Skip to main content

ရာဘင်ဒြာနတ် တဂိုး ၏ ကျွန်တော်မသိခဲ့သောသတို့သမီး

ကျွန်တော် အခု အသက် နှစ်ဆယ့်ခုနစ်နှစ်ရှိပါပြီ။ အခုအထိတော့ ကျွန်တော့် ဘဝသည် အောင်မြင်မှုဟူ၍လည်း မည်မည်ရရမရှိသော၊ အသက် အားဖြင့်လည်း ကြီးသောဂုဏ်ဟူ၍ မရှိသေးသော ထူးမခြားနား သာမန်ဘဝမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော့် အဖို့မူ ဘဝ၌ ဆုပ်ကိုင်ထားရမည့် တန်ဖိုးလေးတစ်ခုကို ရှာဖွေတွေ့ရှိထား ပါသည်။ ၎င်းသည် အသီးအဖြစ်သို့ ရင့်မှည့် လာနေသော ပန်းပွင့်လေးတစ်ပွင့်နှင့်တူပါသည်။ ထိုသို့ ဖြစ်လာခဲ့ရ ခြင်း၌ အကြောင်းရင်းရှိသည်။ ပျားပိတုန်း တစ်ကောင်နှင့် မတော်တဆ နမ်းခွင့်ရခဲ့သည့်
ထိုအဖြစ်အပျက်ကို တစ်လျှောက်လုံး မမေ့မပျောက် ရလေအောင် မှတ်ဉာဏ်အတွင်း သိုမှီးပိုက်ထွေး နေသော ပန်းလေးတစ်ပွင့်လိုပင် ဖြစ်ပါသည်။ ထိုအဖြစ်အပျက်သည် တိုတောင်းခဲ့သဖြင့် ကျွန်တော်ကလည်း ယခု တိုတိုတုတ်တုတ်ပင် ပြန်ပြောပြ ချင်ပါသည်။ စကားလုံးကျစ်လျစ်ခြင်းကို ထွေထွေထူးထူး ပြောစရာမရှိခြင်းနှင့် မရောထွေးတတ်သူများ အနေဖြင့် လက်ခံအသိအမှတ်ပြုပေး နိုင်စေဖို့ဖြစ်ပါသည်။

တစ်ချိန်တုန်းက ကျွန်တော့်ဖခင်သည် ဆင်းရဲခဲ့ဖူးသည်။ နောက်ပိုင်းတွင် ရှေ့နေတစ်ဦးအဖြစ် သူသည် ငွေစ ကြေးစ အတော်ကြီးရွှင်လာခဲ့သည်။ သို့သော်လည်း အဖေသည် သူရှာထားခဲ့သမျှစည်းစိမ်တို့ကို ပြန်လည်ခံစားပြီး အေးအေးဆေးဆေး နေခွင့်မရခဲ့ပါ။ အဖေသည် သူ့နောက်ဆုံးထွက်သက် ထွက်သည့်အခါမှသာ ငြိမ်းချမ်းခွင့်ရသွားခဲ့သည်။ ကျွန်တော့်ကို တကယ်တမ်း လူလားမြောက်အောင် မွေးမြူခဲ့သည်မှာ အမေသာဖြစ်သည်။ ကိုယ်တိုင်က ချို့တဲ့သည့် မိသားစုမှပေါက်ပွားခဲ့သည့် အမေသည် ကျွန်တော့်ကိုတော့ ကျွန်တော်တို့ယခုချမ်းသာနေပြီဖြစ်ကြောင်း မမေ့ရလေအောင် အမြဲဂရုစိုက်ခဲ့သည်။ ကလေးဘဝတုန်းက ကျွန်တော်သည် အတော်ကို ပိုးမွေးသလို မွေးမြူခဲ့ခြင်းကို ခံရခဲ့သူဖြစ်သည်။ သိပ်ကိုခြေမွေး မီးမလောင် လက်မွေးမီးမလောင် နေခဲ့ရသဖြင့် ကျွန်တော်သည် ဘယ်တော့မှ လူကြီး ဖြစ်မလာမည့် သဖွယ်ဖြစ်ပါသည်။ ယနေ့ထက်တိုင်အောင်ပင် ကျွန်တော်သည် မယ်တော်နတ်သမီး အန္နပူရန၏ ပေါင်ပေါ်တွင်ထိုင်နေသော ဂနေ့ရှ်၏ညီငယ်နှင့် တူနေပါသေးသည်။

ကျွန်တော်၏အုပ်ထိန်းသူမှာ ကျွန်တော့်ထက် ခြောက်နှစ်ပင် မကြီးတတ်သော အမေ၏မောင်၊ ကျွန်တော့်ဦးလေးဖြစ်သည်။ ဦးလေးသည် ကျွန်တော်တို့မိသားစု၏ ရှိရှိသမျှအရေးကိစ္စမှန်သမျှကို ပခုံးပေါ်တွင်ထမ်းယူခဲ့ရာ မြေအောက်တွင် စီးဆင်းသည်ဟု ဆိုကြသော ဒဏ္ဍာရီထဲက ဖလ်ဂုမြစ်အလား ဖြစ်ပါသည်။ ရေကြည်တစ်ပေါက်ရဖို့ အတွက်နှင့် သင်သည် သဲပြင်ကိုနက်နက်တူးရလိမ့်မည်ဖြစ်သည်။ ဦးလေးရှိနေသဖြင့် ကျွန်တော်သည် မိသားစု တာဝန်အားလုံးမှ လွတ်ကင်းခွင့်ရခဲ့လေသည်။

လက်ထပ်ထိမ်းမြားရမည့်အရွယ်သို့ရောက်သော သမီးမိန်းကလေးရှိသည့် ဖခင်တိုင်းက ကျွန်တော့်အား အလွန်ကို ရွေးချယ်သင့်ရွေးချယ်ထိုက်သော သမက်လောင်းအဖြစ် မြင်ကြမည်သာဖြစ်သည်။ ကျွန်တော်သည် လူလိမ္မာလေး တစ်ဦးဖြစ်ပြီး ဆေးလိပ်ပင်မသောက်တတ်ပါ။ လိမ်လိမ်မာမာနေရခြင်းသည် လွယ်ကူသည့်အလုပ်ဟု ကျွန်တော်မြင်သည်။ အကြောင်းမှာ အတိုက်အခံပြုခံရမှုအနည်းဆုံးဖြစ်၍ပင်။ ကျွန်တော်သည် ပြောစကား နားထောင် သော သားလိမ္မာလေးဖြစ်သည်။ အကြောင်းက ကျွန်တော့်တွင် ကလန်ကဆန် လုပ်နိုင်သည့် အစွမ်းအစမရှိ၍ဖြစ်ပါသည်။ ကျွန်တော်သည် မိန်းကလေးတစ်ယောက် ဗိုင်းကောင်းကျောက်ဖိ ကြီးသလိုမျိုး လေ့ကျင့်သင်ကြားကြီးပြင်းလာခဲ့သူမှန်း လင်ကောင်းသားကောင်းကို ရှာနေသော မည်သည့်မိန်းမမဆို ကောင်းကောင်းအမှတ်ရကြလိမ့်မည်သာဖြစ်သည်။

လူကုံထံမိသားစုအတော်များများက ကျွန်တော်တို့နှင့် ရွှေလမ်းငွေလမ်းဖောက်ဖို့ ကြိုးစားကြသည်။ သို့သော်လည်း ကျွန်တော်၏ဘဝရှင်မင်းတရားကြီးဖြစ်သော ကျွန်တော့်ဦးလေးတွင် အိမ်ထောင်ရေးနှင့် ပတ်သက်၍ သံမှိုစွဲထား သလိုမျိုး အစွဲသညာများရှိသည်။ ဦးလေးက ပိုက်ဆံချမ်းသာသည့် ဖခင်တို့၏ သမီးများနှင့်မယူစေလို။ ဦးလေး ကြိုက်သည့် ကျွန်တော့်အတွက် မိန်းမမှာ ကျွန်တော်တို့အိမ်ထဲသို့ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးအလား ခေါင်းကိုငုံ့၍ဝင်လာမည့် သတို့သမီးမျိုးပင်ဖြစ်သည်။ သို့သော်လည်း ဦးလေးသည် ပိုက်ဆံကိုမက်မောသည့် စိတ်က ပင်ကိုစိတ်လိုကို စွဲကပ်နေသူဖြစ်သည်။ ဦးလေးရှာပေးချင်သည့် ကျွန်တော့်သတို့သမီးလောင်း၏ ဖခင်သည် ချမ်းသာသူလည်းမဖြစ်ရ၊ သို့သော် ကျွန်တော်တို့တောင်းသည့် တင်တောင်းကြေးကိုလည်း ပေးနိုင်လောက်သူ ဖြစ်ရမည်။ တိုတိုပြောရလျှင် ငွေကိုကြံကြိတ်သလို အရည်ညှစ်ထုတ်၍ ရနိုင်သူမျိုးဖြစ်ရမည်၊ တစ်ဖက်ကလည်း သိပ်လေးစားပြနေစရာ မလိုသူမျိုးလည်းဖြစ်ရမည်။ ဥပမာ ပြောရလျှင် ဧည့်ကောင်းစောင်ကောင်းများကို သီးသန့် ဧည့်ခံသည့် အကောင်းစား တမာဂူအိုး အစား သာမန်လူများ သုံးသည့် တမာဂူအိုးဖြင့် ဧည့်ခံလျှင်လည်း ဘာမှစောဒကမတက်မည့် ဖခင်မျိုး ဖြစ်သည်။

ကန်ပူရ်တွင် အလုပ်လုပ်နေသည့် ကျွန်တော့်သူငယ်ချင်း ဟာရစ်တစ်ယောက် အားလပ်ရက်အတွင်း ကာလကတ္တား ရှိ အိမ်သို့ပြန်လာသည်မှအစပြုပြီး ကျွန်တော့်ရင်ထဲ ဂဏာမငြိမ်ယောက်ယပ်ခတ်ခဲ့ရသည်။ “ဟေး သူငယ်ချင်း မင်းမိန်းမယူဖို့စဉ်းစားနေတယ်ဆိုရင် ငါအရမ်းလှတဲ့တစ်ယောက် တွေ့ထားတာ ရှိတယ်ကွ” ဟု သူက ပြောသည်။

ထိုအချိန်တွင် ကျွန်တော်က မဟာဘွဲ့ရပြီးသားဖြစ်သည်။ ကျွန်တော်ရှေ့ကိုလှမ်းမျှော်ကြည့်မြင်မိသလောက် ဆိုရလျှင် ကျွန်တော့်တွင် ဘာမှဟုတ်တိပတ်တိ လုပ်စရာမရှိသော ကာလရှည်ကြီးတစ်ခုက ရှေ့မှာစောင့်ကြိုနေသည်။ စာမေးပွဲလည်း ဖြေစရာမရှိ၊ အလုပ်ဝင်စရာလည်းမရှိ၊ ရှာစရာလည်းမလို။ ကျွန်တော့်တွင် မိသားစု ရေးရာ ကိစ္စများကို စီမံဆောင်ရွက်ဖို့ရာ အလေ့အကျင့်ရှိခဲ့သူလည်းမဟုတ်၊ စိတ်ပါဝင်စားသူလည်းမဟုတ်၊ သို့မဟုတ် အလုပ်ရယ်အကိုင်ရယ်တစ်ခုခုအတွက်လည်း ပြင်စရာမလို။ ကျွန်တော့်ဘဝတွင် အိမ်တွင်းကိစ္စများအတွက် အမေရှိသည်။ အိမ်ပြင်ပကိစ္စများညှိနှိုင်းဖို့အတွက် ဦးလေးရှိသည်။

စိတ်အေးအပန်းဖြေနားနေခြင်းတည်းဟူသော ထိုသဲကန္တာရ၏မိုးကုတ်စက်ဝိုင်းထက်တွင် တော်လေးဝဝင် အမျိုးသမီး တစ်ပါး၏တံလျှပ်ပုံရိပ်ကသာ အပြည့်အဝနေရာယူထားပါတော့သည်။ ကောင်းကင်သည် သူ့အကြည့် တို့ဖြင့် ပြည့်လျှမ်းနေ၏။ သူ့ထွက်သက်ဝင်သက်တို့က လေထုထဲမှာပျံ့နှံ့နေ၏။ သစ်ရွက်လှုပ်သံ တိုးတိုးတို့က သူ့ လျှို့ဝှက်ချက်တို့ကို ခပ်ဖွဖွရွတ်ဆိုပြသွား၏။ ထိုအချိန်မှာပင် ကွက်တိဆိုသလို ဟာရစ်ကလည်း “မင်း မိန်းမယူဖို့ စဉ်းစားနေတယ်ဆိုရင်…” ဆိုသော အဆွဓာတ်ပါသောစကားနှင့်အတူ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ နွေဦး၏လေရူးအဝှေ့တွင် အသစ်ထွက်လာသော ‘ဘာကူလ်’ သစ်ရွက်များ ကြားမှ ကျလာသော နေပြောက်တို့အလား ကျွန်တော့် ရုပ်နှင့် နာမ်ခန္ဓာတို့သည် အလင်းဓာတ်နှင့် အရိပ်အာဝါသတို့ ယှက်ဖြာထားသော ကုန္တာန်ထိုးထည်တစ်ခုကိုသာ ကတုန်ကယင်နှင့် စတင်ရက်လုပ် လာမိပါတော့သည်။ ဟာရစ်သည် အနုရသမြောက်အောင် အသေးစိတ်ခြယ်မှုန်း ပြနိုင်သူဖြစ်ရာ ကောင်မလေး၏ပုံစံကိုပြောပြရာတွင် သက်ဝင်လှုပ်ရှား ဇာတ်ကောင်တစ်ဦးပမာ ဖြစ်သည် အထိ စကားအလင်္ကာတန်ဆာများဖြင့် ပုံဖော်ကြူးနိုင်ပါသည်။ မည်သို့ဆိုစေ ကျွန်တော်ကတော့ သူ့စကားကြားပြီးမှ အာခေါင်များခြောက်သွေ့၍ ရေကိုမွတ်သိပ်သူတစ်ယောက်လို ဖြစ်လာ ခဲ့ပါသည်။

ကျွန်တော်ကတော့ သည်ကိစ္စကို ဦးလေးကိုသာ စကားသွားစကြည့်ဖို့ ဟာရစ်ကိုပြောလိုက်ပါသည်။ ဟာရစ်တွင် လူတိုင်းနှင့်အဆင်ပြေအောင် ပြောဆိုဆက်ဆံတတ်သော မွေးရာပါအရည်အချင်းတစ်ခုရှိသည်။ ကျွန်တော့် ဦးလေး သည်ပင်လျှင် ဟာရစ်ကို ခေါ်၍စကားပြော အဖော်လုပ်လေ့ရှိသည်။ သို့နှင့် ထိုကိစ္စကို ဦးလေးနားသို့ ပေါက်အောင် ဖောက်နိုင်ခဲ့သည်။ ကျွန်တော့်ဦးလေးကမူ ထိုမိန်းကလေးထက် မိန်းကလေး၏ဖခင်ကိစ္စကို ပိုစိတ်ပူပန်သည်။ မိန်းကလေး၏ဖခင်သည် ကျွန်တော်တို့တောင်းဆိုသည့် တင်တောင်းကြေးကို တူတူတန်တန် ပေးနိုင်မည့် အနေအထားမှာရှိသည်။ မယ်တော်အရှင်မ လက်ချမီးသည် တစ်ခါတော့ သူတို့မိသားစု၏ ဘဏ္ဍာတိုက်ကို နှုတ်ခမ်းပြည့်လုနီးအထိပြည့်အောင် ဖြည့်တင်းစောင်မ ခဲ့သည်။ ယခုအချိန်တွင် ထိုဘဏ္ဍာတိုက်တို့မှာ ခါလီဖြစ်လုနီးပြီဖြစ်သော်လည်း အောက်ခြေတွင် ဖင်ကပ်လေးတော့ကျန်နေပါသေးသည်။ တစ်ခါကရခဲ့ဖူးသည့် ကိန်းကြီးခန်းကြီး ဘဝမျိုးတွင် လက်ရှိဝင်ငွေဖြင့် မနေနိုင်တော့သည့် အဖေလုပ်သူသည် မိဘမျိုးရိုးစဉ်ဆက်နေလာခဲ့သည့် ဒေသကို စွန့်ခွာကာ အနောက်ဘက်ရှိ ကန်ပူရ်သို့ ပြောင်းရွှေ့လာခဲ့သည်။ ကန်ပူရ်တွင် သူသည် ငွေကိုတိုင်းထွာ ချင့်ချိန်သုံးစွဲကာ သူလို ကိုယ်လိုဘဝမှာပင် နေထိုင်သည်။ သမီးလေးတစ်ယောက်သာရှိသော အဖေ တစ်ယောက် အနေဖြင့် ထို သမီးလေး လင်ကောင်သားကောင်းရဖို့အရေး မိသားစုပိုင်ဘဏ္ဍာတိုက်၏ နောက်ဆုံးလက်ကျန် ချိုးကပ်ကလေးများကို မတုံ့မဆိုင်းခွာယူဖို့ကတော့ ရာနှုန်းပြည့်နီးပါးသေချာသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ယခုဆိုခဲ့သမျှတို့မှာ အဆင်ပြေမည်ဟု တွေးကြည့်ချင်စရာ အချက်ကောင်းများပင်ဖြစ်သည်။ သို့သော်လည်း ထို မိန်းကလေးသည် အသက်ဆယ့်ငါးနှစ်ပြည့်ပြီးဖြစ်နေခြင်းကို ကျွန်တော့်ဦးလေးတစ်ယောက် မကျေမနပ်နိုင်ဖြစ် လျက်ရှိသည်။ မိဘမျိုးရိုးတစ်နေရာရာတွင် အပြစ်အနာအဆာ တစ်စုံတစ်ရာများ ရှိနေလေသလား။ မဟုတ်ပါ၊ ထွေလီကာလီတွေမဟုတ်ပါ။ အဖြေက အဖေလုပ်သူသည် သူစိတ်တိုင်းကျသည့် သတို့သားတစ်ယောက်ကို သမီးဖြစ်သူ အတွက် ရှာမတွေ့သေးခြင်းပင်ဖြစ်သည်။ သတို့သားလောင်း ဖြစ်နိုင်သူများကျတော့လည်း တင်တောင်းဖို့က ဈေးကြီးသလို သူကိုယ်တိုင်ကလည်း သမက်လောင်းကို မြင့်မြင့်မားမားမှန်းထားသည်။ သို့နှင့် သူသည် စောင့်လျက်သာ စောင့်နေခဲ့သည်။ သို့သော် သမီးဖြစ်သူဘက်ကကြည့်လျှင်မူ သမီးကညာ အရွယ်ရောက်လာလျှင် အခါလင့်လို့လည်းမဖြစ်။

ဟာရစ်၏ အပြောကောင်းအဆွယ်ကောင်းမှုကြောင့် နောက်ဆုံး ဦးလေးက ခေါင်းညိတ်ကာလက်ခံတော့မည့် ပုံ တွေ့ရပါသည်။ လူကြီးချင်း တွေ့ဆုံစကားကြောင်းလမ်းသည့် အဆင့်ကတော့ လျှောလျှောရှူရှူ ပြီးသွားပါသည်။ ကျွန်တော့်ဦးလေးအတွက်တော့ ကာလကတ္တားအပြင်ဘက်ရှိ မည်သည့်နေရာမဆိုသည် ကပ္ပလီကျွန်းများ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်နိုင်ပါသည်။ သူ့ဘဝတွင် သူအဝေးဆုံးသွားဖူးသည့်ခရီးမှာ အနီးအနားက ကုန္နာဂါရ် သာဖြစ်သည်။ ဒါကလည်း အလုပ်ကိစ္စတစ်ခုဖြင့် မဖြစ်မနေသွားဖို့လိုအပ်၍သာ ရောက်ပေါက်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဦးလေးသာ မနုဓမ္မသတ်ကျမ်းရေးသူ မနုဖြစ်ခဲ့မည်ဆိုပါလျှင် သူ့ဥပဒေစာအုပ်ထဲ ဟိုးရာတံတား (ကာလကတ္တားနှင့် ဟိုးရာမြို့နှစ်မြို့ကို ဆက်ထားသည့် မြစ်ကူးတံတား) ကို ဖြတ်သန်းမသွားရဟု ထည့်ပြဋ္ဌာန်းချင်ပြဋ္ဌာန်းခဲ့နိုင်သည်။ ကျွန်တော့်အဖို့မူ ကန်ပူရ်သို့ တစ်ခါလောက်ဖြစ်ဖြစ် သွား၍ မိန်းကလေးကိုကြည့်ဖူးမြင်ဖူးချင်ကြောင်း ပြောချင်သော်လည်း ပြောဖို့ သတ္တိကို စုစည်း၍ မရခဲ့ပါ။

ကျွန်တော့်တို့ကိုယ်စား ကန်ပူရ်သို့စေလွှတ်ကာ စကားပြောဆိုရန်ခိုင်းလိုက်သူမှာ တခြားမဟုတ်၊ ကျွန်တော့် ဝမ်းကွဲအစ်ကို ဘီနူးဖြစ်သည်။ အစ်ကို ဘီနူး၏လူကဲခတ်ဆုံးဖြတ်နိုင်စွမ်းအပေါ် ကျွန်တော့်လုံးဝယုံကြည်မှု ရှိသည်။ သူပြန်လာတော့ ကျွန်တော့်သတို့သမီးလောင်းအပေါ် သူ့မှတ်ချက်က “မဆိုးပါဘူး ငါ့ညီရဲ့၊ အဖိုးတန် အမျိုးမှန်ကလေးပါ၊ သေချာပါတယ်” ဟူ၍ဖြစ်သည်။

ဘီနူးဒါဒါသည် တစ်ခုခုဆိုလျှင် လျှော့ပြောတတ်သူဟူ၍ နာမည်ကြီးသူဖြစ်သည်။ ကျွန်တော်တို့က ကောင်းလှချည့် ဟုပြောသောအရာသည် သူ့အတွက်တော့ မဆိုးပါဘူးလောက်နှင့်သာပြီးချင်ပြီးတတ်သည်။ ဆိုတော့ ယခု ကျွန်တော့်ကိစ္စတွင် အာဝါဟဝိဝါဟနတ်နှင့် မြားနတ်မောင်တို့သည် သဘောချင်းတူမျှ ကြပြီဟု ဆိုရုံသာ ရှိတော့သည် ဟု ကျွန်တော်သိလိုက်ပါသည်။


(၂)


အားလုံးသိကြသည့်အတိုင်း မင်္ဂလာပွဲအတွက် သတို့သမီးတို့ဘက်က ကာလကတ္တားသို့ လာရောက်ရမည် ဖြစ်သည်။ ကျွန်တော့် ယောက္ခမလောင်း ရှမ်ဘူနတ် ဘာဘူသည် ကျွန်တော့်သူငယ်ချင်း ဟာရစ်ကို အပြည့်အဝ စိတ်ချယုံကြည်စွာ လွှဲအပ်လိုက်ပုံရသည်။ အကြောင်းက သမက်လောင်းကို ကောင်းချီးပေးရန်အတွက် မင်္ဂလာပွဲ မတိုင်မီ သုံးရက်အလို ကျွန်တော်တို့ဆီသူရောက်လာမှသာ သူ့သမက်လောင်း ကျွန်တော့်ကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းကြောင့်ဖြစ်သည်။ သူ့ပုံစံက အသက်လေးဆယ်ရွယ်ပတ်ဝန်းကျင်၊ ဥပဓိရုပ်ကောင်းကောင်း။ သူ့ပါးမုန်းမွေးများက အဖြူရောင်သန်းနေပြီ ဖြစ်သော်လည်း ဆံပင်ကတော့ အနက်ပဲရှိသေးသည်။ ယောက္ခမလောင်းကြီးသည် လူပုံအလယ်တွင် ထင်းကနဲမြင်ရမည့် အသွင်အပြင်ပိုင်ရှင်ပင် ဖြစ်သည်။

သူကျွန်တော့်ကို သဘောတူသည်ဟု မျှော်လင့်ပါသည်။ ပြောရတော့ခက်သည်၊ အကြောင်းမှာ သူသည် စကားနည်း သောသူတစ်ယောက်ဖြစ်၍ပင်။ စကားပြောလျှင်တောင်မှ သူသည် သိပ်အလေးအနက် ပြောလေ့မရှိပါ။ ကျွန်တော့် ဦးလေးကမူ ဖိုးဆိုချင်လက်ထဲ မိုက်ထည့်ပေးလိုက်သလို ကျွန်တော်တို့သည် တစ်မြို့လုံးတွင် အကောင်းဆုံး အချမ်းသာဆုံး မိသားစုတစ်စုဖြစ်သည်ဟု ဆိုလိုရာရောက်မည့် အရာအားလုံးကို ကျွန်တော့်ယောက္ခမလောင်းအား ကရားရေလွှတ် တတွတ်တွတ်ပြောလျက်ရှိသည်။ ရှမ်ဘူနတ် ဘာဘူသည် စကားဝိုင်းထဲ ဝင်မပါပါ။ သဘောတူခြင်း၊ မတူခြင်းကိုပြသည့် အနေဖြင့် တစ်ချက်တစ်ချက် ခေါင်းညိတ်ခေါင်းဆတ်ခြင်း မျိုးပင် ဝင်မလုပ်ပါ။ အရုပ်တစ်ရုပ်လို ဘာမျှမတုံ့ပြန်သည့် သူ့အမူအရာကြောင့် ကျွန်တော်သာဆိုလျှင် စိတ်ပျက်သွား မည်ဖြစ်သည်။ သို့သော် ကျွန်တော့် ဦးလေးကတော့ လွယ်လွယ်နှင့်အားလျော့တတ်သူမဟုတ်ပါ။ ရှမ်ဘူနတ်ဘာဘူ၏ ဆိတ်ဆိတ်နေခြင်းကို ကြည့်၍ ထိုလူ့တွင် ဘာမျှအထင်ကြီးစရာမရှိဟု အထင်ရောက်ခဲ့ပါသည်။ ဦးလေးသည် သမီးရှင် ဖခင်များထံ၌ ပျော့ညံ့ခြင်း၊ လွှမ်းမိုးခံလွယ်ခြင်းတို့ရှိခြင်းကို ပိုသဘောကျသည်ဖြစ်ရာ တစ်နည်းအားဖြင့် လည်း ယောက္ခမလောင်းကြီး၏အမူအရာကြောင့် သဘောကျကျေနပ်နေပါသည်။ ရှမ်ဘူနတ်ဘာဘူ ပြန်သည့်အခါ ဦးလေးသည် ခပ်တိုတိုပြတ်ပြတ်သာနှုတ်ဆက်ပြီး အိမ်ပေါက်ဝထိ ဆင်းလိုက်သွား၍ မြင်းလှည်းပေါ် တက်သွားသည် အထိ လိုက်ပို့နှုတ်ဆက်ခြင်းမျိုး မလုပ်ပါ။

တင်တောင်းကြေးအတွက် သမီးရှင်ဘက်က ပေးရမည့်ပမာဏတော့ ကျေလည်သွားပြီဖြစ်သည်။ ဦးလေးကတော့ သူအလွန်ဉာဏ်ပြေးလှခြင်းအပေါ် ဂုဏ်ယူမဆုံးဖြစ်လျက်ရှိသည်။ ငွေခန်းကြေးခန်းနှင့် ပတ်သက်ပြီး ဦးလေးသည် အလွန်ကိုတိကျခဲ့သည်။ ငွေသားဖြင့်ပေးရမည့် တင်တောင်းကြေးပမာဏကို အတိအကျသတ်မှတ်ခဲ့ရုံတင်မက သူတို့ဘက်ကပေးရမည့် ရွှေစင်ရွှေသား၏ အလေးချိန်နှင့် အရည်အသွေးကိုပါ ဤရွေ့ဤမျှဖြစ်ရမည်ဟု ပြဋ္ဌာန်းပေးခဲ့သည်။ ထိုကိစ္စများထဲတွင် ဝင်မပါသည့် ကျွန်တော်ကတော့ အသေးစိတ်မသိရှိခဲ့ပါ။ သို့ရာတွင် ဤမျှ စီးပွားရေးဆန်လှသော အတွက်အချက် များသည် မင်္ဂလာပွဲတစ်ခု၏ အရေးပါသည့် အစိတ်အပိုင်း ဖြစ်ကြောင်းနှင့် ကျွန်တော်တို့ မိသားစုတွင် ထိုကိစ္စအတွက် တာဝန်ရှိသူသည် သူတောင်းထားသည့် ပမာဏ အောက် တစ်ရွေးတစ်ပဲမျှ ပင်လျှင် လျှော့၍ လက်ခံမည် မဟုတ်ကြောင်းကိုတော့ သိရှိထားသည်။ တကယ်တော့ ဦးလေး၏ ဉာဏ်ပြေးမှုသည် ကျွန်တော်တို့ မိသားစုမှာတော့ လက်မထောင်စရာ ကိစ္စတစ်ခုသာ။ ကျွန်တော်တို့ မိသားစုအတွက် မြိုးမြိုးမြက်မြက် ရစေမည့် ဉာဏ်ချင်းပြိုင်ရသည့် ပွဲတိုင်းတွင် ဦးလေးကသာ နိုင်မည်မှန်း အားလုံးက သိပြီးသားဖြစ်သည်။ အထွေအထူး ပြောနေရမည့်ကိစ္စကို မဟုတ်တော့။ ကျွန်တော်တို့အနေဖြင့် ပိုက်ဆံ မလိုအပ်လျှင်ဖြစ်စေ၊ တစ်ဖက်က မပေးနိုင်ခဲ့လျှင်ဖြစ်စေဦးတော့ ကျွန်တော်တို့မိသားစု၏ မာန်မာနတို့ကြောင့် မည်သည့်အနေအထားမှာဖြစ်ဖြစ် အနိုင်ရအောင် ကျွန်တော်တို့ဘက်က လုပ်မည်သာ ဖြစ်သည်။

မင်္ဂလာပွဲအကြိုကျင်းပသည့် နနွင်းသုတ်လိမ်းပွဲကတော့ မကြုံစဖူးခြိမ့်ခြိမ့်သဲပြီးစီးသွားသည်။ ကျွန်တော်တို့ဘက်မှ သတို့သမီးအိမ်သို့ လက်ဆောင်ပဏ္ဏာများ ယူဆောင်သွားကြသည့် လူပေါင်းများစွာကို တာလီ ချိုးမှတ်ထားဖို့ရာ စာရေးတစ်ယောက်ကိုပင် တာဝန်ပေးမည်ဆိုက ပေးနိုင်ပါသည်။ ကျွန်တော်တို့ဘက်မှ လက်ဆောင်ထုပ် ယူသွားသူတွေ များပြားလွန်းသဖြင့် သတို့သမီးဘက်က ထိုသူအားလုံးတို့အား မုန့်ဖိုးပြန်ပေးဖို့ပင် အခက်အခဲဖြစ်နေမည်ဟု တွေးရင်း အမေနှင့်ဦးလေးတို့က ကျိတ်ရယ်နေကြပါသည်။

ကြေးတူရိယာသမားများ၊ ပလွေဆရာများ၊ လေမှုတ်တူရိယာသမားများနှင့် ဝက်ဝက်ကွဲအောင် တီးမှုတ်မည့်သူ အားလုံးတို့ခြံရံပြီးလျှင် မင်္ဂလာအခမ်းအနားကျင်းပမည့်နေရာသို့ ကျွန်တော်ရောက်ရှိ သွားပါသည်။ ကျွန်တော် တို့ရောက်သွားပုံက ဘာနှင့်တူသလဲ ဆိုရလျှင် ဂီတနတ်ဘုရားဖြစ်သော ဆာရဆွာတီ၏ ရတနာကြာကန်ကို ကြောက်မက်ဖွယ် အော်ဟစ်တတ်သော မကောင်းဆိုးဝါး ဆိုသည့် မုန်ယိုဆင်တစ်ကောင် နင်းခြေမွှေနှောက်ဘိသည့် အလား ဖြစ်ပါသည်။ မျက်စိကျိန်းအောင် တောက်ပြောင် နေသည့် ရွှေဝတ်ရုံလွှာထဲတွင် လက်စွပ်များ၊ လည်ဆွဲတန်ဆာများ ဆင်ယင်ထားသည့် ကျွန်တော်သည် လေလံပစ်မည့် ရတနာဆိုင်တစ်ဆိုင်နှင့်ပင် တူသေးတော့သည်။ ကျွန်တော့်ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသည့် ဈေးနှုန်းတံဆိပ် နှင့်အတူ ကျွန်တော့်ယောက္ခမလောင်းကြီးနှင့် ကျွန်တော်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

မင်္ဂလာပွဲကျင်းပမည့် အိမ်ဂေဟာထဲသို့ဝင်ဝင်ချင်းမှာပင် ကျွန်တော့်ဦးလေး ဒေါပွတော့သည်။ အိမ်ရှေ့ကွက်လပ် တလင်းပြင်သည် သတို့သားဘက်မှဧည့်ပရိသတ် သက်သောင့်သက်သာ ဖြစ်ရလောက်အောင် မကျယ်ဝန်းသလို အခမ်းအနားပြင်ဆင်ထားပုံများကလည်း ထည်ဝါသည်ဟုပြောဖို့ အဝေးကြီးလိုနေသည်။ ထို့ထက် ဆိုးသည်က ရှမ်ဘူနတ် ဘာဘူ၏ ကြိုပုံဆိုပုံသည် လှိုက်လှိုက်လှဲလှဲမရှိလှ သို့မဟုတ် ကျွန်တော်တို့အား အရေးတယူ သိပ်မရှိလှပါ။ သူက စကားပင်သိပ်မပြော။ ပြဿနာတက်တော့မည့်ဘေးမှ ဝင်ရောက်ကယ်ဆယ်ခဲ့သူမှာ ယောက္ခမလောင်းကြီး၏ သူငယ်ချင်း ရှေ့နေတစ်ဦးဖြစ်သည်။ သူက ရွှမ်းရွှမ်းဝေအောင် စကားတွေပြောရင်း သူ့သူငယ်ချင်း၏ အေးတိအေးစက် နိုင်မှုကို ဝင်ရောက်ဖာထေးပါသည်။ လူကောင်ထွားထွား၊ အသားမည်းမည်း၊ ထိပ်ပြောင်ပြောင်နှင့် ထိုရှေ့နေသည် သူ့ခါးတွင် ရှောပဝါတစ်ထည်ကို ပတ်ထားပြီး လက်ကိုပိုက်ကာ ဟိုဟို သည်သည် သွားလာလျက်ရှိလေသည်။ သူသည် ခေါင်းကိုညွတ်လျက်၊ မျက်နှာလိုမျက်နှာရ ပြုံးလျက်ရှိပြီး သူ၏ ကွဲအက်အက်ရှတတအသံကြောင့် ကျွန်တော်တို့ပရိသတ်ထဲမှ လူရာမဝင်သူ မောင်းတီးသမားများအပါအဝင် သတို့သားဧည့်သည်အားလုံးတို့မှာ အပျင်းပြေလျက်ရှိသည်။

မင်္ဂလာခန်းမတွင်း ကျွန်တော်ဝင်ထိုင်ပြီး သိပ်မကြာမီမှာပင် ကျွန်တော့်ဦးလေးက ရှမ်ဘူနတ် ဘာဘူကို ခေါ်ထုတ် သွား၏။ သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်နေမှန်းကျွန်တော်မသိပါ။ သို့သော် သိပ်မကြာခင်မှာပင် ရှမ်ဘူနတ် ဘာဘူက ကျွန်တော့်ဆီလာပြီး “သား၊ မင်းဒီဘက် ခဏလောက်လိုက်ခဲ့ပါ”ဟု ပြောသည်။

ထို့နောက်တွင် ဘာဖြစ်မှန်းကျွန်တော်သိလိုက်ရသည်။ ဤကမ္ဘာတွင် အားလုံးမဟုတ်လျှင်တောင်မှ လူအများစု၌ အလွန်ပြတ်သားသော လိုအင်ဆန္ဒတစ်ခုစီ ဘဝမှာရှိကြသည်။ ကျွန်တော့်ဦးလေး အတွက်တော့ ၎င်းသည် မည်သူကမျှ သူ့ကိုဖျံမကျစေရေးပဲဖြစ်သည်။ သတို့သမီး၏ဖခင်သည် သူ့သမီးကိုယ်မှာဆင်ပေးလိုက်သည့် လက်ဝတ် လက်စားများတွင် ပါသည့်ရွှေအရည်အသွေးကို အပေါစားထည့်ပေးလိုက်ပြီး သူ့ကိုမလိမ့်တပတ်လုပ်သွားမှာကို ဦးလေးက ကြောက်နေခြင်းဖြစ်သည်။ မင်္ဂလာပွဲပြီးမှဆိုပါက ဘာမှပြန်ပြင်၍ရတော့မည်မဟုတ်။ ရှမ်ဘူနတ် ဘာဘူ၏ အသုံးအစွဲကပ်သတ်မှုကို မင်္ဂလာပွဲအတွက်ငှားသည့် အိမ်ကိုကြည့်၍တစ်ကြိမ်၊ လက်ဆောင်များ သယ်လာပေးသည့် ကျွန်တော်တို့ဘက်က လူများအား ပေးသည့် မုန့်ဖိုးငွေပမာဏကို ကြည့်၍တစ်ကြိမ်၊ မင်္ဂလာ ဆောင်အတွက် နည်းနည်းနှင့်ကျဲကျဲ စီစဉ်ခင်းကျင်းမှုကို ကြည့်၍တစ်ကြိမ် ဦးလေးသည် သက်သေအရာ၌ ထားပြီးဖြစ်သည်။ ဦးလေးသည် ကတိပြုထားသည့် ရွှေ၏အရည်အသွေးနှင့် ပမာဏတို့နှင့်ပတ်သက်၍ ရှမ်ဘူနတ်အပေါ် ယုံကြည်မည့်သဘောမှာမရှိပါ။ သူက ကျွန်တော်တို့မိသားစု၏ ပန်းထိမ်ဆရာကိုပင် သူနှင့်အတူ ခေါ်လာခဲ့ သည်။ အခန်းထဲသို့ဝင်လိုက်သည့်အခါ ဘာမှမခင်းထားသည့် ခုတင်တစ်လုံးပေါ်၌ ကျွန်တော့်ဦးလေးကို ထိုင်လျက်၊ ရွှေပန်းထိမ်ဆရာအား ချိန်ခွင်နှင့်မူးစေ့ရွေးစေ့များကို အဆင်သင့် ကိုင်ကာ ဦးလေးနား ကြမ်းပေါ်တွင်ထိုင်လျက် တွေ့လိုက်ရသည်။

ရှမ်ဘူနတ်ဘာဘူက ကျွန်တော့်ဘက်သို့လှည့်၍ “မင်္ဂလာဆောင် မစခင်မှာ မင်းဦးလေးက ရွှေထည်လက်ဝတ်လက် စားတွေအားလုံးကို စစ်ကြည့်ချင်တယ်တဲ့။ အဲဒါ မင်း ဘယ်လိုသဘောရသလဲ” ဟု မေး၏။ ကျွန်တော်က အောက်ကိုသာငုံ့ကြည့်ပြီး တိတ်တိတ်နေလိုက်သည်။

“သူ့မှာ ဘာပြောစရာရှိမှာလဲ။ အားလုံးက ကျုပ်စကားတစ်ခွန်းပဲ” ဟု ဦးလေးက ဝင်ပြောသည်။

ရှမ်ဘူနတ် ဘာဘူက ကျွန်တော့်ကိုကြည့်ပြီး “အဲဒါ ဟုတ်လား … မင်းဦးလေးပြီးရင် ပြီးပြီလား။ ဒါနဲ့ပတ်သက်လို့ မင်းမှာ ဘာမှပြောစရာမရှိဘူးလား”

ထိုကိစ္စသည် ကျွန်တော် ဆုံးဖြတ်ရမည့် ဘောင်အပြင်ဘက်တွင် ရှိကြောင်းပြသရန်အတွက် ကျွန်တော်က ခေါင်းကိုခါလိုက်သည်။

သူက ထရပ်လိုက်ပြီး “ကောင်းပြီလေ၊ ဒါဖြင့်ရင် ခဏစောင့်။ ငါ့သမီးကိုယ်မှာဆင်ထားတဲ့ လက်ဝတ် လက်စားတွေ ငါသွားချွတ်ယူလာခဲ့မယ်”ဟု ပြောသည်။

“အာနုပမ် ဒီမှာ လုပ်စရာ ဘာမှမရှိဘူး။ ခန်းမထဲသာ သူပြန်သွားနေပါစေ”ဟု ဦးလေးက ပြောကြည့်သည်။

“ဟင့်အင်း သူခန်းမထဲသွားစရာမလိုဘူး။ သူ ဒီမှာပဲ နေနေရမယ်”ဟု ရှမ်ဘူနတ်ဘာဘူက မရမကပြောသည်။

ခဏအကြာတွင် တဘက်တစ်ထည်ဖြင့်ထုပ်လာသည့် လက်ဝတ်လက်စားများအထုပ်တစ်ထုပ်နှင့်အတူ ပြန်လာပြီး ဦးလေးထိုင်နေသည့် ခုတင်ပေါ်သို့ အထုပ်ကိုဖြည်ကာ သွန်ချလိုက်သည်။ အားလုံးက ရွှေသားအတိဖြင့် လုပ်ထား သည့် ရတနာများဖြစ်သည်။ သည်ခေတ်သည်အခါ အတွေ့ရများသည့် ပေါပေါပဲပဲ ရွှေထည်များမဟုတ်။ ရွှေပန်းထိမ် ဆရာက ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်ပြီး “စစ်စရာတောင် မလိုပါဘူး။ ဒီမှာ ဘာအရောမှမပါဘူး။ ဒီလို ရွှေသားစစ်စစ်မျိုးက ခုခေတ်မှာ သိပ်တောင်မတွေ့ရတော့ဘူး”ဟု ပြောသည်။ သူ့လက်ချောင်းများက မိကျောင်းပါးစပ်ပုံစံသွန်းထားသည့် လက်ကောက်တစ်ကွင်းကို ဖိလိုက်ရာ အသာအယာပင် ကွေးညွတ်သွား၏။

ဦးလေးသည် လက်ဝတ်ရတနာတစ်ခုချင်းစီကို သူ့မှတ်စုစာအုပ်ထဲတွင် ရေးသွင်းသည်။ ပွဲပြီး၍ သတို့သမီးအား ပေးလိုက်သည့် ပစ္စည်းများမှာ ယခု သူမှတ်ထားသည့်စာရင်းထဲကအတိုင်းမဟုတ်ဘဲ လျှော့ပေးလိုက်မည်လား ဟူ၍ စိုးရိမ်ပူပန်၍ဖြစ်သည်။ ထို့ပြင် ရွှေအလေးချိန်နှင့် တန်ဖိုးတို့ကိုလည်း စစ်ဆေးကြည့်သည်။ သူတောင်းထား သည့် ပမာဏတို့ထက် အဆများစွာပိုလွန်းနေသေးသည်။

ထိုအပုံထဲတွင် နားကွင်းတစ်ရန်လည်းပါသည်။ ရှမ်ဘူနတ်က ထိုနားကွင်းများကို ရွှေပန်းထိမ်ဆရာအား ပေးပြီး စစ်ကြည့်ခိုင်းသည်။ “ဒီပစ္စည်းကတော့ ပြည်ပကသွင်းလာတာဖြစ်မယ်။ သုံးထားတဲ့ရွှေက တော်တော်နည်းတယ်”ဟု ပန်းထိမ်ဆရာကပြောသည်။

ရှမ်ဘူနတ်ဘာဘူက နားကွင်းများကို ဦးလေးလက်ထဲထည့်ပေးလိုက်ပြီး “ခင်ဗျား ဒါတွေယူထားလိုက်ပေါ့”ဟု ပြောလေသည်။ ဦးလေးက နားကွင်းများကိုကြည့်လိုက်၏။ ထို့နောက် သူသဘောပေါက်သွားသည်။ ထိုနားကွင်းများသည် ကျွန်တော်တို့ဘက်က သတို့သမီးအား ပေးသည့် လက်ဆောင်သဘောမျိုး ရှမ်ဘူနတ်က ဆိုလိုခြင်းဖြစ်သည်။ ဦးလေးမျက်နှာကြီးနီသွား၏။ သူ့ကိုပတ်လွှတ်လိုက်ဖို့ ကြိုးစားသည့် ထိုဆင်းရဲသား၏ လုပ်ရပ်ကို ဖော်နိုင်သည့်အပေါ် မပျော်နိုင်ရုံသာမက ထိုအပေးအယူလုပ်သည့်ကိစ္စကြောင့်လည်း ရှက်သွားသည်။ မရွှင်မပျသောမျက်နှာဖြင့် ဦးလေးသည် ကျွန်တော့်အားကြည့်လျက် “အာနုပမ်၊ မင်္ဂလာခန်းမထဲ သွားထိုင်နေတော့ သွား”ဟု အမိန့်ပေးလေသည်။

ရှမ်ဘူနတ်ဘာဘူက ကျွန်တော့်ကိုပေးမသွား။ “မင်္ဂလာခန်းမထဲသွားထိုင်နေစရာ မလိုဘူး။ ညစာ အရင်စားရမယ်”
“ညစာ”

ဦးလေး အံ့ဩသွားသည်။ “မင်္ဂလာအချိန်မတိုင်ခင် ထမင်းစားတယ်လို့ ဘယ်သူကြားဖူးလို့တုန်း”

ကျွန်တော်တို့အနေဖြင့် ထိုကိစ္စကိုမကြောင့်ကြသင့်ကြောင်းနှင့် ညစာထမင်းသုံးဆောင်ဖို့သာ ရှမ်ဘူနတ် ဘာဘူက မရမကပြောနေသည်။

အပြင်ပန်းကြည့်လျှင် သိမ်မွေ့ပြီးခပ်အေးအေးနေမည့်ပုံတွေ့ရသလောက် ထိုပုဂ္ဂိုလ်သည် အတွင်းမှာတော့ အင်မတန်အားပြင်းသည့် စိတ်ဓာတ်ရှိနေပုံရသည်။ ဦးလေးမှာ သူ့တောင်းဆိုမှုကို နောက်ဆုံးလိုက်လျော လိုက်ရသည်။ သို့နှင့် သတို့သားဘက်က ပရိသတ်လည်း ညစာထမင်းထိုင်စားလိုက်ကြရသည်။ ထမင်းဟင်းလျာများကတော့ ရိုးရိုးရှင်းရှင်းဆိုပေမယ့် အရသာရှိသည်။ ဖွယ်ဖွယ်ရာရာနှင့် ကောင်းကောင်းမွန်မွန်လေး ချက်ပြုတ်ကျွေးမွေးသည့်အတွက် အားလုံးလည်းကျေနပ်သွားကြသည်။ သူတို့စားပြီးသောအခါ ရှမ်ဘူနတ် ဘာဘူက ကျွန်တော်လည်းစားဖို့ပြောသည်။ “ဘယ်လိုလုပ်ဖြစ်မှာတုန်း။ မင်္ဂလာအခမ်းအနားမစခင် သတို့သားက ဘယ်လိုလုပ် စားရမှာတဲ့တုန်း”ဟု ဦးလေးက ကြောင်စီစီနှင့် ပြန်ပြော၏။

ဦးလေးကို လျစ်လျူပြုရင်း ရှမ်ဘူနတ်ဘာဘူက ကျွန်တော့်ဘက်လှည့်ကမေးသည်။ “ကဲ မင်းဘာလုပ်မလဲ။ အခု စားလိုက်ရင် မင်းအတွက်ဘာပြဿနာရှိလဲ”

ကျွန်တော်သည် ဦးလေးစကားကို ပယ်ရှားနိုင်ခဲလှပါသည်။ အထူးသဖြင့် အမေ့စကားကိုပါ သူကိုယ်တိုင်သံယောင်လိုက်သည့် အခါမျိုးမှာဖြစ်သည်။ ထမင်းစားဖို့ ကျွန်တော် ငြင်းခဲ့ပါသည်။

ရှမ်ဘူနတ် ဘာဘူက ယခု ဦးလေးဘက်သို့လှည့်လာပြီး “အဆင်မပြေတာတွေရှိခဲ့ရင် ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။ ကျွန်တော်တို့က လူချမ်းသာတွေမဟုတ်ကြဘူးလေ။ လူကြီးမင်းတို့နဲ့ထိုက်တန်တဲ့ စီစဉ်ခင်းကျင်းမှု မလုပ်နိုင်ခဲ့တာ စိတ်မကောင်းပါဘူး။ အခုလည်း အချိန်လင့်နေပြီဆိုတော့ကာ လူကြီးမင်းတို့ကို ထပ်ပြီး ဒုက္ခ မပေးချင်တော့ပါဘူး။ ဒီတော့ ကျွန်တော်တို့ …”

“ဟုတ်ကဲ့၊ မင်္ဂလာခန်းမထဲ သွားကြရအောင်လေ ဦး”ဟု ကျွန်တော်က ဝင်ပြောလိုက်သည်။

ရှမ်ဘူနတ်ဘာဘူက “မြင်းလှည်းခေါ်လိုက်ရတော့မလား”ဟု ပြော၏။

ဦးလေး အံ့အားသင့်သွားပြီး “နောက်နေတာလား”ဟု မေးလေသည်။

ရှမ်ဘူနတ်ဘာဘူက “လူကြီးမင်းတို့ဘက်ကသာ နောက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဘက်ကတော့ ဆက်ပြီး ဒီမင်္ဂလာပွဲကိုကျင်းပဖို့စိတ်ဆန္ဒမရှိတော့ဘူး”

ဦးလေးက သူ့ကို မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်လိုက်သည်။

“ကိုယ့်သမီးဆီက ရွှေငွေလက်ဝတ်ရတနာတွေကိုတောင် ကိုယ်ပြန်ခိုးမယ့်အဖေတစ်ယောက်လို့ ကျွန်တော့်ကို မြင်တဲ့ မိသားစုတစ်စုလက်ထဲ ကျွန်တော့်သမီးလေးကို ထည့်မပေးနိုင်ပါဘူး”ဟု ရှမ်ဘူနတ် ဘာဘူက တုံးတိတိပဲပြောချလိုက်သည်။

သည်တစ်ကြိမ်မှာတော့ သူက ကျွန်တော့်ကိုပြောစရာမလိုတော့ဟု တွေးလေသည်။ ကျွန်တော်သည် ဘာမှ အရေးပါသူ မဟုတ်မှန်း ရှေ့မှာပြသခဲ့ပြီးပြီမဟုတ်လား။

နောက်ဆက်တွဲအကြောင်းအရာများကိုတော့ ကျွန်တော်ဆက်ပြီးမပြောပြချင်တော့ပါ။ သတို့သားဘက်က ပရိသတ်သည် ပြန်လည်မထွက်ခွာမီ မီးဆိုင်းပဒေသာများကို ခွဲ၊ ပရိဘောဂများကို ရိုက်ချိုးပြီးလျှင် ပွစာကျဲနေအောင် လုပ်ထားခဲ့ကြသည်။

အိမ်အပြန်လမ်းမှာတော့ ဘာဂီတသံမှမပါ။ စောင်းညင်းပတ်သာ၊ ပလွေနှင့်နှဲ စသည့် တူရိယာအားလုံးတို့ အသံ တိတ်လျက်ရှိကြသည်။ အလှဆင်မီးအိမ်များနှင့် အဖြိုက်သတ္တုမီးပန်းဆိုင်းများမှာ မှောင်အတိကျလျက်။ ထက် ကောင်းကင်ယံမှ ကြယ်ပွင့်လေးများသာလျှင် အလင်းပိုင်ရှင်များ ဖြစ်ကြလေသည်။

(၃)


ကျွန်တော်တို့တစ်မိသားစုလုံး တစ်ယောက်မကျန် ယမ်းပုံမီးကျဖြစ်ကြသည်။ မိန်းကလေးရှင်ကများ သည်လို ရာရာစစ။ ကမ္ဘာကြီးတစ်ခုလုံး ဘာတွေဖြစ်ကုန်ပြီလဲ။ “သူ့သမီး ခုဘယ်သူနဲ့ရမလဲ စောင့်ကြည့် ကြသေးတာပေါ့”ဟု ကျွန်တော့်အိမ်သားများက ကြုံးဝါးကြသည်။ သို့သော်လည်း ကိုယ့်သမီး လင်သားမရမည့် အရေး တွေးပူမနေသည့် ဖခင်တစ်ယောက်ကို မည်သို့များ အပြစ်ဒဏ်ပေးမည်နည်း။

သတို့သမီး၏အဖေဖြစ်သူက မင်္ဂလာပွဲဖျက်လိုက်သဖြင့် မင်္ဂလာမဆောင်လိုက်ရသည့် သတို့သားဟူ၍ ဘင်္ဂေါတစ်နယ်လုံးတွင် ကျွန်တော်တစ်ဦးတည်းသာလျှင် ရှိရမည်ဖြစ်သည်။ မည်မျှရက်စက်သည့် ကံကြမ္မာနည်း။ ကျွန်တော့်လို ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်အလား လျှမ်းလျှမ်းတောက် သတို့သားလောင်းသည် ပြိုးပြိုးပြက်ပြက် လှလှပပ ဝတ်စားပြီး ခြိမ့်ခြိမ့်သဲဆင်နွှဲပြီးကာမှ ဘယ်ဂြိုဟ်ဆိုး မွှေသဖြင့် ယခုလို တစ်သက်လုံးအရှက်ရနေရမည့် ကိစ္စနှင့် လာကြုံရပါသနည်း။ မင်္ဂလာပွဲမဖြစ်မည့် အချိန်တွင် အယုံသွင်းခံရကာ ညစာစားလိုက်ရခြင်းဆိုသည့် စော်ကားမှုကို သတို့သားဘက်က ဧည့်ပရိသတ်တစ်ဖွဲ့လုံးက ဘယ်တော့မျှမေ့ပျောက်တော့မည်မဟုတ်ပေ။ သည်လိုမှန်းသိ ဧည့်ခံပွဲက မထွက်ခင်မှာတင် သူတို့ကျွေးထားသမျှအစာအားလုံးကို ပြန်အန်ထုတ်ပစ်ခဲ့ရမှာဟု သူတို့နောင်တတွေ ရနေကြသည်။ စာချုပ်ဖောက်ဖျက်မှု၊ အသရေဖျက်မှုတို့ဖြင့် ကောင်မလေးအဖေကို တရားစွဲပစ် မည်ဟု ဦးလေးကတော့ တစ်ချိန်လုံးအော်ဟစ်ကြိမ်းမောင်းလို့မဆုံး။ သို့သော်လည်း သူ့ဘက်ကနာကြသူများက တရားတဘောင်ဖြစ်မည်ဆိုလျှင် တစ်ရှက်ကနှစ်ရှက်သာဖြစ်လိမ့်မည်ဟု ဆိုကာ မလုပ်ဖို့သူ့ကိုဝိုင်းဝန်း နားချကြသည်။

ကျွန်တော်သည်လည်း တိမ်းတိမ်းပွေပွေဖြစ်လို့နေသည်။ ဒေါသတနုံ့နုံ့ဖြင့် နှုတ်ခမ်းမွေးကို ဆွဲရင်းလိမ်ရင်း တစ်နေ့တွင် ရှမ်ဘူနတ်ဘာဘူတစ်ယောက် ကျွန်တော်တို့ရှေ့တွင် လာဒူးထောက်ကာ တောင်းပန်ရသည့် အခြေအနေမျိုးဆိုက်လာပါစေဟု ဆုတောင်းနေမိသည်။

သို့ပါသော်လည်း မည်းညစ်လှသည့် ရင်ထဲကထိုအာဃာတချော်ရည်ပူစီးကြောင်းနှင့်အပြိုင် တစ်ချိန်တည်းမှာပင် လုံးဝ မမည်းမညစ်လှသော စမ်းရေလေးတစ်ခုကလည်း စီးဆင်းလာခဲ့ပါသည်။ ကျွန်တော့်နှလုံးသားကို ဆုပ်ကိုင် ထားသော ကျွန်တော်သိခွင့်မရခဲ့သော ထိုမိန်းကလေး၏လက်တွင်းမှ ထိုနှလုံးသားကို ပြန်လည်လွတ်မြောက် စေခြင်းငှာ ကျွန်တော်မတတ်နိုင်ခဲ့ပါ။ ကျွန်တော် ဖြတ်သန်းမသွားနိုင်ခဲ့သော ထိုနံရံ၏နောက်တွင် ထိုမိန်းကလေးသည် တောက်ပလင်းလက်လျက် ရှိမြဲအတိုင်းဆက်ရှိနေမြဲ။ မျက်နှာတွင်လိမ်းကျံထားသည့် စန္ဒကူး နံ့သာနံ့တို့ဖြင့် မွှေးကြိုင်လျက်။ အပျိုစင်တစ်ဦး၏ရှက်ရွံ့မှုမျိုးဖြင့် မျက်နှာကလေးနီလျက်။ သူ့ခန္ဓာကိုယ် ကောက်ကြောင်းက မင်္ဂလာသတို့သမီးဝတ်စုံ အနီရောင်ဆာရီထဲ ပေါ်လွင်လျက်။ သူ့နှလုံးသားက ကျွန်တော် ဘယ်တော့မှ မသိနိုင်မည့် စိတ်လှုပ်ရှားခံစားမှုများဖြင့် ပြည့်လျှံလျက်။ တိုက်ခတ်လာသော လေညင်းကိုရှူသော် သူ့ကိုယ်ရနံ့ကိုရ၏။ အသာအယာတိုးလှုပ်နေသည့် သစ်ရွက်တို့ထံနားစွင့်သော် သူ့အသံတိုးတိုးကိုကြား၏။ သူသည် ကျွန်တော်နှင့် ခြေတစ်လှမ်းအကွာမှာသာရှိနေ၏။ သို့သော်လည်း ရုတ်တရက်ဆိုသလို သူသည် အနန္တ အမှတ်သို့ ရောက်အောင် ဝေးကွာသွားပါသည်။

သည့်မတိုင်ခင်အချိန်တွေတုန်းက ကျွန်တော်သည် ညနေရောက်တိုင်း ဘီနူးဒါဒါ၏အိမ်သို့ ချောင်းပေါက်မတတ် သွားကာ လျှိုကာဝှက်ကာ ပြောတတ်သည့် ဘီနူး၏စကားလုံးများကြားထဲမှ ထိုမိန်းကလေး၏ပုံရိပ်ကို ရအောင် ဖမ်းဆုပ်ယူကြည့်ခဲ့ရင်း ကျွန်တော့်သတို့သမီးလောင်းသည် နတ်မိမယ်အလားထင်မှတ်မှားရလောက်သည့် အလှပဂေးဟု ကျွန်တော်သဘောပေါက်ခဲ့ပါသည်။ ဒါတောင်မှ ကျွန်တော်သည် သူ့ကိုမြင်ဖူးခွင့်မရလိုက်။ ယုတ်စွ အဆုံး ဓာတ်ပုံကိုသော်မျှမြင်ခွင့်မရခဲ့ပါ။ သူ့ပုံရိပ်သည် ကျွန်တော့်စိတ်ထဲတွင် မှုန်တိမှုန်ဝါးဖြင့်ကျန်ရှိနေပါသည်။ အပြင်ကလက်တွေ့ဘဝတွင် သူသည် ကျွန်တော့်ဘဝထဲသို့ လုံးဝရောက်မလာခဲ့ပါ။ သို့သော်လည်း ကျွန်တော့် စိတ်ကူးထဲတွင်သော်မျှ သူ့ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းတစ်ခုတစ်လေမျှ မရှိတာကတော့ စိတ်မကောင်းစရာဖြစ်ပါသည်။ ဖြတ်သန်းခွင့်မရလိုက်သော မင်္ဂလာစက်ရာခန်း၏ နံရံများတစ်ဝိုက် ကျွန်တော့်စိတ်သည် တစ္ဆေတစ်ကောင်လို ဝဲပျံလို့နေရင်း ဆုံးရှုံးမှုအတွက် နာကျင်ကြေကွဲလျက်ရှိခဲ့ပါသည်။

ထိုမိန်းကလေးသည် ကျွန်တော့်ကိုဓာတ်ပုံထဲမှာ မြင်ဖူးကြောင်း ဟာရစ်က ပြောဖူးသည်။ ဓာတ်ပုံကိုကြည့်ပြီး ကျွန်တော့်ကို သဘောကျကိုကျရမည်ဟု ကျွန်တော် အပိုင်တွက်သည်။ မကြိုက်စရာ သူ့မှာ ဘာအကြောင်းမှမရှိပါ။ ထိုဓာတ်ပုံသည် ယခုထက်ထိတိုင် သူ့ထံပါး လူသူမမြင်နိုင်မည့်တစ်နေရာတွင် ရှိနေသေးသည်ဟု ကျွန်တော်ယုံကြည်နေချင်မိခဲ့ ပါသည်။ အထီးကျန်ဆန်သော နေ့လယ်နေ့ခင်းများတွင် မိန်းကလေးသည် အခန်းအောင်း၍ ထိုဓာတ်ပုံကို ထုတ်မကြည့်ခဲ့ပါသလော။ ထိုပုံကို ငုံ့ကြည့်သည့်အခိုက်တွင် သူ၏ တစ်စနှစ်စ အပြင်ထွက်ကျနေသည့် ဆံယဉ်စအချို့သည် မျက်နှာ၏ ဘေးတစ်ဖက် တစ်ချက်မှသည် ဓာတ်ပုံပေါ်သို့ဖြာမကျပါသလော။ အပြင်မှ ခြေသံကြားလျှင် သူသည် ထိုပုံကိုကပျာကယာဝှက်၍ ရနံ့ထုံသင်းသော သူ့ဆာရီခေါက်ကြားထဲသို့ မဝှက်လိုက် ပါသလော။

နေ့ရက်တို့ တရွေ့ရွေ့ကုန်ဆုံးသွား၏။ တစ်နှစ်ပင်ကြာညောင်းခဲ့ပြီ။ ကျွန်တော့်ဦးလေးသည် စိတ်ပျက်လွန်း သဖြင့် ကျွန်တော့်အိမ်ထောင်ရေးကိစ္စကို စကားပြန်မကောက်နိုင်လောက်အောင်ပင် ဖြစ်နေသည်။ အမေကလည်း သိက္ခာကျ အရှက်ရခဲ့သည့်အဖြစ်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်အထိ စောင့်ပြီးမှ အသစ်တစ်ဖန် ပြန်လည်ကြောင်းလမ်းချင်သည်။

ကျွန်တော်မရလိုက်သည့် ထိုမိန်းကလေးအား နောက်တစ်ဦးက ငြင်းရက်စရာမရှိလောက်သော ကမ်းလှမ်းမှုမျိုးဖြင့် နားလာဖောက်ခဲ့သေးသည်ဟု ကျွန်တော်ကြားသိလာရသည်။ သို့သော် မိန်းကလေးသည် အိမ်ထောင်မပြုဘဲနေတော့ရန် စိတ်ပိုင်းဖြတ်ထားလိုက်ပြီဟု ဆို၏။ ထိုသတင်းကိုကြားတော့ ကျွန်တော် ပီတိဖြာမိသည်။ ကျွန်တော့်အတွေးထဲမှာတော့ မိန်းကလေးသည် ကျွန်တော့်ကိုသာ တတမ်းတတဖြစ်လို့မဆုံး။ ထမင်းလည်း ကောင်းကောင်းမစား။ ညနေစောင်းလို့လည်း ဆံပင်ကိုကျစ်ဆံမြီးထုံးဖို့ မေ့လိုမေ့ဖြစ်မည်။ သူ့အဖေက သူ့သမီးအခန်းထဲ တစ်နေ့ဝင်လာတော့ မျက်လုံးထဲမှာမျက်ရည်များနှင့်ပြည့်နေသည့် သမီးဖြစ်သူကို တွေ့မည်။ “ဖေဖေ့သမီးလေးရယ် ဘာတွေများဖြစ်နေသလဲ ဖေဖေ့ကိုပြောပါဦး”ဟု မေးမည်။ မိန်းကလေးက မျက်ရည်စများကို အလျင်အမြန်သုတ်ပြီး ဘာမှမဖြစ်ပါဟုပြောမည်။ တစ်ဦးတည်းသောသမီးလေးဖြစ်သည့် အတွက် သူသည် သူ့အဖေ၏ဘဝတွင် ချစ်မြတ်နိုးရဆုံးသောသူ။ ခြောက်သွေ့ပူပြင်းသည့်ရာသီတွင် ညှိုးရော်ကျနေသည့် ပန်းလေးတစ်ပွင့်လို သူ့သမီးလေး ထိကရုံးလေးလို ပြေလျော့ခွေနေရသည့်အဖြစ်ကို သူမကြည့်နိုင်တော့။ နောက်ဆုံး သူ့မာနပါးပြင်းကို ခဝါချပြီး ကျွန်တော်တို့အိမ်တံခါးဝသို့ရောက်လာမည်။ နောက်ပြီးတော့ရော…

ကျွန်တော့်သွေးကြောများထဲက ညစ်ပုပ်သည့်သွေးတို့သည် မြွေဟောက်တစ်ကောင်လို တစ်ဖန်ပြန်ဆူဝေ လာပြီး ကျွန်တော့်အား စိတ်ဆိုးမာန်ဆိုးပြော၏။ “ကောင်းပြီလေ။ မင်္ဂလာဆောင်လုပ်ဖို့ ပြန်စီစဉ်ကြတာ ပေါ့။ မီးတွေ ထိန်အောင်ထွန်း၊ သီချင်းတွေဖွင့်၊ တစ်လောကလုံးကို ဖိတ်ကြတာပေါ့။ အခမ်းအနား စပြီဆိုတော့မှ မင်းလုပ်ရမှာက မင်းရဲ့သတို့သားခေါင်းပေါင်းကို ဆွဲချွတ်ဖိနင်းခြေပစ်၊ ပြီးတော့မှ ခေါင်းမော့ရင်ကော့ ထွက်လာခဲ့။ အခမ်းအနားကို နင်းခြေမွဖျက်စီးပစ်ခဲ့။”

သို့သော် မျက်ရည်များအလား ကြည်လင်လွန်းလှသည့် နောက်ထပ်ရေစီးတစ်ခုကတော့ ငန်းလေးတစ်ကောင် အသွင်ယူလျက် ကျွန်တော့်ကိုပြောလာသည်မှာ “တစ်ခါတုန်းက သူ့ချစ်သူရဲ့ အမှာစကားကို သယ်ဆောင်ရင်း ဒါမာယန္တီရဲ့ ပန်းဥယျာဉ်တော်တွေထဲ ကျွန်တော်ပျံသန်းသွားဖူးခဲ့သလိုမျိုး ခု ကျွန်တော် ခင်ဗျားမိန်းကလေးဆီ ပျံသန်းသွားပါရစေလား။ အထီးကျန်နေရသူဆီ သွားပြီး သတင်းကောင်းကို ပါးပါရစေလား”တဲ့။

နောက်တော့ရော။ ပူဆွေးသောက ညများ ကုန်လွန်တော့မည်။ ခြောက်သယောင်းနေသော မြေအပြင်အပေါ်သို့ ပထမ မိုးစက်မိုးပေါက်များ ကျဆင်းလာကာ စိုစွတ်စိမ်းလန်းစေပြီးလျှင် ညှိုးနွမ်းနေသည့်ပန်းတို့သည်လည်း တစ်ဖန်ပြန်၍ ဦးကိုမော့လည်ကိုကျော့၍ ဖူးတံဝင့်လိုချီပေတော့မည်။ သည်တစ်ကြိမ်မှာတော့ နံရံ၏ အပြင်ဘက်တွင် တစ်လောကလုံးကလူတို့ စောင့်ဆိုင်းကျန်ရစ်ခဲ့ပြီးလျှင် အတွင်းထဲသို့ဝင်ခွင့်ရသည့် တစ်ဦးတည်းသောသူမှာ ကျွန်တော်သာလျှင်ဖြစ်တော့မည်။ ထို့နောက် တော့ရော။ ကောင်းပါပြီ၊ ဇာတ်လမ်းကလေးက သည်လိုသည်ပုံ ပျော်ရွှင်စွာအဆုံးသတ် ပါလိမ့်မည်။

သို့ရာတွင် ထင်ထားသလိုမဟုတ်ခဲ့ပါ။ ထိုဇာတ်လမ်းကလေးအား အဆုံးမသတ်ဘဲ တအိအိခရီးနှင်စေမည့် ဇာတ်လမ်း၏ ထိုနေရာသို့ ကျွန်တော် ခပ်သွက်သွက်ပဲ ပြန်အစကောက်ပါမည်။

ကျွန်တော်သည် အမေ့အား ဘုရားဖူးခရီးတစ်ခုတွင် အဖော်လိုက်ပါစောင့်ရှောက်ပေးနေခဲ့ချိန်ဖြစ်သည်။ ကျွန်တော် လိုက်သွားရခြင်းအကြောင်းကတော့ ဦးလေးသည် ထိုအချိန်ထိ ဟိုးရားတံတားကို မဖြတ်နိုင်သေး၍ဖြစ်သည်။ ရထားပေါ်တွင် အိပ်နေစဉ် ရထားတွဲ စည်းချက်ကျကျ ခုတ်မောင်းနေမှုသည် အဆက်အစပ်မရှိသော အိပ်မက်များကို တသီတတန်းကြီး မက်စေခဲ့ပြီး ၎င်းအိပ်မက်တို့သည် ကျွန်တော့်စိတ်ထဲတွင် သာယာနာပျော်ဖွယ် မြည်ဟီးလျက်ရှိလေသည်။ အိပ်မက်တစ်ခုနှင့်တူသော ဘူတာရုံတစ်ခုတွင် ရထားရပ်တန့်သည့်အခိုက် ကျွန်တော် ရုတ်တရက် လန့်နိုးလာပါသည်။ မသဲမကွဲမီးရောင်၏အောက်တွင် ကြယ်ကလေးများကိုသာလျှင် ကျွန်တော် မှတ်မိသလိုရှိသည်။ ကျန်တာတွေကတော့ အိပ်မက်မြူအလား မှုန်တိမှုန်ဝါးနှင့် နားလည်ရခက်လှပါသည်။ ဘူတာထဲက ထွန်းညှိထားသည့် ခပ်မှိန်မှိန်မီးအိမ်အနည်းငယ်သည် ကျွန်တော်မှအပဖြစ်သော လောကကြီး ကျွန်တော့်အတွက် မည်မျှသူစိမ်းပြင်ပြင်ဖြစ်သည်၊ မည်မျှဝေးကွာသည်ကို ပြသရန်သာဖြစ်ပါသည်။ အစိမ်းရောင် ခံထားသည့် မီးအိမ်တစ်ခုအောက်ရှိ အိပ်စင်ပေါ်၌ အမေအိပ်နေပါသည်။ ကျွန်တော်တို့၏ ခရီးဆောင်အိတ်များက အိပ်မက်ထဲမှာလိုမျိုး ကျွန်တော်တို့ပတ်ခြာလည်တွင် ပြန့်ကျဲလို့နေပြီး စိတ်ကူးယဉ်နှင့်လက်တွေ့ဘဝကြားထဲက မီးအစိမ်းရောင်ထဲတွင် ဝဲလှည့်နေကြသည်။ ထို သူစိမ်းပြင်ပြင်ကမ္ဘာထဲ အိပ်မက်နှင့်တူသောထိုည၏အလယ်တွင် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရပါသည်။

“မြန်မြန်လာ ဒီအခန်းထဲမှာ နေရာရှိတယ်”

ကျွန်တော့်နားထဲမှာတော့ ထိုအသံသည် ဂီတသံနှင့်တူလှသည်။ ဘင်္ဂါလီသမီးပျိုတစ်ဦး ပြောသည့်အခိုက်အတန့်တွင် ဘင်္ဂါလီ ဘာသာစကား မည်မျှနားထောင်ရချိုသာကြောင်းကို သိမြင်ခံစား နိုင်ဖို့ရာ အတွက် အမျိုးအမည်မသိသည့် နေရာတစ်ခု၌ ဘယ်အချိန်မှန်းမသိရသော အချိန်တစ်ခုတွင် ထိုအသံကို မမျှော်လင့်ထားဘဲ ကြားရဖို့လိုပါသည်။

သို့သော်လည်း မိန်းမသံဖြစ်ပြီးရော မည်သည့်မိန်းမကပြောပြောဆိုသည့်ပုံစံမျိုးလည်း မဟုတ်ပါ။ ၎င်းသည် ကျွန်တော် တစ်ခါမျှမကြားဖူးခဲ့သေးသည့် ထူးခြားထင်ရှားသည့် ဂီတပါသောအသံမျိုးဖြစ်သည်။

ကျွန်တော့်တွင် လူသားတို့ပြောသည့် အသံကို ထူးခြားနှစ်ခြိုက်မှုရှိပါသည်။ မျက်စိဖြင့်မြင်ရသည့် ရုပ်အလှကို လူတိုင်း သဘောကျကြသည်ချည်းမှန်သော်လည်း လူတစ်ယောက်၏ ကိုယ်ပိုင်ထူးခြားမှုနှင့် ရှေးဘုန်းရှေးကံတို့ဖြင့်သာ ပိုင်ဆိုင်နိုင်သည့် သဘောသဘာဝကို တကယ် ဖော်ထုတ်ပြသ သည်က လူ့အသံပဲဖြစ်သည်။ ကျွန်တော့် အခန်းပြတင်းတံခါးကို မြန်မြန်ဆန်ဆန် ဖွင့်လိုက်သော်လည်း အပြင်တွင် ဘာမျှမမြင်ရပါ။ မှောင်မိုက်နေသည့် ဘူတာစင်္ကြန် ပေါ်မှာတော့ ရထားထိန်းက သူ့မီးပုံးကိုမြှောက်ပြနေပြီး ရထားလည်း စတင်ထွက်ခွာလာသည်။ သို့သော် ကျွန်တော်ကတော့ ပြတင်းပေါက်နားမှာသာ ဆက်ထိုင်နေလိုက်သည်။ စိတ်ထဲတွင် တစ်ခုခုကို ပြတ်ပြတ်သားသား မြင်နေရခြင်းမျိုးတော့ မဟုတ်သော်လည်း လူတစ်ယောက်ပုံစံကို ကျွန်တော် အမြင်ရနေမိသည်။ သူသည် ကြယ်တို့ဖြင့် ထွန်းညှိထားသော ကောင်းကင်ပြင်လိုမျိုး သင့်ကိုလွှမ်းခြုံ ထားသည်၊ သို့သော် သင်လက်လှမ်း မမီသော နေရာမှာ ဖြစ်သည်။ ပိုင်ရှင်မည်သူမှန်းမသိရသော ထိုအသံသည် အရင်းနှီးရဆုံးသောသူ အတွက် သီးသန့်ဖယ်ချန် ထားသည့် ကျွန်တော့် နှလုံးသားထဲ နေရာလေးတစ်ခုကို မဆိုင်းမတွ ဖန်တီးခဲ့လေသည်။ မရပ်မနားဖြစ်ပေါ် ပြောင်းလဲနေသော အချိန်စီးကြောင်း အတွင်း အဆိုပါဂီတသည် ပြောင်းလဲမှုလှိုင်းလုံး များ၏ ထိတွေ့မှုကိုမခံရသေးသည့် ပြစ်မျိုးမှည့်မထင်သော ပန်းတစ်ပွင့်အဖြစ်သို့ ဖူးပွင့်ဝေဆာလာခဲ့ပြီ ထင်ပါသည်။

ရထားသည် သံလမ်းကြိတ်သံ တဂျုန်းဂျုန်းအတိုင်း စည်းချက်ညီညီ ခုတ်မောင်းလျက်ရှိသည်။ ကျွန်တော့် စိတ်ထဲ သီဆိုနေသည့် သီချင်း၏သံပြိုင်အပိုဒ်မှာ “ဒီမှာ နေရာရှိတယ် … ဒီအခန်းလေးထဲမှာ”ဟူ၍ ဖြစ်သည်။ ဟုတ်ရော ဟုတ်ပါ့မလား။ တစ်ဦးနှင့်တစ်ဦး နေရာပေးရန်၊ သို့မဟုတ် သိကျွမ်းကြရန်မလွယ်ကူပါ။ သို့သော် မသိကျွမ်းကြခြင်းသည် မြူမှုန်များနှင့်တူပါသည်။ မြူမှောင်ဝေကင်းသည့်အချိန်ရောက်ပါက ငွေအဆင်းစန္ဒသည် ထာဝရ တည်ရှိတော့မည်ဖြစ်သည်။ အို ကျွန်ုပ်၏လှသည်ဆိုသောစကားထက် လှသော ဂီတလေးရေ … ငါတို့နှစ်ဦးသား သိကျွမ်းခဲ့ကြဘူးလား။ အကြင်အရပ်တွင် ငါ့အတွက် တစ်နေရာစာ၊ တစ်ခန်းစာရှိ၏။ သင်က ငါ့အား မြန်မြန်လာဖို့ လောဆော်၏။ ယခု ငါ သည်မှာရောက်ပြီ။ သင်ခေါ်သည့်ခဏ တစ်ရံတစ်ဆစ်မျှပင် ငါရပ်မနေဘဲ လာခဲ့သည်။

ထိုနေ့ညက ကျွန်တော်ကောင်းကောင်းမအိပ်ခဲ့ပါ။ ဘူတာတစ်ခုရောက်တိုင်း ကျွန်တော်မမြင်ရသေးသည့် ထို လူသားကလေး မိုးမလင်းခင် ဆင်းသွားမည်စိုးသဖြင့် ပြတင်းပေါက်မှ ခေါင်းထွက်ကြည့်ခဲ့ရသည်။

နောက်တစ်နေ့မနက်ရောက်သည့်အခါ လမ်းခွဲဘူတာကြီးတစ်ခု၌ ကျွန်တော်တို့ရထားပြောင်းစီးရသည်။ ကျွန်တော်တို့ သားအမိအတွက် ပထမတန်းလက်မှတ်ဝယ်ထားသဖြင့် အေးဆေးဣန္ဒြေရစွာ ရထားပြောင်းနိုင်မည်ဟု မျှော်လင့် ထားသည်။ သို့သော်လည်း စစ်တပ်မှဗိုလ်ချုပ်ကြီးတစ်ဦးသည်လည်း ထိုနေ့မှာပင် ခရီးသွားမည့်ပုံရသည်။ စင်္ကြန်ပေါ် တွင် ထိုအရာရှိကြီး၏ ဝန်စည်စလှယ်များနှင့်အတူ စောင့်ဆိုင်းနေသည့် ရဲဘော်လေးများကို မြင်သည့်အခါမှာတော့ ကျွန်တော်တို့ ပထမတန်းတွဲပေါ် တက်လို့မရနိုင်တော့ပြီဟု သိကာ လက်လျှော့လိုက်တော့ သည်။ ကျန်သည့်တွဲများမှာ အဆမတန် ပြည့်ကျပ်သပ်နေသဖြင့် အမေ့အတွက် သက်သက်သာသာ ထိုင်စရာ တစ်နေရာပင် ဘယ်လိုရှာရမှန်း မသိတော့။ လူတွေငါးပိသိပ် ငါးချဉ်သိပ်ပြည့်နေသည့် တစ်တွဲပြီးတစ်တွဲကို စိတ်ပျက် လက်ပျက် လိုက်ချောင်းကြည့်နေစဉ် ဒုတိယတန်းတွဲတစ်ခုဆီမှ မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာပြီး အမေ့ကို လှမ်းပြောသံကြားလိုက်ရသည်။ “သမီးတို့အခန်းထဲဝင်ခဲ့ပါလားရှင့်။ ဒီမှာ နေရာရှိတယ်”

ကျွန်တော်သည် ကြက်သီးမွေးညင်းများပင် ထသွားမိပါသည်။ ထိုအသံသည် တစ်ညလုံး ကျွန်တော့်ကိုဖမ်းစားထား ခဲ့သည့် အသံပင်မဟုတ်ပါလား။ ပြောပုံချင်းကလည်း တစ်ထပ်တည်း … ‘သည်မှာ နေရာရှိတယ်’တဲ့။ အချိန်တစ်စက္ကန့်ပင်အဆုံးမခံဘဲ တွဲပေါ်သို့ အမေနှင့်အတူ တက်လိုက်သည်။ ကျွန်တော်တို့ ခရီးဆောင်အိတ်များတင်ဖို့ အချိန်ကတအားနည်းနေပြီ။ ကျွန်တော်သည် ကမ္ဘာပေါ်တွင် အသုံးမကျဆုံးသတ္တဝါ တစ်ကောင် ဖြစ်ပါသည်။ ထိုမိန်းကလေးကိုယ်တိုင် ရှေ့သို့ထလာပြီး စင်္ကြန်ပေါ်ရှိ အထမ်းသမားများထံမှ သေတ္တာများနှင့် အိပ်ရာလိပ်များကို စလိမ့်နေပြီဖြစ်သည့် ရထားတွဲပေါ်သို့ ကူညီတင်ပေးရသည်။ ပစ္စည်းတွေ တင်ရင်းပြုရင်း ကျွန်တော့် ကင်မရာ ကျန်နေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် အမှုမထားနိုင်တော့ပါ။

နောက်ဆက်တွဲအဖြစ်အပျက်များကို ပြောပြရခက်ပါသည်။ ထိုစဉ်က ကျွန်တော်ရရှိခဲ့သည့် သုခချမ်းသာ တရားကို ဖော်ပြရာတွင် မည်သို့စရမည်၊ မည်သို့ဆုံးရမည်ကို ကျွန်တော်မသိနိုင်တော့ပါ။ ဝါကျများဖြစ်လာစေဖို့ ပုဒ်စုများကို ပုလဲကြိုးသီသလို သီကုံးရသည့်ကိစ္စသည် အတော်လေး အဓိပ္ပာယ်မဲ့လှပါသည်။

တစ်ချိန်လုံး ကျွန်တော့်စိတ်ထဲ ပဲ့တင်ထပ်နေခဲ့သည့် ဂီတသံသည် ယခုတော့ ကျွန်တော့်မျက်စိရှေ့မှောက် လူထင်ပြ လေပြီ။ လူအလုံးလိုက်မြင်ရတာတောင်မှ ထိုလုံမပျိုသည် ကျွန်တော့်အဖို့ ငြိမ့်ညောင်းသံသာ သီချင်းတစ်ပုဒ် ဖြစ်နေပါသေးသည်။ အမေ့ကို ကြည့်လိုက်တော့လည်း ထိုမိန်းကလေးထံမှ မျက်လုံးကမခွာပါ။ လုံမပျိုကိုကြည့်ရတာ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ပြည့်ပြီး လောက်ဖြစ်ရမည်၊ သို့သော် အသစ်နိုးထလာသည့် ထိုနုပျိုမှုသည် သူ၏ရုပ်သွင်ပြင်ပေါ်ကိုဖြစ်စေ၊ သူ့မနောအကြည်ဓာတ်ပေါ်ကိုဖြစ်စေ မည်သို့သော ဝန်ထုပ်ဝန်ပိုးကိုမှ ပေးထားဟန်မတူပါ။ သူသည် မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ ဘာညာတို့ကိုလည်း ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးပဲနေပါသည်။ အတင်းဖျစ်ညှစ်ကာ လှုပ်ရှားပြောဆိုနေပုံလည်း မရပါ။ သူ့အလှတရားတွင်မြင်ရသည့် အပြစ်ကင်းခြင်းသည် လည်း နှိုင်းပြစရာရှာမရပါ။ သူနှင့်ပတ်သက်သမျှသည် သဘာဝကျကျ အချိုးအစားပြေပြစ်လွန်းလှပါသည်။

ကျွန်တော် သူ့ကိုသာ ကြည့်နေခဲ့မိပါသည်။ သို့ရာတွင် အသေးစိတ်ကိုတော့ မှတ်မိဖို့ရာခက်ပါသည်။ ထိုစဉ်က သူ ဝတ်ထားသည့် ဆာရီ ဘာအရောင်မှန်းပင် မမှတ်မိပါ။ သူ့ခါးကအဝတ်သည် သူ့အဆင်းရှိန်ဝါအောက်တွင် ခပ်ကုပ်ကုပ်သာနေနေရပါသည်။ သူသည် သူ့ဘေးနားက လုံမငယ်များထက် သိသာထင်ရှားသူဖြစ်သည်။ အဖြူရောင်ကျူဘားရို့စ်ပန်း၏ ရိုးတံသည် ထိုပန်းပေါက်ရာ ကိုင်းကိုကျော်လွန်သကဲ့သို့ဖြစ်သည်။ သူနှင့်အတူ ဘေးနားတွင် သူ့ထက်ငယ်သည့် လုံမငယ်တစ်သိုက်လည်းရှိပြီး အားလုံး တဝါးဝါးတဟားဟားနှင့်ပွဲကျနေကြ ပါသည်။ ကျွန်တော်ကမူ စာအုပ်တစ်အုပ်ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။ သို့သော်လည်း နားကတော့ သူတို့ စကားဝိုင်းကိုသာ စွင့်ထားလိုက်မိသည်။ ကြားရသမျှမှာ ကလေးငယ်တစ်သိုက် အချင်းချင်းတွတ်ထိုးသည့် ပုံစံမျိုးသာဖြစ်သော်လည်း ထူးခြားသည့်အချက်မှာ သူတို့ကြားက အသက်ကွာခြားချက်သည် အရေးမကြီးတော့ ဟန်ပေါက်ခြင်းပင်ဖြစ်သည်။ ထိုကလေးတစ်သိုက်ကြားတွင် ကျွန်တော့်လုံမပျိုသည်လည်း ကလေးတစ်ဦး ပြန်ဖြစ်သွားပါသည်။

သူတို့ယူလာသည့် ပုံပြကလေးစာအုပ်မှ ဇာတ်လမ်းတစ်ပုဒ်ကို အသံထွက်ဖတ်ပြဖို့သာ မိန်းမငယ်များက မရမက ပြောနေကြသည်။ သူတို့ကိုကြည့်ရသည်မှာ ထိုဇာတ်လမ်းကို အရင်ကလည်း အကြိမ်နှစ်ဆယ်လောက် ကြားဖူးထားပြီးသား ဖြစ်ရမည်။ သို့သော်လည်း သူတို့ဘာကြောင့် သည်လောက် စိတ်ထက်သန်နေကြမှန်း ကျွန်တော်မြင်နိုင်ပါသည်။ လုံမပျို၏အသံတွင် ပါရှိသည့် ဩဇာဓာတ်သည် စကားလုံးတိုင်းကို ရွှေသားအတိဖြစ် အသွင်ပြောင်းလိုက်နိုင်ပါ သည်။ လုံမပျို၏ခြေဟန်လက်ဟန်၊ ကိုယ်အမူအရာ အားလုံးတို့သည် ဘဝ၏ထိုသုခချမ်းသာတို့ဖြင့် အရောင် ဖျိုးဖျတ် လင်းလက်နေကြသဖြင့် သူ့ဘေးနားက ကလေးငယ်တို့သည် ဇာတ်လမ်းထက် သူ့နှုတ်ဖျားကစကားဆိုသည်ကိုသာ ပိုကြား လိုကြသည်၊ သူတို့ ချစ်မမ၏ လန်းဆန်းတက်ကြွမှုဆိုသည့် ရေမြွှာရေပန်းကို သူတို့နှလုံးသားများအပေါ်မှ ဖြတ်သန်းစီးဆင်းစေလိုကြသည်ဟု ထင်ရပါသည်။ ဘဝ၏မီးလျှံသည် ထိုနေ့တစ်နေ့ကို ကျွန်တော့်အတွက် ထွန်းညှိပေးခဲ့ပြီး ကျွန်တော်တို့ပတ်ပတ်လည်ရှိ ကောင်းကင်ပြင်သည် လုံမပျို၏သန့်စင်သော ရောက်ခြည်တို့ဖြင့် ထွန်းလင်းလျက်ရှိသည်ဟုထ်ရလေသည်။ နောက်ဘူတာ၌ရပ်သည့်အခါ လုံမပျိုသည် ဘယာကြော်သည် တစ်ဦးကို လှမ်းခေါ်လိုက်ပြီး မြိန်မြိန်ကြီး တကြွပ်ကြွပ်ဝါးစားကြသည်။

အမေသည် သဘောကျခြင်းနှင့် သဘောမကျခြင်းကြားတွင် လွန်ဆွဲနေပါသည်။ လုံမပျိုနှင့် ကျွန်တော်တို့သည် အခန်းတစ်ခန်းထဲမှာပင် ရှိနေသော်လည်း ယောက်ျားတစ်ယောက် အနားမှာရှိနေသည့်အတွက် ထိုမိန်းကလေးတွင် စိုးစဉ်းမျှ ရှိုးတိုးရှန်းတန်းဖြစ်သည့်ပုံမပေါ်ပါ။ ထို့ပြင် ကျွန်တော်တစ်ယောက်လုံး၏ရှေ့တွင် မိန်းကလေးတစ်ယောက်အနေဖြင့် ထိုမျှအားရပါးရ အစားစားနေခြင်းအတွက် အမေ့မှာ စိတ်မသက်မသာဖြစ်နေ ပါသည်။ သို့သော် လုံမပျိုသည် အရှက်ဣန္ဒြေကင်းမဲ့သည့်ပုံစံမျိုးလည်း မပေါ်ပါ။ အမေကတော့ လုံမပျိုသည် ငယ်စဉ်က ယဉ်ကျေးလိမ္မာသင်တန်း တက်ခဲ့ရပုံမရဟုသာ စိတ်ဖြေလိုက်ပါသည်။ အမေက လုံမပျိုအကြောင်းကို အရမ်းစိတ်ဝင်စားနေပြီး စကားစမြည်ပြောလိုစိတ်ရှိသည်။ သို့သော်လည်း တစ်သက်လုံး လူအများနှင့် ရောရောနှောနှော မနေဖူးခဲ့သည့်အကျင့်ကြောင့် လူစိမ်းသူစိမ်းများနှင့် စကားပြောဆိုဆက်ဆံရမည်မှာ အမေ့အတွက် အခက်အခဲရှိပါသည်။

ထိုစဉ်မှာပင် ရထားက နောက်ထပ် ရထားလမ်းဆုံဘူတာကြီးတစ်ခု၌ ခဏရပ်ပြန်သည်။ ရထားပေါ်တွင် ပါလာသည့် ဗိုလ်ချုပ်ကြီး၏အဖွဲ့မှဖြစ်ပုံရသော မျက်နှာဖြူအရာရှိတစ်ချို့ ရထားပေါ်တက်ဖို့ ပြင်နေကြသည်။ ရထားတွဲအားလုံးက တွဲမဆန့်အောင် လူပြည့်နေကြပြီဖြစ်သည်။ သူတို့က ကျွန်တော်တို့ ရှိနေသည့် တွဲအခန်းရှေ့မှ နှစ်ခေါက်သုံးခေါက်ဖြတ်လျှောက်ကြရာ အမေ့မှာ ကြောက်လွန်းသဖြင့် အေးစက်နေပြီ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျွန်တော်ကိုယ်တိုင်လည်း နည်းနည်းတော့ စိုးရိမ်နေပြီဖြစ်သည်။

ရထားပြန်မထွက်မီလေးမှာပင် ရထားအရာရှိတစ်ဦး တွဲပေါ်တက်လာပြီး ကျွန်တော်တို့ယူထားသည့် အိပ်စင် ထိုင်ခုံများထဲမှ နှစ်လုံးတွင် နာမည်ပြားများလာကပ်သည်။ ထို့ပြင် “သခင်ကြီးတို့က ဒီခုံနှစ်လုံးကို ကြိုပြီးယူထား ပြီးသား။ အစ်ကိုကြီးတို့ ဒီမှာထိုင်လို့မရပါဘူး။ တခြားနေရာမှာ သွားရှာကြပါ”ဟု ပြော၏။ ကျွန်တော်လည်း ချက်ချင်းထရပ်လိုက်သည်။ သို့သော် လုံမပျိုက “မသွားဘူး။ ကျွန်မတို့ ဒီခုံကနေ ဖယ်မပေးနိုင်ဘူး”ဟု ဟင်ဒီဘာသာဖြင့် အသံကိုမြှင့်ကာ ပြောလိုက်သည်။ ရထားအရာရှိကလည်း မလျှော့။ “အစ်မလေးတို့မှာ တခြား ရွေးစရာမရှိဘူး”ဟု ပြောပြန်သည်။ လုံမပျိုက ထိုင်ရာမှတစ်လက်မမှမရွေ့သည့်အခါ ထိုရထား အရာရှိသည် မျက်နှာဖြူဘူတာရုံပိုင်ကို လှမ်းခေါ်လိုက်သည်။ ဘူတာရုံပိုင်က ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေးပဲ ပြောသည်။

“စိတ်မရှိပါနဲ့ ငါ့တူရယ်…”

သူ့စကားပင်မဆုံးသေး ကျွန်တော်က ပစ္စည်းတွေချဖို့ အထမ်းသမားတစ်ယောက်ကို လှမ်းခေါ်လိုက်နေပြီဖြစ် သည်။ လုံမပျို၏မျက်လုံးများသည် မီးဝင်းဝင်းတောက်လျက် ကျွန်တော့်ကို လှမ်းကြည့်လိုက်ပြီး “ရှင် မထ ရဘူး။ ဒီမှာပဲထိုင်နေ”ဟု ပြောသည်။ ထို့နောက် အခန်းပေါက်ဝသို့သွားပြီး ဘူတာရုံပိုင်ကို အင်္ဂလိပ်လို ပြော၏။

“ဒါရှင်တို့လိမ်တာ။ ဒီ အိပ်စင်တွေကို ဘယ်သူမှကြိုတင်ယူမထားဘူး” ဟု ပြောရင်း ထိုင်ခုံများ၌ လာချိတ်ဆွဲထားသည့် နာမည်ပြားများကို ဆွဲဆုတ်ကာ စင်္ကြန်ပေါ်သို့ လွှင့်ပစ်လိုက်သည်။

ထိုစဉ် ယူနီဖောင်းဝတ် မျက်နှာဖြူတစ်ယောက် သူ့တပည့်ရဲဘော်တစ်ဦးနှင့်အတူ ရောက်နေပြီဖြစ်သည်။ သူက သူ့ပစ္စည်းများကို အခန်းထဲထည့်ဖို့ သူ့ ရဲဘော်ကို ပြောလိုက်ပြီးဖြစ်သော်လည်း လုံမပျို ပြောတာ၊ လုပ်လိုက်တာတွေကို မြင်သည့်နောက် ဘူတာရုံပိုင်၏ပခုံးကို လက်ဖြင့်အသာပုတ်ပြီး ဘေးသို့ ဖယ်လိုက်သည်။ ဘာတွေဖြစ်လဲ ကျွန်တော်မသိပါ။ သို့သော်လည်း နောက်ထပ် တွဲပိုတစ်တွဲ ထပ်ချိတ်ပြီးသည်အထိ ရထားမထွက် နိုင်သဖြင့် ခရီးစဉ်နှောင့်နှေးခဲ့သည်။ လုံမပျိုတို့ မိန်းကလေးတစ်သိုက် လည်း နောက်ထပ် ဘယာကြော် ထပ်ဝယ်စားနေကြသည်။ ကျွန်တော်ကတော့ အရှက်ကို ဖုံးကွယ်ရန်အတွက် ရထားပြတင်းမှတစ်ဆင့် အပြင်သို့ကြည့်ပြီး ရှုခင်းကိုငေးနေဟန် ဖမ်းလိုက်ရသည်။

ရထားသည် ကန်ပူရ်တွင် ရပ်နားပါသည်။ လုံမပျိုလည်း သူတို့ပစ္စည်းများကို အတူတူစုပြီး အောက်ချဖို့စီစဉ်နေ သည်။ သူတို့ကို လာကြိုသည့် တောသားပုံစံ အစေခံတစ်ယောက်က ပစ္စည်းများကူညီချပေးသည်။ အမေသည် အောင့်နိုင်တော့သဖြင့် လုံမပျိုကိုမေးမိသည်။ “သမီးနာမည်က ဘာတဲ့တုန်းကွဲ့”

“ကလျာနီပါ အန်တီ”

အမေရော ကျွန်တော်ရော ထခုန်မိမလိုဖြစ်သွားကြ၏။

“သမီး အဖေက ဘယ်သူလဲ”

“အဖေက ဒီမြို့က ဆရာဝန်တစ်ယောက်ပါ။ နာမည်က ‘ရှမ်ဘူနတ် ဆင်း’ပါ”

ထိုသို့ပြောပြီး သူတို့ ရထားပေါ်က ဆင်းသွားကြသည်။

(နောက်ဆက်တွဲ)

ဦးလေး၏အမိန့်ကိုလွန်ဆန်၊ အမေ့ကန့်ကွက်ချက်ကို လျစ်လျူပြုပြီး ကန်ပူရ်သို့ ကျွန်တော် ထွက်လာခဲ့သည်။ ကလျာနီနှင့် သူ့အဖေတို့နှင့်လည်း တွေ့ခဲ့သည်။ သူတို့ရှေ့တွင် ဒူးထောက် လက်ပိုက်ကာ တောင်းပန်ခဲ့သည်။ ရှမ်ဘူနတ် ဘာဘူသည် ကျွန်တော့် ဝန်ချတောင်းပန်မှုကြောင့် ဘဝင်ခိုက်သွားသည်။ သို့သော် ကလျာနီကတော့ သူအိမ်ထောင်မပြုတော့ဟု ပြောပါသည်။ ကျွန်တော်က ဘာကြောင့်လဲဟုမေးသော် “အမေ့စကားကို နားထောင်တာပါ”ဟု သာပြောသည်။

အို ဘုရားသခင်… အမေဆိုတာ ရှိလျှင် သူ့နောက်ကွယ်မှာ ဦးလေးတစ်ယောက်လည်း ရှိနေဦးမည်လား။

ကလျာနီသည် အမိမြေကို ရည်ညွှန်းနေခြင်းဖြစ်မှန်း နောက်တော့ ကျွန်တော်နားလည်လာပါသည်။ ကျွန်တော်နှင့် မင်္ဂလာပွဲကိစ္စ မအောင်မမြင်ဖြစ်ပြီးနောက်တွင် ကလျာနီသည် အမျိုးသမီးများ၏ပညာရေးအတွက်သာ ဘဝကိုမြှုပ်နှံလိုက် တော့သည်။

သို့သော်လည်း ကျွန်တော်ကတော့ မျှော်လင့်ချက်ကိုလက်မလွှတ်ပါ။ ကျွန်တော့်နှလုံးသားထဲသို့ ဝင်ရောက်ခဲ့သည့် ထိုဂီတသည် ထိုနေရာ၌ အစဉ်ထာဝရ ဆက်လက်တည်ရှိနေပါတော့သည်။ ကျွန်တော်တို့ နားမျက်စိတို့ဖြင့် မမြင်နိုင်သည့် ဘုံဌာနတစ်ခုမှလာသော ပလွေတေးသွားသံစဉ်အလား ထိုဂီတသည် ကျွန်တော့်အား ရပ်တည်ရာ အဟောင်းကို စွန့်ခွာစေခဲ့ပါသည်။ မှောင်မိုက်သည့်ညယံတွင်ကြားခဲ့ရသည့် ‘ဒီမှာနေရာရှိတယ်’ဆိုသည့် စကားသံသည် ကျွန်တော့်ဘဝ၏ သံပြိုင်သီချင်းပိုဒ်ကလေး ဖြစ်လာခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်သည် နှစ်ဆယ့် သုံးနှစ်ဖြစ်ပြီး ယခု နှစ်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်ပါသည်။ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးသော်လည်း ဦးလေးကိုတော့ ကျွန်တော်စွန့်လွှတ်လိုက်ပါပြီ။ အမေကတော့ တစ်ဦးတည်းသောသားဖြစ်သည့် ကျွန်တော့်ကို မစွန့်လွှတ်နိုင်သေးပါ။

ကျွန်တော် ထိမ်းမြားလက်ထပ်ခွင့်ရဖို့ မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိပါသေးသလား။ ယောင်ယောင်လေးတောင် မရှိပါ။ မှောင်မိုက်သည့်ညတစ်ညတွင် ပိုင်ရှင်မသိရသော ချိုသာငြိမ့်ညောင်းသည့် အသံတစ်သံက ကျွန်တော့်ရင်ထဲ မျိုးစေ့ချပေးခဲ့သည့် ယုံကြည်မှုတစ်ခုနှင့်အတူ ကျွန်တော်ရှင်သန် နေပါသည်။ ယင်းသည် ‘ဒီမှာ နေရာ ရှိတယ်’ ဆိုသည့် အသံကလေးပင်ဖြစ်ပါသည်။ ဟုတ်သည်၊ ကျွန်တော့်အတွက် နေရာရှိသည်။ ရှိကိုရှိရမည်။ မဟုတ်လျှင် ကျွန်တော် ဘယ်ကိုသွားရမည်နည်း။ ဤသို့ဖြင့် နှစ် လ ရက်တို့ကုန်လွန်သွားခဲ့သည်။ ကျွန်တော်ကတော့ ပြောင်းလဲပါ။ ကလျာနီ့ကို သွားတွေ့သည်။ သူ့အသံလေးကို နားထောင်သည်။ တတ်နိုင်သည့် အခါတိုင်း သူ့အတွက်ကူဖော်လောင်ဖက်ရဖို့ ကျွန်တော်ကြိုးစားသည်။ ထိုနေရာသည် ကျွန်တော်နေရမည့် နေရာဖြစ်သည် ဟု ကျွန်တော့်နှလုံးသားက ပြောပါသည်။ ကျွန်တော့်အတွက် တစ်နေရာကို ရှာတွေ့ခဲ့ပြီ။ အို ငါ မသိရသော မိန်းကလေး … ငါသည် သင့်အား ပြည့်ပြည့်ဝဝ သိခွင့်မရသေးပါ။ ဘယ်တော့မှလည်း သိခွင့် ရမည် မဟုတ်ပါ။ သို့သော်လည်း ကျွန်တော်ကံကောင်းသည်။ ကျွန်တော့်အတွက် နေရာတစ်ခု ကျွန်တော်ရခဲ့၍ဖြစ်ပါသည်။

Aparichita by Rabindranath Tagore

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...