Skip to main content

ခင့်ကိုမုန်း၍ချစ်ခဲ့သည်


ခင့်ကိုချစ်ခြင်းသည် ခင့်ကိုမုန်းခြင်းကြောင့် ဖြစ်ပါသည်။ ထိုစကားသည် ရှေ့နောက်မညီသော ဝိရောဓိ အသုံး တစ်ခုဖြစ်သည်။ သို့သော် ယုတ္တိမရှိသော စကားတော့လည်း မဟုတ်ပြန်ပါ။ လင်းရလျှင် ခင့်ကို ချစ်ခြင်းသည် ခင့်ကို မုန်းခြင်းကြောင့် ဖြစ်သည်။ သို့သော် ခင့်ကို မုန်းခြင်း၏ ရှေ့တွင် ခင့်ကို ချစ်ခြင်းက အရင်လာပါသည်။ အရာအားလုံး၏ အစပထမသည် ခင့်ကို ချစ်ခြင်းဖြစ်ပါသည်။ သို့သော် ခင်က ကျွန်တော့်ကို မချစ်ပါ။ မချစ်ရုံ မက ခင်က ကျွန်တော့်ကို အလွန်ပင် မုန်းပါသည်။ ကျွန်တော်သည် ခင့်ထံမှ အချစ်ကို မျှော်လင့်လျက် ခင့်ကို ချစ်ခဲ့သော်လည်း ခင်က ပြန်ချစ်ဖို့ဝေးစွ၊ ခင်က မုန်းပင် မုန်းလိုက်ပါသေးသည်။ တစ်ယောက်က ချစ်ပြီး တစ်ယောက်က မုန်းနေခြင်းသည် မျှခြေမရှိသော အနေအထား ဖြစ်ပါသည်။ ထိုအခါ နှစ်ယောက်စလုံး ပူလောင် ဆင်းရဲရပါသည်။ ကျွန်တော်သည် နေ့ရှိသရွေ့ ခင့်ကို ချစ်ပြဖို့သာ ကြိုးပမ်းနေသော်လည်း ခင်က အချိန်ရှိသရွေ့ ကျွန်တော့်ကို စိတ်ဆင်းရဲအောင်သာ စဉ်းစား ပြုမူတတ်ပါသည်။ ကျွန်တော်က ကြင်နာ ပြသလောက် ခင်ကမူ ကျွန်တော့်ကို နာကျင်အောင် လုပ်ပါသည်။ ကျွန်တော်က ခင့်အား ပန်းကလေး ပေးသောအခါ ခင်က ထိုပန်းကလေးကို နင်းခြေမွ ပစ်တတ်ပါသည်။ ကျွန်တော်က ခင့်ကို ထီးမိုးပေးသောအခါ ခင်က နေပူထဲ၊ မိုးရွာထဲသို့ ထီးတည်း ထွက်ပြေးပါသည်။ ကျွန်တော်က ခင့်အား မုန့်ကျွေးသောအခါ ခင်က ထိုမုန့်ကို လွှင့်ပစ်တတ်ပါသည်။ ကျွန်တော်က ခင့်ကို ရွှန်းရွှန်းစားစား ငေးကြည့်လျှင် ခင်က ကျွန်တော့်ကို စိမ်းစိမ်းကားကား ပြန်ကြည့် တတ်ပါသည်။ ထိုအရာတို့သည် သာဓကသာ ဖြစ်ပါသည်။ ထိုအခါ ကျွန်တော် သည် ဘက်ညီသွားအောင် ခင့်ကို ပြန်မုန်းရလျှင် ကောင်းမည်ဟု တွေးမိပါသည်။ နှစ်ယောက်စလုံးက အပြန် အလှန် မုန်းသည့်အခါ ချိန်ခွင်လျှာ ညီသွားပြီး မျှခြေတစ်ခုသို့ ရောက်သွားမည်ဟု ထင်ပါသည်။ ထိုသို့ဖြင့် ကျွန်တော်သည် ခင့်ကို ပြန်၍ မုန်းတီးလာပါသည်။ သို့သော် တကယ်တမ်းတွင် ၎င်းသည် ခင်လိုချင်သော အခြေအနေ တစ်ခု ဖြစ်နေမည်လားဟုလည်း တွေးမိပြန်ပါသည်။ ကျွန်တော်က ခင့်ကို ချစ်လွန်းသဖြင့် ခင်က ကျွန်တော် သူ့ကို ပြန်မုန်းလာအောင် တမင်လုပ်ခြင်းများလားဟု ဆဝါးမိပြန်ပါသည်။ ခင်က သူလိုချင်သော လမ်းကို လာအောင် ကြောင်းခြင်းများလားဟု အတွေးနယ်ချဲ့မိပြန်ပါသည်။ ကျွန်တော်က ခင့်အား မုန်းတီးလာခြင်းဖြင့် ခင်သည် အမုန်း မီးတောက်များ လောင်ကျွမ်းခံနေရသော ကျွန်တော့်အဖြစ်ကို ကြည့်ကာ ဝမ်းမြောက်နေချင်တာမျိုးလည်း ဖြစ်နိုင် ပါသည်။ ထိုအခါ ကျွန်တော် လုပ်ရမည့်အလုပ်မှာ ခင့်ကို ပြန်ချစ်ဖို့ဖြစ်ပါသည်။ သို့သော် ဒုတိယ အကြိမ် ခင့်ကို ပြန်ချစ်ခြင်းသည် ခင့်ကို မုန်း၍ပြန်ချစ်ခြင်း ဖြစ်ပါသည်။ ကိုယ်မုန်းသောလူ လိုလားသည့်အရာကို မပေးလိုသည့် သဘော၊ သူဝမ်းမြောက်ဝမ်းသာ မဖြစ်အောင် ရှောင်ကြဉ်လိုသည့် သဘောဖြစ်ပါသည်။ ကျွန်တော်က ခင့်ကို မုန်းခြင်းဖြင့် ခင့်အလိုဆန္ဒ ပြည့်မည်ဆိုလျှင် ကျွန်တော် ခင့်ကို ချစ်ဖို့သာ ကြိုးစားမည် ဖြစ်ပါသည်။ ထိုသို့ နားလည်သည့် အချိန်တွင် ကျွန်တော်သည် ချောက်ကမ်းပါး အစွန်းတစ်ခုတွင် ရပ်နေပြီး ခင်က ကျွန်တော့်ကို ချောက်ထဲသို့ တွန်းချသည့် အချိန်ဖြစ်ပါသည်။ တွန်းချသည့်အချိန်တွင် ကျွန်တော်သည် ခင့်ကို မုန်းတီးနေသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်ကိုတွန်းချသည့် ခင့်ကိုပါ ကျွန်တော်နှင့် အတူ ချောက်ထဲသို့ ကျလာအောင် ဆွဲချဖို့ လက်ကိုလှမ်းလိုက်ပါသည်။ သို့သော် စောစောက အတွေးမျိုး ပေါက်မိသည်နှင့် ခင့်ကို မုန်းသည့်စိတ်ကို ချစ်သည့်စိတ်ဖက်သို့ ပြန်ပြောင်းလိုက်ပါသည်။ ခင့်ကို ချစ်သွားသည့်အခါ ကျွန်တော်သည် ခင့်ကိုပါ ချောက်ထဲသို့ အတူတူဆွဲမချရက်တော့ပါ။ သို့သော် ၎င်းသည် အမုန်း တရားအခြေခံသော အချစ်စိတ် ဖြစ်သဖြင့် ခင့်ကို မနာကျင်စေလိုသော ရည်ရွယ်ချက် သက်သက် မဟုတ်ပါ။ ခင့်ကို ချောက်ထဲသို့ ပြန်ဆွဲချခြင်းဖြင့် ခင့်ကို ပြန်လက်စားချေခြင်းထက် ပို၍ ချိုမြိန်သော လက်စားချေမှုမျိုးကို လိုချင်သောကြောင့် ပြန်၍ ချစ်စိတ်ဘက်သို့ ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ခင့်ကို ဆွဲချတော့မည့် လက်ကို ပြန်ရုပ်လိုက်ပြီး ကျွန်တော် တစ်ဦးတည်း ချောက်ထဲသို့ ဆင်းလိုက်ပါသည်။ အကယ်၍ ကျွန်တော်သာ သူ့ကို ဆွဲခေါ်ချသွားမည် ဆိုပါက ခင်သည် သူဖြစ်စေချင်သည့်အတိုင်း ကျွန်တော့်ရင်ထဲ အမုန်းတရား တောက်လောင်သည်ကိုလည်း သိသွားမည်၊ သူသည်လည်း ကျွန်တော်နှင့် အတူ သေပွဲဝင်မည် ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ပြန်ချစ်ပြလိုက်ကာ သူ့ကို ချောက်ပေါ်မှာ ထားခဲ့ခြင်းဖြင့် ကျွန်တော့်အမုန်းကို သူမြင်ချင်သော သူ့ဆန္ဒမပြည့်ဝသလို တစ်သက်လုံးလည်း သူ့ကို ချစ်သူတစ်ယောက်ကို ချောက်ထဲ တွန်းချ မိလေခြင်းဟူသော စိတ်ဖြင့် နေထိုင်သွားရမည်ဖြစ်ကာ သေသည်ထက် ပိုဆိုးသော ဒုက္ခကို ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် နောက်ဆုံးစက္ကန့်တွင် ခင့်ကို ချစ်ခဲ့ပြီး ခင့်ကို ချစ်ခြင်းသည် ခင့်ကို မုန်းခြင်းတွင် မြစ်ဖျားခံပါသည်။ ခင့်ကို မုန်းခြင်းသည်လည်း ခင့်ကို ချစ်ဖို့ မွေးဖွားလာခြင်းဆိုသော အကြောင်းတရားကြောင့် ဖြစ်ပါသည်။

Comments

အဖတ်အများဆုံး

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

လူတွေနေနေတဲ့မြို့

မြို့ကလေးတစ်မြို့ ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ် တိမ်လွှာကဆိုင်းလို့။ တောင်ကြောက ပခုံးနဲ့ထမ်းထားတယ် မြူတွေက မှိုင်းလို့။ နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ် သီတာက ဝိုင်းလို့။ ဒီမြို့လေးမှာဆို လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။ တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။ ကျောက်စက်ကျရေက ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။ ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင် “အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။ ဟား ... ဒီမြို့မှာ မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့ ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။ ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။ မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။ ပျားရည်နဲ့ဝမ်းအချခံရမှာကို နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။ ဒီမြို့မှာ လူတွေက ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။ မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း အသေအကြေ ချစ်တတ်ကြသတဲ့။ လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း အသေအချာ ထူပေးတတ်ကြသတဲ့။ တောင်းခံသူလာရင် ပေးလှူရအောင် နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ ကဲ ... ဘာပြောကောင်းမလဲ ဒီမြို့က...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...