Skip to main content

‘ဘရက်ဇစ်’ အလွန် ဗြိတိန်ပြည် (သို့မဟုတ်) နှစ်ခြမ်းကွဲနေသောနိုင်ငံ



ရောဘတ် ဖို့ဒ် နှင့် မက်သယူး ဂွတ်ဒ်ဝင်း

ရောဘတ် ဖို့ဒ်သည် မန်ချက်စတာ တက္ကသိုလ်မှ နိုင်ငံရေးတက္ကသိုလ် ပါမောက္ခဖြစ်သည်။ မက်သယူး ဂွတ်ဒ်ဝင်း သည် ကင့် တက္ကသိုလ်မှ နိုင်ငံရေးဘာသာ ပါမောက္ခဖြစ်ပြီး ချန်သမ်ဟောက်စ်၏ ဧည့်စာသင်သားလည်း ဖြစ်သည်။ Revolt of the Right: Explaining Support for the Radical Right in Britain (2014) စာအုပ်၏ ပူးတွဲစာရေးသူများ ဖြစ်သည်။ ယခု ဆောင်းပါးမှာ Journal of Democracy, Volume 28, Number 1, January 2017, pp. 17-30 (Article) မှ ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာတော့ ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်မလားဆိုတာကို လူထုဆန္ဒ ခံယူခဲ့ရာမှာ ခွဲထွက်ချင်တဲ့ဘက်က ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ “ဘရက်ဇစ်” လို့ လူသိများကြတဲ့ ဗြိတိန်နုတ်ထွက်ရေးဘက်က မဲအသာနဲ့နိုင်သွားတာကြောင့် တစ်ကမ္ဘာလုံး အံ့ဩမှင်တက်ကုန်ကြပြီး ငွေကြေး ဈေးကွက်တွေလည်း လှုပ်ခတ်ခဲ့သလို ပေါ်ပြူလစ်ဝါဒနဲ့ အမျိုးသားရေးဝါဒတို့ရဲ့ စွမ်းအား၊ ဥရောပသမဂ္ဂရဲ့ ရေရှည်မှာ ဆက်လက်တည်တံ့နိုင်မှုတို့နဲ့ပတ်သက်လို့လည်း တစ်ကမ္ဘာလုံး ငြင်းခုံဆွေးနွေးမှုတွေ အသစ်တစ်ဖန် ပြန်လည်ညံခဲ့ရပြန်ပါတယ်။ ဘရက်ဇစ်အရေးကိစ္စကြောင့် အသားကျပြီးသား အကြောင်းအရာတွေ ဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရေစီ၊ နိုင်ငံတွေကြား စိတ်ဝမ်းမကွဲပြား ပေါင်းစည်းရေးလမ်းစဉ် စတာတွေနဲ့ ပတ်သက်တဲ့ အကျပ်အတည်း ပြဿနာတွေဆီ အာရုံရောက်သွားရုံမက ဗြိတိန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ရှိလာခဲ့တဲ့ ပါတီစွဲ အခြေအနေကို ထပ်ပြီးမွှေနှောက်မယ့် နိုင်ငံရေးအကွဲအပြဲကို မီးမောင်းထိုးတင်ပြတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အခြေအနေ ဆိုးပြီးသား နှစ်ပါတီစနစ်တစ်ခုကို ထပ်ပြီး ယိုင်နဲ့အောင်လုပ်ဖို့လို့လည်း ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။

အပေါ်ယံသဘောနဲ့ပြောရင်တော့ ခွဲရေးဘက်က အနိုင်ရလိုက်တာဟာ အချက်နှစ်ချက်ကို အသေအချာပဲ သတိပေး လိုက်တာဖြစ်ပါတယ်။ ပထမတစ်ချက်က ဗြိတိန်သားတို့ဟာ ဥရောပနဲ့ပတ်သက်ရင် မယုံသင်္ကာစိတ် ဘယ်လောက်များလဲဆိုတာဖြစ်ပြီး နောက်တစ်ချက်ကတော့ ဗြိတိန်နဲ့ ဥရောပတိုက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးအရ ထိပ်ပိုင်းကအလွှာဝင်တွေ အချင်းချင်းကြားမှာ ခါးသီးတဲ့ အကွဲအပြဲပါ။ ဒါပေမဲ့ ဒီထက် ပိုပြီး ထဲထဲဝင်ဝင် ကြည့်ရင်တော့ ဘရက်ဇစ်ဟာ ရှည်လျားလှတဲ့ လူမှုအပြောင်းအလဲ ကာလတစ်ခုရဲ့ လက္ခဏာ လို့လည်း မြင်နိုင်ပါတယ်။ ဗြိတိန်နဲ့ တခြား အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ ပြည်သူလူထုရဲ့ အမြင်၊ နိုင်ငံရေးအပြုအမူနဲ့ ပါတီတွေအချင်းချင်းပြိုင်ဆိုင်မှု စတာတွေကို လူမသိသူမသိ ပုံစံအသစ်ဖော်ဆောင် လာခဲ့တဲ့ လူမှုအပြောင်းအလဲတွေဖြစ်နေတယ် ဆိုတာကိုပြတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဗြိတိန်တို့ခွဲထွက်တဲ့ကိစ္စ တကယ် ဖြစ်ပေါ်လာနိုင်အောင် စေ့ဆော်တဲ့ လူမှုရေးအရွေ့၊ စိတ်နေသဘောထား အလှည့်အပြောင်းတွေ ဘာများရှိပါသလဲ။ ပြည်သူ့ ဆန္ဒခံယူပွဲ မတိုင်မီ ဆယ်စုနှစ်တစ်ခုစာအတွင်းကျမှ လူကြိုက်တအားများလာတဲ့၊ လယ်ယာ ပေါ်ပြူလစ်ဝါဒီ ယူကေအင်ဒီပင်းဒင့်ပါတီ (ယူကေအိုင်ပီ) ကို ရွေးကောက်ပွဲတွေမှာ မဲတွေရစေခဲ့တဲ့ လူမှုတွန်းအားတွေဟာ ဗြိတိန်ခွဲထွက်ရေးအပေါ် ဘယ်လောက်အတိုင်းအတာအထိ တစ်ခါပြန်ပြီး လွှမ်းမိုးခဲ့ပြန်ပါသလဲ။ တစ်ခါ၊ အဲဒီ သိပ်အရေးပါတဲ့ အဖြစ်အပျက်တွေဟာ ဗြိတိန်နိုင်ငံရေးအခြေအနေ၊ နောက်ပြီး ဗြိတိသျှလူ့အဖွဲ့အစည်းအတွင်းက အကွဲအပြဲတွေနဲ့ ပတ်သက်လို့ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါသလဲ။

ဗြိတိန်နိုင်ငံ အီးယူကနေ ထွက်ခွာအောင် ဖန်တီးပေးလာခဲ့တဲ့ လူမှုအပြောင်းအလဲတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စတင်ခဲ့တာပါ။ တစ်နေရာမှာ ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ ခုလို ဖြစ်ခဲ့ရခြင်းရဲ့ နောက်မှာ အရေးပါတဲ့ “အောက်ခြေကလာတဲ့” တွန်းအားတစ်ခုရှိပါတယ်။ အဲဒါကတော့ မဲဆန္ဒရှင်ပြည်သူတွေကြားထဲမှာ ရှိတဲ့ အထိုင်ချပုံတွေ၊ စိတ်နေသဘောထားတွေထဲမှာ ဖြည်းဖြည်းချင်း တစ်စိုက်မတ်မတ် ပြောင်းလဲလာခဲ့တဲ့ အရွေ့ အပြောင်းအလဲလေးတွေပါ။ လူလတ်တန်းစားတွေ၊ လစ်ဘရယ်အမြင်ရှိတဲ့ တက္ကသိုလ်ဘွဲ့ရတွေရဲ့ ကြီးထွား လာနေတဲ့ လွှမ်းမိုးမှုလို့ပဲ ဆိုရမှာပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်းတုန်းက ဗြိတိန်နိုင်ငံရဲ့ အလုပ်အကိုင်ရှိသူ အားလုံးရဲ့ တစ်ဝက်ကျော်ကျော်က လက်နဲ့လုပ်ရတဲ့အလုပ်တွေလုပ်ကြသူတွေဖြစ်ပြီး  တက္ကသိုလ် ဘွဲ့တစ်ခုခု ရထားသူဟာ မဲပေးနိုင်သူစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်တွေအတွင်း မှာတော့ အောက်ခြေအလုပ်သမားဦးရေဟာ အလုပ်အကိုင်ရှိ မဲပေးနိုင်သူအားလုံးရဲ့ ငါးပုံတစ်ပုံလောက်ပဲ ရှိတော့သလို မဲဆန္ဒရှင်တို့ရဲ့သုံးပုံတစ်ပုံကျော်ဟာ ဘွဲ့ရသူတွေဖြစ်ကြပါတယ်။ အဲဒီ အပြောင်းအလဲတွေဟာ လေဘာနဲ့ ကွန်ဆာဗေးတစ်ပါတီ တောက်လျှောက် ကြီးစိုးခဲ့တဲ့ ဗြိတိန် နိုင်ငံရေးမှာ အရင်က ရှိခဲ့တဲ့ လူတန်းစား အလွှာအပေါ် အခြေခံတဲ့ နိုင်ငံရေးလေကြောင်းပြောင်းလဲမှု အစဉ်အလာကို တတိတိ ပြောင်းလဲပစ်ခဲ့တော့ တာပါပဲ။

အရင်ကဆိုရင် အလုပ်သမားလူတန်းစားတွေ အားကောင်းတဲ့အခါမှာတုန်းက လေဘာပါတီဟာ ပါတီရဲ့အမာခံ မဲဆန္ဒရှင်တွေဖြစ်တဲ့ အလုပ်သမားတွေရဲ့ မဲအားနဲ့ အနိုင်ရတတ်ပြီး ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီကတော့ လူတန်းစားကွဲပြားမှုအပေါ် အမှီမပြုဘဲ သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို ချပြပြီး ထောက်ခံမှုကို ရယူပါတယ်။ ၁၉၉၀ ပြည့်လွန်ကာလတွေမှာတော့ တိုင်းပြည်ရဲ့ လူတန်းစားတည်ဆောက်ပုံအထိုင် ပြောင်းလဲသွားတာကြောင့် ခုနကပြောခဲ့တဲ့ မဲရရေးအထိုင်ချစဉ်းစားတဲ့ ဗျူဟာတွေဟာလည်း ပြောင်းပြန်တွေဖြစ်ကုန်ပါတယ်။ လေဘာဟာ ရွေးကောက်ပွဲတွေမှာ ဆက်တိုက်အရေးနိမ့်ခဲ့သလို ကျုံ့ကျုံ့လာတဲ့ အလုပ်သမားလူတန်းစားကနေ လာတဲ့ အမာခံ ထောက်ခံသူတွေဟာလည်း လျော့လျော့ကျလာပါတယ်။ ဒီတော့ လေဘာပါတီဟာ လူတန်းစားအပေါ် အခြေမပြုတဲ့ နောက်ထပ် မဲဆွယ်ဗျူဟာတစ်ခုကို ဖန်တီးရပါတယ်။ အဲဒီဗျူဟာဟာ ၁၉၉၄ ခုနှစ်မှာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့တဲ့ တိုနီ ဘလဲကိုယ်တိုင် ပေါ်ပေါ်တင်တင် အသိအမှတ်ပြု၊ ကျင့်သုံးခဲ့တဲ့ ဗျူဟာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘလဲဟာ သူ့ရဲ့ ပါတီကို “လေဘာပါတီသစ်” ဆိုပြီး ပြန်ဆေးသုတ်တယ်။ နဂိုက အားပြုခဲ့တဲ့ အလုပ်သမားလူတန်းစားတွေနဲ့ ပတ်သက်လို့ထားတဲ့ တန်ဖိုးတွေ၊ အတွေးအခေါ်တွေကို မှေးမှိန် ပစ်လိုက်တယ်။ လူလတ်တန်းစားအလွှာစုံကို ပိုမိုဆွဲဆောင်နိုင်ဖို့ရည်ရွယ်ပြီး ပါတီကိုအများအမြင်မှာ ကျွမ်းကျင် နိုင်ငံအုပ်ချုပ်ရေးသမားတွေပါဝင်တဲ့ ဗဟိုဝါဒီပါတီအဖြစ် လက်ခံလာအောင် တည်ဆောက်ယူတယ်။ တကယ်ကတော့ လေဘာဟာ တက္ကသိုလ်ကျောင်းဆင်း ပညာတတ်တွေ၊ ပညာနဲ့အသက်မွေးဝမ်းကျောင်း ပြုသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တာပါ။ အဲဒီ ပညာရှင်၊ ပညာတတ်တွေဟာ အရေအတွက်မှာလည်း များပြား လာတယ်။ သူတို့ရဲ့ အဓိကထားတဲ့ တန်ဖိုးတွေကလည်း လူမျိုး၊ ကျားမကွဲပြားမှုနဲ့ လိင်သဘာဝဖော်ပြမှု စတာ တွေဖြစ်ပြီး လက်ဝဲယိမ်းလစ်ဘရယ်နဲ့ကတော့ အံကိုက်ကွက်တိပါပဲ။ အဲဒီလို ပါတီရဲ့ဗျူဟာအပြောင်းအလဲဟာ ရေတိုမှာတော့ အောင်မြင်မှုအကြီးအကျယ်ရခဲ့ပြီး ဘယ်တုန်းကမှမရဖူးတဲ့ ရွေးကောက်ပွဲသုံးခုဆက်တိုက် အောင်ပန်းကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အောင်မြင်မှုအတွက် ပေးဆပ်ခဲ့ရတာတော့ ရှိပါတယ်။ ၁၉၉၇ နဲ့ ၂၀၁၀ ပြည့်နှစ် ကြားကာလ လေဘာပါတီသုံးကြိမ်ဆက်တိုက် အုပ်ချုပ်တဲ့အချိန်အတွင်း ပညာရေး အဆင့် နိမ့်ပါးပြီး ရှေးရိုးစွဲ ဘဝကိုဖက်တွယ် ထားလိုတဲ့ အလုပ်သမားလူတန်းစား လူဖြူတွေဟာ လေဘာပါတီအပေါ် ယုံကြည်မှု တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပါတယ်။ သူတို့အမြင်မှာ လေဘာဟာ သူတို့ကို ကိုယ်စားမပြုတဲ့၊ သူတို့ အတွက် ထည့်သွင်းမစဉ်းစားပေးတဲ့ ပါတီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရလဒ်ကတော့ အဲဒီလူတန်းစား အလွှာဟာ ရွေးကောက်ပွဲမှာ မဲလာရောက်ပေးတာ နည်းလာတယ်၊ လေဘာပါတီနဲ့ ခပ်ကင်းကင်းဖြစ်လာပြီး လက်ရှိ နိုင်ငံရေး စနစ်အပေါ် သဘောမတွေ့တာတွေ ကြီးထွားလာခဲ့တာပါပဲ။

ဒါဟာ ကွန်ဆာဗေးတစ်ပါတီအတွက် အသုံးချမယ်ဆို အသုံးချလို့ရမယ့် အခွင့်အရေးပါပဲ။ ဒါပေမဲ့လည်း ၂၀၀၅ ခုနှစ်မှာ ပါတီခေါင်းဆောင်ဖြစ်လာခဲ့တဲ့ ဒေးဗစ်ကင်မရွန်းဟာ တိုနီ ဘလဲဘက်ကို ပါသွားခဲ့တဲ့ အမာခံ မဲဆန္ဒရှင်တွေ ဖြစ်တဲ့ တက္ကသိုလ်ဘွဲ့ရတွေ၊ လူလတ်တန်းစား ပညာသည်တွေရဲ့ ထောက်ခံမှုကို ပြန်လည် ရရှိဖို့ အာရုံထားခဲ့ပါတယ်။ အလုပ်သမားလူတန်းစား မဲဆန္ဒရှင်တွေဟာ သပိတ်ဝင်အိတ်ဝင် လေဘာ မဲဆန္ဒနယ် တွေမှာ အများစုရှိနေတာပါ။ အဲဒီနေရာတွေမှာဆိုရင် လေဘာပရိသတ်ကအများစုဖြစ်ပြီး ကွန်ဆာဗေးတစ် အဖွဲ့ အစည်းတွေကလည်း အားပျော့ပါတယ်။ ဒါကြောင့်လည်း လူလတ်တန်းစား နယ်မြေတွေဟာ ပါတီကို အာဏာပြန်ရအောင် တင်ပေးနိုင်မယ့်အလားအလာပိုကောင်းတဲ့ အနေအထားပါ။ ဒီမိုဂရပ်ဖစ် (နေရာ ဒေသတစ်ခုအတွင်း နေထိုင်သူလူအများ၏ အရေအတွက်၊ ကျားမအချိုး၊ အသက်အရွယ်၊ ဖွားသေနှုန်း၊ စသည်) အပြောင်းအလဲ ကြောင့် လေဘာဟာ လူလတ်တန်းစား တက္ကသိုလ်ဘွဲ့ရတွေရဲ့မဲဘက်ကို အာရုံစရွေ့လာတဲ့အခါမှာ တစ်ဖက်က ကွန်ဆာ ဗေးတစ်ပါတီဟာ အလုပ်သမားလူတန်းစား၊ ကျောင်းမပြီးတဲ့သူတွေရဲ့ မဲကိုရဖို့ လိုက်ကြိုးပမ်းရမှာ ဖြစ်ပေမဲ့လည်း ပထဝီအနေအထားကွာခြားမှုကြောင့် ဖြစ်လာတဲ့ မဲခွဲရလဒ်ပုံစံတွေဟာ အရင်အတိုင်း ဆက်ဖြစ်နေတာကြောင့် သူပစ်မှတ်ထားသင့်သူတွေကို ပစ်မှတ်ထားလိုစိတ် တက်မလာခဲ့ပါ။ ရလဒ်ကတော့ အလုပ်သမားလူတန်းစားလူဖြူတွေကို နှစ်ပါတီစလုံးက လျစ်လျူရှုလိုက်ကြတာပါပဲ။ တကယ်ဆိုရင် ယူကေရဲ့ ဒီမိုဂရစ်ဖစ်ဟာ မကြာသေးခင်ကာလတွေအတွင်း အလျင်အမြန် ပြောင်းလဲလာခဲ့တယ် ဆိုဦးတော့၊ နိုင်ငံဟာ လူဖြူအများစုကြီးစိုးတဲ့နိုင်ငံဖြစ်နေဆဲပါပဲ။ ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းဟာ လူဖြူတွေဖြစ်ပါတယ်။ လူဖြူ အလုပ်သမားလူတန်းစားကလည်း ပါတီကြီး နှစ်ခုအချိုးတွေပြောင်းလာတာကို သတိပြုမိသလို သူတို့ကလည်း အလားတူ ပြန်တုံ့ပြန်ခဲ့ကြပါတယ်။ သူတို့ဟာ အစဉ်အဆက် ရှိလာခဲ့တဲ့ ပါတီတွေကိုရော၊ နိုင်ငံရေးစနစ်ရဲ့ နေစိမ့်နိုင်မှုကိုရော မကြိုက်တာတွေ ကြီးထွားလာခဲ့ ပါတယ်။ အတော်များများဟာ ရွေးကောက်တင်မြှောက်ရတဲ့ နိုင်ငံရေးစနစ်ကြီးတစ်ခုလုံးကို ကျောခိုင်းလိုက်တဲ့ အတွက် အလုပ်သမားလူတန်းစားတွေကြားမှာရော၊ သမိုင်းတစ်လျှောက် “လှည့်ကြည့်စရာမလိုတဲ့” လေဘာပါတီ ထောက်ခံသူတွေရှိတဲ့နယ်မြေတွေမှာပါ မဲပေးသူဦးရေ ကျဆင်းသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ယာယိမ်းတဲ့ ဗြိတိသျှ အမျိုးသားပါတီ (ဘီအင်န်ပီ) ဟာ မဲဆန္ဒရှင်တချို့အတွက်တော့ သူတို့ရဲ့ မကျေနပ်ချက်တွေ အတွက် ထွက်ပေါက် ပေးရမယ့် ပါတီတစ်ခုဖြစ်လာခဲ့ပါတယ်။

အဲဒီ ဒီမိုဂရပ်ဖစ် အပြောင်းအလဲတွေနဲ့ တူညီတဲ့အပိုင်းတွေလည်းရှိပြီး အဲဒီအပြောင်းအလဲတွေကို ထပ်မံ ကြီးမားစေခဲ့တဲ့ ဒုတိယမြောက် လူမှုအပြောင်းအလဲတစ်ခုကလည်း ရှိပါသေးတယ်။ တမြည့်မြည့် လောင်ကျွမ်း လာခဲ့တဲ့ အဲဒီအပြောင်းအလဲကတော့ အမျိုးသားရေးလက္ခဏာ၊ မတူကွဲပြားမှုနဲ့ ဗဟုယဉ်ကျေးမှုအယူအဆ၊ ပိုပြီး ယေဘုယျပြောရရင် ဆိုရှယ်လစ်ဘရယ်ဝါဒ အပေါ် ထားတဲ့တန်ဖိုးမတူညီမှုတွေ ပိုပိုပြီးကြီးထွားလာတဲ့ ကိစ္စပါ။ တိုင်းရင်းသားလူနည်းစုတွေ၊ တက္ကသိုလ်ဘွဲ့ရတွေ၊ လူလတ်တန်းစား ပညာသည်တွေ စတဲ့ ရှေ့တန်းရောက်လာနေတဲ့ သီးခြားလူအုပ်စုတွေဟာ တစ်ခါတုန်းက အင်အားကြီးထွားခဲ့ပြီး ခုအခါမှာ အလျင်အမြန်ပဲ ကျဆင်းလာနေတဲ့ သက်ကြီးပိုင်းလူဖြူတွေ၊ အလုပ်သမားလူတန်းစားတွေ၊ ကျောင်းပညာရေး မပြီးဆုံးခဲ့သူတွေဆိုတဲ့ လူအုပ်စုတွေနဲ့ယှဉ်ရင် ကိုင်စွဲတဲ့တန်ဖိုးစံတွေက အတော်လေးကို ကွာခြားပါတယ်။ ဗြိတိန် ရဲ့ အစဉ်အလာကြီးမားခဲ့တဲ့ ပါတီကြီးနှစ်ခုစလုံးဟာ ရှေ့တန်းရောက်လာတဲ့ လစ်ဘရယ်အုပ်စုတွေဘက်ကို အာရုံရောက်လာတာနဲ့အမျှ ပင်မရေစီးနိုင်ငံရေးဘုံအမြင်တစ်ခုဟာလည်း အဲဒီလို ကိစ္စတွေနဲ့ပတ်သက်လို့ ပေါ်ထွန်းလာခဲ့ပါတယ်။ အဲသည် လူမှုလစ်ဘရယ်အမြင်အရ မတူကွဲပြားတာဟာ တကယ့်လူမှုခွန်အား တစ်ရပ်လို့ မြင်ပါတယ်။ လိင်အရ၊ လူမျိုးအရ၊ ဘာသာတရားအရ၊ လိင်စိတ်ကိုင်းညွတ်မှုအရ ခွဲခြားဆက်ဆံတာဟာ ဆိုးယုတ်ခြင်းတရားအဖြစ် သူတို့က မြင်တယ်။ အမျိုးသားရေးလက္ခဏာရပ်ဆိုတာ လူထုရဲ့စိတ်ထဲကနေပြီး နိုင်ငံအပေါ်သံယောဇဉ်ထားစိတ်နဲ့သာ ပိုင်းဖြတ်ရမယ့်ကိစ္စဖြစ်တယ်၊ မျိုးရိုးစဉ်ဆက်နေထိုင်လာခြင်း ဟုတ်မဟုတ် နဲ့ ဆုံးဖြတ်လို့မရဘူးလို့ ယူဆတယ်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ဟာ လူ့အသိုက်အမြုံက ထားတဲ့ တန်ဖိုးစံတွေထက် ပိုအရေးကြီးတယ်လို့ ထင်တယ်။ အခုလို ရှေ့တန်းရောက်လာတဲ့ နိုင်ငံရေးအမြင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ထည့်သွင်းဆုံးဖြတ်ရမယ့် လူထုရေချိန်ချည်းပဲတော့မဟုတ်ပါဘူး။ ဒါဟာ ရွေးကောက်ပွဲအနိုင်ရရေးမှာ အရေးပိုပိုပါလာနေပြီး နိုင်ငံရေးနဲ့လူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းအလွှာတွေအပေါ် ဩဇာ ညောင်းလာနေတဲ့ တက္ကသိုလ်ကျောင်းထွက်ပညာသည်တွေရဲ့ စံပြုကမ္ဘာ့အမြင် ကို ရောင်ပြန်ဟပ်နေတာလည်း ဖြစ်ပါတယ်။ အရောင်အသွေး စုံလင်တဲ့ နိုင်ငံရေးသမားတွေဟာ အထက်ပါ ရပ်တည်ချက်တွေကို ကိုင်စွဲကြတဲ့ နေရာမှာ မဲရဖို့သက်သက်မဟုတ်ကြပါဘူး။ သူတို့အများစုဟာ အသိပညာ၊ အတတ်ပညာနဲ့အသက်မွေးကြတဲ့ လူလတ်တန်းစားတွေကနေ ပေါက်ဖွားလာကြသူတွေမို့ အထက်ပါ တန်ဖိုးစံတွေကို ကိုယ်တိုင်ကိုင်စွဲကြသူတွေ လည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တစ်ဖက်မှာကျပြန်တော့ သူတို့ကိုင်စွဲတဲ့ တန်ဖိုးစံတွေဟာ တဖြည်းဖြည်း ကျဆင်းလာနေတဲ့ လူဖြူသက်ကြီးပိုင်း အလုပ်သမားလူတန်းစားအလွှာတွေရဲ့ အမြင်တွေ၊ တန်ဖိုးစံတွေနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြန်တာပါပဲ။ ဒုတိယအလွှာအမျိုးအစား အုပ်စုဝင်တွေဟာ ဆိုရင် ပညာအရည်အချင်း နိမ့်နိမ့်ပါးပါးနဲ့ ကျောင်းမပြီးဆုံးခဲ့သူတွေ ဖြစ်ပြီး အမျိုးသားရေး ဇောင်းပေးလိုသူတွေ၊ လူ့အသိုင်းအဝိုင်းကို လူတစ်ဦးချင်းထက် ရှေ့တန်းတင်လိုသူတွေ၊ အပြင်ကိုဖြန့်ကျက် စဉ်းစားတာထက် အတွင်းထဲကိုသာ ပြန်ကြည့်လိုသူတွေ ဖြစ်ကြပါတယ်။ အဲဒီ “နောက်ကျကျန်နေခဲ့သူတွေ” လို့ ဆိုကြတဲ့ မဲဆန္ဒရှင်တွေရဲ့ စိတ်ထဲမှာ အဓိက ပါတီကြီးတွေဟာ သူတို့နဲ့သူစိမ်းပြင်ပြင်လိုဖြစ်နေတဲ့ လစ်ဘရယ်တို့၊ ဗဟုယဉ်ကျေးမှုတို့တို့လို ကမ္ဘာ့အမြင်တွေဘက်ကို သွားပြီးယိမ်းလိုက်ကြခြင်းဖြင့် ကူကွယ်ရာမဲ့ ဖြစ်သွားသလို ခံစားနေကြရသူတွေ ဖြစ်ပါတယ်။ အဲဒီ မဲဆန္ဒရှင်တွေကြားမှာတော့ အမျိုးသားရေးလက္ခဏာဆိုတာဟာ ဒီ နိုင်ငံမှာ ဦးမဆွက နေလာခဲ့သူတွေ၊ ဒီမှာ ပေါက်ဖွားရှင်သန်လာသူတွေရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အင်စတီ ကျူးရှင်းတွေ၊ ပြည်သူက တိုင်းပြည်အပေါ် ထားတဲ့ သံယောဇဉ်တွေ၊ သစ္စာရှိမှုတွေထက် ပိုပါတယ်။ ပြီးတော့လည်း လစ်ဘရယ်သမားဘွဲ့ရပညာတတ်တွေထက်စာရင် သူတို့အတွက် ဗြိတိသျှအနွယ်ဝင်ဖြစ်ခြင်းဟာ အများကြီး ပိုအရေးကြီးတဲ့အရာပါ။ “နောက်ကျကျန်နေခဲ့သူတွေ”ဟာ လွတ်လပ်မှုတို့၊ မတူကွဲပြားမှုဆိုတာ တွေထက် အရာအားလုံး ပုံစံတကျနဲ့ တိုင်းပြည်တည်ငြိမ်နေဖို့ကို ပိုအရေးထားသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဘရယ်သမားတွေ ပြောပြောနေကြတဲ့ မတူကွဲပြားမှုတို့၊ ရွေ့လျားပြောင်းလဲမှုတို့၊ အရှိန်အဟုန်နဲ့ ပြောင်းလဲမှုတို့ ဆိုတာတွေဟာ သူတို့အတွက်တော့ ရှိရင်းစွဲဘဝအပေါ် အလွန်အင်မတန်မှ ခြိမ်းခြောက်လာနေတဲ့ အရာတွေဖြစ်လာပါတယ်။ သူတို့အတွက်ကတော့ ဒုစရိုက်သမားတွေ၊ အကြမ်းဖက်ကောင်တွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့တင်မက နိုင်ငံထဲကို ရွှေ့ပြောင်းဝင်ရောက်လာကြသူတွေကိုပါ တင်းတင်းကျပ်ကျပ် ထိန်းချုပ် ကန့်သတ်ဖို့ကို ပိုမိုလိုလားတာပါပဲ။ အကြောင်းကတော့ ပိုပြီး အရောင်အသွေးစုံလင်လာတဲ့၊ အရှိန်အဟုန်နဲ့ ပြောင်းလဲလာတဲ့ ဗြိတိန်နိုင်ငံကို သူတို့ မလိုလားလို့ပါ။

မတူကွဲပြားမှုတွေကို လက်မခံနိုင်တာဟာ ဒီနေရာမှာတော့ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်တာပါပဲ။ အဲဒီ မဲဆန္ဒရှင်တွေ ဟာ ဗြိတိသျှဖြစ်ခြင်းဆိုတဲ့အရာကို ပြောတဲ့အခါမှာ သည်လူတွေ၊ သည်ယဉ်ကျေးမှုတွေပဲ ပါတယ်၊ ဟိုလူတွေ ဟိုယဉ်ကျေးမှုတွေတော့ မပါဘူးဆိုတဲ့ ပိုင်းဖြတ်စည်းကန့်တဲ့ အယူအဆကိုသာ ပိုဇောင်းပေးချင်ကြပြီး အထက်ပါ ဗြိတိသျှဖြစ်ခြင်းရဲ့လက္ခဏာရပ်တွေနဲ့ အကျုံးမဝင်တဲ့ လူနည်းစုအုပ်စုတွေနဲ့ပတ်သက်ရင် ဆန့်ကျင်ဘက်ပိုဆန်တဲ့ ပုံသေကားကျမှတ်ယူချက်တွေကို ကိုင်စွဲကြပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ မတူတာကို လက်မခံနိုင်တဲ့ စိတ်နေသဘောထားဆိုတာကို ဗီလိန်လို့ မမှတ်ယူသင့်ပါဘူး။ အဲသည် မဲဆန္ဒရှင်တွေ ကိုင်စွဲတဲ့ တန်ဖိုးတွေ ဖြစ်တဲ့ ပုံစံတကျရှိရေး၊ နိုင်ငံတည်ငြိမ်ရေး၊ ထုံးတမ်းအစဉ်အလာအတိုင်းဖြစ်ရေး စတာတွေဟာ သူတို့ကိုယ်နှိုက်ကလည်း လက်သင့်ခံနိုင်ပြီး စည်းဝင်ဘောင်ဝင်တဲ့ လူမှုစံတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပေါ်ထွန်းလာခဲ့တဲ့ လစ်ဘရယ်အမြင်၊ လစ်ဘရယ် တန်ဖိုးစံတွေနဲ့ လာရာနဲ့ လားရာ မတူကြရုံသာ ဖြစ်ပါတယ်။ ချုပ်ရရင် လစ်ဘရယ်အမြင်ရှိကြတဲ့ အစဉ်အလာ နိုင်ငံရေးသမားတွေဟာ အဲဒီ “နောက်ကျကျန်နေခဲ့” တဲ့ မဲဆန္ဒရှင်တွေ ထားတဲ့ တန်ဖိုးတွေကို လျစ်လျစ်ပြုရုံသာမက “နောက်ကျကျန်နေ”တဲ့ မဲဆန္ဒရှင်တွေ ရဲ့ အမြင်မှာ ခြိမ်းခြောက်မှုလို့ယူဆတဲ့၊ သူတို့ ပယ်ချကြတဲ့ အနာဂတ် ဗြိတိန်နိုင်ငံ ဆိုတဲ့ မျှော်မှန်းအမြင် ကိုပါ တက်တက်ကြွကြွ အားပေးမြေတောင်မြှောက်နေကြပါတယ်။

မီးမွှေးခြင်း - ပြင်ပမှရွှေ့ပြောင်းရောက်လာခြင်း၊ ဥရောပနှင့် ယူကေအိုင်ပီ

ဆိုတော့ ၂၀၀၀ ပြည့်လွန်နှစ်တွေအရောက်မှာ ဗြိတိန်ကိုကြည့်ရင် မဲဆန္ဒအရ ဘေးဖယ်ထုတ်ခံထားရပြီး နိုင်ငံရေးအရ လှည့်ကြည့်မခံရတဲ့၊ သာမန်အောက်ခြေ လူဖြူအလုပ်သမား လူတန်းစား မဲဆန္ဒရှင်တွေရဲ့ တန်ဖိုးစံတွေနဲ့ အမှတ်လက္ခဏာခံယူချက်ဆိုင်ရာ စိတ်တိမ်းညွတ်မှုတွေဟာ ပင်မရေစီး လစ်ဘရယ် အယူအဆတွေနဲ့ တစ်စထက်တစ်စ ဆန့်ကျင်ဘက်ဖြစ်လာတော့တာပါပဲ။ အဲဒီ “နောက်ကျကျန်နေ”တဲ့ မဲဆန္ဒရှင် ပြည်သူတွေနဲ့တင် နိုင်ငံရေးလှုပ်ရှားမှုအသစ်တစ်ခုကို အမြုတေအဖြစ် မွေးဖွားလို့ရပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ မပီပြင်သေးတဲ့ မကျေနပ်ချက်တွေကို ရုပ်လုံးပေါ်လာစေဖို့ရယ်၊ အဲဒီလိုအင်ဆန္ဒတွေကို ရွေးကောက်ပွဲက တစ်ဆင့် သွားတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲ သွတ်သွင်းဖို့ရယ် ကျတော့ ခေါင်းစဉ်တစ်ခုလိုပါတယ်။ ကိုယ်စားပြု ပေးမယ့် ပါတီတစ်ခု လိုပါတယ်။ အဲဒီ နှစ်ခုစလုံးဟာ ၂၀၀၀ ပြည့်လွန်ဆယ်စုနှစ်ရဲ့ အလယ်လောက်မှာ ပေါ်ပေါက်လာခဲ့ ပါတယ်။ ခေါင်းစဉ်ကတော့ အငြင်းပွားစရာ ဖြစ်နေတဲ့ နိုင်ငံခြားသား လူဝင်မှုကိစ္စဖြစ်ပြီး ရလဒ်ကတော့ ဥရောပ သမဂ္ဂအဖွဲ့ဝင်ကိစ္စ၊ နိုင်ငံခြားသားတွေလှိမ့်ဝင်လာကြတဲ့ကိစ္စ၊ လူမျိုးပုံသဏ္ဌာန်ပြောင်းလဲတဲ့ကိစ္စအပြင် ဗြိတိန် နိုင်ငံရေး အဆောက်အအုံကို လွှမ်းမိုးလာနေတဲ့ လစ်ဘရယ်တန်ဖိုးတွေ၊ လူမျိုးစုံဘာသာစုံ ပေါင်းစည်း နေထိုင်ရေး တန်ဖိုးတွေကို အများပြည်သူဆန့်ကျင်ရာမှာ ပြည်သူတို့ရဲ့ အဓိကရပ်တည်ရာအထိုင် တစ်ခုဖြစ်လာမယ့် နိုင်ငံရေး ပြိုင်ဘက် တစ်ခုအတွက် ထောက်ခံမှုတွေ မြင့်တက်လာတာပါပဲ။

၂၀၀၃ ခုနှစ်မှာ တိုနီဘလဲရဲ့ လေဘာပါတီသစ် အစိုးရဟာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေမယ့် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပါတယ်။ ဥရောပအနောက်ပိုင်းက အီးယူအဖွဲ့ဝင်နိုင်ငံနဲ့မတူ တစ်မူထူးစွာနဲ့ပဲ ဗြိတိန်ဟာ အီးယူ အဖွဲ့ဝင် မကြာခင် (၂၀၀၄ မှာ) ဖြစ်လာတော့မယ့် ချက်သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ စလိုဗက်ကီးယားနဲ့ ဆလိုဗေးနီးယား ဆိုတဲ့ A8 လို့ခေါ်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံသားတွေ ဗြိတိန်နိုင်ငံထဲ ရွေ့ပြောင်းအခြေချတာကို ယာယီအားဖြင့် ကန့်သတ်တာမျိုး ကျန် အီးယူနိုင်ငံတွေလို မလုပ်ဖို့ ဆုံးဖြတ်လိုက် တာပါ။ အလုပ်လက်မဲ့နှုန်းနိမ့်တာရယ်၊ စီးပွားရေးတိုးတက်နေတာရယ် ကြောင့် အီးယူရွှေ့ပြောင်းအခြေချသူတွေဟာ မူလက အစိုးရခန့်မှန်းထားတဲ့ အရေအတွက်ထက် ပိုပြီး ဗြိတိန်နိုင်ငံထဲကို ပြောင်းရွှေ့ ရောက်လာကြပါတယ်။ A8 နိုင်ငံကလူတွေကို လာခွင့်ပြုဖို့ မဆုံးဖြတ်ခင်မှာ ကတည်းကကို ဗြိတိန်နိုင်ငံဟာ ထွက်သွားတဲ့သူထက် ဝင်လာတဲ့သူက ပိုများနေပြီးသားပါ။ ဒါပေမဲ့လည်း ခုနက ဆုံးဖြတ်ချက်ကြောင့် အထက်ပါ ဗဟိုဥရောပနိုင်ငံကလူတွေ အုံနဲ့ကျင်းနဲ့ ရောက်ရှိလာရာမှာ အသားတင် ရွှေ့ပြောင်းမှုကိန်းဂဏန်းတွေ ပိုမြင့်တက်လာရုံမက သူတို့ကို ထိန်းချုပ်ဖို့ပါ ပိုမိုခက်ခဲလာခဲ့ပါတော့တယ်။ အသားတင် ရွှေ့ပြောင်းအချေခြမှုဟာ ၁၉၉၇ နဲ့ ၂၀၀၄ ခုနှစ်တွေကြားမှာ တစ်နှစ်ကို ၄၈,၀၀၀ ကနေ ၂၆၈,၀၀၀ အထိ မြင့်တက်လာပြီး၊ လူထု ဆန္ဒခံယူပွဲ မကျင်းပမီ နှစ်တွေအတွင်းမှာကိုပဲ ၃၀၀,၀၀၀ အထိ မြင့်တက်သွားခဲ့ပါတယ်။ အသားတင် ရွှေ့ပြောင်း အခြေချမှု ကိန်းဂဏန်းတွေဟာ အစိုးရရဲ့ မူဝါဒရေးရာ ပစ်မှတ်ဆုံချက်ဖြစ်လာပြီး နိုင်ငံရေးအငြင်းအခုံပွဲတွေ၊ မီဒီယာတို့ရဲ့ လူဝင်မှုအကြောင်း ရေးသားဖော်ပြမှုတွေမှာ များသထက် များပြားလာပါတော့တယ်။ A8 နိုင်ငံတွေကလူတွေ ဝင်ရောက်လာကြတာနဲ့ပတ်သက်လို့ ဗြိတိန်မဲဆန္ဒရှင်တွေကြားမှာ တန်ပြန်ကြတာတွေ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့ပါတယ်။ သူတို့တွေဟာ လက်ခံရေးစာချုပ်မတိုင်ခင်မှာကတည်းကိုက နိုင်ငံခြားသား ဝင်ရောက်မှု မြင့်တက်နေတာကို စိုးရိမ်နေခဲ့ကြသူတွေဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းကဆိုရင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေအရေးဟာ နိုင်ငံရဲ့အရေးအကြီးဆုံး ကိစ္စတစ်ခုပါလို့ ဖြေဆိုခဲ့ကြသူ ၃ ရာခိုင်နှုန်း အောက်ပဲ ရှိခဲ့ရာကနေ ၂၀၀၃ ခုနှစ်မှာတော့ ၃၀ ရာခိုင်နှုန်း ဝန်းကျင်၊ ၂၀၀၇ ခုနှစ် ကုန်ခါနီးမှာတော့ ၄၀ ရာခိုင်နှုန်း ထိတောင် မြင့်တက်လာခဲ့ပါတယ်။ အဲဒါရဲ့နောက်ပိုင်းမှာတော့ စီးပွားရေးကပ်ဆိုက်ပြီး နောက်ပြန် လျှောကျနေတဲ့ ကာလကြီးထဲမှာတောင်မှ ဖြေဆိုသူတွေဟာ နိုင်ငံခြားသား ဝင်ရောက်သူတွေအရေးကို တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ကိစ္စနှစ်ခုထဲက တစ်ခုရယ်လို့ ပြတ်ပြတ်သားသား ဖြေဆိုလာကြပါတော့။ ဥရောပ သမဂ္ဂကနေ ထွက်မထွက် ဆန္ဒခံယူတဲ့အချိန်ကာလရောက်တဲ့အချိန်မှာ နိုင်ငံခြားသားဝင်ရောက်မှုအရေးဟာ နိုင်ငံရေးလောကရဲ့ ကိုင်တွယ်ရမယ့် အကြောင်းအရာတွေ ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့ပြီးဖြစ် နေပါပြီ။ ဒါဟာ ဗြိတိန်နိုင်ငံရေးသမိုင်းမှာတော့ တစ်ခါမှ မရှိဖူးတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

နိုင်ငံခြားသား ဝင်ရောက်မှု မြင့်တက်လာတာဟာ ဗြိတိန်ပြည်သူတွေရဲ့ အမြင်ပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ ဧရာမဖြစ်ခဲ့တယ် ဆိုပေမယ့် ဝင်ရောက်လာတဲ့ ကိန်းဂဏန်းနဲ့ ပြည်သူတွေရဲ့ သဘောထားတွေ ကြားက ကြောင်းကျိုး ဆက်နွှယ်မှုကတော့ သည်လောက် မရိုးစင်းပါဘူး။ ရွှေ့ပြောင်း ဝင်ရောက်လာသူ ကိန်းဂဏန်း မြင့်တက်လာတဲ့နောက်မှာ အများပြည်သူရဲ့ စိုးရိမ်စိတ်တွေ ပိုပြင်းထန်လာတယ်၊ ဒါပေမဲ့ မြင့်တက်လာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ အားလုံးကို တစ်ပြေးညီ ဆန့်ကျင်ကြတာမျိုးတော့ မဟုတ်ပါဘူး။ ကျွမ်းကျင် အလုပ်သမားတွေ ရွှေ့ပြောင်း အခြေချတာ၊ နိုင်ငံခြားသား ကျောင်းသားတွေကို ဗြိတိန်နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေမှာ စာလက်ခံသင်ယူခွင့်ပြုတာ တွေကိုတော့ ဗြိတိန်ပြည်သူတွေက ထောက်ခံမှု မြင့်မားနေတုန်း ပါပဲ။ သူတို့ဆန့်ကျင်ကြတာက ကိုယ့်နိုင်ငံစီးပွားရေးကို အထောက်အကူပြုမှာလား၊ နို့သက်ခံစို့မှာလား မသေချာတဲ့ ရွှေ့ပြောင်းတွေ၊ ခိုလှုံခွင့် တောင်းခံလာသူတွေ၊ မိသားစုရှိရာ လိုက်လာကြတဲ့ ရွှေ့ပြောင်းတွေနဲ့ မကျွမ်းကျင်တဲ့ အလုပ်သမားတွေပဲ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအခြေချလာမှုဟာ စီးပွားရေး သက်သက် ကိစ္စတော့ မဟုတ်ပြန်ပါဘူး။ တခြား ဥရောပနိုင်ငံတွေမှာလိုပဲ ဗြိတိန်မှာလည်း ရွှေ့ပြောင်းအခြေချဝင်ရောက်မှုတွေကို အပြင်းထန်ဆုံး ဆန့်ကျင်ရာမှာ စွဲကိုင်တဲ့ရှုထောင့်အမြင်ဟာ နှစ်ပရိစ္ဆေဒကြာမြင့်စွာ ရှိလာခဲ့တဲ့ တန်ဖိုးစံတွေ၊ အမှတ်လက္ခဏာတွေ ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။

အဲဒီ ဒုတိယအမြင်ဟာ တကယ်တော့ အသစ်မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်လာကြသူ တွေ အရေးနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေကိုကြည့်ရင် လူမျိုးရေးနဲ့ အမျိုးသားလက္ခဏာရပ်တွေနဲ့ ပတ်သက်လို့ အများပြည်သူဟာ စိတ်ချလက်ချ မနေနိုင်တဲ့စိတ်၊ စိုးရိမ်ပူပန်တဲ့စိတ်တွေနဲ့ ယှက်ဖြာနေခဲ့တာကို မြင်ရမှာပါ။ ၁၉၅၀ ပြည့်လွန် ကာလတွေကစလို့ တစ်ချိန်က ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ကာရစ်ဘီယံနဲ့ အိန္ဒိယတိုက်ငယ် နိုင်ငံတွေက လူမည်းနဲ့ တောင်အာရှသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို ရှေ့ရှေ့ဆယ်စုနှစ်တွေတုန်းက ဗြိတိန်ပြည်သူတွေ မနှစ်မြို့ နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ၂၀၀၄ ခုနှစ်ကစပြီး ပြည်သူတွေရဲ့ အမြင်က ဥရောပ ဗဟိုပိုင်းနဲ့ အရှေ့ပိုင်းဒေသနိုင်ငံတွေက အီးယူနိုင်ငံသားတွေ အမြောက်အမြား ဝင်ရောက်လာကြတဲ့ဘက်ကို ပြောင်းသွားပါတော့တယ်။ ရလဒ်ကတော့ ပြောင်းရွှေ့ဝင်ရောက်မှုကိုဆန့်ကျင်တဲ့သူတွေရဲ့ စိတ်မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်နေလို့ ခုလို ဝင်ရောက်လာကြတာ ဖြစ်တယ်လို့ အမြင်ရောက်လာကြပါတယ်။ ဒါကြောင့်လည်း ၁၉၇၅ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ဗြိတိန်နဲ့ဥရောပဆက်ဆံရေး ပြည်သူ့ဆန္ဒခံယူပွဲနဲ့ မတူ တစ်မူထူးစွာနဲ့ ၂၀၁၆ ခုနှစ် ဆန္ဒ ခံယူပွဲ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ ဝင်ရောက်လာကြတာကို လျှော့ချရေးဘက်က ရပ်တည်ကြသူတွေ အတွက်ကတော့ အီးယူမှာပါနေလို့ရှိရင် သူတို့ လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ အဓိက အတားအဆီးရှိနေတယ်လို့ မြင်လာကြတာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ အီးယူ အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရမှာကို မယုံသင်္ကာဖြစ်လာ ကြတော့တာပါပဲ။ နိုင်ငံဘတ်ဂျတ်နဲ့ ဖြည့်ဆည်းပေးရတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ၊ လူမှုဖူလုံရေးနဲ့ အမျိုးသားအမှတ်လက္ခဏာ စတာတွေဟာ ပြည်ပကနေ ဝင်ရောက် အခြေချသူတွေကြောင့် ထိခိုက်နေရပြီလို့ သူတို့ထင်နေတာကို ပေါ်ပြူလစ် လူကြိုက်အောင် လိုက်ရေးတဲ့ သတင်းစာတွေကလည်း ဝင်ပြီး မီးထိုးပေးပါတယ်။ အဲဒီ စာစောင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ရင် အတော်လေးကို အဆိုးမြင်တဲ့ဘက်ကပါ။ ဗြိတိန်လူမှုအဝန်းအဝိုင်းအတွင်း ဆိုးကျိုးတွေအတွက် အီးယူနိုင်ငံသား ရွှေ့ပြောင်းလာကြသူတွေကို အပြစ်ဖို့ လက်ညှိုးထိုးတဲ့၊ သူတို့တွေအရေအတွက်ကို ထိန်းချုပ်ဖို့ တောင်းဆိုထားတဲ့ မျက်နှာဖုံးသတင်းတွေဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ပုံမှန်လို တွေ့ရလာရတဲ့ တင်ဆက်မှုတွေပဲ ဖြစ်ပါတယ်။

လေဘာရော ကွန်ဆာဗေးတစ်ရော နှစ်ပါတီစလုံးအနေနဲ့ ခုလို ပြည်သူတွေအကြား မကျေမနပ်ဖြစ်နေတဲ့ ကိစ္စကို ကောင်းကောင်း သိကြပေမယ့်လည်း မူဝါဒရေးရာမှာ စိတ်ကြိုက်လုပ်ခွင့်မရတဲ့ အတွက် ထိရောက်တဲ့ တုံ့ပြန်မှု မပေးနိုင်ခဲ့ပါဘူး။ လေဘာပါတီဟာ ရွှေ့ပြောင်းသမားတွေ ဗြိတိန်နိုင်ငံရဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေ ရယူခံစားမှု ကို ကန့်သတ်ဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ကြိုးပမ်းခဲ့တယ်။ နိုင်ငံရေးခိုလှုံခွင့်ပေးတဲ့ စနစ်ကိုလည်း တင်းကျပ်ဖို့ လုပ်တယ်။ ဒါပေမဲ့လည်း ပြည်ပကနေ လူတွေရွှေ့ပြောင်းခွင့်ပေးခြင်းဟာ စီးပွားရေးအရ၊ လူမှုရေးအရ အကျိုးရှိတယ် ဆိုတာဘက်ကနေလည်း ကာကွယ်ပေးခဲ့ပါတယ်။  ပါတီအနေနဲ့ ဒီကိစ္စပေါ်မှာထားတဲ့ မဲဆန္ဒရှင် တွေရဲ့ စိုးရိမ်စိတ်တွေကို “နားထောင်”ဖို့ ကတိအထပ်ထပ်ပေးခဲ့ပေမယ့် ရွှေ့ပြောင်းတွေကို ဘယ်လိုလျှော့မယ် ဆိုတဲ့ မူဝါဒတွေကို တင်ပြဖို့တော့ မစွမ်းနိုင် သို့မဟုတ် ဆန္ဒမရှိခဲ့ပါဘူး။ ဒါဟာ ဒီလိုလုပ်လိုက်ခြင်းဖြင့် လစ်ဘရယ် မဲဆန္ဒရှင်တွေ စိတ်ပျက်သွားမှာကို အောက်ထစ်အားဖြင့် မလိုလားလို့တော့ မဟုတ်ပါဘူး။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဒေးဗစ် ကင်မရွန်ဟာ ဆန္ဒစောနေကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေကို တိုက်ရိုက်ပန်ကြားခဲ့ပါတယ်။ အဲဒါကတော့ အသားတင် ရွှေ့ပြောင်းဝင်ရောက်လာသူ ဦးရေကို “သောင်းဂဏန်း”ရောက်တဲ့အထိ လျှော့ချပစ်မယ်လို့ ကတိပေးတာပါပဲ။ ဒါဟာ တော်တော်ကို မတိုင်ပင် မစူးစမ်းဘဲ ချလိုက်တဲ့ ကတိပါပဲ။ အကြောင်းကတော့ အီးယူရဲ့ ပဋိညာဉ် စာချုပ်ပါအခွင့်အရေးများအရ အီးယူ အဖွဲ့ဝင် နိုင်ငံသားတွေကို လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ပေးထားလို့ ပါပဲ။ ဒီကြောင့်မို့လို့ အီးယူထဲမှာ ဗြိတိန် ဆက်လက်ရှိနေသရွေ့ ကင်မရွန်ဟာ သူ့ကတိအတိုင်း လိုက်လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်သလောက် ပါပဲ။ ၂၀၁၀-၁၅ ကာလအတွင်း ကွန်ဆာဗေးတစ်-လစ်ဘရယ်ဒီမိုကရက် ညွန့်ပေါင်းအစိုးရဖွဲ့ အုပ်ချုပ်ခဲ့စဉ် အတွင်း အီးယူ ပြင်ပ နိုင်ငံတွေက ဝင်ရောက်အခြေချသူတွေကို ထိန်းချုပ်ခဲ့သမျှဟာ အီးယူ အဖွဲ့ဝင် နိုင်ငံတွေက လူတွေ မပြတ်တမ်း ဆက်ဝင်နေတာကြောင့်ပဲ အရာမထင် ဖြစ်ခဲ့ရပြန်ပါတဘ်။ ဒီထဲမှာ စီးပွားရေး အကျပ်အတည်းဆိုက် နေပြီး အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ တောင်ပိုင်း နိုင်ငံတွေက လူတွေနဲ့ အီးယူ အဖွဲ့ဝင် အသစ်နိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယားနဲ့ ဘူဂေးရီးယားတို့က လူသစ်တွေတောင် ပါပါသေးတယ်။ အဲဒီ နှစ်နိုင်ငံက ပြည်သူတွေဟာ ၂၀၁၄ ကစပြီး အတားအဆီးမရှိ ဝင်ထွက်သွားလာခွင့် ရခဲ့ကြသူတွေ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်ကစပြီး ဒီဘက်နှစ်တွေအတွင်း ပြန်ကြည့်ရင် ဝင်လာတဲ့သူတွေကို ထိန်းချုပ်ကန့်သတ်တာတွေ ပိုလုပ်ဖို့ တောက်လျှောက် တောင်းဆိုကြတာက တစ်ဖက်၊ လုပ်ပါ့မယ်ဆိုပြီး ကတိအထပ်ထပ်ပေးပေမယ့် ဘာမှ မလုပ်နိုင်ခဲ့တဲ့ အစိုးရပိုင်းက ပျက်ကွက်မှုတွေက တစ်ဖက်ဆိုပြီး မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အခြေဆိုက်တဲ့ နောက်မှာ ဘာဆက်ဖြစ်လာသလဲ ဆိုတာကတော့ ကြိုတင်လည်း တွေးဆကြည့်လို့ရသလို ရှင်းလည်း ရှင်းလင်း ပါတယ်။ တိုင်းတပါးသားဝင်ရောက်မှုကို မကြိုက်တဲ့ ပြည်သူတွေဟာ အဓိကပါတီကြီးတွေပေါ်မှာ ယုံကြည်မှု မရှိတော့သလို လက်ရှိ နိုင်ငံရေးစနစ်ကြီး တစ်ခုလုံးကိုပါ စိတ်ပျက်လာခဲ့ပါတယ်။ အီးယူထဲမှာ ပါနေတာကို ပြည်သူတွေ လက်မခံနိုင်မှု တိုးပွားလာပါတယ်။ သူတို့အမြင်မှာတော့ အီးယူအဖွဲ့ဝင်ဖြစ်ခြင်းဟာ ထိန်းမနိုင် သိမ်းမရ နိုင်ငံခြားသားဝင်ရောက်အခြေချမှုရဲ့ ဇာစ်မြစ်ဖြစ်သလို ထိရောက်တဲ့ မူဝါဒချမှတ်နိုင်ဖို့ အရေးမှာလည်း အတားအဆီး ဖြစ်နေရပါတယ်။ ဒါ့ပြင် လူဝင်မှုကိစ္စအပေါ် မကျေနပ်ချက်နဲ့ နိုင်ငံရေးပါတီတွေအပေါ် မယုံကြည်မှု တို့ ရောနေတဲ့ စိတ်သဘောထားတွေကို ရှေးရိုးစွဲလူ့အဖွဲ့အစည်းတန်ဖိုးတွေကို စွဲကိုင်ထားတဲ့လူတွေ၊ တစ်နည်း ပြောရရင် လျင်မြန်စွာပြောင်းလဲနေတဲ့ လူမှုစီးပွား စတဲ့ တန်ဖိုးစံတွေ ကို ပြတ်ကျန်နေခဲ့တဲ့ ပညာရည်နိမ့်ပါးတဲ့ လူဖြူ မဲဆန္ဒရှင်တွေထဲမှာ အများဆုံး တွေ့ရပါတယ်။ အဲဒီ မဲဆန္ဒရှင် ပြည်သူတွေအတွက်ကတော့ လူဝင်မှု ကြီးကြပ်ရေးကိစ္စဟာ နိုင်ငံရေးမှာ အရေးပါတဲ့ ထိုးဝါးတစ်ချောင်းပဲဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ ပင်မရေစီး လစ်ဘရယ် အမြင်တွေနဲ့ သူတို့နဲ့ကြားမှာ စည်းခြားထားတဲ့ အရာအဖြစ် ကိုယ်စားပြုတယ်။ အစဉ်အလာ ပါတီတွေကိုရော နိုင်ငံရေးစနစ်ကိုရော ယုံကြည်မှုကင်းမဲ့သွားအောင် တိုက်စားတဲ့အရာ၊ နောက်ထပ် နိုင်ငံရေးစင်မြင့်ပေါ် တက်လာမယ့်သူ တစ်ဦးအတွက် တံခါးဖွင့်ပေးတဲ့ အရာပဲ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ ကြွေးကြော်သံတစ်ခုတည်းနဲ့ တည်ထောင်ခဲ့တဲ့ ယူကေအိုင်ပီ ပါတီဟာ ဥရောပမိသားစုစနစ်ကို မယုံကြည်တဲ့ ပါတီဖြစ်ပြီး တည်ထောင်ခါစ ပထမဆယ်နှစ်အတွင်း သိပ်မအောင်မြင်ခဲ့တဲ့ ပါတီပါ။ ဒါပေမဲ့လည်း ၂၀၁၅ ခုနှစ်အရောက်မှာ မျိုးဆက်တစ်ခုကာလအတွင်း အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးသော မျက်နှာသစ် ပါတီ ဖြစ်လာခဲ့ပါတယ်။ ဥရောပသမဂ္ဂကနေ ခွဲထွက်ရေး ဆိုတဲ့ သူရဲ့ မူလကြွေးကြော်သံကို လူဝင်မှုဆန့်ကျင်ရေးနဲ့ ပေါင်းစပ်လိုက်ပြီး ပါတီဟာ လူထုရဲ့ ဒေါသကို ဆွပေးနိုင်သလို ခေါင်းဆောင် နိုက်ဂျယ် ဖရာ့ဂျ်နဲ့ သူ့ဟာသူ နေရာပေး တင်မြှောက်ထားတဲ့ “ပြည်သူ့တပ်”တို့ဟာ ထောက်ခံမှုတွေ မြင့်တက်လာအောင် လျင်လျင်မြန်မြန်ပဲ ဆွဲဆောင်နိုင်ခဲ့တယ်။ အထူးသဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ နောက်ပိုင်းမှာပါ။ ၂၀၁၂ ခုနှစ် မှာတော့ ယူကေအိုင်ပီဟာ သဘောထား စစ်တမ်းကောက်ယူချက်တွေမှာ လစ်ဘရယ်ဒီမိုကရက်တို့ကို ဖြတ်ကျော်ပြီး တတိယလူကြိုက်အများဆုံး ပါတီဖြစ်လာ ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဒေသန္တရ ကောင်စီတွေမှာ ပြောပရလောက်အောင် နေရာတွေရလာတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဥရောပပါလီမန်အတွက် ရွေးကောက်ပွဲမှာ အများထက်သာတဲ့ နေရာတွေ ရလာပြီး ပါလီမန်ထဲက ကွန်ဆာဗေးတစ် ဘက်ပြောင်း အမတ် နှစ်ဦး ကို ကိုယ့်ဘက် ပါအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံး အဆင့် ရွေးကောက်ခံနေရာအားလုံးရဲ့ ၁၂ ဒသမ ၆ ရာခိုင်နှုန်း ရခဲ့တယ်။ ဒါပေမဲ့လည်း နိုက်ဂျက် ဖရာ့ဂျ်ဟာ အဲဒီ ထောက်ခံမဲတွေကို ပါလီမန်အတွင်း အမတ်တစ်နေရာကိုတောင် မပြောင်းလဲ ပစ်နိုင်တဲ့အတွက် ပါတီ ခေါင်းဆောင် အဖြစ်ကနေ (ခဏ) ဆင်းပေးခဲ့ရတယ်။ ယူကေအိုင်ပီရဲ့ ထောက်ခံမဲတွေကို လေ့လာကြည့်တဲ့အခါ အများအားဖြင့် သက်ကြီးပိုင်း လူဖြူ ရှေးရိုးစွဲသမားတွေဆီက အများဆုံး ရတာကို တွေ့ရတယ်။ အဲဒီ လူဖြူ သက်ကြီးပိုင်းတွေဟာ ပညာရည်အားဖြင့် နိမ့်တယ်။ အရင်တုန်းက ကွန်ဆာဗေးတစ်ကို မဲပေးခဲ့ကြသူတွေ ဖြစ်တယ်။ နိုင်ငံခြားသား ရွှေ့ပြောင်းအခြေချသူတွေကို ဆန့်ကျင်ပြီး အီးယူအဖွဲ့ဝင်ဖြစ်တာကို မကြိုက်ကြဘူး။ အဓိက ပါတီကြီးနှစ်ခုကို မကျေနပ်ကြသူတွေ ဖြစ်တယ်။

ယူကေအိုင်ပီ ပါတီ ရှေ့တန်းကို ရောက်လာတာ၊ ဥရောပမိသားစုအမြင်ကိုမကြိုက်တဲ့ လွှတ်တော်ထဲက ရာထူးအာဏာမဲ့ ကွန်ဆာဗေးတစ် အမတ်တွေရဲ့ ထပ်တလဲလဲ အာခံပုန်ကန်တာ တွေကြောင့် ၂၀၁၃ ခုနှစ်မှာတော့ ဒေးဗစ် ကင်မရွန်တစ်ယောက် ခြေလှမ်းတစ်ခု လှမ်းလိုက်ရပါတယ်။ အဲဒါကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာသာ အစိုးရဖွဲ့ဖို့ လုံလောက်တဲ့အထိ မဲရအောင် သူ့ကိုမဲပေးကြမယ်ဆိုရင် ဥရောပသမဂ္ဂထဲမှာ ဗြိတိန်ဆက်နေမနေကို ဆန္ဒခံယူပွဲ လုပ်ပေးပါ့မယ်လို့ ရွေးကောက်ပွဲ ကတိပေးလိုက်တာ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ် ပါတီ မထင်မှတ်ဘဲ အများစု အနိုင်ရတဲ့အခါ ၂၀၁၆ ခုနှစ်အတွင်း ခွဲထွက်မထွက် ဆန္ဒခံယူပွဲ လုပ်ဖို့ ပြင်ဆင်ပါတယ်။ ဒီအခြေအနေကြောင့် ဖရာ့ဂျ်လည်း “ခွဲရေး” အတွက် မဲဆွယ်နိုင်ဖို့ရာ ယူကေအိုင်ပီ ပါတီခေါင်းဆောင်အဖြစ် ပြန်တင်မြှောက်ခံရပါတယ်။

ဆန္ဒခံယူပွဲလှုံ့ဆော်ရေး

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့  ကင်မရွန်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ရာမှာ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ အကြိတ်အနတ် အပြီးသတ် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ခြွင်းချက်တချို့ကို သူရရှိလိုက်ပါတယ်။ အဲဒါတွေကတော့ “ဥရောပတိုက်သား လူမျိုးများအကြား ပိုမိုနီးကပ်သော စုစည်းမှု” ရရှိဖို့ အဖွဲ့ဝင်နိုင်ငံတွေက အီးယူ စာချုပ်တွေမှာ ကတိပြုကြတဲ့ ကြေညာချက်ကို ဗြိတိန်က မထည့်သွင်း မကြေညာဘဲ ထားတာ၊ အီးယူ ကလာတဲ့ ရွှေ့ပြောင်းတွေဟာ အိမ်ရှင်နိုင်ငံရဲ့ လူမှုဝန်ဆောင်မှုတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး တအားကြီးလာလို့ ရှိရင် အီးယူရွှေ့ပြောင်းတွေအတွက် ပေးရတဲ့ ခံစားခွင့်ထောက်ပံ့ကြေးတွေကို ဆိုင်းငံ့ပေးထားဖို့ ဥရောပကော်မရှင်ထံ အဖွဲ့ဝင်တစ်နိုင်ငံက လျှောက်ထားနိုင်တဲ့ “အရေးပေါ်ရပ်ဆိုင်းမှု” စတာတွေ ပါဝင်ပါတယ်။ ဒါတွေဟာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မဟုတ်ပေမယ့်လည်း ကင်မရွန်အတွက်ကတော့ ဗြိတိန်ဟာ အီးယူမှာ ဆက်ပါရေးအတွက် လုံလောက်တဲ့ အပြောင်းအလဲတချို့ လုပ်ပေးနိုင်ခဲ့ပြီလို့ ကြေညာနိုင်ခဲ့ပါတယ်။

နောက် နှစ်လအကြာ ၂၀၁၆ ဧပြီလအတွင်း ရွေးကောက်ပွဲကော်မရှင်က “ခွဲရေးမဲပေး” အဖွဲ့ကို တရားဝင် အသိအမှတ်ပြု လှုံ့ဆော်ရေးအဖွဲ့အဖြစ် ရွေးလိုက်ပါတယ်။ အဲဒီအဖွဲ့ကတော့ ဥရောပကိုမယုံကြည်တဲ့ ကွန်ဆာဗေးတစ် ပါတီဝင်တွေ ကြီးစိုးတဲ့ အဖွဲ့ပါ။ ဒီအခါမှာ ပြိုင်ဘက်အဖွဲ့ဖြစ်တဲ့ “အီးယူကခွဲထွက်” အဖွဲ့ဟာ အတော်ကို စိတ်ပျက်သွားပါတယ်။ အဲဒီအဖွဲ့ဟာ ယူကေအိုင်ပီကို အဓိက ငွေကြေးလှူနေတဲ့ အေရွန်ဘဏ်များ က ထူထောင်တဲ့ ပိုပြီးသည်းခြေကြိုက်ဆန်တဲ့ အဖွဲ့ဖြစ်ပြီး နိုက်ဂျက် ဖရာ့ဂျ်က ထောက်ခံတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ တရားဝင်အသိအမှတ်ပြုခံရတယ်ဆိုရင် အဖွဲ့တစ်ဖွဲ့ဟာ ပေါင်ငွေ ၇ သန်းအထိ သုံးစွဲခွင့်ရသလို၊ ရုပ်သံကနေလည်း အခမဲ့ မဲဆွယ်လို့ရတယ်၊ ပြည်သူ့ဘဏ္ဍာငွေကိုသုံးပြီး စာတိုက်ကနေတစ်ဆင့် မဲဆွယ် စာရွက် စာတမ်းတွေကို ဖြန့်ချိခွင့် ရတယ်။ ပေါင် ၆၀၀,၀၀၀ ကိုလည်း ပြည်သူ့ဘဏ္ဍာငွေထဲကနေ ရတယ်။ ဒီလိုမျိုး နိုင်ငံတော်အဆင့် အထောက်အပံ့ရတာကြောင့် အချုပ်အခြာအာဏာနဲ့ အီးယူအဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ ဆိုးကျိုးတွေကို ဇောင်းပေးတဲ့ “ခွဲရေးမဲပေး” အဖွဲ့ဟာ ပြိုင်ဘက်ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးကို ပိုအဓိကထား လှုံ့ဆော်တဲ့ “အီးယူကခွဲထွက်” အဖွဲ့အပေါ်မှာ အသာစီးအကြီးကြီးရသွားပါတယ်။

“ခွဲရေးမဲပေး”ဟာ ဝါရင့် ကွန်ဆာဗေးတစ် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ အမတ်တွေဆီကနေ ထောက်ခံမှုတွေ ရခဲ့ပါတယ်။ အဲဒီထဲမှာ (လန်ဒန်မြို့ဝန်ဟောင်းလည်းဖြစ် ကွန်ဆာဗေးတစ်ရဲ့ ရေပန်းအစားဆုံး နိုင်ငံရေး သမားလည်းဖြစ်တဲ့) ဘောရစ် ဂျွန်ဆင်အပြင် လေဘာပါတီဝင် နိုင်ငံရေးသမားအချို့တောင် ပါပါသေးတယ်။ အဲဒီ အချိန်မှာ ယူကေအိုင်ပီဟာ လူထုချီတက်ပွဲတွေဖြစ်အောင် ဦးဆောင်ပါတယ်။ နိုင်ငံတစ်ဝန်းက လေဘာအားကောင်းတဲ့ နယ်မြေတွေကို ဦးတည်ပြီး ဘတ်စ်ကားခရီးစဉ်တွေ ထွက်ပါတယ်။ လေဘာ ခေါင်းဆောင် ဂျယ်ရမီ ကော်ဘင်းဟာ မဲဆွယ်ပွဲတစ်လျှောက်မှာ အတော်လေး အီစိမ့်နေအောင် ဝေဖန်ခံရပါတယ်။ အီးယူနဲ့ဆက်တွဲရေးဘက်က အားကောင်းမောင်းသန် ချက်နဲ့လက်နဲ့ မစည်းရုံးနိုင်တာ၊ “ဥရောပနဲ့တွဲမှ ဗြိတိန် ပိုအားကောင်းမည်” ဆိုတဲ့ တရားဝင် တွဲရေးအဖွဲ့နဲ့လည်း မလွတ်မကင်း ဆက်ဆံရေး ရှိတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင် ရုပ်သံအင်တာဗျူးတစ်ခုမှာ ကော်ဘင်းက အီးယူမှာ ဗြိတိန်ဆက်ရှိနေစေချင်တဲ့အပိုင်းက “(၁၀ မှာ) ၇ သို့မဟုတ် ၇.၅ လောက်” လို့ ဖြေခဲ့တာ၊ ဆန္ဒခံယူပွဲ မဲဆွယ်ပွဲတွေမှာ ကော်ဘင်းကို ခေါ်တဲ့အခါမှာ အဖန်ဖန် အခက်တွေ့ရတာတွေကြောင့်လည်း လေဘာအမတ်တွေကြားမှာ သူ့ရဲ့ ဦးဆောင်မှုကို မကျေနပ်ချက်တွေ မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ရပါတယ်။ ကော်ဘင်းရဲ့ ဟိုလိုလို သည်လိုလိုပုံစံကို မဲဆန္ဒရှင်တွေကတောင် သတိပြုမိခဲ့ပါတယ်။ ဆန္ဒခံယူပွဲအကြို စစ်တမ်းတစ်ခုမှာ ထွက်တဲ့အဖြေအရ လေဘာအမာခံအားပေးသူတွေရဲ့ တစ်ဝက်နီးပါးဟာ သူတို့ရဲ့ လေဘာပါတီကို အီးယူမှာ ဆက်နေချင်တယ်လို့ မထင်ဘူးလို့ ဖြေကြားခဲ့ကြပါတယ်။

တွဲရေးနဲ့ခွဲရေး မဲဆွယ်ပွဲတွေဟာ ထောက်ခံသူတွေရဲ့ ဘဝနောက်ခံတွေ၊ ဦးစားပေးမှုတွေကို လိုက်လို့ ခေါင်းစဉ် အမျိုးမျိုးကို တင်ပြီးဆွေးနွေးခဲ့ကြပါတယ်။ တရားဝင် တွဲရေးမဲဆွယ်အဖွဲ့ကတော့ အီးယူကနေ ဗြိတိန် ထွက်လိုက် မယ်ဆိုရင် တစ်ခုတည်းသောဘုံဈေးကွက်ကနေ ထွက်လိုက်တဲ့အတွက် တိုင်းပြည်စီးပွားရေးအပေါ် ဂယက်လာ ရိုက်မယ့် အန္တရာယ်၊ ဗြိတိန်ဟာ တံခါးဖွင့်ထားပြီး ကမ္ဘာနဲ့ချိတ်ဆက်ထားတဲ့ ဈေးကွက်တစ်ခုဖြစ်တယ် ဆိုတဲ့ နိုင်ငံ့ပုံရိပ်အပေါ် ရိုက်ခတ်မယ့်အရာတွေ၊ ကုမ္ပဏီတွေနဲ့ အိမ်ထောင်စုတွေ ဆုံးရှုံးရမယ့် ငွေကြေးတွေ ကို တွက်ချက်ပြပြီး ခွဲထွက်ခြင်းကြောင့် ခံစားရမယ့် စီးပွားရေးဆုံးရှုံးနစ်နာမှုတွေကို ချပြပါတယ်။ ဘုရင်မကြီးရဲ့ ဘဏ္ဍာရေးဌာနက လည်း အီးယူကနေ ဗြိတိန်နုတ်ထွက်မယ်ဆိုရင် အိမ်ထောင်စုတစ်ခုဟာ တစ်နှစ်ကို ပေါင် ၄,၃၀၀ လောက် ဆုံးရှုံး နစ်နာမယ်လို့ တွက်ပြပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ကလည်း ခွဲထွက်လို့ရှိရင် ဗြိတိန်ရဲ့ လူနေမှု အဆင့်အတန်းကို ထိခိုက်မယ်၊ ငွေဖောင်းပွလာမယ်၊ ၂၀၁၉ လောက် အရောက်မှာ စီးပွားရေး ထွက်ကုန်တွေ ၅.၅ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ မဲမပေးမီ ရက်ပိုင်း အလိုလေးမှာတင် သတိပေးခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေအတိုင်းသာ ဆိုရင် နောင်မှာ ပြည်သူတွေအတွက် အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ပြီး အခွန်တွေတိုးမြှင့်တာမျိုး ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရဲ့ ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စဘွန်းက ထပ်သတိပေးခဲ့ပြန်ပါတယ်။ စီးပွားရေးလောကသားတွေ ကလည်း ဝင်ပြီး ပြောကြ ပါတယ်။ ဖိုင်နင်ရှယ်တိုင်း စတော့အိတ်ချိန်း လုပ်ငန်း ၁၀၀ အနက်က လုပ်ငန်း ၃၆ ခုပါတင်တဲ့ လုပ်ငန်းရှင် ၁၉၈ ဦးဆီက စာတစ်စောင်မှာတော့ ဘရက်ဇစ်သာဖြစ်မယ်ဆိုရင် အလုပ်အကိုင် တွေကို ထိခိုက်မယ်၊ စီးပွားရေး အလားအလာလည်း ကျဆင်းသွားနိုင်ဖွယ် ရှိတယ်လို့ သတိပေးထားပါတယ်။

ခွဲရေးမဲပေး၊ အီးယူကခွဲထွက် နဲ့ တခြား ဥရောပမယုံကြည်တဲ့အဖွဲ့ကတော့ လူဝင်မှု၊ နိုင်ငံတော်အချုပ်အခြာ အာဏာအပေါ် အီးယူရဲ့ ခြိမ်းခြောက်မှုနဲ့ အီးယူကိုပေးနေရတဲ့ ထည့်ဝင်ငွေတွေကို ပြည်တွင်းမှာပဲ ပြန်လည် သုံးစွဲဖို့လိုနေတဲ့ ကိစ္စ၊ အထူးသဖြင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (အင်န်အိပ်ချ်အက်စ်) အတွက် လိုအပ်ငွေ တွေဘက်ကို လက်ကိုပြုပြီး ပြည်သူကိုစည်းရုံးကြပါတယ်။ ခွဲရေးမဲပေး အဖွဲ့ရဲ့ အဆိုအရတော့ အီးယူအဖွဲ့မှာ ပါနေခြင်းကြောင့် ဗြိတိန်ဟာ တစ်ပတ်ကို ပေါင်သန်း ၃၅၀ လောက် ကျခံနေရတယ်။ ဒီငွေဟာ ဝန်ထမ်း/ပစ္စည်း အပြည့်အစုံ ပါတဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဆေးရုံအသစ်စက်စက်တွေ  တစ်ပတ်ကို တစ်လုံးလောက် ဖွင့်ဖို့တောင် လုံလောက်တယ်၊ အသားတင်ရွှေ့ပြောင်းအခြေချသူပေါင်းရဲ့ တစ်ဝက်ကျော်ကျော်ဟာ အီးယူ နိုင်ငံတွေက လာတယ်၊ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယား၊ ဆားဘီးယား၊ တူရကီတို့လို့ နိုင်ငံသစ်တွေ အီးယူ ထဲဝင်လာပြီး အီးယူ ပိုကြီးထွားလာမှာကို မဲဆန္ဒရှင်တွေက ကန့်ကွက်သင့်တယ် စသည်ဖြင့် ဆိုကြပါတယ်။ ယူကေအိုင်ပီနဲ့ သူ့ရဲ့မဟာမိတ် အီးယူကနေခွဲထွက် အဖွဲ့တို့ကတော့ သူတို့ကိုင်စွဲထားတဲ့ လူမျိုးခြားဝင်ရောက် လာမှု အပေါ်မှာပဲ အထိုင်ပြုပြီး ဆက်လက် စည်းရုံးပါတယ်။ မဲဆွယ်ပွဲ နောက်ဆုံးရက်တွေအတွင်း “ပေါက်ကွဲမယ့် အမှတ်” ဆိုတဲ့ ခေါင်းစဉ်ပါတဲ့ ဒုက္ခသည်လူတန်းရှည်ကြီးတစ်ခုပုံပါ ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုနဲ့ မဲဆွယ်ခဲ့တဲ့အတွက် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ ကြော်ငြာဆိုင်းဘုတ်ကို ထောင်တဲ့ရက်ဟာ လေဘာပါတီအမတ် ဂျိုး ကောက်စ် အသတ်ခံရတဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒီ အမတ်ကို “ဗြိတိန်က နံပါတ်တစ်ပဲ”လို့ အော်ပြီး လူဖြစ်တစ်ယောက်က သတ်သွားတာလို့ ဆိုကြပါတယ်။

မဲဆွယ်ကာလ အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းတွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြိုင်ဖြစ်နေခဲ့ကြပေမယ့်လည်း နိုင်ငံရေးပုရောဟိတ်အသိုင်းအဝိုင်းနဲ့ ငွေကြေးဈေးကွက်လောကတွေအတွင်းမှာတော့ တွဲရေးဘက်ကပဲ နိုင်လိမ့်မယ် လို့ တစ်စိတ်တည်း ယုံကြည်ထားကြပါတယ်။ ဆန္ဒခံယူပွဲရဲ့ ပထမဆုံးရလဒ်တွေ မကြေညာခင် မိနစ်ပိုင်းအတွင်း မှာ နိုင်ငံရေးအလောင်းအစားဒိုင်တွေက တွဲရေးဘက်ကနိုင်ဖို့ ၉၃ ရာခိုင်နှုန်းရှိတယ်လို့ ဟောကိန်းထုတ်ပါတယ်။ ယူကေအိုင်ပီ ခေါင်းဆောင် နိုက်ဂျယ် ဖာရာ့ဂျ်ကိုယ်တိုင်တောင် တစ်ညလုံး မဲရေတွက်နေစဉ်အတွင်း အရှုံးကို လက်ခံတဲ့ မိန့်ခွန်းပြောခဲ့ပြီး ခွဲရေးဘက်က ရှုံးရတာဟာ လူငယ်တွေ မဲထွက်ပေးမှု မြင့်တက်သွားလို့ဖြစ်တယ် လို့တောင် အပြစ်ရှာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဇွန်လ ၂၄ ရက်နေ့ မနက်စောစောပိုင်းမှာတော့ မှတ်မိသိရှိသမျှ ဗြိတိသျှ နိုင်ငံရေး သမိုင်းတစ်လျှောက် အံ့ဩမှင်တက်စရာအကောင်းဆုံး အဖြေထွက်သွားတော့တာပါပဲ။

ထင်မြင်ချက်စစ်တမ်းကောက်သူတွေ လွတ်သွားတဲ့အချက်

မဲဆွယ်ကာလ ပြီးခါနီးတဲ့အချိန်မှာ စစ်တမ်းကောက်တဲ့ အဖွဲ့ခုနစ်ဖွဲ့က သူတို့ရဲ့ နောက်ဆုံး ထင်မြင်ချက်စစ်တမ်း အဖြေတွေ ထုတ်ပြန်ပါတယ်။ ခြောက်ဖွဲ့က တွဲရေးဘက်က သာနေတယ်လို့ ဆို (တစ်ခုဆိုရင် တွဲရေးဘက်က ၁၀ မှတ်တောင် ဖြတ်ထားနိုင်တယ်လို့ ဆို) ပြီး ကျန်တဲ့တစ်ဖွဲ့ကလည်း ခွဲရေးဘက်က နိုင်မယ့်အနိုင်ပမာဏကို လျှော့တွက်ခဲ့ပါတယ်။ တကယ်တမ်းမှာ ခွဲရေးဘက်က ၅၁.၉ ရာခိုင်နှုန်းနဲ့ နိုင်တယ်ဆိုတာဟာ နောက်ဆုံး ထုတ်ခဲ့သမျှ စစ်တမ်းတွေ ခန့်မှန်းသမျှရလဒ်အားလုံးထက် ကြီးမားတဲ့ ကိန်းဂဏန်းပါပဲ။ အင်္ဂလန်ပြည်နယ်ကို သီးသန့်ကြည့်ရင် ခွဲရေးဘက်ကအနိုင်ဟာ ၅၃.၄ ရာခိုင်နှုန်း အထိ ရှိတဲ့အတွက် တစ်နိုင်ငံလုံး ပျမ်းမျှထက်တောင် ပိုကြီးနေတာ မြင်ရမှာပါ။ စက်မှုခေတ်လွန် လေဘာပါတီ အမာခံနယ်မြေတွေမှသည် ကြွယ်ဝကြတဲ့ ကွန်ဆာ ဗေးတစ် ရပ်ကွက်တွေအထိ အင်္ဂလန်ရဲ့ လှည်းနေလှေအောင်းမြင်စောင်းမကျန်သော ဒေသတွေဟာ မဲပေးသူ ဦးရေ မြင့်မားစွာနဲ့ ခွဲရေးဘက်က အနိုင်ကြီးနိုင်ခဲ့ကြတယ်လို့ ဒေသအလိုက် အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲထွက်ပေးသူ အရေအတွက်ဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ယူကေရဲ့ မဲပေးမှုမှာ အမြင့်ဆုံးနှုန်း ဖြစ်ပါတယ်။

ပင်စင်စားအများအပြားရှိပြီး ယူကေအိုင်ပီကို မဲပေးခဲ့တဲ့ အစဉ်အလာရှိတဲ့ ဒေသတွေ (ဥပမာ အရှေ့ဒေါဆက်၊ ချီလ်တန်၊ အရှေ့ဟမ့်ရှိုင်းယား၊ ဝီလ်ဒင်) မှာဆိုရင် မဲပေးသူဦးရေ မြင့်မားပြီး “ခွဲရေး”ဘက်ကလည်း အတော်ကို များခဲ့ပါတယ်။ မဲဆန္ဒနယ် ၁၄ ခုမှာဆိုရင် ခွဲရေးဘက်က မဲဟာ ၇၀ ရာခိုင်နှုန်းကိုတောင် ကျော်သွားခဲ့ပြီး အဲဒီ ဒေသတွေအများအပြားကတော့ အရင်တုန်းက ယူကေအိုင်ပီက အသေအချာ ပြင်ဆင်စည်းရုံးခဲ့တဲ့ ဒေသတွေပါ။ “နောက်ကျကျန်” တဲ့ သူတွေ အများအပြား စုဝေးနေထိုင်တဲ့ အင်္ဂလန်အရှေ့ပိုင်းက ဒေသတွေ (ဥပမာ- ဘော်စတွန်၊ တောင်ဟော်လန်၊ ကာဆယ်ပွိုင့်၊ သားရော့၊ ဂရိတ်ယားမောက်) မှာ အဲဒီလို အပြတ်အသတ် ဦးဆောင်မှုတွေ တွေ့ခဲ့ရပါတယ်။ ဒါ့ပြင် လေဘာ လွှမ်းမိုးတဲ့ နေရာတွေရဲ့ ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းမှာလည်း ခွဲရေးဘက်က ထောက်ခံမှုတွေ ရှိခဲ့ပြီး၊ ပိုပြီးဆင်းရဲတဲ့ မြောက်ပိုင်း စက်မှုလွန်ဒေသတွေဖြစ်တဲ့ ဟာတဲလ်ပူးလ်တို့၊ မစ်ဒယ်ဘရော့တို့၊ ဘလက်ပူးတို့၊ ဒွန်ကက်စတာတို့တွေမှာ အထူး ထောက်ခံမှု ရခဲ့တာဖြစ်ပါတယ်။

တခြား တစ်ဖက်ကိုကြည့်ရင်တော့ လန်ဒန်၊ မြောက်ပိုင်းအိုင်ယာလန်၊ စကော့တလန်နဲ့ တက္ကသိုလ်တွေအခြေစိုက် တဲ့ မြို့တွေဘက်မှာ တွဲရေးဘက်က ပန်းပန်ခဲ့ပါတယ်။ အီးယူမှာ ဆက်နေရေး မဲအားအကောင်းဆုံး ဆိုတဲ့ မဲဆန္ဒနယ် ငါးဆယ်ထဲမှာ လန်ဒန် သို့မဟုတ် စကော့တလန်ရဲ့ အပြင်ဘက်မှာ ရှိတာက ဆယ့်တစ်နယ်ပဲ ရှိပြီး သူတို့ အများစုကလည်း တက္ကသိုလ်တွေ အများအပြားရှိတဲ့ ဒေသတွေပါ။ တွေ့ရိုးတွေ့စဉ် မဟုတ်တဲ့ အကြောင်း အရာအပေါ်မှာ ကွဲပြားနေတဲ့ ယူကေလို နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာမင်းသားကြီးတွေ စုစည်းနေတဲ့ လန်ဒန်ဟာ သူအုပ်ချုပ်ပြီး သူ့အရိပ်လွှမ်းမိုးတာကို ခံရတဲ့ တခြားနယ်ဒေသတွေနဲ့ နက်နက် ရှိုင်းရှိုင်း ကွဲလွဲနေတော့တာပါပဲ။ အင်္ဂလန်ရဲ့ ဒေသအများစုက အီးယူကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြချိန်မှာ လန်ဒန်ကတော့ အီးယူကို လှိုက်လှိုက်လှဲလှဲနဲ့ ပွေ့ဖက်ပြခဲ့ပါတယ်။ တစ်နိုင်ငံလုံး ဖြန့်ကြည့်ရင်လည်း အလားတူ ပုံစံမျိုးကိုပဲ မြင်ရပါလိမ့်မယ်။ မတူမျိုးကွဲတွေနေထိုင်ကြတဲ့ မြို့ပြဒေသတွေ၊ တက္ကသိုလ်တွေ အခြေစိုက်တဲ့ မြို့တွေ တွဲရေး အများစု အဖြေထွက်ပေမယ့် ဒေသအလိုက် အင်္ဂလိပ်မဲဆန္ဒနယ်တွေဟာ ခွဲရေးကို တစ်အုံတစ်မ ထောက်ခံခဲ့ကြတဲ့အတွက် ရေဆန်ကိုလှော်ခဲ့ကြရပါတယ်။

ဘရက်ဇစ်ထောက်ခံမှုကို ကြည့်ရင် လူတန်းစား၊ ပညာရေး၊ လူမျိုးရေး မျက်နှာစာတွေကို အားကောင်းကောင်း ပြသသွားတာကို မြင်ရပါလိမ့်မယ်။ ခွဲရေးအတွက် အများဆုံးထောက်ခံတဲ့နေရာတွေကို ကြည့်ရင် မတူကွဲပြားမှု အနည်းဆုံး ဒေသန္တရ မဲဆန္ဒနယ်တွေ၊ ဒါမှမဟုတ် အလုပ်သမားလူတန်းစားတွေ ကြီးကြီးမားမား စုဝေးနေတဲ့ နေရာတွေနဲ့ ပညာရေးနောက်ခံ နိမ့်ပါးတဲ့မဲဆန္ဒရှင်တွေ နေတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာမှာ ရွှေ့ပြောင်း အခြေချသူတွေနဲ့ ဒေသခံပြည်သူတွေနဲ့ကြားက ဆက်ဆံရေးအတွေ့အကြုံတွေကလည်း စကားပြောပြန်ပါတယ်။ အီးယူဒေသတူနိုင်ငံတွေဆီကနေ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း လူဝင်ရောက်လာမှုကြောင့် လူဦးရေပုံသဏ္ဌာန် သိသိ သာသာ ပြောင်းလဲတာနဲ့ ကြုံခဲ့တဲ့ နယ်မြေတွေဟာ ခွဲရေးမဲပေးတဲ့ဘက်မှာ ပိုများပါတယ်။ တစ်ဦးချင်းအနေနဲ့ ကြည့်ရင် (အသက်ဆယ့်ခြောက်နှစ်မှာ ကျောင်းပညာရေးရပ်တန့်လိုက်ကြသူတွေကို ပေးတဲ့) GCSE အဆင့် ပညာရည်အဆင့်သာ ရှိသူတွေကြားမှာတော့ ခွဲရေးကို ထောက်ခံတာဟာ တက္ကသိုလ်ဘွဲ့ရတွေကြားမှာ ခွဲရေး ကိုထောက်ခံတာထက် ရမှတ် ၃၀ ပိုမြင့်မားတာကို တွေ့ရပါတယ်။ ဒါ့ပြင် နိုင်ငံခြားသားတွေဝင်ရောက်လာမှု ကြောင့် ဖြစ်လာမယ့် ဂယက်တွေအပေါ်မှာ စိတ်ပူတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ဗြိတိသျှလို့မပြောဘဲ အင်္ဂလိပ်လို့ ပြောတဲ့သူတွေ၊ ရှေးထုံးစဉ်လာလူ့တန်ဖိုးတွေကိုသဘောကျပြီး မလိုက်နာသူတွေကိုဖိနှိပ်ကွပ်ညပ်လိုစိတ်ရှိတဲ့ သူတွေဆီမှာလည်း ခွဲရေးဟာ ပိုပြီးတော့တောင် အားကောင်းပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက ယူကေအိုင်ပီကို ထောက်ခံသူတွေနဲ့ အခု ဘရက်ဇစ်ကိုထောက်ခံတာတွေနဲ့ဟာ အတော်များများ နေရာချင်း၊ လူချင်း ထပ်နေတာတွေ့ရပြီး နောက်ကွယ်ကတွန်းအားတွေ တူတယ်လို့ ယူလို့ရပါတယ်။ ခုနကလိုမျိုး ခြုံလွှမ်း ကြည့်တဲ့အဆင့်မှာ ရှိတဲ့ အားကောင်းတဲ့ဆက်ဆံရေးအပြင် ခွဲရေး မဲပေးခဲ့တဲ့ တစ်ဦးချင်းစီကို လေ့လာချက်အရ ၆၇ ရာခိုင်နှုန်းဟာ ၂၀၁၆ ခုနှစ် ဆန္ဒခံယူပွဲ မတိုင်ခင်ကာလမှာ ယူကေအိုင်ပီကို မဲပေးဖို့စိတ်ဝင်စားကြောင်း တစ်ကြိမ်မဟုတ်တစ်ကြိမ်မှာ ပြသခဲ့ပါတယ်။

နိုင်ငံရေးပြောင်းပြန်ရလဒ်

ရလဒ်ထွက်လာတော့ ချက်ချင်းဗြောင်းဆန်ကုန်ကြတာပါပဲ။ ဗြိတိန်ရဲ့ ငွေကြေးနဲ့ အစိုးရငွေတိုက်စာချုပ်တွေ အားလုံး ဇောက်ထိုးပြုတ်ကျကုန်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးမတည်ငြိမ်မှုဟာလည်း ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ နိုင်ငံရေးကမောက်ကမဖြစ်စဉ်တွေကြောင့် ပိုပြီးတော့ အကြီးကြီးဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ အလောင်းအစားကြီး ရှုံးနိမ့်ခဲ့တဲ့နောက် နာရီပိုင်းအတွင်း ဒေးဗစ် ကင်မရွန်ဟာ သူနုတ်ထွက်တယ်လို့ကြေညာလိုက်ပြီး ဘရက်ဇစ် ကိစ္စကို သူ့နောက်ဆက်ခံမယ့်သူ လက်ထဲ လွှဲအပ်ခဲ့ပါတယ်။ မဲရလဒ်အဖြေထွက်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ လေဘာ ပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ဘင်ကို စိတ်ပျက်ကြတဲ့ လေဘာအမတ်တွေဟာ နုတ်ထွက်ကြသူတွေ၊ အယုံအကြည်မရှိကြောင်း ပြောကြားသူတွေနဲ့ပဲ လေဘာ အတိုက်အခံအတွင်း အတော်လေး အကျပ်ဆိုက်ခဲ့ပါတယ်။ နွေရာသီတစ်လျှောက်လုံး ဒီအကျပ်အတည်း မပြီးပြတ်ခဲ့ပါဘူး။ အဓိကကတော့ တွဲရေးအတွက် ကော်ဘင် တစ်ယောက် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် သူ့ပါတီအမတ်တွေက မကျေနပ်ကြတာပါ။

နောက်တစ်ပတ်အကြာမှာတော့ ကင်မရွန်ကိုဆက်ခံမယ့်သူတွေထဲမှာ အခြေအနေအကောင်းဆုံး နေရာမှာ ရှိနေတဲ့ လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ် ဂျွန်ဆင်ဟာ ခေါင်းဆောင်နေရာအတွက် အပြိုင်အဆိုင် လုပ်နေရာကနေ နုတ်ထွက်လိုက်ပါတယ်။ ဒါဟာ တွဲရေးကမ်ပိန်းအဖွဲ့ထဲက ကွန်ဆာဗေးတစ်မဟာမိတ် မိုက်ကယ် ဂို့ဗ် တစ်ယောက် ခေါင်းဆောင်နေရာအတွက် ဝင်ပြိုင်မယ်လို့ကြေညာပြီး နောက်မှာ နုတ်ထွက်လာတာပါ။ ဂို့ဗ်ကိုယ်တိုင်ကလည်း သူနဲ့ ပါတီတူ အမတ်တွေဆီက ထောက်ခံမှု လုံလောက်အောင် မရတဲ့အတွက် နောက်တစ်ပတ်အကြာမှာ နုတ်ထွက် ပြန်ပါတယ်။ အားလုံး အခြေအနေတွေ ပြန်အေးဆေးသွားတော့မလို ထင်ရတဲ့အချိန်ကျမှ နိုက်ဂျယ် ဖရာ့ဂျ် လည်း ယူကေအိုင်ပီ ခေါင်းဆောင်နေရာကနေ မယုံနိုင်စရာ နုတ်ထွက်လိုက်ပြန်ပါတယ်။ သူ့ပါတီ အတွင်းမှာတော့ ပါတီကို ထိန်းချုပ်ဖို့ရာ အပြိုင်အဆိုင် ကြိုးပမ်းမှုတွေ ဆက်လက် ပေါ်ပေါက်ခဲ့ပါတယ်။ ဘရက်ဇစ် မဲပေးအပြီး ဆယ်ရက်အကြာမှာတော့ အင်္ဂလန်ရဲ့ အကြီးဆုံးပါတီကြီး သုံးခုဟာ တစ်ပြိုင်နက် တည်းလိုလို ခေါင်းဆောင်ပိုင်း အကျပ်အတည်းတွေနဲ့ နပမ်းလုံးနေခဲ့ရပါတယ်။

နွေကုန်ခါနီးမှာတော့ တဖြည်းဖြည်း ပြန်တည်ငြိမ်လာပါတယ်။ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ထီရီဆာ မေကို ဇွန်လလယ်လောက်မှာ ကန့်ကွက်သူမရှိ တင်မြှောက်လိုက်ကြပါတယ်။ မေဟာ တွဲရေးဘက်က ထောက်ခံခဲ့ပေမယ့် မဲဆွယ်ကာလတစ်လျှောက်မှာတော့ မမြင်ရသလောက်ပါပဲ။ မေ ဝန်ကြီးချုပ် ဖြစ်လာတာ ကလည်း သူ့ရဲ့ နောက်ဆုံးလက်ကျန် ပြိုင်ဘက်ဖြစ်တဲ့ ဘရက်ဇစ် အမာခံ ဘက်တော်သားကြီး အန်ဒရေ လက်ဒ်ဆွမ် အမှားတွေ တောက်လျှောက် ကြုံပြီးနောက်မှာပါ။ ပါတီတွင်း အကြိတ်အနယ် အပြိုင်အဆိုင်တွေ ပြီးတဲ့နောက် လေဘာ ခေါင်းဆောင် ဂျယ်ရမီ ကော်ဘင်ဟာ စက်တင်ဘာလမှာ လေဘာခေါင်းဆောင် ပြန်ဖြစ်လာပါတယ်။ ဒီစာကိုရေးနေချိန် ၂၀၁၆ နိုဝင်ဘာအထိတော့ ယူကေအိုင်ပီ ပါတီတွင်း ပြိုင်ဆိုင်မှုတွေ မပြီးသေးပါဘူး။ သူ့ရဲ့ မူလပထမ ရည်မှန်းချက် ပြည့်မြောက်သွားပြီးတဲ့နောက်မှာ ပါတီဟာ ရှေ့ဆက်မယ့် ဦးတည်ချက်အသစ်အတွက် သဘောတူညီမှုရဖို့ ကြိုးပမ်းပါတယ်။  အားလုံး ပြန် နေသားတကျဖြစ်သွားချိန်မှာ ပါတီသုံးခုစလုံးဟာ ဇွန်လ ၂၃ ရက်နေ့ ဖြစ်ရပ်တွေကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတဲ့ နိုင်ငံရေး ပိတ်ကားသစ်ပေါ်မှာ အသားကျဖို့ ရုန်းကန်နေရသလို ခေတ်သစ် ဗြိတိန်သမိုင်းကာလအတွင်း အရှုပ်ထွေးဆုံးနဲ့ အစွန့်စားရဆုံးလို့ ဆိုရမယ့် နိုင်ငံတကာနဲ့ ညှိနှိုင်းရတဲ့အလုပ်ကိစ္စဟာလည်း နှစ်ပေါင်းများစွာအတွင်း ပါတီကြီး တွေရဲ့ လုပ်ငန်းစဉ်ကို ကြီးစိုးထားဦး မှာပါ။

ဆန္ဒခံယူပွဲရလဒ်ကို အကောင်အထည် ဖော်ရာမှာ အစိုးရအနေနဲ့ မည်သည့်ပုံစံမျိုးနဲ့ပဲ ချဉ်းကပ်သည် ဖြစ်စေ ဘရက်ဇစ်အတွက် မဲပေးခဲ့ကြတဲ့ ဖြစ်စဉ်ကြောင့် တက္ကသိုလ်ဘွဲ့ရ မြို့ကြီးသားတွေနဲ့ ပညာရည်နိမ့်ပါးသူ အမျိုးသားရေး သမားတွေကို ညှိမရအောင် ခွဲခြားနေတဲ့ တန်ဖိုးစံအပိုင်း၊ အမြင်အပိုင်း၊ နိုင်ငံရေး ဦးစားပေး အပိုင်းတွေမှာ အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန်ကို ရန်-ငါအသွင်ဆောင်လာပါတော့တယ်။ ရှေ့လာမယ့် ဗြိတိန်နဲ့ အီးယူအကြား ဆက်ဆွေးနွေးရမယ့် ကိစ္စတွေဟာလည်း လစ်ဘရယ် လူငယ်တွေနဲ့ ရှေးရိုးစွဲ ပင်စင်စားတွေကြားက အကွဲ၊ မတူကွဲပြားမှုကိုလက်ခံပြီး အမြင်ကျယ်တဲ့ မြို့ကြီးပြကြီးတွေနဲ့ အမြင်ကျဉ်းတဲ့ မြို့သိမ်မြို့ငယ်တွေ၊ ကျရိပ်ပြနေတဲ့ စက်မှုလုပ်ငန်းအမာခံနယ်တွေကြားက အကွဲကို ပိုလို့တောင် ပီပြင်အောင် ပုံဖော်ဦးမှာပါ။ ၂၀၁၆ ဆန္ဒခံယူပွဲဟာ အဲဒီ နှစ်ဖွဲ့ကြားက အကွဲကို ပြက်ပြက်ထင်ထင် ပြသလိုက်သလို မျိုးဆက်တစ်ဆက်လောက်ကြာအောင် နိုင်ငံရေးကို အဓိက ဆုံးဖြတ်မယ့်အကြောင်းအရာရဲ့ နှစ်ဖက်ကမ်းပေါ် အဲဒီ နှစ်ဖွဲ့ကို တင်ပေးလိုက်ပါတယ်။ အစဉ်အလာပါတီကြီး နှစ်ခုစလုံးဟာ ခုတော့ ခွဲရေးနဲ့ တွဲရေးသမားတွေကြား က အချင်းချင်းပဋိပက္ခနဲ့ရော၊ ဘုံဈေးကွက်ရရှိရေးကို ယခုဦးစာပေးလိုသူတွေက တစ်ဖက်၊ လွတ်လပ်စွာ စီးဆင်းမှုနဲ့ ရွှေ့ပြောင်းသွားလာမှုကို ပိုပြီးတင်းကျပ်ချင်သူတွေကတစ်ဖက် နှစ်ဖက် ပဋိပက္ခတွေအကြားမှာရော နပမ်းလုံးရတော့မှာ ဖြစ်ပါတယ်။

ရာထူးလက်ခံပြီး လများအတွင်း ဝန်ကြီးချုပ် ထီရီဆာ မေရဲ့ အနေအထားကို ကြည့်ရင်တော့ အစဉ်အလာဖြစ်တဲ့ ရှေးရိုးထုံးတမ်းများကို ထိန်းသိမ်းထားရေးဝါဒနဲ့ (တွဲရေးသမားများကို ညီညွတ်စေတဲ့) အင်္ဂလိပ်အမျိုးသားရေး ဝါဒတို့ဆီ ကွန်ဆာဗေးတစ် ပါတီကို ပြန်လည် လမ်းကြောင်းတင်ပေးဖို့ ကြိုးပမ်းတယ်လို့ မြင်ရပါတယ်။ မေရဲ့ခရီးအစဟာ တကယ်တော့ တာထွက်ကောင်းပါတယ်။ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ ဆန္ဒခံယူပွဲ နောက်ပိုင်း လူထုသဘောထားစစ်တမ်းတွေမှာ လေဘာပါတီကို ဂဏန်းနှစ်လုံးနဲ့ တောက်လျှောက် ဦးဆောင်ခဲ့ တာပါ။ ဒါပေမဲ့လည်း ဒီဗျူဟာကိုကျင့်သုံးရင် ရေရှည်မှာတော့ ပိုပြီးလစ်ဘရယ်ဖြစ်တဲ့၊ ဆက်တွဲရေး မဲပေးခဲ့တဲ့ ကွန်ဆာဗေးတစ်တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးရနိုင်ခြေ ရှိပါတယ်။ ဂျယ်ရမီ ကော်ဘင်ရဲ့ ဦးဆောင်မှု အောက်မှာ လေဘာပါတီဟာ တွဲရေးသမားတွေရဲ့ လစ်ဘရယ်နှုန်းစံတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံကျင့်သုံးခဲ့ ပေမယ့် အီးယူအတွက်ကတော့ သိပ်စိတ်လက်ပါ မရှိလှပါဘူး။ အနိမ့်ဆုံးအားဖြင့် ပါတီခေါင်းဆောင်နဲ့ သူ့မဟာမိတ်တွေ ဆီကနေ မပြသပါဘူး။ ဗြိတိသျှရွေးကောက်ပွဲလေ့လာချက်က ရတဲ့ အချက်တွေအရ ဆန္ဒခံယူပွဲ အရှုံးက ရတဲ့ ဒဏ်ရာကနေပေါ်ထွက်လာတဲ့ တွဲရေးမျှော်လင့်ချက်ဟာ ပါတီကြီးနှစ်ခုစလုံးရဲ့ ခေါင်းဆောင်တွေဆီကနေ ယုံကြည်ရ လောက်တဲ့ ထောက်ခံမှုမျိုး မရှိပါဘူး။ ဘရက်ဇစ်ရဲ့ ပြဿနာတွေ၊ မသေချာမှုတွေ တစ်စတစ်စ များလာတာနဲ့ အမျှ တွဲရေးအတွက် ပိုထင်ရှားတဲ့ထောက်ခံသံတွေရလာဖို့ တောင်းဆိုမှုတွေ ပိုကြီးထွားလာဖို့ ရှိပြီး အစဉ် အလာ ပါတီကြီးနှစ်ခုစလုံးအနက် ဘယ်သူကမှ အဲဒီထောက်ခံသံမျိုးရလာအောင် မဖြည့်ဆည်းနိုင်ရင် ရှာဖွေကြသူတွေ အနေနဲ့ တခြားတစ်နေရာကနေ ရှာဖွေကြနိုင်ပါတယ်။

ခွဲရေးသမားတွေဟာလည်း ပါတီတွေအတွက် ပြဿနာတွေ ဖန်တီးပေးတာပါပဲ။ သူတို့လိုလားချက်ဖြစ်တဲ့ အီးယူ အလုပ်သမားတွေ ဝင်ရောက်လာမှုအပေါ် ထိန်းချုပ်ရေးကြောင့် ဥရောပနိုင်ငံ အတော်များများရဲ့ ခေါင်းဆောင်တွေဟာ ဗြိတိန်ကို ဥရောပဘုံဈေးကွက်ထဲ ဆက်ပါခွင့်ပေးသင့်မသင့်အပိုင်းမှာ စဉ်းစားစရာ ဖြစ်လာ ပါတယ်။ ဝန်ကြီးချုပ် မေအတွက်လည်း အီးယူနဲ့ နှစ်ဖက်သဘောတူညီမှုရဖို့ ကြိုးစားရာမှာ အခက်တွေ့ပါတယ်။ လန်ဒန်မြို့တော်အတွက် ဥရောပဈေးကွက်တွေနဲ့ ချိတ်ဆက်မှုမှာ တတ်နိုင်သမျှ အမြင့်ဆုံးရအောင်ရော ခွဲရေး သမားတွေ ပြတ်ပြတ်သားသား မြင်လိုတဲ့ ပိုပြီးတစ်ဆစ်ချိုးဆန်တဲ့ လူဝင်မှု ကြီးကြပ်ရေး ထိန်းချုပ်မှုကိုရော သူ့အနေနဲ့ လုပ်ဆောင်ရမှာပါ။ မေအတွက် နောက်ထပ် ခေါင်းခဲရမယ့်အချက်က အချိန်တိုတိုအတွင်း ဘယ် ကုန်သွယ်ရေးသဘောတူစာချုပ်ကိုမှ ပြည့်ပြည့်စုံစုံ ဖြစ်အောင် သဘောတူညီမှု ရယူလို့မရတာပဲ။ ဒါ့ပြင် ဘရက်ဇစ် အတွက် ညှိနှိုင်းရတာဟာ တခြားအရာအများစုထက် ပိုပြီး နက်နဲသိမ်မွေ့လို့ပါပဲ။ စပ်ကူးမတ်ကူးကာလ နားလည်မှုတစ်ခု ယူနိုင်ရင်တော့ ဖိအားတွေ လျော့ကျသွားမှာပါ။ ဒါပေမဲ့ (အနည်းဆုံးတော့ အစပိုင်းမှာတော့) ခွဲရေး သမားတွေ မြင်ချင်တဲ့ လူဝင်မှုထိန်းချုပ်ရေးတွေကို ဆောင်ရွက်နိုင်ဖို့ရာ ဖြစ်နိုင်ခြေ မရှိပါဘူး။ အခြား တစ်ဖက်မှာကျတော့ အစိုးရအနေနဲ့ ဥရောပဈေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ထက် လူဝင်မှုထိန်းချုပ်ဖို့ အပိုင်းကို ပိုပြီး မြန်မြန်ဆန်ဆန် ဦးစားပေးလိုက်မယ် ဆိုရင် တိုင်းပြည် စီးပွားရေးအပေါ်မှာ ကြိုတင်မှန်းဆလို့မရတဲ့ အကျိုး သက်ရောက်မှု အကြီးကြီးတွေ ကျရောက်လာနိုင်ပါတယ်။ ခုချိန်မှာတော့ ဘယ်လိုပဲ အပေးအယူတွေလုပ်သည် ဖြစ်စေ၊ ဘယ်အကြောင်းအရာအပေါ်မှာ အပေးအယူလုပ်သည်ဖြစ်စေ ကြီးမားတဲ့ တန်ပြန်ဂယက်ကတော့ ထဖို့ အခြေအနေရှိပါတယ်။ ခွဲရေးသမား အများအပြားဟာ လက်ရှိ နိုင်ငံရေး စနစ်အပေါ် ယုံကြည်မှု အတော်ကို နည်းနေပါတယ်။ ဒါပေမဲ့လည်း ဘရက်ဇစ်ဟာ တချို့တချို့သော မူဝါဒပန်းတိုင်တွေကို ပြည့်မြောက်စေရုံသာမက သူတို့ ဆန့်ကျင်နေတဲ့ လူမှုစီးပွား အပြောင်းအလဲ ခိုင်မာလာမှုကိုလည်း ပြောင်းပြန်လှန်ပစ် နိုင်တယ်လို့ သူတို့က မျှော်လင့်ချက် မြင့်မားနေကြတာပါ။ အဲဒီလို မျှော်လင့်ချက်တွေအတိုင်း ဖြစ်လာဖို့ဆိုတာတော့ မဖြစ်နိုင် သလောက် ရှိပါတယ်။ တန်ပြန် အကျိုးသက်ရောက်မှုတွေ ကတော့ မလွဲမသွေ ဖြစ်လာတော့မယ့် အပြင် ရာဒီကယ် လက်ယာသမား ပေါ်ပြူလစ်တွေအတွက်လည်း အခွင့်အရေးသစ် တစ်ခု ရလာမှာ ဖြစ်ပါတ်။ မလွဲမသွေ ပေါ်လာမယ့် ဘရက်ဇစ်နောက်ဆက်တွဲ မကျေနပ်ချက်တွေ၊ ကမောက်ကမတွေ ကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးဟာ လက်ရှိ အစိုးရရဲ့ အကြီးဆုံး စိန်ခေါ်မှုဖြစ်သလို ပြည်သူတွေအကြား လှုပ်လှုပ်ရွရွဖြစ်အောင် မီးထိုးပေးရေးကတော့ ဘရက်ဇစ်အလွန် အသစ်တစ်ဖန် စတင်ရေးအတွက် ယူကေအိုင်ပီရဲ့ အကောင်းဆုံး အခွင့်အလမ်း ပါပဲ။

မနက်ဖြန်ရဲ့ ရွေးကောက်ပွဲ စိန်ခေါ်ချက်

ဘရက်ဇစ်မှာ အခြေခံ ဖြစ်လာတဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ ရုတ်ခြည်း ဆန်ပေမယ့်လည်း ဥရောပကိုမယုံကြည်သူတွေနဲ့ ခွဲရေးသမားတွေကို ပေးခဲ့တဲ့ မကျေနပ်ချက် လောင်စာတွေကတော့ စုလာခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ လူမှုအလွှာကိုယ်ထည် တည်ဆောက်ပုံ ဖြည်းဖြည်းမှန်မှန် ပြောင်းလဲလာတာရယ်၊ အလုပ်သမားလူတန်းစားဆီကနေ လူလတ်တန်းစားဆီကို နိုင်ငံရေးပါတီတွေရဲ့ အာရုံ စူးစိုက်မှု ရွေ့သွားတာရယ်ကြောင့် ရွေးကောက်ပွဲ မဲဈေးကွက်မှာ အဆက်အဟကြီးတစ်ခုဟာ ထင်ထင်ရှားရှားကို ကြီးထွားလာခဲ့ပါတယ်။ ဘရက်ဇစ်ဘက်တော်သားတွေ အောင်မြင်မှုကို ပြန်ကြည့်ရင် ဗြိတိသျှလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးလောကမှာ ဆယ်စုနှစ်နဲ့ချီ ပေါ်ပေါက်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် ၂၀၁၆ ခုနှစ် ဆန္ဒခံယူပွဲ ကာလ အရောက်မှာ ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းအပြင်ကို ရောက်ရောက်လာတယ်လို့ ခံစားနေရတဲ့၊ နိုင်ငံအတွင်း တဖြည်းဖြည်း လွှမ်းမိုးလာနေတဲ့ လစ်ဘရယ်တန်ဖိုးတွေ၊ အမြင်တွေကို ဆန့်ကျင်နေကြတဲ့ သက်ကြီးပိုင်း လူဖြူ အမျိုးသားရေးသမား ရှေးရိုးစွဲဆန်သူတွေ များသထက် များလာတာပါပဲ။

ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ထိန်းချုပ်စေချင်နေတဲ့ ပြည်သူ့ဆန္ဒတွေကို အစဉ်အလာပါတီကြီးနှစ်ခုက ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် အမျိုးသားရေးလက္ခဏာနဲ့ အမျိုးသားရေးဝါဒ၊ လူမှုတန်ဖိုးစံတွေနဲ့ လူမှုအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး တအားကို တင်းမာတဲ့ ထိပ်တိုက်ပဋိပက္ခကြီးတွေကို အုတ်အော် သောင်းနင်း ပေါ်ပေါက်စေခဲ့ပြီး ဗြိတိသျှနိုင်ငံရေးလောကရဲ့အလယ်ကို ဒီသဘောထားကွဲလွဲမှုတွေကို ယူဆောင် လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၀ ပြည့်နှစ်က စလို့ အဲဒီ ပဋိပက္ခတွေကို ဦးဆောင်ခဲ့တာက ယူကေအိုင်ပီလို့ ခေါ်တဲ့ ယူကေနိုင်ငံ လွတ်မြောက်ရေးပါတီပဲ ဖြစ်ပါတယ်။ သူတို့ဟာ လူထုကြားမှာ ရှိနေတဲ့ အဲဒီ မကျေနပ်ချက်၊ စိုးရိမ်ပူပန်မှုတွေကို ဗြိတိန်ရဲ့ အီးယူအဖွဲ့ဝင်ဖြစ်ခြင်းနဲ့ တောက်လျှောက်ကို ဆွဲဆက်ပြီး မဲဆွယ်စည်းရုံး ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါတွေရဲ့ နောက်ဆုံး အခြေအနေကတော့ တစ်ချိန်တုန်းက နိုင်ငံရေးမှာ ပါတီကြီးတွေ၊ နိုင်ငံရေး သမားတွေဟာ စီးပွားရေးကိုင်တွယ်ထိန်းကျောင်းမှု၊ ပြည်သူကိုပေးတဲ့ ဝန်ဆောင်မှုတွေအပေါ် စီမံခန့်ခွဲမှု ကိစ္စတွေကိုသာ အဓိကထား လုပ်ဆောင်ခဲ့ကြပြီး ရင်းမြစ်ပြန်လည်ခွဲဝေမှု၊ နိုင်ငံတော်နဲ့ ဈေးကွက်တို့ရဲ့ ပါဝင်သင့်တဲ့ အခန်းကဏ္ဍတို့အပေါ်မှာသာ ပါတီကြီးနှစ်ခု သီးခြား ရပ်တည်လာခဲ့တဲ့ အစဉ်အလာ နိုင်ငံရေး စနစ်ကို နက်နက်ရှိုင်းရှိုင်း ရပ်တန့်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၁၆ ဆန္ဒခံယူပွဲနဲ့ ဘရက်ဇစ်ကို ရွေးချယ်ခဲ့ကြ တာဟာ စီးပွားရေးထက် ယဉ်ကျေးမှုပိုဆန်တဲ့ နိုင်ငံရေးကွဲလွဲမှုပုံစံအသစ်ကို လှစ်ဟပြလိုက်သလို ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း ကွဲလွဲစေခဲ့တာ ဖြစ်ပါတယ်။

အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတွေကိုကြည့်ရင် အမျိုးသားရေးအစွဲကြီးသူတွေနဲ့ လူမျိုးဘာသာအစွဲမရှိသူတွေ၊ လစ်ဘရယ်နဲ့ ရှေးရိုးစွဲသမားတွေ၊ အစဉ်အလာယဉ်ကျေးမှုစံသမားနဲ့ ဗဟုယဉ်ကျေးမှုကို ပွေ့ဖက်ကြသူတွေ ကြားက အကွဲဟာ အရင်ကရှိခဲ့တဲ့ အကွဲအဆက်ဟောင်းကို ဖြတ်တောက်ပစ်လိုက်ပြီး ရှိပြီးသား ပါတီကြီးတွေကိုလည်း ခက်ခဲတဲ့ စိန်ခေါ်မှုသစ်တွေနဲ့ တွေ့ဆုံစေလိုက်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ အီးယူနဲ့ လက်ခံနိုင်စရာ ခွဲရေးကာလအပေးအယူတွေ လုပ်နိုင်ဖို့ရာ အစိုးရသစ်အတွက် အဓိကမူဝါဒရေးရာ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဗြိတိန်ရဲ့ နိုင်ငံရေးပါတီတွေ အားလုံးအတွက်ကတော့ ဘရက်ဇစ်ကနေ လှစ်ဟ ပြလိုက်တဲ့ သဘောထားကွဲလွဲမှုတွေကို ပိုပြီးထိထိရောက်ရောက် အသံထွက်ပေးဖို့၊ တုံ့ပြန်ဆောင်ရွက်ဖို့ဟာ မနက်ဖြန်ရဲ့ ရွေးကောက်ပွဲတွေအတွက် စဉ်းစားထားရမယ့် အဓိက စိန်ခေါ်မှုသာ ဖြစ်ပါတယ်။

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...