Skip to main content

လူစီယာ၏နိက္ခမ


လူစီယာသည် အိမ်ဝင်းထဲတွင်ထိုင်လျက်ရှိသည်။ သူ့ဘက်ကပေးရမည့် ခန်းဝင်လက်ဖွဲ့များထဲမှ နောက်ဆုံးအဖြစ် ခေါင်းအုံးစွပ်တစ်ခုကိုချုပ်ကာ အလှပုံဖော်နေသည်။ ပြန့်ကျဲနေသောသစ်ရွက်စိမ်းများပေါ်မှ ခပ်နိမ့်နိမ့်ပက်ဖျန်းနေသည့် ရေပန်းက သူ့အားတီးတိုးစကား ဆိုသွား၏။ သူက တစ်ချက်နားထောင်လိုက်ပြီး နူးညံ့သည့် ကျောပြင်ကို အကြောဆန့်ကာ ကျောက်နံရံထူထူများပေါ် မှီချလိုက်သည်။ သူသည် ဤအိမ်၏အစိတ်အပိုင်း။ ဤအိမ်နှင့် သူမခွဲနိုင်။
Nun of Monza by Giuseppe Molteni
Mark Cartwright (CC BY-NC-SA)


ဒေသခံရေဝတီရပ်ကွက်တွင် ကနုတ်ထွင်းသစ်သားတံခါးကြီးအား မင်းတုပ်ထိုး ထား၏။ ယင်း၏အပြင်ဘက် ကော်ဒိုးဘား၏အခြားရပ်ကွက်တစ်ခုမှာတော့ ရိုဒရီးဂိုး၏အမေတစ်ယောက် အခု အချိန်လောက်ဆို အကောင်းဆုံး ထမင်းပွဲတစ်ခုကို ပြင်နေလောက်ပြီ။ ယနေ့ည သူတို့ပျော်ကြ ရွှင်ကြလိမ့်မည်။

လူစီယာ၏ မဟူရာတောက်သည့်ဆံကေသာသည် ပုခုံးပေါ်ဝဲကျနေသည်မှာ ကျီးနက် တစ်ကောင်၏ အတောင်ပံများအလား ထင်ရသည်။ မနေ့ညက သူအိပ်ပျော်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ကြောင်ညိုကြီး တစ်ကောင်ကို သူအိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ကြောင်ကြီးသည် ခြံဝင်းတံတိုင်းပေါ်တွင် ထိုင်နေပြီးလျှင် လပြည့်ခါနီးလာသောအခါ အညိုမှသည် ငွေရောင်အဖြစ်သို့ ရုတ်တရက်ပြောင်းသွားကာ တညောင်ညောင်နှင့်ထအော်လေ၏။ ထိုအော်သံသည် ရင်ခေါင်းထဲမှာလာသော မိန်းမအသံ အဖြစ် ပြောင်းသွားသည်။ ကြောင်ကြီး သူ့ဘက်အလှည့်တွင် ကြောင်ကြီး၏မျက်လုံးများထဲ၌ နူးညံ့သော မျှော်လင့် ကိုးစားမှုများအား လူစီယာမြင်လိုက်ရသည်။ သူ့မေမေ သူ့ဆီလာ၍သီချင်းဆိုပြမှန်း သိလိုက်သည်။ သို့ရာတွင် စာသားများ၏အဓိပ္ပာယ်ကို သူနားမလည်။ တစ်ညလုံး ခဲရာခဲဆစ်ကြိုးစားခဲ့ရပြီး အိပ်မက်ကလန့်နိုးမှသာ စကားလုံးတို့ကို သဲသဲကွဲကွဲကြားနိုင်တော့သည်။

 “တို့တွေဟာ ညီအစ်မတွေပါ . . . ညီအစ်မတွေပါ . . . ညီအစ်မတွေပါ”

သူ့မေမေသည် ဘယ်လိုလုပ်ပြီး သူ့အစ်မဖြစ်ရပါမည်နည်း။ လူစီယာအခုသိပ်ပြီး သိချင်သည်။ သူ ယခုချုပ်နေသည့် ခေါင်းအုံးစွပ်တွင် ပန်းရောင်နေကြာပွင့်ကိုရံ၍ အပြာရောင် သစ်ရွက်များပုံဖော်လိုက်သည်။ ဆယ့်ခုနစ်နှစ်သမီးအရွယ်ရောက်သည့်တိုင် သဘာဝတရားအား ကိုယ်ပိုင်အရောင်များနှင့်ပြောင်းလဲဖော်ပြတတ်သည့် ဝါသနာကို လူစီယာ မစွန့်နိုင်သေး။

“မေမေဟာ ငါ့ဆီတကယ်လာမှာ၊ ဘာလို့လဲဆိုတော့ သေတဲ့သူရဲ့ဝိဉာဉ်ဟာ ခရီးသွားနိုင်လို့ပဲ၊ လူတိုင်း ဒါကိုသိတယ်၊ ခေါင်းလောင်းမျှော်စင်က ပြတင်းပေါက်တွေမှာ မှန်မရှိဘူး၊ သေသူတွေ ကြိုက်သလို ဝင်ထွက်သွားလာနိုင် အောင်လို့ပေါ့”

လူစီယာလျှောက်တွေးနေသည်။ သူ့မေမေလာလိမ့်မည်ဆိုသောစိတ်ကူးနှင့် ညညတိုင်လျှင် ပြတင်းပေါက် တံခါးကို မဟတဟ ဖွင့်ထားတတ်သေးသည်။

တစ်သက်လုံးကရောက်မလာခဲ့သောမေမေသည် သူလက်ထပ်တော့မည်ဆိုကာမှ ရုတ်တရက် ပေါက်ချလာပြီး သီချင်းညည်းပြလေသည်။

“တို့တွေဟာ ညီအစ်မတွေပါ . . . ညီအစ်မတွေပါ . . . ညီအစ်မတွေပါ”

ခရမ်းနုရောင်ချည်စတစ်စကို ယူလိုက်ပြီး ပန်းနုရောင်နေကြာပန်း၏ အထက်ရှိ ကွက်လပ်တွင် ငါးပုံဖြစ်အောင် ချုပ်သည်။ “ဟုတ်တယ်၊ ဒါပဟေဠိတစ်ပုဒ်ပဲ” ဟု လူစီယာတွေးလိုက်၏။

ကတ်သလစ်ဘာသာဝင်ဖြစ်သည့် သူ့အဘွား၏ စောင့်ရှောက်မှုအောက်တွင် သူ ကြီးပြင်း လူလားမြောက်လာခဲ့ခြင်း ဖြစ်သည်။

“သမီးမေမေက နတ်သမီးတွေနဲ့အတူ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်နေပြီကွဲ့”

သူ့အဘွားက သူငယ်ငယ်ကတည်းက ယုံအောင်ပြောလေ့ရှိသည်။ သူ့အဘွားပုံစံက ၀၀ဖြိုးဖြိုး။ ဘာသာတရားကိုင်းရှိုင်းသူ။ စိတ်လိုလက်ရရှိသည့်အခါ အထူးသဖြင့် မီးပူတိုက် သည့်အခါများတွင် ဘုရားသခင်နှင့်စကားပြောလေ့ရှိသည်။ အိမ်ထဲမှာဆိုလျှင် ဖွင့်ထားသည့် တရုပ်ကတ် မှန်ကြားမှတဆင့် သူ့အဘွား မီးပူတိုက်ရင်းပါးစပ်က ဆက်တိုက်လှုပ်နေတာမြင်ရလျှင် အဘွား၏ နေ့လယ်နှောင်းပိုင်း ဘုရားကိုတိုင်တည်ခန်းစပြီဟု လူစီယာ နားလည်လေ့ရှိသည်။

သူငယ်ငယ်ဘဝတုန်းက မနက်လင်းအားကြီးချိန်ရောက်တိုင်း သူ့အဘိုးခြံထဲ ဆင်းတတ်သည်ကို လူစီယာစောင့်ကြည့် ခဲ့ဖူးသည်။ သူ့အဘိုးက သူနားမလည်သည့် ဘာသာစကား တစ်မျိုးဖြင့် ဘုရားထံဆုတောင်းသည်။ ခြံထဲရှိခုံတန်းရှည်ပေါ်တွင်ထိုင်ပြီး ရှေ့နောက် ယိမ်းထိုး လှုပ်ရှားသည်။ သူအခုထိုင်နေသည့် ခုံရှည်ပေါ်မှာပဲဖြစ်သည်။ သူပါလိုက်ပြီး ခဏလောက် ရှေ့တိုးနောက်ဆုတ် လိုက်လုပ် ကြည့်သည်။

ဆုတောင်းပြီး၍မကြာမီ သူ့အဘိုးသည် လက်နှစ်ဖက်ဖြင့်ခေါင်းကိုအုပ်ကိုင်လိုက်ပြီး ငိုကြွေးလေ့ရှိသည်။ အဘိုး ဘာကြောင့်ငိုရပါသနည်း။ ထို့နောက် ငိုတာကိုရပ်ပြီး အခန်းပြန်၍ စာကြည့်သည်။ ပေါ့ပေါ့ပါးပါး မုန့်လေးဘာလေးတော့ အဘိုးဆီ ယူသွားကျွေးရသည်။ အဘိုးသည် ကျန်အိမ်သားများနှင့် အတူတူ ထမင်းစားလေ့မရှိ။

“ဘိုးဘိုးက ဘာလို့ သူ့ခေါင်းကိုလက်နဲ့အုပ်ပြီး ငိုရတာလဲဟင် ဘွားဘွား” ဟု လူစီယာငယ်ငယ်က အဘွား လုပ်သူကိုမေးလေ့ရှိသည်။

“ဘုရားသခင်က သမီးဘိုးဘိုးကို တစ်ချိန်တည်းမှာ အများကြီးမှာကြားနေလို့ပေါ့ကွယ်” သူ့အဘွားက ဤသို့ ပြောတတ်သည်။

“ဘိုးဘိုးတစ်နေကုန် စာပဲကြည့်နေပြီး သူ့တစ်ယောက်တည်း ထမင်းစားတာကရောဟင်”

“ဪ သူက ဘုရားလိုက်ပြောသမျှ ချရေးနေရတာနဲ့ အလုပ်များတာပေါ့ သမီးရယ်”

တံခါးမကြီးပေါ်ရှိ ကျောက်သားကျည်းဘောင်ခွေတွင် ဒေးဗစ်ဘုရင်ကြီးအထိမ်းအမှတ် ကြယ်ပုံတစ်ပုံထွင်းထု ထား၏။ ဘုရားသည် ထိုကြယ်ကိုမြင်ပြီး အိမ်သို့ရောက်လာကာ ခြံဝင်းထဲတွင် အဘိုးနှင့်စကားပြောသည်ဟု ကလေးတုန်းက လူစီယာတွေးဖူးသည်။

အဝါရောင်ချည်စကိုယူလိုက်ပြီး ခရမ်းရောင်ငါးတွင် မျာက်လုံးကလေးများ တပ်ဆင်ပေးလိုက်သည်။ အဘိုးဖြစ်သူ ကြူကြူပါအောင်ငိုကြွေးရသည့်အကြောင်းရင်းကို သူဘယ်တော့မှ နားလည်မည်မဟုတ်။

တစ်ခါက သူ့အဘိုးစာကြည့်ခန်းထဲ သူလိုက်ဝင်သွားဖူးသည်။ သူ့အဘွားကိုတော့ ဘယ်မှာမှ ရှာမတွေ့။ အိမ်ဖော် မိန်းမက အစားအသောက်လင်ဗန်းကိုကိုင်ပြီး ခြံထဲအဝေးဆုံး နေရာမှာ ရှိသည့် အဘိုး၏အခန်းဆီသယ်သွားစဉ် သူကနောက်မှ ခြေကိုခပ်ဖွဖွနင်းပြီး လိုက်သွားခြင်း ဖြစ်သည်။

အခန်းအတွင်းနံရံမှာတော့ စာအုပ်များကိုအတန်းလိုက်စီထားသည်။ အဘိုးသည်စားပွဲတွင် ထိုင်နေ၏။ အဘိုး၏ ရှည်လျားဖြူဆွတ်သောဆံပင်သည် ပုခုံးစွန်းကိုပင် ထိစပြုနေပြီဖြစ်သည်။

အိမ်ဖော်မိန်းမ၏စကတ်နောက်မှ ခေါင်းပြူကြည့်လိုက်သောသူ့ကို သူ့အဘိုးကမြင်သွား သည်။ အဘိုး၏မျက်လုံးများသည် ကြောင်မျက်လုံးများလို အစိမ်းနုရောင်ဖြစ်နေပြီး တလက်လက် တောက်နေသည်ကို လူစီယာမြင်လိုက်သည်။

သူ့အဘိုးက အရိုးငေါငေါထွက်နေသည့် လက်တစ်ဘက်ကို စာအုပ်များပုံနေသည့် စားပွဲကိုကျော်၍ သူ့ဆီလှမ်း လိုက်သည်။

“ကလေး . . . ငါ့ကလေးလေး . . . နောက်ဆုံးတော့လည်း ငါ့ဆီရောက်လာခဲ့တာပဲ”

ထိုသို့ပြောပြီး ခေါင်းကိုလက်နှင့်အုပ်ကာ ငိုပါတော့သည်။

ယင်းနောက်မကြာမီ သူ့အဘိုးဆုံးသည်။ အရိုးပြာအိုးကို ခြံဝင်းထဲရှိကျောက်သားခုံရှည် အောက်တွင် မြှုပ်လိုက် ကြသည်။

အဘိုးငိုသည်ကို မမြင်ရတော့သဖြင့် ယနေ့ထိအောင် လူစီယာ့စိတ်တွင် သက်သာသလိုခံစားရသည်။

*

ခရမ်းရောင်ငါးပုံတွင် အဝါရောင်မျက်လုံးများတပ်ပြီးသောအခါ ကြိုးစကိုထုံးပြီးဖြတ်လိုက် သည်။ လူစီယာသည် ခြင်းထဲတွင် အပြာရင့်ရင့်ချည်စကိုရှာရင်းက စိတ်ထဲတွင် ကျီးနက်တစ်ကောင် ပျံဝဲနေပုံကို ချုပ်ရန်ဆန္ဒဖြစ်ပေါ်လာသည်။ ဧည့်ခံပွဲမှာ ဘာဝတ်ရမလဲစဉ်းစားသည်။ အပြာရင့်ရင့်က ဝမ်းနည်းခြင်းအထိမ်းအမှတ်။ ဆုံးရှုံးရတော့မည်ဟု လူစီယာ လုံးဝခံစားမိသည်။ ပယင်းရောင်ကတော့ သူ့ရဲ့အကျဉ်းကျစိတ်နှလုံးအတွက်။ ကျန်တဲ့လူတွေကတော့ သူ့ကိုအရောင်သုံးတတ်သည်ဟု ပြောကြလိမ့်မည်။ ဒါပေမဲ့ အဓိပ္ပာယ်ကိုတော့ သူသာသိပါသည်။

အပ်ချုပ်ပစ္စည်းများကို အသာချလိုက်ပြီး အေးချမ်းသည့်ရိပ်မြုံကလေးအတွင်းကိုဝင်၊ ပေါ်လစ်ရောင်တောက်တောက် ကြမ်းခင်းကွက်များရှိရာ ခန်းမအလယ်လမ်းကိုဖြတ်ပြီး သူ့အဘွား အခန်းသို့ လူစီယာလာခဲ့သည်။ မဟော်ဂနီသား ဘီဒိုပုလေး တစ်လုံးပေါ်တွင် အပြောက်မွှမ်းထားသည့် ရတနာသေတ္တာတစ်လုံး ရှိသည်။ မျက်နှာပေါ်ဖိကပ်ထားချိန်မှာတောင် ထင်းရှူးနံ့တစ်မျိုးကို ရနေဆဲ။

သေတ္တာအဖုံးကိုဖွင့်လိုက်တော့ အောက်မှာစာရွက်ခေါက်တစ်ခေါက်ကို သူတွေ့သည်။ ထည့်ထားတာကြာသေးပုံမပေါ်။ သေတ္တာအတွင်း ကတ္တီပါစပေါ်မှာတော့ အရောင်တဖျပ်ဖျပ်လက်နေသည့် ပယင်းလည်ဆွဲကို ဆင်စွယ်၊ ငွေထည်ရတနာပစ္စည်းများနှင့်အတူ တွေ့ရ၏။ သူကကျန်တာတွေကို ဖယ်လိုက်ပြီး စာရွက်ကိုယူလိုက်သည်။

လူစီယာသည် ဇာဖောက်ထားသည့် သူ့အဘွားအိပ်ရာဖုံးကို မတွန့်အောင်သတိထားပြီး ကုတင်အစွန်းတွင်ထိုင် လိုက်သည်။ စာခေါင်းစီးတွင် နတ်သမီးနှစ်ပါးလက်ချင်းယှက်ထားသည့် ပုံပါသည်။ စာခေါင်းစီးတွင်-

“ကရုဏာရှင် ညီအစ်မများအသင်း”

ချစ်လှစွာသောမေမေ

                        လူစီယာလေးစေ့စပ်မည့် သတင်းကောင်းပါးသဖြင့် ကျေးဇူးတင်ပါသည်။ ကျွန်မတို့၏ အပြစ်ကို ဆေးကြောပေးသည့် အတွက် ကျွန်မတို့အားလုံးချစ်ရသည့်မေမေ့ကို ချီးကျူးပါသည်။ သမီးတစိမ့်စိမ့်တွေးပြီး ကြောက်နေသည်မှာ သွေးသားတော်စပ်သူချင်း သံဝါသပြုရာမှ မွေးလာသော သားသမီးများတွင် ချို့ယွင်းချက်ရှိသည့် ကလေးများရတတ်သည်ဆိုသည့် ပြောပြောနေကြသည့် အချက်ဖြစ်ပါသည်။ အဖေအမေတွေရဲ့အပြစ်သည် အောက်မျိုးဆက် တစ်ဆက်ကျော်တွင် လာပေါ်တတ် သည်ဟု ပြောကြပါသည်။ သမီးလေး၏အကျိုးကိုရှေ့ရှုပြီး အဖြစ်မှန်တွေ အားလုံးပြောပြလိုက်ပါ မေမေ။

မေမေ့အဆုံးအဖြတ်အတွက် ဘုရားသခင်ထံကိုးစားလျက် . . .

                        အမြဲလိမ္မာကျိုးနွံသည့်သမီး

                        ရေချယ်

                       

စာရွက်ကိုပြန်ခေါက်သည့်အခါ “ဂရာနာဒါ” လိပ်စာပါသည်ကို လူစီယာသတိပြုမိသည်။ သေတ္တာကို အသာအဖုံး ပြန်ပိတ်ပြီး ပယင်းလည်ဆွဲကိုအမှောင်အောက်ထဲထည့်သိပ်လိုက်သည်။

ထို့နောက်တွင် ခြံထဲသို့သူတိတ်တဆိတ်ပြန်ဆင်းသွားပြီး ခေါင်းအုံးစွပ်ကို ဆက်ချုပ်နေ လိုက်သည်။ ကတ်ကြေးကိုယူပြီး မျက်လုံးအဝါနှင့်ခရမ်းရောင်ငါး၏အပေါ်၌ လေးထောင့်ပုံ အပေါက်ဖြစ်အောင် ညှပ်ပစ်လိုက်သည်။ ထို့နောက် အိပ်ကတ်ထဲသို့ ကတ်ကြေးကိုပြန်ထည့်လိုက်ပြီး တိတ်ဆိတ်နေသည့်ခန်းမကြီးကိုဖြတ်၍ သူ့အခန်းရှိရာ ပြန်လာခဲ့သည်။

ပြတင်းပေါက်နားမှာထားသည်က သူ့လက်ဖွဲ့ပစ္စည်းများစုထည့်ထားရာ ထင်းရှူးပုံး ဖြစ်သည်။ အဖုံးကိုဖွင့်လိုက်ပြီး ပထမဆုံးတွေ့သည့် လိုင်နင်စကိုထုတ်၊ အဝတ်စတိုင်းကို လေးထောင့်ပုံ အပေါက်များဖြစ်အောင် ကတ်ကြေးနှင့်လိုက်ကိုက်သည်။ ပြီးတော့ စားပွဲခင်း၊ ခေါင်းအုပ်စွပ်များ၊ အိပ်ရာခင်းများ၊ အိပ်ရာဖုံးများ အားလုံးတစ်ခုမကျန်ညှပ်ပစ်သည်။ သူ ဖြတ်ထားညှပ်ထားသည့် အဝတ်စဖြူဖြူများက သူ့ဒူးနားတဝိုက် နှင်းဖုံးတောင်တန်းများရောက်လာသလို ပြန့်ကြဲလျက်။

ထို့နောက် ကတ်ကြေးကို အိပ်ကပ်ထဲပြန်ထည့်ပြီး သူစုထားသည့်ရွှေပြားများကို ကော်ဇောအောက်မှ ထုတ်လိုက်သည်။ အိမ်မကြီးကိုဖြတ်ပြီး အဘွားလုပ်သူမီးပူတိုက်ရင်း ဘုရားရှိခိုး ဆုတောင်းသည့်နေရာသို့ လက်ဗလာနှင့်သွားသည်။ အဘွားသည် မြေးဖြစ်သူ၏ ကံကောင်းသော အိမ်ထောင်ရေးအတွက် ဘုရားအားကျေးဇူးတင် စကားပြောကြားလျက်ရှိသကဲ့သို့ လူစီယာ့ လက်ဖွဲ့ကိုလည်း ကော်ဒိုးဘားတွင် အကောင်းဆုံး သတို့သမီးလက်ဖွဲ့ ပစ္စည်းဖြစ်ကြောင်း ဂုဏ်ယူ ပြောကြားနေ၏။

“ဘွားဘွား၊ သမီး အပ်ချည်အနက်ရောင်ကုန်သွားတယ်၊ အဲဒါ ဈေးမှာ မြန်မြန် သွားဝယ်လိုက်ဦးမယ်နော်”

သူ့အဘွားကို ကြားဖြတ်ပြောလိုက်သည်။

သူ့အဘွားကပြုံးပြီးခေါင်းညိတ်ပြသည်။

“သမီး၊ ဘွားဘွားရဲ့ပယင်းလည်ဆွဲကို ခုညပြန်ဝတ်နိုင်ပြီ”

လမ်းပေါ်တွင်အလင်းရောင်မကုန်သေး။ လူစီယာသည် လမ်းထဲသို့ချိုးဝင်လိုက်ပြီး တောင်ကုန်းအတိုင်းဆင်းလိုက် သွားသည်။ ဈေးသို့ရောက်သောအခါ မြင်းများရောင်းသည့် ဈေးအစွန်သို့ လျှောက်သွား၏။

“ရှင်တို့ထဲမှာ ဂရာနာဒါကို ပြန်မယ့်လူရှိလား” သူက ကုန်သည်များကိုမေးလိုက်သည်။ မျက်စိထိ ရောက်အောင် ပါးမြိုင်းမွေးများပေါက်နေသည့်လူက စကားမပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်၏။ လူစီယာက ရွှေပြားတစ်ပြားထုတ်ပေးလိုက်သည်။

“ရှင် ကျွန်မကို ကရုဏာရှင်ညီအစ်မများအသင်းတော်ထိရောက်အောင် စောင့်ရှောက် ပို့ပေးနိုင်မလား”

ထိုလူက ခေါင်းထပ်ညိတ်ပြသည်။ ကုန်သည်နောက်မှနေ၍ အညိုရောင်မြင်းမ တစ်ကောင်ကိုစီးပြီး လူစီယာ လိုက်သွားသည်။ လယ်ကွင်းထဲမှာတော့ ဂျုံခင်းတွေတောင် ရိတ်သိမ်း ပြီးကြပြီ။ ခရီးဝေးဝေးပေါက်လာတော့ ငွေရောက်ဝက်သစ်ချ ပင်များက တွန့်လိမ်ကောက်ကွေးနေသည့် လက်သည်းများနှင့်အတူ တောင်ပူစာကလေးများကို ဖုံးလွှမ်းထားကြသည်။ တဖြည်းဖြည်း မတ်လာ သည့် တောင်တက်လမ်းများမှာ တောင်မြင့်မြင့်များဆီ ဦးတည်လျက်။ ချွန်ထက်နေသော ဆီယာရာ တောင်ထိပ်ဖျားပေါ်ရှိ နှင်းဖွေးဖွေးများကိုပင် မြင်ရပြီ။ ညစဉ်ညတိုင်း သူ၏ ကျီးနက်ရောင်ပေါက်သည့် ဆံပင်ကိုနည်းနည်းစီတိုး၍ဖြတ်ပြီး သူအိပ်ခဲ့သည့်နေရာတိုင်းတွင် လူစီယာမြှုပ်ပစ်ခဲ့သည်။

ကရုဏာရှင်ညီအစ်မများအသင်းတော်၏ ဝင်းတံခါးရှေ့တွင်ရပ်လိုက်သောအခါ နောက်မှာ ကျန်ခဲ့သည့် လယ်တလင်း ပြင်များအတိုင်း လူစီယာ့ခေါင်းသည်လည်း ပြောင်တလင်းခါသွားတော့သည်။

“တပည့်တော်က လူစီယာပါ၊ တပည့်တော်ရဲ့ အစ်မနဲ့အတူနေဖို့လာတာပါ”

“ဆရာကြီးတို့က မင်းလာမယ်ဆိုတာ သိပြီးသားပါကွယ်”

သီလရှင်အိုကြီးက လူစီယာ့အား အပြင်စင်္ကြန်လမ်းဆီ ဦးဆောင်ခေါ်သွားသည်။

“သူတို့ ကျိန်းနေကြပြီ။ ခုနကမှ သူတို့ဘုရားဝတ်တက်ခဲ့ကြသေးတယ်” ဟု သီလရှင်ကြီးက ရှင်းပြသည်။

သီလရှင်ကြီးနောက်မှ စင်္ကြန်လမ်းကျောက်သားအတိုင်း လူစီယာလိုက်သွားရင်း အခန်းတစ်ခုထဲရောက်သွား၏။ သူတို့နှစ်ဦးသား စားပွဲတစ်လုံးတွင် ဝင်ထိုက်လိုက်ကြသည်။ စားပွဲပေါ်တွင် သဖန်းသီးတစ်ပန်းကန်နှင့် ရေချိုင့်တစ်ချိုင့်တင်ထားသည်။

“ရော့ စား၊ ဒါ တို့ခြံထဲကထွက်တာ။”

သီလရှင်ကြီးက လူစီယာ့ဘက်ကို သဖန်းသီးပန်ကန်ထိုးပေးသည်။ လူစီယာက သူ့အိပ်ကတ်ထဲ လက်တစ်ခုလုံး ဝင်အောင်နှိုက်လိုက်ပြီး ကတ်ကြေးနှင့်ရွှေပြားများကို ထုတ်လိုက်သည်။

“တပည့်တော်ကတော့ မင်္ဂလာဆောင်အတွက် တပည့်တော်ပေးမယ့် သတို့သမီး လက်ဖွဲ့တွေကို ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့ပြီ။”

သီလရှင်ကြီးက-

“ဒါတွေဟာ အစကတည်းက ပျက်စီးနှင့်ပြီးသားပါကွယ်၊ ဒါပေမဲ့ ကလေးဆန္ဒရှိတယ် ဆိုရင် ဆက်ချုပ်နေနိုင်တာပါပဲ” ဟု ပြောလေသည်။
*

(Susan Hill (ed) The Penguin Book of Modern Women’s Short Stories (1990) စာအုပ်မှ Joan Diamond ရေးသည့် The Dowry ကို ပြန်ဆိုခြင်း ဖြစ်ပါသည်။


'ချင်းတွင်'မဂ္ဂဇင်း၊ ၂၀၁၈ ခုနှစ် ဩဂုတ်-စက်တင်ဘာ။

Comments

အဖတ်အများဆုံး

ရသဝတ္ထုတို့ရဲ့သဘော

ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...