မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။ ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။ ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...