Skip to main content

လူစီယာ၏နိက္ခမ


လူစီယာသည် အိမ်ဝင်းထဲတွင်ထိုင်လျက်ရှိသည်။ သူ့ဘက်ကပေးရမည့် ခန်းဝင်လက်ဖွဲ့များထဲမှ နောက်ဆုံးအဖြစ် ခေါင်းအုံးစွပ်တစ်ခုကိုချုပ်ကာ အလှပုံဖော်နေသည်။ ပြန့်ကျဲနေသောသစ်ရွက်စိမ်းများပေါ်မှ ခပ်နိမ့်နိမ့်ပက်ဖျန်းနေသည့် ရေပန်းက သူ့အားတီးတိုးစကား ဆိုသွား၏။ သူက တစ်ချက်နားထောင်လိုက်ပြီး နူးညံ့သည့် ကျောပြင်ကို အကြောဆန့်ကာ ကျောက်နံရံထူထူများပေါ် မှီချလိုက်သည်။ သူသည် ဤအိမ်၏အစိတ်အပိုင်း။ ဤအိမ်နှင့် သူမခွဲနိုင်။
Nun of Monza by Giuseppe Molteni
Mark Cartwright (CC BY-NC-SA)


ဒေသခံရေဝတီရပ်ကွက်တွင် ကနုတ်ထွင်းသစ်သားတံခါးကြီးအား မင်းတုပ်ထိုး ထား၏။ ယင်း၏အပြင်ဘက် ကော်ဒိုးဘား၏အခြားရပ်ကွက်တစ်ခုမှာတော့ ရိုဒရီးဂိုး၏အမေတစ်ယောက် အခု အချိန်လောက်ဆို အကောင်းဆုံး ထမင်းပွဲတစ်ခုကို ပြင်နေလောက်ပြီ။ ယနေ့ည သူတို့ပျော်ကြ ရွှင်ကြလိမ့်မည်။

လူစီယာ၏ မဟူရာတောက်သည့်ဆံကေသာသည် ပုခုံးပေါ်ဝဲကျနေသည်မှာ ကျီးနက် တစ်ကောင်၏ အတောင်ပံများအလား ထင်ရသည်။ မနေ့ညက သူအိပ်ပျော်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ကြောင်ညိုကြီး တစ်ကောင်ကို သူအိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ကြောင်ကြီးသည် ခြံဝင်းတံတိုင်းပေါ်တွင် ထိုင်နေပြီးလျှင် လပြည့်ခါနီးလာသောအခါ အညိုမှသည် ငွေရောင်အဖြစ်သို့ ရုတ်တရက်ပြောင်းသွားကာ တညောင်ညောင်နှင့်ထအော်လေ၏။ ထိုအော်သံသည် ရင်ခေါင်းထဲမှာလာသော မိန်းမအသံ အဖြစ် ပြောင်းသွားသည်။ ကြောင်ကြီး သူ့ဘက်အလှည့်တွင် ကြောင်ကြီး၏မျက်လုံးများထဲ၌ နူးညံ့သော မျှော်လင့် ကိုးစားမှုများအား လူစီယာမြင်လိုက်ရသည်။ သူ့မေမေ သူ့ဆီလာ၍သီချင်းဆိုပြမှန်း သိလိုက်သည်။ သို့ရာတွင် စာသားများ၏အဓိပ္ပာယ်ကို သူနားမလည်။ တစ်ညလုံး ခဲရာခဲဆစ်ကြိုးစားခဲ့ရပြီး အိပ်မက်ကလန့်နိုးမှသာ စကားလုံးတို့ကို သဲသဲကွဲကွဲကြားနိုင်တော့သည်။

 “တို့တွေဟာ ညီအစ်မတွေပါ . . . ညီအစ်မတွေပါ . . . ညီအစ်မတွေပါ”

သူ့မေမေသည် ဘယ်လိုလုပ်ပြီး သူ့အစ်မဖြစ်ရပါမည်နည်း။ လူစီယာအခုသိပ်ပြီး သိချင်သည်။ သူ ယခုချုပ်နေသည့် ခေါင်းအုံးစွပ်တွင် ပန်းရောင်နေကြာပွင့်ကိုရံ၍ အပြာရောင် သစ်ရွက်များပုံဖော်လိုက်သည်။ ဆယ့်ခုနစ်နှစ်သမီးအရွယ်ရောက်သည့်တိုင် သဘာဝတရားအား ကိုယ်ပိုင်အရောင်များနှင့်ပြောင်းလဲဖော်ပြတတ်သည့် ဝါသနာကို လူစီယာ မစွန့်နိုင်သေး။

“မေမေဟာ ငါ့ဆီတကယ်လာမှာ၊ ဘာလို့လဲဆိုတော့ သေတဲ့သူရဲ့ဝိဉာဉ်ဟာ ခရီးသွားနိုင်လို့ပဲ၊ လူတိုင်း ဒါကိုသိတယ်၊ ခေါင်းလောင်းမျှော်စင်က ပြတင်းပေါက်တွေမှာ မှန်မရှိဘူး၊ သေသူတွေ ကြိုက်သလို ဝင်ထွက်သွားလာနိုင် အောင်လို့ပေါ့”

လူစီယာလျှောက်တွေးနေသည်။ သူ့မေမေလာလိမ့်မည်ဆိုသောစိတ်ကူးနှင့် ညညတိုင်လျှင် ပြတင်းပေါက် တံခါးကို မဟတဟ ဖွင့်ထားတတ်သေးသည်။

တစ်သက်လုံးကရောက်မလာခဲ့သောမေမေသည် သူလက်ထပ်တော့မည်ဆိုကာမှ ရုတ်တရက် ပေါက်ချလာပြီး သီချင်းညည်းပြလေသည်။

“တို့တွေဟာ ညီအစ်မတွေပါ . . . ညီအစ်မတွေပါ . . . ညီအစ်မတွေပါ”

ခရမ်းနုရောင်ချည်စတစ်စကို ယူလိုက်ပြီး ပန်းနုရောင်နေကြာပန်း၏ အထက်ရှိ ကွက်လပ်တွင် ငါးပုံဖြစ်အောင် ချုပ်သည်။ “ဟုတ်တယ်၊ ဒါပဟေဠိတစ်ပုဒ်ပဲ” ဟု လူစီယာတွေးလိုက်၏။

ကတ်သလစ်ဘာသာဝင်ဖြစ်သည့် သူ့အဘွား၏ စောင့်ရှောက်မှုအောက်တွင် သူ ကြီးပြင်း လူလားမြောက်လာခဲ့ခြင်း ဖြစ်သည်။

“သမီးမေမေက နတ်သမီးတွေနဲ့အတူ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်နေပြီကွဲ့”

သူ့အဘွားက သူငယ်ငယ်ကတည်းက ယုံအောင်ပြောလေ့ရှိသည်။ သူ့အဘွားပုံစံက ၀၀ဖြိုးဖြိုး။ ဘာသာတရားကိုင်းရှိုင်းသူ။ စိတ်လိုလက်ရရှိသည့်အခါ အထူးသဖြင့် မီးပူတိုက် သည့်အခါများတွင် ဘုရားသခင်နှင့်စကားပြောလေ့ရှိသည်။ အိမ်ထဲမှာဆိုလျှင် ဖွင့်ထားသည့် တရုပ်ကတ် မှန်ကြားမှတဆင့် သူ့အဘွား မီးပူတိုက်ရင်းပါးစပ်က ဆက်တိုက်လှုပ်နေတာမြင်ရလျှင် အဘွား၏ နေ့လယ်နှောင်းပိုင်း ဘုရားကိုတိုင်တည်ခန်းစပြီဟု လူစီယာ နားလည်လေ့ရှိသည်။

သူငယ်ငယ်ဘဝတုန်းက မနက်လင်းအားကြီးချိန်ရောက်တိုင်း သူ့အဘိုးခြံထဲ ဆင်းတတ်သည်ကို လူစီယာစောင့်ကြည့် ခဲ့ဖူးသည်။ သူ့အဘိုးက သူနားမလည်သည့် ဘာသာစကား တစ်မျိုးဖြင့် ဘုရားထံဆုတောင်းသည်။ ခြံထဲရှိခုံတန်းရှည်ပေါ်တွင်ထိုင်ပြီး ရှေ့နောက် ယိမ်းထိုး လှုပ်ရှားသည်။ သူအခုထိုင်နေသည့် ခုံရှည်ပေါ်မှာပဲဖြစ်သည်။ သူပါလိုက်ပြီး ခဏလောက် ရှေ့တိုးနောက်ဆုတ် လိုက်လုပ် ကြည့်သည်။

ဆုတောင်းပြီး၍မကြာမီ သူ့အဘိုးသည် လက်နှစ်ဖက်ဖြင့်ခေါင်းကိုအုပ်ကိုင်လိုက်ပြီး ငိုကြွေးလေ့ရှိသည်။ အဘိုး ဘာကြောင့်ငိုရပါသနည်း။ ထို့နောက် ငိုတာကိုရပ်ပြီး အခန်းပြန်၍ စာကြည့်သည်။ ပေါ့ပေါ့ပါးပါး မုန့်လေးဘာလေးတော့ အဘိုးဆီ ယူသွားကျွေးရသည်။ အဘိုးသည် ကျန်အိမ်သားများနှင့် အတူတူ ထမင်းစားလေ့မရှိ။

“ဘိုးဘိုးက ဘာလို့ သူ့ခေါင်းကိုလက်နဲ့အုပ်ပြီး ငိုရတာလဲဟင် ဘွားဘွား” ဟု လူစီယာငယ်ငယ်က အဘွား လုပ်သူကိုမေးလေ့ရှိသည်။

“ဘုရားသခင်က သမီးဘိုးဘိုးကို တစ်ချိန်တည်းမှာ အများကြီးမှာကြားနေလို့ပေါ့ကွယ်” သူ့အဘွားက ဤသို့ ပြောတတ်သည်။

“ဘိုးဘိုးတစ်နေကုန် စာပဲကြည့်နေပြီး သူ့တစ်ယောက်တည်း ထမင်းစားတာကရောဟင်”

“ဪ သူက ဘုရားလိုက်ပြောသမျှ ချရေးနေရတာနဲ့ အလုပ်များတာပေါ့ သမီးရယ်”

တံခါးမကြီးပေါ်ရှိ ကျောက်သားကျည်းဘောင်ခွေတွင် ဒေးဗစ်ဘုရင်ကြီးအထိမ်းအမှတ် ကြယ်ပုံတစ်ပုံထွင်းထု ထား၏။ ဘုရားသည် ထိုကြယ်ကိုမြင်ပြီး အိမ်သို့ရောက်လာကာ ခြံဝင်းထဲတွင် အဘိုးနှင့်စကားပြောသည်ဟု ကလေးတုန်းက လူစီယာတွေးဖူးသည်။

အဝါရောင်ချည်စကိုယူလိုက်ပြီး ခရမ်းရောင်ငါးတွင် မျာက်လုံးကလေးများ တပ်ဆင်ပေးလိုက်သည်။ အဘိုးဖြစ်သူ ကြူကြူပါအောင်ငိုကြွေးရသည့်အကြောင်းရင်းကို သူဘယ်တော့မှ နားလည်မည်မဟုတ်။

တစ်ခါက သူ့အဘိုးစာကြည့်ခန်းထဲ သူလိုက်ဝင်သွားဖူးသည်။ သူ့အဘွားကိုတော့ ဘယ်မှာမှ ရှာမတွေ့။ အိမ်ဖော် မိန်းမက အစားအသောက်လင်ဗန်းကိုကိုင်ပြီး ခြံထဲအဝေးဆုံး နေရာမှာ ရှိသည့် အဘိုး၏အခန်းဆီသယ်သွားစဉ် သူကနောက်မှ ခြေကိုခပ်ဖွဖွနင်းပြီး လိုက်သွားခြင်း ဖြစ်သည်။

အခန်းအတွင်းနံရံမှာတော့ စာအုပ်များကိုအတန်းလိုက်စီထားသည်။ အဘိုးသည်စားပွဲတွင် ထိုင်နေ၏။ အဘိုး၏ ရှည်လျားဖြူဆွတ်သောဆံပင်သည် ပုခုံးစွန်းကိုပင် ထိစပြုနေပြီဖြစ်သည်။

အိမ်ဖော်မိန်းမ၏စကတ်နောက်မှ ခေါင်းပြူကြည့်လိုက်သောသူ့ကို သူ့အဘိုးကမြင်သွား သည်။ အဘိုး၏မျက်လုံးများသည် ကြောင်မျက်လုံးများလို အစိမ်းနုရောင်ဖြစ်နေပြီး တလက်လက် တောက်နေသည်ကို လူစီယာမြင်လိုက်သည်။

သူ့အဘိုးက အရိုးငေါငေါထွက်နေသည့် လက်တစ်ဘက်ကို စာအုပ်များပုံနေသည့် စားပွဲကိုကျော်၍ သူ့ဆီလှမ်း လိုက်သည်။

“ကလေး . . . ငါ့ကလေးလေး . . . နောက်ဆုံးတော့လည်း ငါ့ဆီရောက်လာခဲ့တာပဲ”

ထိုသို့ပြောပြီး ခေါင်းကိုလက်နှင့်အုပ်ကာ ငိုပါတော့သည်။

ယင်းနောက်မကြာမီ သူ့အဘိုးဆုံးသည်။ အရိုးပြာအိုးကို ခြံဝင်းထဲရှိကျောက်သားခုံရှည် အောက်တွင် မြှုပ်လိုက် ကြသည်။

အဘိုးငိုသည်ကို မမြင်ရတော့သဖြင့် ယနေ့ထိအောင် လူစီယာ့စိတ်တွင် သက်သာသလိုခံစားရသည်။

*

ခရမ်းရောင်ငါးပုံတွင် အဝါရောင်မျက်လုံးများတပ်ပြီးသောအခါ ကြိုးစကိုထုံးပြီးဖြတ်လိုက် သည်။ လူစီယာသည် ခြင်းထဲတွင် အပြာရင့်ရင့်ချည်စကိုရှာရင်းက စိတ်ထဲတွင် ကျီးနက်တစ်ကောင် ပျံဝဲနေပုံကို ချုပ်ရန်ဆန္ဒဖြစ်ပေါ်လာသည်။ ဧည့်ခံပွဲမှာ ဘာဝတ်ရမလဲစဉ်းစားသည်။ အပြာရင့်ရင့်က ဝမ်းနည်းခြင်းအထိမ်းအမှတ်။ ဆုံးရှုံးရတော့မည်ဟု လူစီယာ လုံးဝခံစားမိသည်။ ပယင်းရောင်ကတော့ သူ့ရဲ့အကျဉ်းကျစိတ်နှလုံးအတွက်။ ကျန်တဲ့လူတွေကတော့ သူ့ကိုအရောင်သုံးတတ်သည်ဟု ပြောကြလိမ့်မည်။ ဒါပေမဲ့ အဓိပ္ပာယ်ကိုတော့ သူသာသိပါသည်။

အပ်ချုပ်ပစ္စည်းများကို အသာချလိုက်ပြီး အေးချမ်းသည့်ရိပ်မြုံကလေးအတွင်းကိုဝင်၊ ပေါ်လစ်ရောင်တောက်တောက် ကြမ်းခင်းကွက်များရှိရာ ခန်းမအလယ်လမ်းကိုဖြတ်ပြီး သူ့အဘွား အခန်းသို့ လူစီယာလာခဲ့သည်။ မဟော်ဂနီသား ဘီဒိုပုလေး တစ်လုံးပေါ်တွင် အပြောက်မွှမ်းထားသည့် ရတနာသေတ္တာတစ်လုံး ရှိသည်။ မျက်နှာပေါ်ဖိကပ်ထားချိန်မှာတောင် ထင်းရှူးနံ့တစ်မျိုးကို ရနေဆဲ။

သေတ္တာအဖုံးကိုဖွင့်လိုက်တော့ အောက်မှာစာရွက်ခေါက်တစ်ခေါက်ကို သူတွေ့သည်။ ထည့်ထားတာကြာသေးပုံမပေါ်။ သေတ္တာအတွင်း ကတ္တီပါစပေါ်မှာတော့ အရောင်တဖျပ်ဖျပ်လက်နေသည့် ပယင်းလည်ဆွဲကို ဆင်စွယ်၊ ငွေထည်ရတနာပစ္စည်းများနှင့်အတူ တွေ့ရ၏။ သူကကျန်တာတွေကို ဖယ်လိုက်ပြီး စာရွက်ကိုယူလိုက်သည်။

လူစီယာသည် ဇာဖောက်ထားသည့် သူ့အဘွားအိပ်ရာဖုံးကို မတွန့်အောင်သတိထားပြီး ကုတင်အစွန်းတွင်ထိုင် လိုက်သည်။ စာခေါင်းစီးတွင် နတ်သမီးနှစ်ပါးလက်ချင်းယှက်ထားသည့် ပုံပါသည်။ စာခေါင်းစီးတွင်-

“ကရုဏာရှင် ညီအစ်မများအသင်း”

ချစ်လှစွာသောမေမေ

                        လူစီယာလေးစေ့စပ်မည့် သတင်းကောင်းပါးသဖြင့် ကျေးဇူးတင်ပါသည်။ ကျွန်မတို့၏ အပြစ်ကို ဆေးကြောပေးသည့် အတွက် ကျွန်မတို့အားလုံးချစ်ရသည့်မေမေ့ကို ချီးကျူးပါသည်။ သမီးတစိမ့်စိမ့်တွေးပြီး ကြောက်နေသည်မှာ သွေးသားတော်စပ်သူချင်း သံဝါသပြုရာမှ မွေးလာသော သားသမီးများတွင် ချို့ယွင်းချက်ရှိသည့် ကလေးများရတတ်သည်ဆိုသည့် ပြောပြောနေကြသည့် အချက်ဖြစ်ပါသည်။ အဖေအမေတွေရဲ့အပြစ်သည် အောက်မျိုးဆက် တစ်ဆက်ကျော်တွင် လာပေါ်တတ် သည်ဟု ပြောကြပါသည်။ သမီးလေး၏အကျိုးကိုရှေ့ရှုပြီး အဖြစ်မှန်တွေ အားလုံးပြောပြလိုက်ပါ မေမေ။

မေမေ့အဆုံးအဖြတ်အတွက် ဘုရားသခင်ထံကိုးစားလျက် . . .

                        အမြဲလိမ္မာကျိုးနွံသည့်သမီး

                        ရေချယ်

                       

စာရွက်ကိုပြန်ခေါက်သည့်အခါ “ဂရာနာဒါ” လိပ်စာပါသည်ကို လူစီယာသတိပြုမိသည်။ သေတ္တာကို အသာအဖုံး ပြန်ပိတ်ပြီး ပယင်းလည်ဆွဲကိုအမှောင်အောက်ထဲထည့်သိပ်လိုက်သည်။

ထို့နောက်တွင် ခြံထဲသို့သူတိတ်တဆိတ်ပြန်ဆင်းသွားပြီး ခေါင်းအုံးစွပ်ကို ဆက်ချုပ်နေ လိုက်သည်။ ကတ်ကြေးကိုယူပြီး မျက်လုံးအဝါနှင့်ခရမ်းရောင်ငါး၏အပေါ်၌ လေးထောင့်ပုံ အပေါက်ဖြစ်အောင် ညှပ်ပစ်လိုက်သည်။ ထို့နောက် အိပ်ကတ်ထဲသို့ ကတ်ကြေးကိုပြန်ထည့်လိုက်ပြီး တိတ်ဆိတ်နေသည့်ခန်းမကြီးကိုဖြတ်၍ သူ့အခန်းရှိရာ ပြန်လာခဲ့သည်။

ပြတင်းပေါက်နားမှာထားသည်က သူ့လက်ဖွဲ့ပစ္စည်းများစုထည့်ထားရာ ထင်းရှူးပုံး ဖြစ်သည်။ အဖုံးကိုဖွင့်လိုက်ပြီး ပထမဆုံးတွေ့သည့် လိုင်နင်စကိုထုတ်၊ အဝတ်စတိုင်းကို လေးထောင့်ပုံ အပေါက်များဖြစ်အောင် ကတ်ကြေးနှင့်လိုက်ကိုက်သည်။ ပြီးတော့ စားပွဲခင်း၊ ခေါင်းအုပ်စွပ်များ၊ အိပ်ရာခင်းများ၊ အိပ်ရာဖုံးများ အားလုံးတစ်ခုမကျန်ညှပ်ပစ်သည်။ သူ ဖြတ်ထားညှပ်ထားသည့် အဝတ်စဖြူဖြူများက သူ့ဒူးနားတဝိုက် နှင်းဖုံးတောင်တန်းများရောက်လာသလို ပြန့်ကြဲလျက်။

ထို့နောက် ကတ်ကြေးကို အိပ်ကပ်ထဲပြန်ထည့်ပြီး သူစုထားသည့်ရွှေပြားများကို ကော်ဇောအောက်မှ ထုတ်လိုက်သည်။ အိမ်မကြီးကိုဖြတ်ပြီး အဘွားလုပ်သူမီးပူတိုက်ရင်း ဘုရားရှိခိုး ဆုတောင်းသည့်နေရာသို့ လက်ဗလာနှင့်သွားသည်။ အဘွားသည် မြေးဖြစ်သူ၏ ကံကောင်းသော အိမ်ထောင်ရေးအတွက် ဘုရားအားကျေးဇူးတင် စကားပြောကြားလျက်ရှိသကဲ့သို့ လူစီယာ့ လက်ဖွဲ့ကိုလည်း ကော်ဒိုးဘားတွင် အကောင်းဆုံး သတို့သမီးလက်ဖွဲ့ ပစ္စည်းဖြစ်ကြောင်း ဂုဏ်ယူ ပြောကြားနေ၏။

“ဘွားဘွား၊ သမီး အပ်ချည်အနက်ရောင်ကုန်သွားတယ်၊ အဲဒါ ဈေးမှာ မြန်မြန် သွားဝယ်လိုက်ဦးမယ်နော်”

သူ့အဘွားကို ကြားဖြတ်ပြောလိုက်သည်။

သူ့အဘွားကပြုံးပြီးခေါင်းညိတ်ပြသည်။

“သမီး၊ ဘွားဘွားရဲ့ပယင်းလည်ဆွဲကို ခုညပြန်ဝတ်နိုင်ပြီ”

လမ်းပေါ်တွင်အလင်းရောင်မကုန်သေး။ လူစီယာသည် လမ်းထဲသို့ချိုးဝင်လိုက်ပြီး တောင်ကုန်းအတိုင်းဆင်းလိုက် သွားသည်။ ဈေးသို့ရောက်သောအခါ မြင်းများရောင်းသည့် ဈေးအစွန်သို့ လျှောက်သွား၏။

“ရှင်တို့ထဲမှာ ဂရာနာဒါကို ပြန်မယ့်လူရှိလား” သူက ကုန်သည်များကိုမေးလိုက်သည်။ မျက်စိထိ ရောက်အောင် ပါးမြိုင်းမွေးများပေါက်နေသည့်လူက စကားမပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်၏။ လူစီယာက ရွှေပြားတစ်ပြားထုတ်ပေးလိုက်သည်။

“ရှင် ကျွန်မကို ကရုဏာရှင်ညီအစ်မများအသင်းတော်ထိရောက်အောင် စောင့်ရှောက် ပို့ပေးနိုင်မလား”

ထိုလူက ခေါင်းထပ်ညိတ်ပြသည်။ ကုန်သည်နောက်မှနေ၍ အညိုရောင်မြင်းမ တစ်ကောင်ကိုစီးပြီး လူစီယာ လိုက်သွားသည်။ လယ်ကွင်းထဲမှာတော့ ဂျုံခင်းတွေတောင် ရိတ်သိမ်း ပြီးကြပြီ။ ခရီးဝေးဝေးပေါက်လာတော့ ငွေရောက်ဝက်သစ်ချ ပင်များက တွန့်လိမ်ကောက်ကွေးနေသည့် လက်သည်းများနှင့်အတူ တောင်ပူစာကလေးများကို ဖုံးလွှမ်းထားကြသည်။ တဖြည်းဖြည်း မတ်လာ သည့် တောင်တက်လမ်းများမှာ တောင်မြင့်မြင့်များဆီ ဦးတည်လျက်။ ချွန်ထက်နေသော ဆီယာရာ တောင်ထိပ်ဖျားပေါ်ရှိ နှင်းဖွေးဖွေးများကိုပင် မြင်ရပြီ။ ညစဉ်ညတိုင်း သူ၏ ကျီးနက်ရောင်ပေါက်သည့် ဆံပင်ကိုနည်းနည်းစီတိုး၍ဖြတ်ပြီး သူအိပ်ခဲ့သည့်နေရာတိုင်းတွင် လူစီယာမြှုပ်ပစ်ခဲ့သည်။

ကရုဏာရှင်ညီအစ်မများအသင်းတော်၏ ဝင်းတံခါးရှေ့တွင်ရပ်လိုက်သောအခါ နောက်မှာ ကျန်ခဲ့သည့် လယ်တလင်း ပြင်များအတိုင်း လူစီယာ့ခေါင်းသည်လည်း ပြောင်တလင်းခါသွားတော့သည်။

“တပည့်တော်က လူစီယာပါ၊ တပည့်တော်ရဲ့ အစ်မနဲ့အတူနေဖို့လာတာပါ”

“ဆရာကြီးတို့က မင်းလာမယ်ဆိုတာ သိပြီးသားပါကွယ်”

သီလရှင်အိုကြီးက လူစီယာ့အား အပြင်စင်္ကြန်လမ်းဆီ ဦးဆောင်ခေါ်သွားသည်။

“သူတို့ ကျိန်းနေကြပြီ။ ခုနကမှ သူတို့ဘုရားဝတ်တက်ခဲ့ကြသေးတယ်” ဟု သီလရှင်ကြီးက ရှင်းပြသည်။

သီလရှင်ကြီးနောက်မှ စင်္ကြန်လမ်းကျောက်သားအတိုင်း လူစီယာလိုက်သွားရင်း အခန်းတစ်ခုထဲရောက်သွား၏။ သူတို့နှစ်ဦးသား စားပွဲတစ်လုံးတွင် ဝင်ထိုက်လိုက်ကြသည်။ စားပွဲပေါ်တွင် သဖန်းသီးတစ်ပန်းကန်နှင့် ရေချိုင့်တစ်ချိုင့်တင်ထားသည်။

“ရော့ စား၊ ဒါ တို့ခြံထဲကထွက်တာ။”

သီလရှင်ကြီးက လူစီယာ့ဘက်ကို သဖန်းသီးပန်ကန်ထိုးပေးသည်။ လူစီယာက သူ့အိပ်ကတ်ထဲ လက်တစ်ခုလုံး ဝင်အောင်နှိုက်လိုက်ပြီး ကတ်ကြေးနှင့်ရွှေပြားများကို ထုတ်လိုက်သည်။

“တပည့်တော်ကတော့ မင်္ဂလာဆောင်အတွက် တပည့်တော်ပေးမယ့် သတို့သမီး လက်ဖွဲ့တွေကို ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့ပြီ။”

သီလရှင်ကြီးက-

“ဒါတွေဟာ အစကတည်းက ပျက်စီးနှင့်ပြီးသားပါကွယ်၊ ဒါပေမဲ့ ကလေးဆန္ဒရှိတယ် ဆိုရင် ဆက်ချုပ်နေနိုင်တာပါပဲ” ဟု ပြောလေသည်။
*

(Susan Hill (ed) The Penguin Book of Modern Women’s Short Stories (1990) စာအုပ်မှ Joan Diamond ရေးသည့် The Dowry ကို ပြန်ဆိုခြင်း ဖြစ်ပါသည်။


'ချင်းတွင်'မဂ္ဂဇင်း၊ ၂၀၁၈ ခုနှစ် ဩဂုတ်-စက်တင်ဘာ။

Comments

အဖတ်အများဆုံး

အနက်မထင် ပဟေဠိများ

မစဲသော တံခါးခေါက်သံများ လှည့်ရလွန်းသဖြင့် ပျက်လုလု လက်ကိုင်ဘု မကွေးညွတ်တတ်မီက ငါ့နှုတ်ခမ်းများကို ပုလဲပုတီးတကုံးဆွဲသော လည်တိုင်အထက်မှာ ပြန်ရှာတွေ့ပါသည် ရောင်စုံစာအိတ်များနှင့် ပြည့်လျှံနေသော အိမ်ရှေ့က အဝင်စာတိုက်ပုံး ဖွင့်ကြည့်မိသော အိပ်မက်ထဲကပြန်စာတစောင် အထဲမှာ ဗလာစာရွက်တရွက် နှင်းဆီပွင့်များအား နေ့တိုင်း ငါပြန်ပြုံးပြဖို့ကြိုးစားပါသည် စံပယ်နဲ့တွေ့မယ့်အခါအတွက် ရီဟာဇယ်အဖြစ် သို့သော် ... စံပယ် ဪ ချစ်စံပယ်ဟာ မျက်နှာလွှဲသွား အခန်းထဲဝင်အလာ ‘မင်္ဂလာပါ’ ဟု လက်ပိုက်နှုတ်ဆက်ကြသူများ ခင်ခင်ပျိုတွေ တပျော်တပါး ပါသွားသော မပြေးဆွဲဖြစ်လိုက်သော လေအိတ်ရထားများ မြောက်မှတောင်သို့တိုက်နေသော နှင်းစက်တင်လေများ အသားတွေပပ်ကြားအက်နေသော လေကြောင်းသင့် ငါ့မျက်နှာ လမ်းပေါင်းများစွာ လမ်းပေါင်းများစွာ ဖြောင့်ဖြောင့်ဖြူးဖြူး ချိုင့်ကျင်းမရှိ ကတ္တရာလမ်းများ အကောင်းစား ဇိမ်ခံကားများ အဲကွန်းပါသော ဘတ်စ်ကားများ ဓာတ်တိုင်များ၊ LED လမ်းမီးများ ဓာတ်ကြိုးများပေါ်ရှိ ခိုများ လမ်းဘေးဝဲယာက အိမ်ကြီးရခိုင်များ လကြည့်နေသူများ ... ကြယ်ရေတွက်နေသူများ နို့ဆာနေသူများ ... အာသာဖြေနေကြသူများ ‘အိမ်ရှင်’ ဟုခေါ်၍ တံခါးကို အသာအယာ ခေါက်၏ တံခါ...

လူတွေနေနေတဲ့မြို့

မြို့ကလေးတစ်မြို့ ကောင်းကင်ပြာက အုပ်မိုးကြည့်နေတယ် တိမ်လွှာကဆိုင်းလို့။ တောင်ကြောက ပခုံးနဲ့ထမ်းထားတယ် မြူတွေက မှိုင်းလို့။ နဒီက ကွေ့ကောက်ရစ်သိုင်းထားတယ် သီတာက ဝိုင်းလို့။ ဒီမြို့လေးမှာဆို လေးမောင့်စံကျောင်းတွေက လက်ညှိုးထိုးမလွဲ။ တဝီဝီပျားပိတုန်းတွေက မာလာ့ကို နမ်းရှုပ်လို့။ ကျောက်စက်ကျရေက ရေအိုင်ငယ်တစ်ခုဖြစ်၊ အဲဒီမှာ လူတွေက ဟဒယအညစ်ကို ဝိုင်းဆေးကြတာပေါ့။ ပြောရရင် ဒီမြို့မှာ ကျီးကန်းတွေကတောင် “အိုးဝေ ... အိုးဝေ”ရယ်လို့ တွန်မြည်တတ်ကြတယ်။ ဟား ... ဒီမြို့မှာ မုန်ယိုနေတဲ့ ဆင်ကြီးတွေနဲ့ ချွန်းဖွင့်နေတဲ့ ဦးစီးတွေမရှိဘူးကွ။ ဒီမြို့မှာ ခြင်္သေ့တွေ၊ ဆင်တွေက ကြားခံဖလှယ်ရေး ကိရိယာမဟုတ်ဘူးဗျ။ မြို့သားတွေရဲ့ ဝဲဘက်ရင်အုံဟာ ကျောက်ဆောင်တွေနဲ့ ထိုးထောင်မနေဘူးဟ။ ပျားရည်နဲ့ဝမ်းအချခံရမှာကို နေ့နေ့ညညကြောက်နေစရာမလိုဘူးပ။ ဒီမြို့မှာ လူတွေက ငှက်တွေရဲ့စကားကို နားလည်ကြသတဲ့။ မြေမှုန်လေးတွေ သစ်ရွက်လေးတွေကိုလည်း အသေအကြေ ချစ်တတ်ကြသတဲ့။ လဲနေသူ၊ ဝဲစွဲအနူတွေ့ရင်လည်း အသေအချာ ထူပေးတတ်ကြသတဲ့။ တောင်းခံသူလာရင် ပေးလှူရအောင် နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ ကဲ ... ဘာပြောကောင်းမလဲ ဒီမြို့က...

အားပေးဖေးကူနေကြသရွေ့

အဖေ ...သားကို သတိရပါသေးရဲ့လား။ အဖေ့ကို သားလိုအပ်နေချိန် အဖေဘယ်ရောက်နေပါသလဲ။ လောက ဓံရဲ့ အထုအထောင်းတွေကြောင့် အသက်ထက် အိုမင်းရင့်ညိုနေတဲ့ အဖေ့မျက်နှာရယ်၊ ကိုယ်အထက်ပိုင်း အဝတ်အစားမကပ်တတ်တာကြာလိူ့ နေခထားတဲ့ မွဲပြာပြာ အဖေ့ကျောဗလာကြီးရယ်၊ အိမ်ပြန်လာတိုင်း သား ယီးလေးခိုဖို့ ဆန့်ထုတ်ပေးတတ်တဲ့ အဖေ့ရဲ့ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းအိုးကြီးတွေရယ်၊ ဒါတွေ အခု ဘယ်များရောက်နေပါသလဲ။ အဖေဟာအဖေ့ကိုချစ်လို့မဝတဲ့၊ အဖေချစ်လို့ မ၀သေးတဲ့သားကို တကယ်ပဲခွဲသွားခဲ့ပြီလား။

သေခြင်းအက်ဆေး

သေခြင်းအက်ဆေးဟုပြောလိုက်သဖြင့် စာရှုသူများ လန့်ဖျန့်သွားနိုင်ပါသည်။ သို့သော်လည်း လူ့ဘဝသည် မွေးဖွားခြင်းဖြင့် အစပြုကာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြသည်ဖြစ်ရာ သေခြင်းတရားသည်လည်း လူ့ဘဝ၏ အရေးကြီးသည့် အကြောင်းတစ်ရပ်ဖြစ်၍ လူတို့အတွက် အရေးတယူလုပ်ရန်လိုအပ်သည့်ကိစ္စလည်းဖြစ်ပါသည်။ လူအများစုသည် သေခြင်းအကြောင်းခေါင်းထဲမထည့်လိုကြပါ။ သေခြင်းသည် အမင်္ဂလာကိစ္စ၊ လူတို့ မလိုလားအပ် သော၊ မစဉ်းစားချင်သောကိစ္စဖြစ်သည်။ သေခြင်းသည် မိမိချစ်ခင်နှစ်သက်သူများနှင့် ထာဝရခွဲခွာရခြင်းဖြစ်သည်။ ပြန်မလာနိုင် တော့မည့် ခရီးရှည်ကြီးကိုသွားရခြင်း ဖြစ်သည်။ လူတိုင်း သေခြင်းအကြောင်းကို မပြောလိုကြပါ။ သို့သော်လည်း လူတို့မလိုလားသော သေခြင်းသည် လူ့လောက လူ့ဘုံတွင်မမြင်ချင်မှအဆုံး၊ မကြားချင်မှအဆုံး၊ မပတ်သက်ချင်မှအဆုံး။ သေခြင်းကို လွန်ဆန်နိုင်သည့်ပုဂ္ဂိုလ်ဟူသည်ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည်မဟုတ်။ ယနေ့မြင်နေရသည့် ကြီးကြီးငယ်ငယ်ရွယ်ရွယ်မရွေး လူအပေါင်းတို့သည် နောင်နှစ်ပေါင်း လေး၊ ငါးဆယ် အတွင်း ဖြုတ်ကနဲပျောက်ကွယ်သွားကြမည့်သူချည်းသာ ဖြစ်သည်။ ယင်းသည်ငြင်း၍ မရ။ သို့သော် ထိုလူတို့ ပျောက်ကွယ် သွားပုံ သွားနည်းများသည် တစ်ဦးနှင...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...