Skip to main content

ခင့်ကိုမုန်း၍ချစ်ခဲ့သည်


ခင့်ကိုချစ်ခြင်းသည် ခင့်ကိုမုန်းခြင်းကြောင့် ဖြစ်ပါသည်။ ထိုစကားသည် ရှေ့နောက်မညီသော ဝိရောဓိ အသုံး တစ်ခုဖြစ်သည်။ သို့သော် ယုတ္တိမရှိသော စကားတော့လည်း မဟုတ်ပြန်ပါ။ လင်းရလျှင် ခင့်ကို ချစ်ခြင်းသည် ခင့်ကို မုန်းခြင်းကြောင့် ဖြစ်သည်။ သို့သော် ခင့်ကို မုန်းခြင်း၏ ရှေ့တွင် ခင့်ကို ချစ်ခြင်းက အရင်လာပါသည်။ အရာအားလုံး၏ အစပထမသည် ခင့်ကို ချစ်ခြင်းဖြစ်ပါသည်။ သို့သော် ခင်က ကျွန်တော့်ကို မချစ်ပါ။ မချစ်ရုံ မက ခင်က ကျွန်တော့်ကို အလွန်ပင် မုန်းပါသည်။ ကျွန်တော်သည် ခင့်ထံမှ အချစ်ကို မျှော်လင့်လျက် ခင့်ကို ချစ်ခဲ့သော်လည်း ခင်က ပြန်ချစ်ဖို့ဝေးစွ၊ ခင်က မုန်းပင် မုန်းလိုက်ပါသေးသည်။ တစ်ယောက်က ချစ်ပြီး တစ်ယောက်က မုန်းနေခြင်းသည် မျှခြေမရှိသော အနေအထား ဖြစ်ပါသည်။ ထိုအခါ နှစ်ယောက်စလုံး ပူလောင် ဆင်းရဲရပါသည်။ ကျွန်တော်သည် နေ့ရှိသရွေ့ ခင့်ကို ချစ်ပြဖို့သာ ကြိုးပမ်းနေသော်လည်း ခင်က အချိန်ရှိသရွေ့ ကျွန်တော့်ကို စိတ်ဆင်းရဲအောင်သာ စဉ်းစား ပြုမူတတ်ပါသည်။ ကျွန်တော်က ကြင်နာ ပြသလောက် ခင်ကမူ ကျွန်တော့်ကို နာကျင်အောင် လုပ်ပါသည်။ ကျွန်တော်က ခင့်အား ပန်းကလေး ပေးသောအခါ ခင်က ထိုပန်းကလေးကို နင်းခြေမွ ပစ်တတ်ပါသည်။ ကျွန်တော်က ခင့်ကို ထီးမိုးပေးသောအခါ ခင်က နေပူထဲ၊ မိုးရွာထဲသို့ ထီးတည်း ထွက်ပြေးပါသည်။ ကျွန်တော်က ခင့်အား မုန့်ကျွေးသောအခါ ခင်က ထိုမုန့်ကို လွှင့်ပစ်တတ်ပါသည်။ ကျွန်တော်က ခင့်ကို ရွှန်းရွှန်းစားစား ငေးကြည့်လျှင် ခင်က ကျွန်တော့်ကို စိမ်းစိမ်းကားကား ပြန်ကြည့် တတ်ပါသည်။ ထိုအရာတို့သည် သာဓကသာ ဖြစ်ပါသည်။ ထိုအခါ ကျွန်တော် သည် ဘက်ညီသွားအောင် ခင့်ကို ပြန်မုန်းရလျှင် ကောင်းမည်ဟု တွေးမိပါသည်။ နှစ်ယောက်စလုံးက အပြန် အလှန် မုန်းသည့်အခါ ချိန်ခွင်လျှာ ညီသွားပြီး မျှခြေတစ်ခုသို့ ရောက်သွားမည်ဟု ထင်ပါသည်။ ထိုသို့ဖြင့် ကျွန်တော်သည် ခင့်ကို ပြန်၍ မုန်းတီးလာပါသည်။ သို့သော် တကယ်တမ်းတွင် ၎င်းသည် ခင်လိုချင်သော အခြေအနေ တစ်ခု ဖြစ်နေမည်လားဟုလည်း တွေးမိပြန်ပါသည်။ ကျွန်တော်က ခင့်ကို ချစ်လွန်းသဖြင့် ခင်က ကျွန်တော် သူ့ကို ပြန်မုန်းလာအောင် တမင်လုပ်ခြင်းများလားဟု ဆဝါးမိပြန်ပါသည်။ ခင်က သူလိုချင်သော လမ်းကို လာအောင် ကြောင်းခြင်းများလားဟု အတွေးနယ်ချဲ့မိပြန်ပါသည်။ ကျွန်တော်က ခင့်အား မုန်းတီးလာခြင်းဖြင့် ခင်သည် အမုန်း မီးတောက်များ လောင်ကျွမ်းခံနေရသော ကျွန်တော့်အဖြစ်ကို ကြည့်ကာ ဝမ်းမြောက်နေချင်တာမျိုးလည်း ဖြစ်နိုင် ပါသည်။ ထိုအခါ ကျွန်တော် လုပ်ရမည့်အလုပ်မှာ ခင့်ကို ပြန်ချစ်ဖို့ဖြစ်ပါသည်။ သို့သော် ဒုတိယ အကြိမ် ခင့်ကို ပြန်ချစ်ခြင်းသည် ခင့်ကို မုန်း၍ပြန်ချစ်ခြင်း ဖြစ်ပါသည်။ ကိုယ်မုန်းသောလူ လိုလားသည့်အရာကို မပေးလိုသည့် သဘော၊ သူဝမ်းမြောက်ဝမ်းသာ မဖြစ်အောင် ရှောင်ကြဉ်လိုသည့် သဘောဖြစ်ပါသည်။ ကျွန်တော်က ခင့်ကို မုန်းခြင်းဖြင့် ခင့်အလိုဆန္ဒ ပြည့်မည်ဆိုလျှင် ကျွန်တော် ခင့်ကို ချစ်ဖို့သာ ကြိုးစားမည် ဖြစ်ပါသည်။ ထိုသို့ နားလည်သည့် အချိန်တွင် ကျွန်တော်သည် ချောက်ကမ်းပါး အစွန်းတစ်ခုတွင် ရပ်နေပြီး ခင်က ကျွန်တော့်ကို ချောက်ထဲသို့ တွန်းချသည့် အချိန်ဖြစ်ပါသည်။ တွန်းချသည့်အချိန်တွင် ကျွန်တော်သည် ခင့်ကို မုန်းတီးနေသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်ကိုတွန်းချသည့် ခင့်ကိုပါ ကျွန်တော်နှင့် အတူ ချောက်ထဲသို့ ကျလာအောင် ဆွဲချဖို့ လက်ကိုလှမ်းလိုက်ပါသည်။ သို့သော် စောစောက အတွေးမျိုး ပေါက်မိသည်နှင့် ခင့်ကို မုန်းသည့်စိတ်ကို ချစ်သည့်စိတ်ဖက်သို့ ပြန်ပြောင်းလိုက်ပါသည်။ ခင့်ကို ချစ်သွားသည့်အခါ ကျွန်တော်သည် ခင့်ကိုပါ ချောက်ထဲသို့ အတူတူဆွဲမချရက်တော့ပါ။ သို့သော် ၎င်းသည် အမုန်း တရားအခြေခံသော အချစ်စိတ် ဖြစ်သဖြင့် ခင့်ကို မနာကျင်စေလိုသော ရည်ရွယ်ချက် သက်သက် မဟုတ်ပါ။ ခင့်ကို ချောက်ထဲသို့ ပြန်ဆွဲချခြင်းဖြင့် ခင့်ကို ပြန်လက်စားချေခြင်းထက် ပို၍ ချိုမြိန်သော လက်စားချေမှုမျိုးကို လိုချင်သောကြောင့် ပြန်၍ ချစ်စိတ်ဘက်သို့ ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ခင့်ကို ဆွဲချတော့မည့် လက်ကို ပြန်ရုပ်လိုက်ပြီး ကျွန်တော် တစ်ဦးတည်း ချောက်ထဲသို့ ဆင်းလိုက်ပါသည်။ အကယ်၍ ကျွန်တော်သာ သူ့ကို ဆွဲခေါ်ချသွားမည် ဆိုပါက ခင်သည် သူဖြစ်စေချင်သည့်အတိုင်း ကျွန်တော့်ရင်ထဲ အမုန်းတရား တောက်လောင်သည်ကိုလည်း သိသွားမည်၊ သူသည်လည်း ကျွန်တော်နှင့် အတူ သေပွဲဝင်မည် ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ပြန်ချစ်ပြလိုက်ကာ သူ့ကို ချောက်ပေါ်မှာ ထားခဲ့ခြင်းဖြင့် ကျွန်တော့်အမုန်းကို သူမြင်ချင်သော သူ့ဆန္ဒမပြည့်ဝသလို တစ်သက်လုံးလည်း သူ့ကို ချစ်သူတစ်ယောက်ကို ချောက်ထဲ တွန်းချ မိလေခြင်းဟူသော စိတ်ဖြင့် နေထိုင်သွားရမည်ဖြစ်ကာ သေသည်ထက် ပိုဆိုးသော ဒုက္ခကို ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ဆုံးစက္ကန့်တွင် ခင့်ကို ချစ်ခဲ့ပြီး ခင့်ကို ချစ်ခြင်းသည် ခင့်ကို မုန်းခြင်းတွင် မြစ်ဖျားခံပါသည်။ ခင့်ကို မုန်းခြင်းသည်လည်း ခင့်ကို ချစ်ဖို့ မွေးဖွားလာခြင်းဆိုသော အကြောင်းတရားကြောင့် ဖြစ်ပါသည်။

Comments

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...