဖြစ်မလာခဲ့ဘူး။ လက်နက်ကိုင်တော်လှန်မှုတွေ ပိုမို ပြင်းထန်လာပြီး စီးပွားရေးချွတ်ခြုံကျတဲ့အတွက် နောက်ဆုံး ၁၉၈၈ ခုနှစ်မှာ ပြိုကျရတဲ့အထိပဲ (p62)။ 

ပါမောက္ခစတိုင်းဘတ် (2010) က ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ တိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ရေး ပိုမို ပြင်းထန် ကျယ်ပြန့်လာတယ်၊ အာဏာသိမ်းစစ်အစိုးရရဲ့ တံခါးပိတ်မူဝါဒကြောင့် ပြည်တွင်းနေတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး အထီးကျန်ဖြစ်မှုကိုခံစားရတယ်၊ ဒါပေမဲ့ ပြည်မက ဗမာ/မြန်မာတွေနဲ့ယှဉ်ရင် တိုင်းရင်းသားလူနည်းစုတွေ ဟာ နိုင်ငံနယ်စပ်မှာ ဟိုဘက်သည်ဘက် ခွနေထိုင်ကြတဲ့ တစ်ဘက်က သူတို့ရဲ့လူမျိုးတူတွေနဲ့ အလွတ်သဘော အဆက်အသွယ်တွေရှိနေခဲ့တာကြောင့် ဗမာ/မြန်မာတွေလောက် အဆက်ပြတ်မှု၊ အထီးကျန်ဖြစ်မှုကို မခံစားရဘူး၊ ဒါ့ပြင် ပြင်ပကမ္ဘာမှာရှိတဲ့ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာရေးအဖွဲ့တွေနဲ့ ပြည်တွင်းက ခရစ်ယာန်နဲ့ မွတ်စလင် တိုင်းရင်းသား လူနည်းစုတွေကြားက ဘာသာရေးအရ ဆက်ဆံမှုကလည်း သူတို့ကြားက ဆက်ဆံရေးကိုပိုမို အရှိန်ရစေခဲ့တယ်။ အဲဒါရဲ့ရလဒ်က “ဗမာ/မြန်မာတွေ အထီးကျန်ပိုဆန်လာပြီး လွတ်လပ်ရေးရစဉ်ကတည်းက ရှိလာခဲ့တဲ့ လူနည်းစု တိုင်းရင်းသားအချို့ဟာ အနောက်ကမ္ဘာက ခရစ်ယာန်နိုင်ငံကြီးအချို့ရဲ့ အထောက်အပံ့ကို ရယူပြီး ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဖြိုခွဲဖို့ကြံစည်နေတယ်ဆိုတဲ့ သံသယတွေပိုမိုပွားစီးလာ” တယ်လို့ ပါမောက္ခ စတိုင်းဘတ်က ဆိုတယ် (p70)။ တိုင်းရင်းသားလူနည်းစုတွေ အများစုနေတဲ့ဒေသတွေကို ပို့လွှတ်ထားတဲ့ အစိုးရ စစ်တပ်တွေကလည်း သူတို့ဟာ သူတို့ကို ရန်လိုမုန်းတီးနေတဲ့၊ ယဉ်ကျေးမှုအရ သူတို့နဲ့မရင်းနှီးတဲ့ နယ်မြေဒေသတစ်ခုကို ရောက်နေတယ်လို့ ခံစားရသလို ဒေသခံတိုင်းရင်းသားတွေရဲ့အမြင်မှာလည်း လာရောက် တပ်စွဲထားတဲ့ အစိုးရစစ်တပ်ဟာ အပြင်ကနေကျူးကျော်ဝင်ရောက်လာတဲ့ သူစိမ်းတပ်တစ်ခု အလား ဖြစ်နေတယ် (Ibid)။

လွတ်လပ်ရေးကာလလွန် မြန်မာ့ပြည်တွင်းရေးပြဿနာတွေကို ရှုမြင်သုံးသပ်တဲ့အခါမှာ နိုင်ငံတော် က ချပြတဲ့အမြင်နဲ့ ဗမာ/မြန်မာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အမြင်နဲ့ကွဲလွဲနေတယ်။ ကျွန်တော်တို့ငယ်စဉ်ကတည်းက ကျောင်းမှာ သင်ကြားခဲ့ရတဲ့သမိုင်းကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတော်ကြီးဟာ ရှေးနှစ်ပေါင်းပဝေသဏီကပင် ဒီမြေပေါ်မှာ ဒီပုံစံနဲ့ တည်ရှိခဲ့ပြီး ဒီမြေပေါ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံးဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဥမကွဲသိုက်မပျက် နေလာခဲ့ကြတယ်။ စည်းလုံးညီညွတ်မှုပြိုကွဲတဲ့အချိန်တွေမှာ ညီအစ်ကိုတွေ အချင်းချင်း စစ်ခင်းကြတယ်။ စစ်တိုက်လိုက်၊ ပြန်ပြီးတည့်လိုက်နဲ့ နေလာခဲ့ကြရာကနေ စည်းလုံးမှုပြိုကွဲနေတဲ့အချိန်မှာ အလစ်အငိုက်ချောင်းနေတဲ့ ကိုလိုနီနယ်ချဲ့သမားကြောင့် ကျွန်ဘဝရောက်ခဲ့ရတယ်။ အဲဒီနောက်မှာလည်း ကိုလိုနီ နယ်ချဲ့ဟာ တိုင်းရင်းသားတွေအချင်းချင်း မစည်းလုံးအောင်လို့ သွေးခွဲအုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ လည်း ကိုလိုနီနယ်ချဲ့ထားခဲ့တဲ့ သပ်လျှိုသွေးခွဲမှုတွေကြောင့် အချင်းချင်းအမြင်စောင်းပြီး ပြည်တွင်းစစ် ဖြစ်ရတာ ယနေ့အထိပဲ။ ဒါဟာ နိုင်ငံတော်က ပို့ချတဲ့ တရားဝင်သမိုင်းလေ့လာချက်ဖြစ်တယ်။

နိုင်ငံတော်ရဲ့ပို့ချမှုအရဆိုရင် အမျိုးသားရေးစိတ်ဓာတ်ဆိုတာဟာ တစ်ခုတည်းပဲရှိတယ်။ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား စတာတွေနဲ့ ဗမာ/မြန်မာတွေဟာ ရေသောက်မြစ်တစ်ခုတည်းက ဆင်းသက်လာခဲ့ကြတဲ့ တကယ့်သွေးချင်းညီအစ်ကိုတွေ ဖြစ်တယ် (Sail Latt, 2013)။ “… ၁၉၄၀ ပြည့်လွန်နှစ်တွေအတွင်းမှာတုန်းက အမျိုးသားရေးဆိုတာဟာ ပြည်ပက လာ ရောက်ကျူးကျော်သူတွေရဲ့လက်က လွတ်မြောက်ဖို့ဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ အမျိုးသားရေးဆိုတာ ဟာ တစ်ပြည်ထောင်အဖြစ်တည်ရှိတဲ့ ပြည်ထောင်စုတစ်ခုမပြိုကွဲရအောင် ကာကွယ်ပေးနေတဲ့ ကိုယ်ခံအားတစ်ရပ်ဖြစ် တယ် (Gravers, 1999: 129, cited in South, 2009)။ တပ်မတော်ရဲ့အဓိကတာဝန်ဟာ အသက်ပေါင်းများစွာ ပေးဆပ် စွန့်လွှတ်ပြီးရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည်မဆုံးရှုံးရအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးပဲ။ အမျိုးသား လက္ခဏာ (သို့) အမျိုးသားနိုင်ငံတည်ထောင်တဲ့ခုဖြစ်စဉ်မှာ အမျိုးမျိုးအဖုံဖုံကွဲပြားနေတဲ့ လူနည်းစုတွေရဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းတွေနဲ့ လူမှု/နိုင်ငံရေးမျှော်မှန်းချက်တွေအကုန်လုံးကိုတော့ တစ်ပုံစံတည်းဖြစ်အောင်တည်ဆောက်ထားတဲ့ “ဗမာ” သီးခြား လက္ခဏာ အစုစုရဲ့အောက်မှာ သွတ်သွင်းထားတယ်လို့ ဆောက်က သုံးသပ်တယ် (South, 2009)။

မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့အမြင်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ အဲဒီကနေ မွေးဖွားလာတဲ့ နိုင်ငံတော်ရောဟာ သူတို့မျှော်လင့်ထားတဲ့ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှပါဝင်ဖွဲ့စည်းထားတဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုမဟုတ်ဘူး။ ဗမာ/မြန်မာမဟုတ်တဲ့တိုင်းရင်းသားတွေလိုချင်တာက ဗမာ/မြန်မာအပါအဝင် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားစတဲ့လူမျိုးစုအားလုံး ကြမ်းတစ်ပြေးတည်းမှာထိုင်ပြီး ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ကြတဲ့ ပြည်ထောင်စု စနစ်ဖြစ်ပြီး တကယ်ရနေတာက ဗမာ/မြန်မာက ကျန်တဲ့တိုင်းရင်းသားတွေကို သူတို့ရဲ့အောက်တစ်ဆင့်မှာသာ ထားပြီး အပေါ်ကနေအကုန်လုံးကို အုပ်စီးစိုးမိုးနေတဲ့ တစ်ပြည်ထောင်စနစ်ဖြစ်တယ်။ တိုင်းရင်းသားတွေမျှော်မှန်းတဲ့ ပြည်ထောင်စုမှာ ဗမာ/မြန်မာပြည်နယ်ဟာလည်း ဗဟိုအစိုးရရဲ့ထိန်းချုပ်ကွပ်ကဲမှုအောက်က ကင်းလွတ်တဲ့သီးခြား ပြည်နယ်တစ်ခုဖြစ်ပြီး ဗဟိုအစိုးရဟာ သက်ဆိုင်ရာ ပြည်နယ်တွေကို အာဏာသုံးရပ်ကို ခွဲဝေပေးထားပြီး ဗဟိုအစိုးရ အနေနဲ့ကတော့ ပြည်ထောင်စုကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အရေးတွေကိုသာ ဆောင်ရွက်တဲ့အဖွဲ့ဖြစ်တယ်။ တိုင်းရင်း သားတွေရဲ့အမြင်မှာ လက်ရှိပြည်ထောင်စုဟာ ဗမာ/မြန်မာဆိုတဲ့ သူ့အစိုးရနဲ့သူရှိပြီးသား နိုင်ငံကြီးတစ်ခုမှာ ပြည်နယ်လေး တွေကို လာရောက်တွဲဆက်ပြီး ဗဟိုကနေ သူတို့ရဲ့ဒေသတွေကိုပါ လှမ်းပြီးအုပ်ချုပ်နေတယ်လို့ မြင်ကြ တယ်။

ဒီဆောင်းပါးမှာ ကျွန်တော့်အနေနဲ့ မြန်မာ/ဗမာ မဟုတ်တဲ့ တိုင်းရင်းသားနှစ်ဦးရဲ့တိုင်းရင်းသားပဋိပက္ခတွေအပေါ် အမြင်တွေကို အကျဉ်းမျှတင်ပြပါမယ်။ တစ်ခုက ချင်းအမျိုးသားတစ်ဦးရဲ့ လေ့လာချက်စာတမ်းဖြစ်ပြီး နောက် တစ်ခုကတော့ ရှမ်းအမျိုးသားတစ်ဦးရဲ့ အမြင်ဆောင်းပါးပါ။ သူတို့နှစ်ဦးရဲ့ လေ့လာမှုတွေရယ်၊ ကျွန်တော်တို့ ငယ်ငယ်က စလို့ ကျောင်းမှာ၊ အိမ်မှာ၊ နေရာတကာမှာ ကြားခဲ့ရတဲ့ သိမှတ်နားလည်မှုတွေ (နိုင်ငံတော်ရဲ့ ပို့ချမှုတွေ) ကို နှိုင်းယှဉ်ကြည့်ရင် တိုင်းရင်းသားပဋိပက္ခတွေရဲ့ ရင်းမြစ်ကိုရော အခြေကိုပါ ရှာဖွေနိုင်မယ်လို့ မျှော်လင့်တယ်။ 

ချင်းအမျိုးသားပညာရှင် ဆလိုင်း လျန်မှုန်း ဆာခေါင်း (Lian H. Sakhong) ရဲ့ “The Dynamics of Sixty Years of Ethnic Armed Conflict in Burma (2012)” မှာ မြန်မာနိုင်ငံဟာ နိုင်ငံရဲ့နယ်နိမိတ် အတွင်းမှာ လူမျိုးတစ်မျိုး၊ ဘာသာစကား တစ်မျိုးတည်းရှိတဲ့ အမျိုးသားနိုင်ငံ (nation-state) မဟုတ်ဘဲ လူမျိုးဘာသာ ပေါင်းစုံစုစည်းရောယှက်ထားတဲ့ (တစ်နည်း) အမျိုးသားနိုင်ငံများကို စုစည်းထားတဲ့ နိုင်ငံ (state) တစ်ခုသာ ဖြစ်ပေမယ့် ဗမာ/မြန်မာအမျိုးသားတို့ကိုသာ ကိုယ်စားပြုတဲ့ “ဗုဒ္ဓဘာသာ မြန်မာလူမျိုး” ဆိုတဲ့ စကားကို လူမျိုး (nation) အားလုံးအတွက်အသုံးပြုထားတယ်။ မြန်မာနိုင်ငံရဲ့ အမှတ်လက္ခဏာဟာ ဗုဒ္ဓဘာသာပဲဖြစ်တယ်။ မြန်မာဆိုရင် ဗုဒ္ဓဘာသာပဲ (Sakhong, 2012: 3)။

ပါလီမန်အစိုးရလက်ထက်ကစလို့ ခေတ်အဆက်ဆက် အစိုးရတွေဟာ နိုင်ငံတည်ဆောက်ခြင်း (state building) ထက် အမျိုးသားရေးတည်ဆောက်ခြင်း (nation building) ကိုသာ လုပ်ဆောင်ခဲ့တယ်လို့ ဆာခုံးကဆိုတယ်။ ဆိုလိုတာကတော့ ဗမာ/မြန်မာ လူမျိုး၊ ဗမာ/မြန်မာ ဘာသာစကားနဲ့ ဗုဒ္ဓဘာသာတို့ကိုသာ တိုင်းရင်းသားအားလုံးအပေါ်မှာ လွှမ်းမိုးအောင် ကြိုးစားခြင်းပဲ။ တိုင်းရင်းသားမျိုးစုံကွဲနေတာဟာ အမည်အရသာကွဲရုံကွဲနေပြီး အနှစ်သာရမှာ လူမျိုးတစ်မျိုးတည်း၊ စကားတစ်မျိုးတည်း၊ ကိုးကွယ်ယုံကြည်မှုတစ်မျိုးတည်းဖြစ်တဲ့ အမျိုးသားနိုင်ငံတစ်ရပ် (nation-state) သာဖြစ်အောင် လုပ်ခဲ့ကြတယ်။ ဝန်ကြီးချုပ်ဟောင်းဦးနုဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခြင်းအားဖြင့် ဘာသာတရားအရ တစ်မျိုးတည်းဖြစ်အောင်လုပ်တယ်၊ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းဟာ တိုင်းရင်းသာဘာသာစကား သင်ကြားခွင့်တွေကို ပိတ်ပင်ပြီး မြန်မာ/ဗမာ စကားတစ်မျိုးတည်းကျန်အောင်လုပ်တယ်။ နဝတ/နအဖ အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားတွေကို ဗမာ/မြန်မာအဖြစ် အတင်းသွတ်သွင်းခြင်း (“ethnic forced assimilation”) လုပ်တယ်လို့ ဆိုတယ်။ ဒီနည်းဖြင့် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ တစ်ခုတည်းသော နိုင်ငံ့သွင်ပြင်စရိုက်လက္ခဏာ (State/national identity) ဖြစ်လာတယ်လို့ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုတယ်။

အစိုးရအနေနဲ့ ဗမာ/မြန်မာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ဗမာ/မြန်မာလူမျိုးအဖြစ် အတင်းသွတ်သွင်းခြင်း (Burmanization/Myanmarization)၊ လူမျိုးတစ်မျိုးတည်း၊ ဘာသာတစ်မျိုးတည်း၊ သာသနာတစ်ခုတည်းကျန်အောင်နဲ့ အဲဒီတစ်ခုတည်းသော လူမျိုးရဲ့အမှတ်လက္ခဏာအပေါ် အခြေတည်ပြီး တစ်နိုင်ငံလုံးကိုလွှမ်းခြုံတဲ့ အမှတ်လက္ခဏာ (single national identity) တည်ဆောက်နေသမျှကာလပတ်လုံး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေဟာ ငြိမ်းမှာ မဟုတ်ဘူး။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တိုင်းပြည်ဒေသတိုင်းမှာ စစ်တပ်တွေဖြန့်ကျက်နေပြီး လက်နက်ကိုင်တော်လှန် ခြင်းဟာ ဘဝနဲ့ခွဲခြားမရ (insurgency as a way of life) ဖြစ်လာမယ်။ ဒီပဋိပက္ခတွေကိုငြိမ်းဖို့ဆိုရင် “အမျိုးသားနိုင်ငံ တည်ဆောက်ခြင်း (nation building) လုပ်ရမှာမဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ခြင်း (state building) ကိုသာ လုပ်ရမယ်၊ ဗဟိုကနေ အရာရာကိုချုပ်ကိုင်ထားတဲ့ တစ်ပြည်ထောင်စနစ်မဟုတ်ဘဲ ကိုယ့်လွတ်လပ်ခွင့်၊ အုပ်ချုပ်ခွင့်နဲ့ ကိုယ်သီးခြားရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ရမှာဖြစ်တယ်၊ စစ်လက်နက် နိုင်ငံကြီး တည်ထောင် ရမှာမဟုတ်ဘဲ ဘာသာစကားမျိုးစုံ ပြောဆိုတဲ့၊ ယဉ်ကျေးမှုအမျိုးမျိုးကျင့်သုံးတဲ့၊ ဘုရားပေါင်းစုံကို ကိုးကွယ်ယုံကြည်မှုရှိတဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကိုသာ ထူထောင်ရမှာဖြစ်တယ် (p14)” လို့ လျန်မှုန်းဆာခေါင်း က မှတ်ချက်ပြုတယ်။

ဩစတြေးလျအမျိုးသားတက္ကသိုလ် မဏ္ဍလဝက်ဘ်ဆိုက်မှာပါတဲ့ “Colonialism and Ethnic Conflict in Burma” ဆိုတဲ့ ဆောင်းပါးရဲ့ ဆောင်းပါးရှင် စိုင်းလတ် (Sai Latt, 2013) ရဲ့အမြင်က လျန်မှုန်းဆာခေါင်း ရဲ့အမြင်နဲ့ တစ်သဘောတည်းပေမယ့် နည်းနည်းပိုပြင်းထန်တယ်လို့ ဆိုရမယ်။ စိုင်းလတ်က ဖက်ဒရယ်စနစ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ရရုံနဲ့ တိုင်းပြည်ရဲ့ပြဿနာ တွေ ပြေလည်ပါ့မလားလို့ မေးခွန်းထုတ်တယ်။ လက်ရှိရထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ၊ ညီလာခံတွေ၊ တံခါးပိတ်ဆွေးနွေးပွဲတွေ၊ ပညာရပ်ဆိုင်ရာဟောပြောပွဲတွေ၊ နော်ဝေနဲ့ဥရောပသမဂ္ဂတို့အကူအညီနဲ့ တည်ထောင်လိုက်တဲ့ ငြိမ်းချမ်းရေးစင်တာတွေ၊ အဖွဲ့တွေဟာ တကယ့် ငြိမ်းချမ်းရေးကို အသာထား၊ သူတို့သည်ပင် ဘယ်လောက်ကြာရှည်ခံနိုင်မှာမို့လို့လဲလို့လည်း မေးခွန်းထုတ်တယ်။

မြန်မာ့တိုင်းရင်းသားအရေးအပေါ် စိုင်းလတ်ရဲ့အာဘော်ဟာ လျန်မှုန်းဆာခေါင်းနဲ့ဆင်တူပါပဲ။ ၁၉၄၈ ခုနှစ်မှာ မွေးဖွားလာတဲ့ မြန်မာနိုင်ငံဟာ အရင်ရှိပြီးသားနိုင်ငံတော်ကြီး အင်္ဂလိပ်လက်အောက်က ပြန်လွတ်လာတာမဟုတ်ဘူး။ အဲဒီမတိုင်ခင်က သီးခြားစီနေခဲ့ကြတဲ့ ပြည်ထောင်တွေ၊ လူမျိုးစုတွေဟာ အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင် အတူတကွ ကြိုးပမ်းခဲ့ကြပြီး တန်းတူညီမျှခြင်း၊ လွတ်လပ်ခွင့်ရှိခြင်းဆိုတဲ့အပေါ်မှာ အခြေခံလို့ ပြည်ထောင်စုထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်တယ်။ ပင်လုံစာချုပ်မှာပေးထားတဲ့ ကတိကဝတ်တွေ ပျက်ကွက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာတယ်။ ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသုံးခု (၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈) စလုံးဟာ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီမျှခွင့်တွေအပေါ်မှာ အာမမခံနိုင်ဘူး။ ဒါတွေအားလုံးတူတယ်။ ဒါပေမဲ့ စိုင်းလတ်က ဘာပါပြောသလဲဆိုတော့ စစ်မှန်တဲ့ဖက်ဒရယ်စနစ်မကျင့်သုံးတာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရတာတွေဟာ တိုင်းရင်းသား ပဋိပက္ခနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာရောဂါတွေရဲ့ ရောဂါလက္ခဏာ (symptons) တွေသာဖြစ်ပြီး တကယ့်ရောဂါ ဇာစ်မြစ်က ဗမာ/မြန်မာ အာဏာရအလွှာရဲ့ ကိုယ့်ပြည်တွင်းမှာကိုယ် ကိုလိုနီပြုကျင့်မှု (internal colonialism) ပဲလို့ ဆိုတယ်။

စိုင်းလတ်က အဲဒီ ဗမာ/မြန်မာက ဗမာ/မြန်မာမဟုတ်သူတွေရဲ့ နယ်မြေတွေကို ကိုလိုနီပြုကျင့်တယ်ဆိုတဲ့အဆိုကို အများစု ဖြစ်တဲ့ ဗမာ/မြန်မာ ရိုးရိုးသာမန်ပြည်သူတွေတောင် လက်မခံဘူးလို့ဆိုတယ်။ ဒီလိုပြောတဲ့တိုင်းရင်းသားကိုတောင် အမြင်ကျဉ်းမြောင်းတဲ့ လူမျိုးစွဲအမျိုးသားရေးဝါဒီ (ethno-nationalist) ဖြစ်တယ်လို့ ဝေဖန်ကြမယ်၊ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရတာဟာ တိုင်းရင်းသားတွေသာမဟုတ်၊ ဗမာ/မြန်မာတွေလည်း အတူတူပဲခံခဲ့ရတာပဲလို့ ပြောမယ်။ စိုင်းလတ်ရဲ့ အရေးအသားမှာ တွေ့ရတာက ဗမာ/မြန်မာပြည်သူနဲ့ တိုင်းရင်းသားလူနည်းစုတွေက တစ်ဘက်၊ စစ်အာဏာရှင်က တစ်ဘက်ဖြစ်တဲ့ ပဋိပက္ခဆိုတဲ့အမြင်ဟာမှားပြီး ဒီမိုကရေစီအရေး၊ အခြေခံလူ့အခွင့်အရေးကိစ္စတွေကလွဲရင် အမျိုးသားရေးနဲ့ပတ်သက် လာရင် ဗမာ/မြန်မာ (အုပ်ချုပ်သူ + ပြည်သူ) နဲ့ ဗမာ/မြန်မာ မဟုတ်သူတို့ဆိုပြီး အတွဲတွဲတာ ဖြစ်တယ်။ နောက်ဆုံး တိုင်းရင်းသားတွေအပေါ် ကိုလိုနီပြုကျင့်မှုဆန်တဲ့ (လူမျိုးကြီးဝါဒဆန်တဲ့) စိတ်ဓာတ်ဟာ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိအစိုးရအဖွဲ့ဝင်တွေမှာသာရှိတာမဟုတ်ဘူး၊ ဒီမိုကရေစီအင်အားစုတွေနဲ့ သာမန်ပြည်သူ တွေကြားထဲမှာတောင် အဲဒီအမြင်မျိုး စိတ်ဓာတ်မျိုးရှိတယ်လို့ စိုင်းလတ်ကဆိုတယ်။ တိုင်းရင်းသားတွေကို ဗမာ/မြန်မာတွေက ကိုလိုနီပြုကျင့်တယ်ဆိုတဲ့ အမြင်ကိုပြောရင် အဝေဖန်ခံရပြီး ပိုပြီးညီတူမျှတူရှိတဲ့၊ လက်ခံနိုင်တဲ့ နိုင်ငံရေးအစီအမံတွေလုပ်ဖို့ တိုက်တွန်းချက်တွေကို လည်း လျစ်လျူရှုကြတယ် (၎င်း)။

လျန်မှုန်းဆာခေါင်း နဲ့ မတူတာက အစိုးရအဆက်ဆက်ရဲ့လုပ်ဆောင်ချက်တွေအပေါ် လျန်မှုန်းဆာခေါင်းက ဗမာ/မြန်မာအမျိုးသားနိုင်ငံ တည်ဆောက်ခြင်းလို့ မြင်ပြီး စိုင်းလတ်ကတော့ ဒါဟာ အမျိုးသားနိုင်ငံတည်ထောင်တာထက် ကိုလိုနီပြုကျင့်မှုဖြစ်တယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့

“သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ ဗမာ/မြန်မာတွေ အစဉ်အဆက် တစ်သတ်မှတ်တည်း မကြီးစိုးခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တပ်ရင်း၊ တပ်မတွေအများအပြားရောက်ရှိလာတာ၊ ဒေသခံတွေအပေါ် စစ်တပ်ရဲ့ မတရားပြုကျင့်မှုတွေရှိတာ၊ နယ်ခြားဒေသတွေမှာရှိတဲ့ အုပ်ချုပ်ရေးရုံးပြင်ကန္နားတွေမှာ ပြည်ပက (မြေပြန့် ဒေသက) ‘ပညာတတ်’ ဗမာ/မြန်မာတွေကို ပို့လွှတ်ခန့်ထားတာ၊ ဒေသခံဘာသာစကားပြောခွင့်၊ သင်ကြားခွင့်၊ ဓလေ့တွေကျင့်သုံးခွင့်တွေကို ပိတ်ပင်ထားတာ၊ တိုင်းရင်းသားတွေရဲ့ သမိုင်းဝင်အဆောက်အအုံ တွေကိုဖျက်ဆီး တာ၊ သဘာဝရင်းမြစ်တွေထုတ်ယူရာမှာ ဒေသခံတွေရဲ့ အသက်၊ မြေယာတွေနဲ့ ဂုဏ်သိက္ခာတွေအဆုံးရှုံးခံရတာ …” (၎င်း)

စတာတွေကြောင့်ပဲ။ 

ဒီလိုမျိုး စစ်ရေးအရဆောင်ရွက်မှုတွေဟာ လူမျိုး၊ သမိုင်းနဲ့ အချုပ်အခြာအာဏာ ဆိုတာတွေအပေါ်မှာ ထားရှိတဲ့ နိုင်ငံတော်ကပြဋ္ဌာန်းတဲ့အမြင် (state ideologies) တွေကြောင့်လို့ စိုင်းလတ်က ဆိုတယ်။ အဲဒီအမြင်တွေဟာ အင်္ဂလိပ်၊ ဂျပန်၊ ကူမင်တန်နဲ့ ကွန်မြူနစ်တွေကို တိုက်ထုတ်ခဲ့ရတဲ့ တပ်မတော်ရဲ့အတွေ့အကြုံတွေကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ အဲဒီ အမြင်တွေကို ပညာရေးမှာပါ လက်ဆင့်ကမ်းသင်ကြား ခဲ့ကြတယ်။ နိဂုံးချုပ်ရရင် စိုင်းလတ်က အဲဒီ သံမှိုလိုစွဲဝင်နေတဲ့နိုင်ငံတော်အမြင် (ပြဋ္ဌာန်းခံအမြင်) တွေကို စိန်ခေါ်မယ့် လူတစ်စုလိုတယ်လို့ မှတ်ချက် ပြုတယ်။ အဲဒီလူတစ်စုဟာ ကိုလိုနီစိတ်ဓာတ်နဲ့ ကိုလိုနီအပြုအမူတွေရဲ့နောက်ခံတွေဖြစ်တဲ့ နိုင်ငံတော်၊ အမျိုးသား၊ အမျိုး သားရေး/စိတ်ဓာတ်/ဝါဒနဲ့ အချုပ်အခြာအာဏာဆိုတာတွေနဲ့ပတ်သက်တဲ့ ရှိပြီးသားပညတ်မှု (notions) တွေကို ပြုပြင် ပြောင်းလဲ ပစ်နိုင်သူတွေဖြစ်ရမယ်။ အဲဒါမရှိဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မည်သည့်ဆွေးနွေးလုပ်ဆောင်မှုမျိုးမဆို လုပ်ဆောင်နေတာဟာ မအောင်မြင်နိုင်ဘူးလို့ သုံးသပ်တယ်။

ကျွန်တော့်အနေနဲ့ စိုင်းလတ်ရဲ့အမြင်နဲ့ပတ်သက်လို့ အတော်များများ သဘောတူတယ်။ ကျွန်တော်တို့ငယ်စဉ်ကျောင်းသား ဘဝက သင်ကြားရတဲ့သမိုင်းဖတ်စာအုပ်ပါ အကြောင်းအရာအတော်များများဟာ ပြဋ္ဌာန်းခံအမြင်နဲ့ ပြဋ္ဌာန်းခံသမိုင်းကြောင်း တွေဖြစ်တယ်။ ၁၉၆၂ ခုနှစ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့သမိုင်းမှာ ပြဆိုထားတာက ရှမ်းစော်ဘွား တွေတင်ပြလာတဲ့ “ပြည်ထောင်စုမှခွဲထွက်ရေးမူဖြစ်သောဖက်ဒရယ်မူ” ကြောင့် တိုင်းပြည်မပြိုကွဲရအောင် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ရတယ်ဆိုတဲ့ စာကြောင်းကို မြန်မာပြည်မှာကျောင်းတက်ဖူးသူတိုင်း ကျက်မှတ်ဖြေဆိုဖူးကြ တယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအထိ ဖက်ဒရယ်ဟာ ခွဲထွက်ရေးဖြစ်တယ်ဆိုတဲ့ ပြဋ္ဌာန်းမှုဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အတော်ကို စွဲစွဲမြဲမြဲ ရှိခဲ့ဖူးတယ်။ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို ရေးခွင့်၊ ပြောခွင့်မရှိခဲ့ဘူး။ အခုတော့ ဖက်ဒရယ်စနစ်ဟာ ခွဲထွက်ရေးမဟုတ်ဘဲ အာဏာအရပ်ရပ်ကို ပြည်ထောင်စုရဲ့ အစိတ်အပိုင်းအလိုက် ခွဲဝေသုံးစွဲတာဖြစ်တယ်လို့ အတော်လေး ရေးသားပြောဟောခွင့်ရလာကြပြီ။

ဒီ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပေါ်မှာ သမိုင်းဖတ်စာအုပ်မှာရှင်းပြထားပုံဟာ စိုင်းလတ်ပြောတဲ့ နိုင်ငံတော်ရဲ့ပြဋ္ဌာန်းခံ အမြင် (State ideology) ကိုပေးဖို့ အကောင်းဆုံးဥပမာပဲ။ ထိုစဉ်ကဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၆၂ ခုနှစ်ကစလို့ ဖက်ဒရယ်ဝါဒနဲ့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ရင် ဒါဟာ ခွဲထွက်ရေးရဲ့ပထမအဆင့်ပဲလို့ မြင်ပြီး အဲဒီစနစ်အပေါ် ပွင့်ပွင့် လင်းလင်းကို မနှစ်မမြို့ဖြစ်ခဲ့တယ်လို့ ပါမောက္ခစတိုင်းဘတ်က ရေးသားတယ် (Steinberg 2010)။ တကယ်တော့ အဲဒီအချိန်က ရှမ်းခေါင်းဆောင်တွေရဲ့ “စစ်မှန်တဲ့ပြည်ထောင်စု” ပေါ်ထွန်းရေး ကြိုးပမ်းမှုမှာ ပြည်ထောင်စုအစိုးရထံကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီမှာတင်တဲ့ တင်ပြလွှာအရ ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ဗမာပြည်နယ်တစ်ခုဆိုပြီး သီးခြား ဖွဲ့စည်းဖို့၊ ဒါမှ ဗမာ/မြန်မာပြည်မဟာ နိုင်ငံတော်အစိုးရနဲ့သီးခြားစီဖြစ်ပြီး တခြားသော တိုင်းရင်းသားပြည်နယ်တွေနဲ့ တန်းတူရည်တူအနေအထားဖြစ်လာဖို့၊ ပြည်နယ်အားလုံးတို့မှာ ကိုယ်ပိုင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရေးဆွဲထားဖို့ ရည်ရွယ်ခြင်းဖြစ်တယ် (Tin Maung Maung Than 2005)။

အဲဒီအဆိုပြုဖွဲ့စည်းပုံအသစ်အရ ဗဟိုအစိုးရရဲ့ အာဏာအရပ်ရပ်တွေကို ပြည်ထောင်စုရဲ့အစိတ်အပိုင်းအားလုံးနဲ့ သက်ဆိုင်တဲ့ အရေးအရာတွေအတွက်သာ ဆုံးဖြတ်ပေးဖို့ထားရှိပြီး ပြည်နယ်တွေရဲ့ကိစ္စအဝဝကိုပြည်နယ်အစိုးရတွေက သာ စီမံခန့်ခွဲဖို့ဖြစ်တယ်။ လွှတ်တော်နှစ်ရပ်ဟာ လုပ်ပိုင်ခွင့်နဲ့အခွင့်အရေး ဆတူရရမှာဖြစ်ပြီး ပြည်နယ်အားလုံးတို့ဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားပြုခွင့် ညီတူမျှတူရရှိမှာဖြစ်တယ်။ ပြည်နယ်တွေဟာ ဗဟိုအစိုးရကချပေးတဲ့ ဘဏ္ဍာငွေအပေါ် မှီခိုနေစရာမလိုဘဲ မိမိဘာသာ လုံလုံလောက်လောက်ရှာဖွေသုံးစွဲခွင့်ရမှာဖြစ်ပြီး ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြည်နယ်တစ်ခုချင်းစီရဲ့ အာဏာသုံးရပ် သီးခြားတည်ဆောက်ပုံတွေကနေ အာမခံချက်ပေးမှာ ဖြစ်တယ် (၎င်း)။

ကျွန်တော်တို့ဟာ သမိုင်းမှာ အဲဒီဖြစ်စဉ်တွေကို အသေးစိတ်မသင်ခဲ့ရဘူး။ ဆိုရှယ်လစ်နိုင်ငံတော်ရဲ့အောက်မှာ ပညာရေး စနစ်တစ်မျိုးတည်းရှိတယ်။ ကျောင်းတွေအားလုံးဟာ နိုင်ငံပိုင်ကျောင်းတွေဖြစ်ပြီး ဖတ်စာအုပ်နဲ့ သင်ရိုးညွှန်းတမ်းကလည်း တစ်ခုတည်း၊ သင်ကြားပုံဟာလည်း နိုင်ငံတော်ကချမှတ်ပေးလိုက်တဲ့အတိုင်း အချက်အလက်တွေနဲ့ အနက်ပြန်မှုတွေဟာ အားလုံးတစ်ပုံစံတည်းဖြစ်တယ်။ အပေါ်ကချပေးတဲ့ပုံစံနဲ့မတူတဲ့ သီးခြားအနက်ပြန်မှု၊ သီးခြားချဉ်းကပ်မှုမျိုးနဲ့ သင်ကြားခွင့် မရှိခဲ့ဘူး။ “ဖက်ဒရယ်မူကိုတောင်းဆိုတယ်၊ ဖက်ဒရယ်မူဆိုတာ ပြည်ထောင်စုမှခွဲထွက်ရေးဖြစ်တယ်၊ ဒါကြောင့် တပ်မတော် က အာဏာကို ရယူပြီး ပြည်ထောင်စုမပြိုကွဲအောင် ကာကွယ်ရတယ်”ဆိုတာဟာ ကျွန်တော်တို့သင်ခဲ့ရတဲ့ သမိုင်းပဲ။

ငြိမ်းချမ်းရေးတည်ဆောက်ခြင်း

မြန်မာ့နိုင်ငံရေးနောက်ခံကောက်ကြောင်းကို တစေ့တစောင်းပြန်ကြည့်ပြီးတဲ့အခါ ရှေ့ဆက်ပြီး စစ်မှန်ပြီး ထာဝရခံမယ့် ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ကြမလဲလို့ မေးခွန်းထုတ်ဖို့ဖြစ်လာတယ်။ “စစ်မှန်ပြီး”လို့သုံးရတာက မစစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ရှိလို့ပဲ။ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေရှိမနေခြင်း၊ ပြည်သူတွေဟိုပြေးသည်ပြေး ပြေး မနေရခြင်းဟာ တကယ့် ငြိမ်းချမ်းရေးအဆင့်ကို မရောက်သေးဘူး။ စစ်အစိုးရလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေဟာ ထင်ရှားတဲ့ပြယုဂ်လည်းဖြစ်တယ်။ တကယ်တော့ ပဋိပက္ခတို့ရဲ့မူလဘူတ ဇာစ်မြစ်ကို မဖြေရှင်းဘဲ ရေတိုနည်းတွေနဲ့သာ ကုစားခြင်းဟာ ရောဂါသက်ကိုလည်း ပိုမိုရှည်ကြာစေသလို ကုစားရလည်း ပိုမိုခက်ခဲဖို့ ရှိလာနိုင်တယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ရှေးရိုးစွဲအမြင်နဲ့ ခေတ်သစ်အမြင်ဆိုပြီးနှစ်မျိုးရှိတယ်။ ရှေးခေတ်ကာလ ရေးသားမှုတွေမှာ ငြိမ်းချမ်းရေးဆိုတာဟာ စစ်မက်ဖြစ်ပွားမှုမဖြစ်ရှိခြင်း သို့မဟုတ် တိုက်ရိုက်အကြမ်းဖက်မှုမရှိခြင်းပဲ။ အဲဒီလို မရှိသဘောနဲ့ ဖွင့်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးဆီသွားတဲ့ပုံသေနည်းကို ပထမဆုံးပေးခဲ့သူက ၁၇ ရာစုနှစ်က ဟူဂို ဂရိုးတီးယပ်ပဲ (Dobrosielski in Castro & Galace 2008)။ လူတစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ နိုင်ငံတစ်ခုနဲ့တစ်ခုကြား (ဝါ) နိုင်ငံတွေ အများအပြားကြားမှာ ထိခိုက်နာကျင်အောင် တိုက်ခိုက်မှုမရှိခြင်းဟာ ငြိမ်းချမ်းရေးပဲလို့ အစဉ်အဆက်အမြင်က လာတယ်။ ၁၉၆၆ ခုနှစ်မှာ ပြင်သစ်အတွေးအခေါ်သမား ရေမွန် အာရွန်က တစ်ဘက်နဲ့တစ်ဘက် စောင်နေ၊ အားပြိုင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေအကြား အကြမ်းပတမ်းနည်းအသုံးပြုခြင်းကို ရပ်ဆိုင်းထားနိုင်ခြင်းဟာ ငြိမ်းချမ်းရေးပဲလို့ဆိုတယ်။

ဒါပေမဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဒီအမြင်ကနေ ခွဲထွက်စဉ်းစားမှုတွေရှိလာတယ်။ တိုက်ရိုက်အားဖြင့် တစ်ဘက်နဲ့ တစ်ဘက်အကြမ်းဖက်မှု (Direct violence) ကနေ သွယ်ဝိုက်ပြီးလုပ်ဆောင်တဲ့ အကြမ်းဖက်မှု (Indirect violence) ကို ရွှေ့ပြီးရှုမြင်လာတယ်။ ဆိုလိုတာက လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကျင့်သုံးနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစနစ်တွေကြောင့် အဲဒီလူ့အဖွဲ့အစည်းဝင်တွေဟာ ဘယ်လိုနစ်နာဆုံးရှုံးမှုတွေရှိလဲဆိုတာကို ပြောင်းလဲကြည့်ရှုကြတာပဲ (Hicks။ ၎င်း)။ စစ်ပွဲတွေနဲ့ တိုက်ရိုက်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကြောင့်သာလျှင် သေကြေပျက်စီးမှုတွေ ဖြစ်ရတာမဟုတ်ဘူး၊ စနစ်တည်ဆောက်ပုံအရ အကြမ်းဖက်မှု (Structural violence) ဟာလည်း သေကြေပျက်စီးမှုနဲ့ ဒုက္ခ သုက္ခတွေကိုဖြစ်စေတယ်။ စနစ်တစ်ခုကြောင့်ဖြစ်လာရတဲ့ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ကုသရနိုင်တဲ့ ရောဂါတွေ ကျရောက်မှု၊ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေးကိုငြင်းပယ်မှု စတာတွေဟာလည်း စနစ်တည်ဆောက် ပုံအရအကြမ်းဖက်မှုရဲ့ ရလဒ်တွေပဲ။

အနှစ်ချုပ်ရရင်တော့ စစ်မက်ဖြစ်ပွားမှု၊ တစ်ဦးနဲ့တစ်ဦး/တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှင်းပန်းနှိပ်စက်မှုမရှိခြင်းဟာ ခေတ်သစ် ငြိမ်းချမ်းရေး အမြင်နဲ့ကြည့်ရင် အနုတ်သဘောငြိမ်းချမ်းရေး (Negative peace) အဆင့်ပဲရှိသေးတာမို့ အပေါင်းသဘော ဆောင်တဲ့ငြိမ်းချမ်းရေး (Positive peace) အဆင့် ဖြစ်ဖို့အတွက် လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားတွေဖြစ်တဲ့ (သာယာဝပြောခြင်း၊ လုံခြုံမှုရှိခြင်း၊ လူအများကြွယ်ဝချမ်းသာခြင်း၊ လူအများကြား ချစ်ခင်စည်းလုံးမှုရှိခြင်း၊ လူလူချင်း သာတူညီမျှဆက်ဆံခြင်း၊ လူ့အခွင့်အရေးလေးစားလိုက်နာခြင်း၊ မေတ္တာတရားကိုကျင့်သုံးခြင်း၊ တရားဥပဒေစိုးမိုးရေး ရှိခြင်း) စတာတွေထွန်းကားမှ တကယ့်ငြိမ်းချမ်းရေးရတယ်လို့ ဆိုနိုင်မယ်။ အပေါင်းသဘောဆောင်တဲ့ငြိမ်းချမ်းရေး (ဝါ) စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရဲ့ အခြေခံဟာ မျှတတဲ့ဆက်ဆံရေး (Just relationship) ပဲ။

ဒီတော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ကြတဲ့နေရာမှာလည်း စစ်မက်တွေမဖြစ်ပွားအောင် အပစ်အခတ် ရပ်စဲ ထားတယ်ဆိုတဲ့ အဆင့်ကနေ တရားမျှတတဲ့လူ့အဖွဲ့အစည်း (Just society) ဖြစ်မှ စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးကို ရရှိ နိုင်မယ်။ အပစ်အခတ်တွေရပ်စဲနေကြပေမယ့် တစ်ဘက်နဲ့တစ်ဘက်ကြားမှာ သံသယတွေရှိနေသရွေ့၊ မမျှတဘူးလို့ ခံစား နေရသရွေ့၊ လွတ်လပ်မှုတွေဆုံးရှုံးနေတယ်လို့ ခံစားနေရသရွေ့ ပြဿနာဟာ တအုံ့နွေးနွေးနဲ့ အချိန်မရွေးပေါက်ကွဲမယ့် အန္တရာယ်အနေအထားမှာပဲ ရှိနေမှာပဲ။ မကြာသေးမီက ဆွေးနွေးပွဲတစ်ခုမှာ တက်ရောက်ပြီး ဟောပြောတဲ့ အမေရိကန် ပါမောက္ခတစ်ဦးရဲ့ မှတ်ချက်စကားအရ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် လူနည်းစုဖြစ်တဲ့တိုင်းရင်းသား တွေဟာ သူတို့ရဲ့ မျိုးနွယ်စုဖြစ်ခြင်း/မျိုးနွယ်စုအမှတ်လက္ခဏာတွေအပေါ်မှာ အစွဲပြင်းထန်လွန်းတာမဟုတ်ဘူး၊ လူတိုင်းဟာ (သို့မဟုတ်) လူအုပ်စုတိုင်းဟာ တန်းတူရည်တူဆက်ဆံခံနေရသရွေ့ (ဝါ) ခွဲခြားဆက်ဆံခံရတယ်လို့ မခံစား ရသရွေ့ မိမိ သို့မဟုတ် မိမိရဲ့အမှတ်လက္ခဏာ (Identity) ကို မတည်ဆောက်ပြကြဘူး။ ဥပမာ - မိန်းမတွေဟာ ခွဲခြား ဆက်ဆံခံရတာမျိုးမရှိရင် သူတို့ရဲ့ မိန်းမသားအမှတ်လက္ခဏာ (Identity) တွေကို အသိအမှတ်ပြုဖို့ (တစ်နည်း) သူတို့ရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုဖို့ တောင်းဆိုတိုက်ပွဲဝင်ကြမှာမဟုတ်ဘူး (Tegenfeldt 2013)။ 

ဒါကြောင့် ပဋိပက္ခတွေရဲ့အခြေခံရင်းမြစ်ဟာ ခွဲခြားဆက်ဆံမှု (Discrimination) ပဲ။ မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်။ “ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ်၊ ကချင်တစ်ကျပ်” ဆိုတဲ့စကားပဲ။ ပြည်ထောင်စုကြီးထဲမှာ ဗမာနဲ့ တခြားတိုင်းရင်းသားတွေအားလုံးဟာ ညီတူမျှတူ ရရပါစေ့ မယ်လို့ ကတိပေးခဲ့တဲ့ အောင်ဆန်းရဲ့စကားအတိုင်း ဖြစ်မလာခြင်းဟာ ဗမာလူမျိုးထဲက အမျိုးသားရေးဝါဒီထိပ်တန်းခေါင်း ဆောင်ပိုင်းရဲ့ နိုင်ငံသမိုင်းနဲ့ တိုင်းရင်းသားအရေးအပေါ် မိမိလိုသလိုအနက်ပြန်ပို့ချမှုနဲ့ ပေါင်းစပ်တဲ့အခါ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းရေးပြဿနာဇာတ်ရှည်ကြီးဖြစ်လာရတယ်။ ကျွန်တော်နဲ့ခင်မင်တဲ့ တိုင်းရင်းသားတစ်ဦးက “အောင်ဆန်းဟာ ဗမာ တစ်ကျပ်၊ ကချင်တစ်ကျပ်၊ ကရင်တစ်ကျပ် ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေကို ပြောသွားပြီးတဲ့နောက်ဆုံး ဗမာက ခုနစ် ကျပ်ရပြီး တိုင်းရင်းသားတွေက တစ်ကျပ်စီပဲရတယ်” ဆိုပြီး ဟာသနှောလို့ ပြက်ရယ်ပြုဖူးတယ်။ 

လူသားတိုင်းမှာရှိတဲ့တာဝန်တစ်ခုက အတိတ်ကဖြစ်ပျက်ခဲ့တာတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့ မနက်ဖြန်သစ်ကို တည်ဆောက်ဖို့ပဲ။ အကြမ်းဖက်မှု၊ သည်းညည်းမခံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုစတာတွေဟာ လူတွေရဲ့မွေးရာပါ မျိုးဗီဇ က ပြဋ္ဌာန်းတဲ့ ဓလေ့တွေမဟုတ်ဘဲ အားလုံးဟာ လူမှုရေးအရလေ့ကျင့်တည်ဆောက်ပေးထားတာ (Socially practiced and constructed) ဖြစ်တာမို့ နိုင်ငံတော်ဟာ ငြိမ်းချမ်းရေးရဲ့တန်ဖိုးတွေ လူသားတိုင်းရဲ့သွေးထဲမှာ စိမ့်ဝင်ပျံ့နှံ့ဖို့အတွက် ဦးတည်ပြီးမူဝါဒချမှတ်ကျင့်သုံးမှသာလျှင် စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးကို ရမယ်လို့ ပြောရမယ်။
(ဤဆောင်းပါးသည် ၂၀၀၃ ခုနှစ် မတ်လထုတ် "လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဂျာနယ်" တွင် ဖော်ပြပါရှိခဲ့ဖူးသော ဆောင်းပါးဖြစ်ပါသည်။)


ကျမ်းညွှန်း

Gilbert, David. F. (2009). Multination Federalism and Myanmar’s Transition. In From Kings, Colonies and Nations: Lessions from Ethiopia in Building Multination Federalism in Burma. A dissertation. University of Auckland. 

Sai Latt. (2013, April 16). Colonialism and Ethnic Conflict in Burma. Retrieved from New Mandala website: http://asiapacific.anu.edu.au/newmandala/2013/04/16/colonialism-and-ethnic-conflict-in-burma/

Navarro-Castro, Loreta., & Nario-Galace, Jasmin. (2008). Peace Education: A Pathway to a Culture of Peace. Quezon City: Center for Peace Education, Miriam College.

Sakhong, Lian. H. (2012). The Dynamics of Sixty Years of Ethnic Armed Conflict in Burma. Chiang Mai: Burma Centre for Ethnic Studies: Peace and Reconciliation.

South, Ashley. (2009). Ethnics Politics in Burma: States of Conflict. New York: Routledge.

Steinberg, David. I. (2010). Burma/Myanmar: What Everyone Needs to Know. New York: Oxford University Press.

Tegenfeldt, David. (2013, May 4). Talking about Myanmar's ethnic conflicts and identities. (W. Y. Phone, Interviewer)

Tin-Maung-Maung-Than. (2005). Dreams and Nightmares: State Building and Ethnic Conflict in Myanmar (Burma). In Ethnic Conflicts in Southeast Asia (pp. 65-108). Singapore: ISEAS Publications.

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...