Skip to main content

မောင်လူမွှေး


Colour Blues by Lotfi Akalay

လော့ဖီ အာကာလေး (Lotfi Akalay) သည် မော်ရိုကိုအမျိုးသား စာရေးဆရာတစ်ဦးဖြစ်ပြီး ၁၉၄၃ ခုနှစ်တွင် တန်ဂျီးယားစ်မြို့၌ မွေးဖွားသည်။ အာကာလေးသည် ပါရီမြို့၌ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို သင်ယူခဲ့ သည်။ ၁၉၉၀ ပြည့်နှစ်မှစကာ ဂျာနယ်နှင့်မဂ္ဂဇင်းများအတွက် စာစရေးသည်။ Al Bayane La Vie Économique Charlie Hebdo Jeune Afrique စသည့် ပြင်သစ်ဘာသာဖြင့်ထုတ်သည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ၎င်းရေးသည့် ဆောင်းပါးများနှင့်တွဲပြီး လူသိများသည်။ ၁၉၉၆ ခုနှစ်တွင် ပထမဆုံးသော ဝတ္ထု ‘Les nuits d´Azed’ကို ထုတ်ဝေပြီး ၁၉၉၈ ခုနှစ်တွင် ‘Ibn Battouta, Pince des Voyageurs’ ကို ထုတ်ဝေသည်။
ယခု ဝတ္ထုတိုသည် ၁၉၉၇ ခုနှစ် နှစ်သစ်ကူးနေ့ထုတ် Jeune Afrique တွင် ဦးဆုံးဖော်ပြခဲ့သည့် သရော်ဟန်ပါသည့် ဝတ္ထုတို ဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ဝတ္ထုခေါင်းစဉ်မှာ‘Dis, Papa! (ပြောပြပါ ဖေဖေ)’ဖြစ်သည်။ အင်္ဂလိပ်ဘာသာ ပြန်မူ Colour Blues ကို Stephen Gray (ed.) The Picador Book of African Stories. London, Macmillan, 1998 စာအုပ်တွင် ဖော်ပြထားပြီး ထိုအင်္ဂလိပ်ဘာသာပြန်မူမှ မြန်မာသို့ပြန်ဆိုခြင်းဖြစ်သည်။

ဖေဖေ၊ ဖေဖေ၊ မော်ရိုကိုက ဘယ်မှာရှိတဲ့နိုင်ငံလဲဟင်။
အာဖရိကမှာ။
ဟို သစ်ကုလားအုတ်တွေ၊ ရေမြင်းတွေရှိတဲ့ နိုင်ငံလား။
မဟုတ်ဘူး၊ သူက အပေါ်ဘက်ပိုင်းပိုရောက်တယ်မြောက်ပိုင်းအာဖရိကမှာ။
အဲဒီတော့ မော်ရိုကိုမှာ ဘာတွေရှိလဲ။
အာရပ်တွေရှိတာပေါ့။
သားက အာရပ်တွေအကုန်လုံး အာရေးဘီးယားမှာပဲနေကြတယ် မှတ်နေတာ…”
အင်း၊ အာရပ်တွေဆိုတာ နေရာတကာမှာရှိတယ် သားရဲ့။ မက်ထရိုမှာတောင် ရှိတယ်။ မော်ရိုကိုမှာကျတော့ အာရပ်တွေက ဘာဘာ မျိုးနွယ်စုဝင်တွေကွ။
ဒါပေမဲ့ ဘာဘာ တွေဆိုတာက အရိုင်းအစိုင်းတွေမဟုတ်လား။
မဟုတ်ဘူးသားရဲ့။ အရိုင်းအစိုင်းတွေဆိုတာက သပ်သပ်သူတို့က ကျူးကျော်လာကြတဲ့ လူအုပ်တွေကို ခေါ်တာ။
ဟင်၊ ဒါပေမဲ့ မနေ့တုန်းက ဖေဖေ တီဗီကြည့်နေတုန်း ပြောတာတော့ သားတို့ပြင်သစ်နိုင်ငံကို အာရပ်တွေက ကျူးကျော်နေကြပြီဆို။
အဲ အင်းဒါပေမဲ့ အဲဒီလိုမျိုး ထပ်တူတော့ မဟုတ်ဘူးသားရဲ့။ ကောင်းတဲ့အာရပ်တွေလည်း ရှိပါတယ်ကွ။ ဥပမာ တို့အိမ်နီးချင်း ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဦးဘရာဟင် လိုမျိုးပေါ့။
ဟင် တစ်မြန်နေ့တုန်းကပဲ ဖေဖေက သူ့ကိုသူခိုးလို့ခေါ်လိုက်သေးတယ် လေ။ သူ့ဆိုင်မှာ ဈေးဝယ်သူကျတဲ့အချိန် ကျရင် သူက ဈေးကိုတင်တတ်လို့ ဆိုပြီးတော့လေ။
ဖေဖေ အဲဒီတုန်းက နည်းနည်းစိတ်ဆိုးနေလို့ပါကွ။ ဒီလောက်ပါပဲ။
ဒါဖြင့် ဖေဖေသိတဲ့ မော်ရိုကိုသားရော ရှိလား။
သိတဲ့လူရယ်လို့တော့ မရှိဘူး သား။ ဒါပေမဲ့ လမ်းမှာ တစ်ခါတစ်ရံတော့ သူတို့ကိုတွေ့တယ်။
သူတို့ကို ဖေဖေက ဘာစကားနဲ့သွားပြောလဲ။
ဟင့်အင်း ဖေဖေ သူတို့ကို ဘာမှသွားမပြောပါဘူး။ သူတို့နဲ့မှ မသိတာ။
ဒါဆို ဖေဖေက သူတို့နဲ့မသိဘူးဆိုရင် သူတို့ကို မော်ရိုကိုသားတွေမှန်း၊ အမေရိကန်တွေမဟုတ်မှန်း ဘယ်လိုလုပ် သိလဲ။
ဘယ်လိုပြောမလဲ အမေရိကန်တွေက လူဖြူတွေလေ။
မိုင်းလ် ဒေးဗစ်နဲ့ ကားလ် လဲဝစ်တို့လိုမျိုးလား။
မဟုတ်ဘူးကွ။ သူတို့ကကျတော့ အာဖရိကက။
ဖေဖေလုပ်တာနဲ့ သားတော့မျက်စိလည်ကုန်ပြီ။ ဦးဘရာဟင်က ဖေဖေတို့ သားတို့လို အသားဖြူတယ်။ လူမည်း မဟုတ်ဘူး။ ဒါပေမဲ့ သူကကျ အာရပ်တဲ့။
ဖြူတဲ့အာရပ်တွေလည်း ရှိတယ်လေကွာ။ မော်ရိုကိုသားတွေဆိုတာက အသားအရောင် အမျိုးမျိုးနဲ့ကွ။ တချို့ကျ အသားက မည်းတူးချိတ်လို့၊ တချို့ကျတော့လည်း ဒတ်ချ်တွေလိုမျိုး ဆွတ်ဆွတ်ဖြူဖြူလို့။ သဘောပေါက်လား။
ဟင်တနင်္ဂနွေနေ့တုန်းက သား တီဗီမှာ ဒတ်ချ်ဘောလုံးအသင်းကန်တာ ကြည့်လိုက်တာ အသင်းရဲ့တစ်ဝက် လောက်က လူမည်းတွေဖေဖေ။
ဒါကကျတော့ ဒီလိုရှိတယ် သားရဲ့။ အားကစားလောကမှာကျတော့ လူမည်းတွေမှ အများကြီး။
တင်းနစ်မှာကျတော့ တစ်ယောက်တည်းပါ ဖေဖေ။ ဂေါက်သီးတို့၊ ရေကူးတို့၊ မြင်းစီးတို့ကျတော့ သားဖြင့် လူမည်းအားကစားသမား တစ်ယောက်တောင် မတွေ့ဖူးဘူး။
ကဲ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ပါ လူကြီးမင်းလေးရေ့မင်းအမေကိုသာ သွားမေးချည်တော့။ ဒီမှာ ဖေဖေ မြင်းပွဲလေး ဖြောင့်ဖြောင့်ကြည့်ပါရစေဦး။
မေမေက သားကို ဖေဖေ့ဆီလွှတ်လိုက်လို့ လာမေးတာလေ။ မေမေ မီးဖိုချောင်ထဲ အလုပ်များနေတယ် ဖေဖေရဲ့။ နောက်ပြီး ဖေဖေက သူ့ကိုတစ်ခါမှ ကူမလုပ်ဘူးဆိုပြီး ပွစိပွစိနဲ့။ သား ဖေဖေ့ကို မေးစရာတစ်ခုကျန်သေး တယ်။ သားသူငယ်ချင်း အန်နာဘဲလ်လေ၊ တစ်ကိုယ်လုံးမည်းနက်နေတာပဲ၊ ဒါပေမဲ့ သူက ပြင်သစ်မှပြင်သစ် စစ်စစ်ပါလို့ ပြောသေးတာ။ သူ လိမ်ပြောတာပေါ့နော် ဖေဖေ ဟုတ်လား။
သား သူငယ်ချင်းက မာတီနိခ်ကဆိုတော့ သူက ပြင်သစ်ဖြစ်သွားတာပေါ့ကွာ။
ဖေဖေ ပြောပုံအရဆိုတော့ အသားမည်းတဲ့ ပြင်သစ်တွေရှိတယ်၊ အသားဖြူတဲ့ မော်ရိုကိုသားလည်း ရှိတယ်ပေါ့
အေးကွာ ဟုတ်တယ် ဟုတ်တယ် ကဲ တခြားအကြောင်း ပြောင်းပြောရအောင်။
နေဦးအန်နာဘဲလ်လေ သူ့ဆံပင်တွေက ကောက်ကောက်ကွေးကွေးနဲ့ သိလား၊ သိုးလိုပဲ ဖေဖေ။
မော်ရိုကိုသားတွေထဲမှာလည်း ဆံပင်ကောက်တဲ့လူရှိတာပဲ။
သား သူငယ်ချင်း မိုမိုလေ သူက မော်ရိုကိုလူမျိုးတဲ့၊ ဒါပေမဲ့ သူ့ဆံပင်ကျ နူးနူးညံ့ညံ့လေး။
အင်းတချို့တွေက ဒိလိုပါပဲ။
သူက ပြောဖူးတယ် သားတို့ပြင်သစ်တွေကတဲ့ တစ်ခါတုန်းက ကိုလိုနီသမားတွေတဲ့။ သူပြောတာ မှန်တာပါလားဟင် ဖေဖေ
ပေါက်ကရတွေပါ သားရယ်
ဟိုး အရင့်အရင်တုန်းက သားတို့တွေက သူတို့နိုင်ငံထဲကို ကျူးကျော်လာပြီး သူတို့ကို အနိုင်ကျင့်နှိပ်စက်ခဲ့ကြ တယ်တဲ့။ သူပြောဖူးတယ်။
ဒီမယ်သား။ ဖေဖေတို့ပြင်သစ်တွေက သူတို့နိုင်ငံကိုသွားတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီမှာ နည်းနည်းပါးပါး အခြေချသွားချကြတာ။ ဒါလောက်ပဲ။
သူတို့လည်း သားတို့လိုပဲလေ။ ဒီကိုလာပြီး နည်းနည်းပါးပါးအခြေချတာပေါ့။ မနက်ဖြန်ကျ မိုမိုကိုသား သွားပြောဦးမယ်။ သူလည်းပဲ ကိုလိုနီနယ်ချဲ့ပဲလို့။
ဟာကွာအဲ အဲဒါက မတူပြန်ဘူးကွ။ တို့နိုင်ငံကိုလာဖို့ဆိုတာကျ မော်ရိုကိုတွေမှာ ပြည်ဝင်ခွင့်ဗီဇာဆိုတာ လိုတယ်သားရဲ့။
ဒါဆို သားတို့ သူတို့နိုင်ငံကိုသွားတုန်းကရော ဗီဇာမလိုဘူးလား။
မလိုဘူးကွ။ အဲဒီအချိန်တုန်းက ဗီဇာဆိုတာ မပေါ်သေးဘူး။ အင်းအဲဒီတုန်းက ဘာလုပ်ချင်လုပ်ချင် ခုလောက် မရှုပ်သေးဘူး။ ဖေဖေတို့မှာ တိုက်ရေယာဉ်ရှိရင် ဘာမဆိုဖြစ်တဲ့ခေတ်။

Comments

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။