Skip to main content

နိုင်ငံရေးအမြုံနာကြီးပေါက်ထွက်သွားခြင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်တုန်းက တပ်က အာဏာသိမ်းမယ်ထင်လားလို့ မေးလာခဲ့ရင် မထင်ဘူးလို့ပဲ ဖြေမှာပါ။ ဒီလိုပဲ မိုးခြိမ်းနေတာသာ ဖြစ်မှာပါလို့ပဲ တွေးမိခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းဖို့အစီအစဉ်မရှိပါဘူးလို့လည်း ကာချုပ်က မတိုင်မီတစ်ရက်ကမှ ပြောထားသေးတာလည်း ပါပါတယ်။ တကယ်တမ်း သိမ်းပြီဆိုတော့လည်း မအံ့ဩတော့ ပါဘူး။ သူတို့ဟာ ဘာမဆို အကုန်လုပ်နိုင်တယ်ဆိုတာ သိထားပြီးသားမို့ပါ။ တစ်ခုလွတ်သွားတာက အခြေခံ ဥပဒေကို မဖျက်ဘူးလို့ပဲ ပြောတာဖြစ်ပြီး မသိမ်းဘူးလို့ အာမခံတာမဟုတ်ကြောင်းကိုပါ။ ၂၀၀၈ အရလည်း ခြေဥကို မဖျက်သိမ်းဘဲ အာဏာသိမ်းလို့မရဘူးမဟုတ်လား။ တကယ်တမ်းကျတော့ မလိမ့်တပတ်နဲ့ လုပ်သွားတာဖြစ်ပါတယ်။

အာဏာသိမ်းလိုက်တော့ ပြည်သူတွေပေါက်ကွဲထွက်ကုန်ကြတယ်။ ဝမ်းနည်းဆွံ့အကုန်ကြတယ်။ ဒီမိုကရေစီကို အဓမ္မကျင့်ပြီးယူသွားပြီရယ်လို့ပေါ့။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ကြပါဦး။ ကျွန်တော်တို့ တကယ်တမ်းရော ဒီမိုကရေစီရခဲ့ရဲ့လား။ ၂၀၁၆-၂၀၂၀ ငါးနှစ်တာကာလဟာ ဒီမိုကရေစီအုပ်ချုပ်ရေး ဖြစ်ခဲ့တာ ဟုတ်ရဲ့လား။ ကျွန်တော်တို့က များသောအားဖြင့် နှိုင်းယှဉ်ခြင်းအားဖြင့် စဉ်းစားလေ့ရှိကြပါတယ်။ မဆလခေတ်၊ နဝတ/နအဖခေတ်တွေနဲ့ယှဉ်ရင် ၂၀၁၀ အလွန် (အထူးသဖြင့်) ၂၀၁၅-၂၀၂၀ ကာလဟာ လွတ်လပ်မှုတွေက အများကြီး ရလာခဲ့ကြတာကိုး။ ဒါ ဘာနဲ့ တူသလဲဆိုတော့ ဆယ်ပိဿာလေးတဲ့ ဝန်ကြီးကို မ ထားရတဲ့သူရဲ့ကျောပေါ်ကနေ ငါးပိဿာလောက် လျှော့ပေးလိုက်တော့ အတော်လေးကို ပေါ့သွားတဲ့သဘောပေါ့။ အတင်းဖိနှိပ်ထားတဲ့ ခေတ်နဲ့စာရင် အရပ်သား တစ်ပိုင်း အုပ်ချုပ်ခဲ့တဲ့ဆယ်နှစ်မှာ လွတ်လပ်မှုတွေဟာ အတိုင်းအဆမရှိရတယ်လို့ ပြောလို့ရနိုင်တာပဲ မဟုတ်လား။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော် သိပ်ရင်ခုန်ခဲ့ပါတယ်။ ကျွန်တော့်တစ်သက် မွေးကတည်းက စစ်အစိုးရတွေရဲ့ လက်အောက်မှာပဲ နေခဲ့ရတော့ အရပ်ဘက်အုပ်ချုပ်ရေးလက်အောက်ကို (သုံးမတ်သားပဲ ရဦးတော့) သိပ်ရောက်ချင်ခဲ့တာ။ ဒါကြောင့် ၂၀၁၅ မှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မဲထည့်ခဲ့တာပဲ။ နိုင်လည်း နိုင်ခဲ့တဲ့အတွက် သိပ်ပျော်ခဲ့တာပဲ။ အရပ်သားအစိုးရသစ် ကျမ်းကျိန်တဲ့နေ့ဟာ ဖော်ပြမရတဲ့ ပီတိတွေ ရခဲ့တဲ့နေ့ပေါ့။ ငါတို့ စစ်အာဏာရှင်နိုင်ငံမဟုတ်တော့ဘူးကွဆိုပြီး လက်မထောင်ခဲ့ရတဲ့နေ့ပဲ။ ဒါပေမဲ့ အဲဒီ အပျော်တွေဟာ ကြာကြာမခံခဲ့ပါဘူး။

အင်န်အယ်ဒီအစိုးရတက်လာပြီး မကြာခင်မှာပဲ တစ်ခုခုမှားနေပြီလားလို့ စိတ်မှာ ထင့်လာပါတော့တယ်။ တခြားမဟုတ်ပါဘူး၊ ၂၀၀၈ အခြေခံဥပဒေရဲ့ဘောင်ထဲကနေ လျှောက်ကြတာနဲ့ပတ်သက်လို့ပါ။ လူအတော်များများလိုပဲ ၂၀၀၈ ခုနှစ် နာဂစ်အခြေခံဥပဒေကြီးကို ကန့်ကွက်ခဲ့တဲ့ထဲမှာ ကျွန်တော်လည်း ပါပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက်မှာ တိုင်းပြည်အခြေအနေတွေ ကောင်းလာ၊ သူကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြလာတော့ ပြီးပြည့်စုံတဲ့အနေအထားမဟုတ်သော်လည်း ဘာမှ မရတာထက်စာရင် တစ်ခုခုရတာက ပိုကောင်းမလား ဆိုပြီး ၂၀၁၂ ကြားဖြတ်မှာ အန်တီတို့ပြန်ဝင်ပြိုင်တာကို တစ်ခဲနက် ထောက်ခံခဲ့ပါတယ်။ အဲဒီမှာ အပြတ်အသတ် နိုင်လေတော့ ၂၀၁၅ ဆိုရင်တော့ အများစုနိုင်ပြီး အစိုးရဖွဲ့နိုင်မှာပဲဆိုတာ လုံးဝသေချာနေခဲ့ပါတယ်။ 

ကျွန်တော့်အတွေးထဲမှာ စစ်တပ်ဟာ နိုင်ငံရေးကနေ တကယ်ကိုဆုတ်ခွာနေပြီ။ ဒါကြောင့် သူတို့ရဲ့ ထွက်ပေါက်ဗျူဟာကို အသေအချာဆွဲပြီး လုပ်သွားတာ။ ၂၀၁၅ အလွန်မှာ တက်လာမယ့် အရပ်သားအစိုးရသာ တပ်နဲ့သေချာအပေးအယူလုပ်ပြီး သွားနိုင်မယ်ဆိုရင် Win-Win ပဲ။ ဒါဆို အချိန်ကာလ တစ်ခုရောက်ရင် တပ်ဟာ (အင်ဒိုနီးရှားလို) လုံးဝ လွှတ်တော်ထဲကနေ ထွက်သွားလိမ့်မယ်။ ချက်ချင်း လက်ငင်းတော့ မရနိုင်ဘူး။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ဒါ ၂၀၁၀ မတိုင်ခင်ကတည်းက ဒေါက်တာ နေဝင်းမောင်တို့ ပြောခဲ့ဟောခဲ့တာပဲ။ အဲဒီတုန်းက မယုံကြည်ခဲ့ပေမဲ့ ၂၀၁၂ နောက်ပိုင်းမှာတော့ ကျွန်တော် လည်း အဲဒီလိုပဲ လက်ခံလာတာပဲ။

ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေကြီးနဲ့တကွ စစ်တပ်ရဲ့တကယ့်သဘောထားအပေါ် သံသယဝင်သွားမိတဲ့ အချက် အချို့တော့ရှိတယ်။ အဲဒါက ၂၀၁၂ ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေ၊ ပျောက်ကွယ်မသွားတဲ့စွမ်းအားရှင်တွေ၊ နောက်ပိုင်း ခန့်မှန်းရခက်လာတဲ့ ဦးသိန်းစိန်နဲ့ တပ်ချုပ်တို့ရဲ့ သဘောထားတွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်စုတို့ဘက်က တပ်ချုပ်နဲ့တွေ့ဖို့ တောင်းပေမဲ့ မရခဲ့ဘူးဆိုတာ သတင်းဟောင်းတွေ ပြန်ဖတ်ရင် တွေ့ပါလိမ့်မယ်။ ရွေးကောက်ပွဲနိုင်ပြီးခါမှ တွေ့ခွင့်ရခဲ့တာပါ။ စိတ်ထင့်နေခဲ့တာတွေကို ချေဖျက်ခဲ့တာကတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ အတော်လေးကို သန့်သန့်ရှင်းရှင်းရှိခဲ့တဲ့အချက်ပါပဲ။ အာဏာ လွှဲပြောင်းပွဲလည်း ရှောရှောရှူရှူပြီးသွားခဲ့တယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေ ပြဋ္ဌာန်းနေဆဲမှာ တင်းမာမှုအချို့ ရှိခဲ့ပေမဲ့ တပ်ဘက်က ဒီရာထူးကို လုံးဝကြီးမကန့်ကွက်ခဲ့တာတွေကြောင့် ပြဿနာတော့ အတော်အတန် ငြိမ်းပြီဆိုပြီး စိတ်ချသွားခဲ့ပါတယ်။ 

ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့ ၂၀၀၈ ဘောင်ထဲကနေ သွားနေရတဲ့ ဒီအရပ်ဘက်အုပ်ချုပ်ရေးကြီးကို သံသယ ကြီးကြီးလာပါတယ်။ ဖြစ်လာရတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ စိတ်ထဲမှာ ခံစားမိလာတာကတော့ တပ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တကယ်သွားချင်တာ မဟုတ်ဘူးရယ်လို့ပါ။ ဒါဆိုရင် ၂၀၀၈ ခြေဥ ကြီးနဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ဟာ ကဏ္ဍကောစဖြစ်နေ၊ စကတည်းက ‘ဓမ္မာသောက’ ဖြစ်နေပြီပေါ့။ စဉ်းစားကြည့်ပါ၊ ပြည်သူ့မဲနဲ့တက်လာတဲ့ အစိုးရတစ်ရပ်ဟာ တပ်ကိုလည်းအမိန့်မပေးနိုင်၊ ရဲကိုလည်း သူ့လက်အောက်မှာ မထားနိုင်ဘူးဆိုရင် ဘာသွားလုပ်တော့မလဲ။ တပ်တို့၊ ရဲတို့လို လက်နက်ကိုင် အဖွဲ့တွေဟာ ဥပဒေအာဏာတည်ရေး (law enforcement) လုပ်ရတဲ့ အဖွဲ့အစည်းတွေပါ။ အစိုးရတစ်ရပ်ရဲ့ တကယ့် လက်နက်၊ တကယ့်ပါဝါပါ။ ဒါတွေ မရှိရင်တော့ လက်ခြေရိုက်ချိုးခံထားရတာနဲ့ အတူတူပဲ။ ဒီတော့ စကတည်းက ယဉ်သကိုဆိုသလို အင်န်အယ်ဒီကဲ့သို့သော အစိုးရတစ်ရပ်ဟာ ၂၀၀၈ လမ်းကြောင်းမှာ ဘာမှ လုပ်မရဖြစ်သွားပါတော့တယ်။ 

တပ်ဟာ အစကတည်းက အာဏာကိုစွန့်ပြီး နိုင်ငံရေးကနေ တကယ်ဆုတ်ခွာသွားချင်တာ မဟုတ်ပါဘူး။ မျက်လှည့်ပြသလို ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး ဆက်အုပ်ချုပ်ဖို့အတွက် ၂၀၀၈ ကို ဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်အယ်ဒီနေရာမှာ ကြံ့ခိုင်ရေးဖြစ်ဖြစ်၊ တခြား တပ်နဲ့ပလဲနံပသင့်တဲ့ ပါတီတစ်ခုဖြစ်ဖြစ်ပဲ နိုင်ပြီးရင်းနိုင်နေမယ် ဆိုရင်တော့ ၂၀၀၈ နဲ့ ဘာမှပြဿနာတက်စရာမရှိပါဘူး။ ၂၀၀၈ ရယ်၊ တပ်ရယ်၊ အဲဒီ ပါတီရယ်ဟာ birds of the same feather ပဲ မဟုတ်လား။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီလို ပြည်သူကို ကိုယ်စားမပြုတဲ့ ပါတီတစ်ရပ်ဟာ (ရွေးကောက်ပွဲသန့်ရှင်းတရားမျှတနေသရွေ့) တက်လာစရာ အကြောင်း လည်း ရှိမနေပြန်ပါဘူး။ ဒီတော့ ပြည်သူတွေနှစ်သက်တဲ့ပါတီတစ်ရပ် (ဥပမာ - အင်န်အယ်ဒီ) ဟာ လက်ရှိ ၂၀၀၈ ခြေဥရဲ့ ဘောင်ထဲမှာ တကယ့်အဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုကို ဖော်ဆောင်ဖို့ဆိုတာ သိပ်ကို ချည့်နဲ့တဲ့အနေအထားကို ရောက်သွားပါတော့တယ်။ ဒါ့အပြင် အင်န်အယ်ဒီကိုယ်နှိုက်ကလည်း capacity ပိုင်း၊ competency ပိုင်းမှာ အင်စတီကျူးရှင်းအနေနဲ့ရော တစ်ဦးချင်းစီအနေနဲ့ပါ အားနည်းချက်တွေက ရှိနေပြန်တယ်။ မည်သို့ပင် ဆိုစေ၊ အင်န်အယ်ဒီဟာ ဦးသိန်းစိန်အစိုးရထက်တော့ ပြုပြင်ပြောင်းလဲရေးကို “တကယ်” လုပ်ကြည့်ဖို့ စမ်းကြည့်ပါသေးတယ်။ အဲဒီမှာ တပ်နဲ့ထိပ်တိုက် စတွေ့လာပါတယ်။ 

တပ်ဟာ သူ့ရဲ့အခန်းကဏ္ဍ၊ သူ့ရဲ့နေရာပျောက်မသွားအောင်ဆိုပြီး အမောက်ထောင်ပြဖို့ လုပ်လာပါတယ်။ လွှတ်တော်တွင်းမှာလည်း သူတို့မကျေနပ်တဲ့ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ်မတ်တပ်ရပ် ကန့်ကွက်တာ၊ “ဒီမိုကရေစီအနိုင်ကျင့်” ခံရတယ်ဆိုပြီး ခဏခဏပြောတာတွေ လုပ်ပါတယ်။ လွှတ်တော်ပြင်ပကို ကြည့်ရင်လည်း မဘသတို့လိုမျိုး အင်အားစုတွေကတစ်ဆင့် အာဏာရအစိုးရကို အကျပ်တွေ့အောင် အမျိုးမျိုးလုပ်ခဲ့တာ မြင်ခဲ့ရပါတယ်။ ၂၀၁၅ မတိုင်ခင်ကတည်းက “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ အမျိုးမျိုးပုံဖျက်တာ၊ အပုပ်ချတာတွေ လုပ်ခဲ့တဲ့အတိုင်း အင်န်အယ်ဒီအာဏာရပြီး နောက်မှာကို ဒါမျိုးတွေ ဆက်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီအင်အားစုတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ရာအတွက် အစိုးရမှာ မတတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ရဲတပ်ဖွဲ့ရဲ့မိခင်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဟာ တပ်ချုပ်ရဲ့လူဖြစ်နေလို့ပါ။ ရဲတပ်ဖွဲ့ဟာ အစိုးရရဲ့အမိန့်ကိုနာခံသယောင်ယောင် ထင်ရအောင် ဟန်ပြဖမ်းပြ၊ ဆီးပြ၊ တရားစွဲပြတာတွေသာ လုပ်ခဲ့ပေမဲ့ တကယ်တမ်းတော့ အစိုးရရဲ့ဩဇာခံမဟုတ်ဘူးဆိုတာကို ဦးကိုနီအမှု၊ ဝလုံးနဲ့ကျော်စိုးဦးအမှု၊ ဗစ်တိုးရီးယားအမှု စတာတွေမှာ အထင်အရှားမြင်ရပါတယ်။

အဆိုးဆုံးသာဓကကတော့ ၂၀၁၆ နဲ့ ၂၀၁၇ မှာ ရခိုင်မှာ စစ်တပ်ကကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေပဲ။ အဲဒီမှာ အင်န်အယ်ဒီဟာ ဘာအာဏာမှမရှိတဲ့ အစိုးရပဲဆိုတာ ပေါ်လွင်သွားခဲ့ပါတယ်။ ဒါတောင်မှ ဒေါ်အောင်ဆန်း စုကြည်ဟာ အိုင်စီဂျေအထိသွားပြီးတော့ကို ခုခံကာကွယ်ခဲ့ပါသေးတယ်။ ဒီအတွက် ပြည်တွင်းမှာ ထောက်ခံမှု မြင့်တက်ခဲ့ပေမဲ့ နိုင်ငံတကာမှာတော့ သူ့ရဲ့ဂုဏ်သိက္ခာတွေအကုန် စတေးပစ်ခဲ့ရပါတယ်။ ကျွန်တော့် စိတ်ထဲ လုံးဝပြတ်ပြတ်သားသား မြင်သွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီဟာ လုံးဝကို ထောင်ချောက်မိသွားခဲ့ပြီ။ နိုင်ငံရေးသတ်ကွင်းထဲဝင်သွားခဲ့မိပြီ။ ၂၀၂၀ မှာ ရာနှုန်းပြည့်အနိုင်ရဦးတော့၊ ဒါဟာ ပျော်စရာမဟုတ်တော့ဘူး။ အခင်းအကျင်းကြီးကိုက မှားနေလို့ပဲ။ ဒါတောင် အင်န်အယ်ဒီဟာ တပ်ကို အတော်လေးချော့ပေါင်းခဲ့ပါတယ် (ချော့မပေါင်းဘဲ တင်းခံခဲ့တာတွေလည်း ရှိပါရဲ့)။ ချော့ပေါင်းလွန်းလို့ အဝေဖန်ခံရတာတွေလည်း မနည်း မနောပါပဲ။ ဒါပေမဲ့ တပ်ရဲ့စိတ်မှာ အင်န်အယ်ဒီ အာဏာမရ မှဖြစ်မယ်လို့ သဘောပိုက်ထားပါတယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့မှ သူတို့ခင်းထားတဲ့ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီစနစ်ကြီးထဲမှာ အံဝင်ခွင်ကျ ဖြစ်မှာမဟုတ်ဘူး။ အင်န်အယ်ဒီဟာ ဘယ်လိုပဲ ရင်ကြားစေ့တယ်ပြောပြော၊ တပ်ရဲ့အတွင်း သဘောဟာ အာဏာမစွန့်လိုတာကြောင့် ဒီပါတီ၊ ဒီလူတွေရှိနေသမျှ သူတို့မပျော်တော့ပါဘူး။ ဒီအခါမှာ သူတို့ရဲ့ရည်မှန်းချက် (မျှော်လင့်ချက်) ဟာ ၂၀၂၀ မှာ အင်န်အယ်ဒီ ပြန်အနိုင်မရရေး (အနိုင်ရရင် တောင်) အပြတ်အသတ်မနိုင်ရေးပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ သူတို့ဆုတောင်း မပြည့်ခဲ့ပါဘူး။ အင်န်အယ်ဒီဟာ ၂၀၁၅ ကထက်တောင်မှ ပိုပြီးပြတ်ပြတ်သားသား နိုင်လိုက်ပါသေးတယ်။ ဒီအခါမှာ တပ်ဟာ do or die တစ်ခုခု ဘာလုပ်မလဲဆိုတာပြတ်ပြတ်သားသားဆုံးဖြတ်ရပါတော့တယ်။ အကြောင်းရမယ်တွေရှာတယ်၊ နင်မဟုတ် နင့်အဖေပဲ ဆိုတာမျိုး လုပ်လာတယ်။ နောက်ဆုံးတော့ အဖြေကတော့ မြင်တဲ့အတိုင်းပါပဲ။

နိုင်ငံရေး

နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာကိုလုတာပါပဲ။ တရားနည်းလမ်းတကျ လုတာနဲ့၊ အနိုင်ကျင့်ပြီးလုတာပဲ ကွာပါတယ်။ အာဏာလက်ထဲမရှိရင် ဘာမှလုပ်မရလို့ပါ။ ဒီမိုကရေစီအခြေခိုင်တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရေး သမားတွေဟာ တရားနည်းလမ်းတကျနဲ့ အာဏာရဖို့ကြိုးပမ်းကြရပေမဲ့ မြန်မာလိုမျိုး ဟိုမရောက် သည်မရောက် နိုင်ငံတွေမှာတော့ အာဏာကိုတရားနည်းလမ်းတကျရော တရားနည်းလမ်းမကျတဲ့ပုံစံနဲ့ရော ရအောင် ယူကြ၊ ယူရပါတယ်။ မြန်မာပြည်မှာ တကယ့်နိုင်ငံရေးအာဏာကြီးကို ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဟာ တပ်ပဲ။ ၂၀၁၀ နောက်ပိုင်းမှာ အရပ်သားတွေကိုလည်း တစ်စိတ်တစ်ပိုင်း အာဏာယူခွင့်ပေးတယ်။ ဒါပေမဲ့ တကယ့် အရေးပါတဲ့ အာဏာဟာ တပ်လက်ထဲမှာပဲ ရှိပါတယ်။ အဲဒီ အထိုင်ကို ဖျက်မယ့် မည်သည့်ပါတီ/အင်အားစုကိုမှ အာဏာပေးလို့မရပါဘူး။ ပေးရင် သူတို့ခင်းထားတဲ့ ၂၀၀၈ လမ်းစဉ်ကို လျှောက်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခြေဥဟာ အစကတည်းကကို သန္ဓေမမှန်တဲ့အတွက် မျိုးစေ့မမှန် ပင်မသန်ဆိုသလို ဘာဒီမိုကရေစီအညှောက်မှ ပေါက်လာမှာ မဟုတ်ပါဘူး။ 

၂၀၁၅ မှာ အင်န်အယ်ဒီကို မဲမညစ်ဘဲ ပေးနိုင်လိုက်တာ၊ အာဏာလွှဲပေးလိုက်တာဟာ သူ့အကြောင်းနဲ့ သူပါ။ သူတို့ဆွဲထားတဲ့ ဇာတ်ညွှန်းကြီးကို ယုံကြည်မှုရအောင် နိုင်ငံတကာအလယ်မှာ လုပ်ဖို့လိုတာကိုး။ ဒါပေမဲ့ မြန်မာ့ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဆိုတာကြီးဟာ သူ့ပုလင်းနဲ့ သူ့ဘူးစို့နဲ့မှ တော်ပါတယ်။ ဆိုလိုတာက ကြံ့ခိုင်ရေးတို့လိုမျိုး တပ်နဲ့တစ်သားတည်းဖြစ်နေတဲ့ ပါတီမျိုးနဲ့မှသာ အဆင်ပြေ ဟန်ကျပါတယ်။ ဒီမိုကရေစီဘက်ကို ပိုယိမ်းတဲ့ပါတီတစ်ခုခုနဲ့တော့ ဘယ်လိုမှပေါင်းဖော်ယှဉ်တွဲလို့မရတဲ့ ရွှေရည်စိမ် လက်ထပ်ပွဲသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ငါးနှစ်အကြာမှာပဲ ခုလို မရှုမလှ ကွာရှင်းပြတ်စဲရတဲ့ကိန်း ဆိုက်တော့တာ ပါပဲ။ 

ဘာလုပ်ကြမလဲ

အာဏာသိမ်းခံရတာဟာ ဘယ်လိုမှလက်မခံနိုင်စရာမရှိဘူးဆိုပေမဲ့ တစ်ဖက်ကစဉ်းစားကြည့်ရင် အာဏာမသိမ်းခဲ့ရင်လည်း အင်န်အယ်ဒီနဲ့ တပ်ဟာ တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာတက်ကြဦးမှာပါပဲ။ ခုနက ပြောသလို မျိုးစေ့မမှန်တဲ့အပင်ဟာ ဘယ်လိုမှရှင်သန်နိုင်မှာ မဟုတ်လို့ပါ။ ဒီတစ်ကွေ့မတွေ့လည်း ဟိုတစ်ကွေ့တော့ တွေ့မှာပါပဲ။ ဒါကြောင့် ခုလိုဖြစ်သွားတာဟာ အကောင်းဘက်ကကြည့်ရင် စစ်တပ်ရဲ့ ၂၀၀၈ ခြေဥအခြေပြု လုပ်ဇာတ်ကြီး၊ ဒီမိုကရေစီမျက်နှာဖုံးကြီး ကွာကျသွားပြီး ဟန်ဆောင်ဆက်ဆံနေကြတဲ့ နိုင်ငံရေးအပေးအယူတွေ တစ်ခန်းရပ်သွားတာမို့ အမှန်တရားကို ဘွင်းဘွင်းမြင်ကြရတဲ့ အမြတ်တော့ ထွက်သွားပါတယ်။ တချို့သောသူတွေ ရေးသလိုမျိုး ‘နိုင်ငံရေးက ခုမှယောက်ျားဆန်သွားတယ်’ လို့တော့ မသုံးချင်ပါဘူး။ မိန်းမတွေက သဘောကျမှာမဟုတ်ပါဘူး။ နိုင်ငံရေးက ခုမှ လေနဲ့ဝမ်းကွဲသွားတယ်၊ ပျားရည်နဲ့ ဝမ်းအချခံနေရတဲ့အခန်း အခုမှ ရပ်သွားတယ်လို့ သုံးရမလားပဲ။ အခုမှ တည့်တည့်ပြော၊ တည့်တည့်ချကြတဲ့ အခင်းအကျင်းပေါ့။ 

နောက်ထပ် ကောင်းတဲ့အချက်က ပြည်သူတွေအိပ်မက်က လန့်နိုးသွားတာပါပဲ။ ပြီးခဲ့တဲ့ငါးနှစ်အတွင်း မြန်မာပြည်သူတွေစိတ်ထဲ ထင်ယောင်ထင်မှား ဖြစ်နေခဲ့ကြတဲ့ ဒီမိုကရေစီ လေနန်းတော်ကြီး ပြိုကျသွားခဲ့လို့ပါ။ ၂၀၁၅ မှာ အင်န်အယ်ဒီလည်း အနိုင်ရ၊ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတထက်တောင် ပိုအရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီဆိုတော့ ပြည်သူအများစု စိတ်ထဲမှာ ဒီတစ်ခါတော့ ဒီမိုကရေစီတကယ်ရသွားပြီလို့ မှတ်ယူလိုက်ကြပါတယ်။ သာမန်ပြည်သူတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားဖို့ထက် ငါတို့အမေရှိနေတာပဲ၊ အမေက အကောင်းဆုံးဖြေရှင်းပေးမှာပေါ့ ဆိုတဲ့စိတ်နဲ့ ကိုယ့်စားဝတ်နေရေးပဲ ကိုယ်အာရုံစိုက် ဖြေရှင်းနေကြပါတယ်။ တစ်ခါမှမရဖူးတဲ့ လွတ်လွတ်လပ်လပ် ဘဝကိုလည်း ရလိုက်ကြတာကိုး။ တကယ့် နိုင်ငံရေးရဲ့သရုပ်သကန်အမှန်၊ ဇာတိရုပ်အစစ်ကို မမြင်ကြတော့ဘဲ ရွှေရည်စိမ် ဒီမိုကရေစီအိပ်မက်ထဲမှာ အိပ်ပျော်သွားကြပါတယ်။ မြန်မာပြည်သူတွေဟာ -- အထူးသဖြင့် ကီးဘုတ်ဖိုက်တာတွေဟာ -- ပန်းဝင်ပြီအထင်နဲ့ တက်ထောင်လိုက်ကြပါတယ်။ လော်ဘီတွေကလည်း အာဏာရပါတီနဲ့ အမေ့ရဲ့ ဘုန်းတော်ဘွဲ့တွေရွတ်ကြ၊ တစ်ဖက်က တပ်ကိုဆဲကြ၊ လှောင်ကြ၊ ဟားကြတာတွေလည်း လုပ်ကြပါတယ်။ အမေ့ ဘုန်းတန်ခိုးကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်ပြီး တပ်ကိုလျှော့တွက်လိုက်ကြပါတယ်။ တကယ် အာဏာရှိနေတာက တပ်ဆိုတာကို သတိမရကြတော့ပါ။ ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌဘဝတုန်းက တပ်ကိုယ်စားလှယ်တွေကို လေသံမာမာနဲ့ဟောက်ခဲ့တော့ နှစ်ထောင်းအားရဖြစ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေဥရဲ့အတားအဆီးတွေကိုကျော်လွှားပြီး သမ္မတထက်တောင် အရေးပါတဲ့ ရာထူးကို ရအောင်ဖန်တီးလိုက်တော့ ဘယ့်နှယ့်ရှိစဆိုပြီး တပ်ကိုပြုံးစစနဲ့ကြည့်ကြပါတယ်။ ၂၀၂၀ မှာ ထပ်ပြီး အနိုင်ရပြန်တော့ ဒီတစ်သက် တပ်နဲ့ကြံ့ခိုင်ရေးကို လုံးဝနာလန်မထူနိုင်အောင် လုပ်နိုင်လိုက်ပြီကွရယ်လို့ မာန်ဝင့်ကြပါတယ်။ ဒါပေမဲ့ တပ်ဟာ လက်ရှိအစိုးရကို ကြိုးရှည်ရှည်နဲ့ လန်ထားပြီး ဆင်ကြံကြံနေတာကိုတော့ သတိပြုမိသူ နည်းပါလိမ့်မယ်။ တစ်တိုင်းပြည်လုံးဟာ မရခဲ့ဖူးတဲ့လွတ်လပ်မှုတွေကြောင့် ကိုယ်ဟာ ခါးမှာကြိုးစတစ်ဖက်အချည်ခံထားရဆဲ ဖြစ်တယ်ဆိုတာ မေ့လျော့သွားခဲ့ကြပါတယ်။ ကြိုးစရှိသလောက်ပဲ သွားခွင့်ရခဲ့တဲ့၊ ကြိုးစကုန်သွားရင် ချည်တိုင်ကို ပြန်လာရတဲ့ ဘဝတွေပါ။ 

အဲဒီတော့ နိုင်ငံရေးလေနဲ့ဝမ်း ကွဲသွားတာဟာ အရှုံးထဲကအမြတ်ပါပဲ။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ အိပ်မက်က လန့်နိုးလာတဲ့နောက် ငါတို့တကယ် ဒီမိုကရေစီမရသေးပါလား၊ ပန်းမဝင်သေးပါလားဆိုတာ ကျင်စက်နဲ့တို့ခံလိုက်ရသလို သတိပြုမိသွားကြတဲ့အတွက် အခုဆို စစ်တပ်ကိုအာခံမှုတွေမှာ ပြည်သူတွေ တက်ညီလက်ညီ ပါဝင်လာကြတာ သိပ်ကောင်းတဲ့လှုပ်ရှားမှုပါ။ ဒါပေမဲ့ ဒီလောက်နဲ့တော့ တပ်က ဖြုံမှာ မဟုတ်ပါဘူး။ မိမိလိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့အတွက် ကြီးမားတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့တကွ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးဗျူဟာတွေ၊ စိတ်ရှည်သည်းခံမှုတွေအများကြီး ရင်းနှီးပေးဆပ်ရဦးမှာပါ။ “အများကြီး” လို့ ဆိုပေမဲ့ “အကြာကြီး” လို့လည်း မမှတ်ယူစေချင်ပါဘူး။ အားလုံးညီညွတ်ကြရင် လုံလောက်တဲ့ အားကိုပေးနိုင်ရင် အချိန်တိုအတွင်းလည်း ပန်းတိုင်ကိုရောက်သွားနိုင်ပါတယ်။

ပြောရရင် ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလဟာ အိုင်းအမာကြီးကို အပေါ်ကမောရိယမန်းဆေးလူးပြီး ပလာစတာ ကပ်ထားတာနဲ့ တူပါတယ်။ အပေါ်ယံကြည့်တော့ အနာကပျောက်သွားသလိုပါပဲ။ ဒါပေမဲ့ အထဲထဲမှာ လှိုက်စားနေတာတွေရှိပါတယ်။ မြန်မာပြည်ရဲ့ပြဿနာတွေဟာ အဲဒီ အတွင်းလှိုက် အနာဆွေးကြီးပါပဲ။ ခွဲစိတ်ပစ်၊ ပြည်ကိုဖောက်ထုတ်ပစ်၊ ဆေးထည့်ပစ်ရမယ့် ကုသနည်းကိုလိုအပ်တာပါ။ အခုက အနာကို မခွဲဘဲ အပေါ်ကပဲ ဆီမန်းမန်းနေခဲ့တာပါ။ အခုတော့ အနာက ပြည်ပေါက်သွားခဲ့ပါပြီ။ ကျန်နေတဲ့ပြည်‌တွေကို ဆက် ဖောက်ထုတ်ရပါလိမ့်မယ်။ ခွဲရင်တော့ နာမှာပါပဲ၊ သွေးထွက်မှာပါပဲ။ ဒါပေမဲ့ ခွဲစိတ်ပြီးရင်တော့ အနာကျက် သွားတဲ့အခါ အသားနုတက်ပြီး ပျောက်သွားပါလိမ့်မယ်။ 

ဒါကြောင့် အခုကြုံလိုက်ရတဲ့အဖြစ်ဆိုးကို ဝမ်းနည်းစိတ်ပျက်မနေကြဘဲ မြုံနေတဲ့အနာကြီး ခုမှပွင့်ထွက်သွားပြီလို့ သဘောပေါက်ရင်း ခွဲရမယ့်အနာကို အနာခံပြီးတော့သာ ခွဲစိတ်ဆေးထည့်ကြရအောင်ပါ။ အမှန်ကိုအမှန်အတိုင်း မြင်ကြဖို့ပါ။ လက်နက်ရှိကို လက်နက်မဲ့ဖြစ်တဲ့ ပြည်သူတွေက အာခံရင်ဆိုင် တွန်းလှန်ရာမှာလည်း အင်န်အယ်ဒီ ပါတီ အာဏာပြန်ရရေးလောက်ကိုသာ ပန်းတိုင်မထားဘဲ၊ အယောင်ဆောင်ဟန်ပြ "စည်းကမ်းပြည့်ဝ" ဒီမိုကရေစီ စနစ်ကြီးကိုပါ အပြီးတိုင်ထားခဲ့ပြီး တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သစ်တစ်ခုကို အုတ်မြစ်ချနိုင်တဲ့အထိပါ ရည်စူးကြရမှာဖြစ်ပါတယ်။ ကြိုးစတိုနဲ့ချည်ခံရတာကို ကြိုးစရှည်နဲ့ချည်ခံရတာနဲ့ ကျေနပ်မနေဘဲ အဲဒီ ကြိုးပါ တစ်ခါတည်း ပြတ်ထွက်သွားအောင် ရုန်းကြရတော့မှာဖြစ်ပါတယ်။  ။




Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...