Skip to main content

ရသဝတ္ထုတို့ရဲ့သဘော


ကျွန်တော်က အခါအားလျော်စွာ ပင်ကိုရေးဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ အချို့က သူတို့ရေးထားတဲ့ ၀တ္ထုတိုလေးကို ဖတ်ကြည့်ပေးဖို့ လာလာပြတာမျိုး မကြာခဏကြုံရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ရသစာပေတွေရေးနေပေမယ့် သူများရဲ့ရသစာတစ်ပုဒ်ကို ဝေဖန်ပိုင်းခြားပြဖို့တော့ မစွမ်းနိုင်သေးတာ အမှန်ပါ။ ဒါပေမဲ့ လာပေးဖတ်ရင်တော့ အတတ်နိုင်ဆုံး ကိုယ်မြင်တာကို ပြန်ပြောပြတတ်ပါတယ်။ မကြာခင်ကတောင်မှ ညီမတစ်ယောက်က သူ့ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ကြည့်ပါဦး လို့ ပြောပါသေးတယ်။ သူ့စာလေးအတွက် မှတ်ချက်ပေးဖို့ စဉ်းစားရင်းနဲ့ တစ်ခါတည်းပဲ ကိုယ့်ရဲ့ ရသဝတ္ထုအပေါ်မှာ ထားတဲ့ အမြင်တွေကို စာနဲ့တစ်စုတစ်စည်းတည်း ကျန်ရစ်စေချင်တဲ့အတွက် ခုလို တခုတ်တရ ရေးဖြစ်တာပါပဲ။



ဒီလိုဆိုလို့ ကျွန်တော်က ခင်ဗျားတို့ကို ဆရာကြီးလုပ်ပြီး ပို့ချတယ်လို့ မမြင်စေချင်ပါဘူး။ ကျွန်တော် မြင်တာ၊ ကျွန်တော်ထင်တာကို ကျွန်တော်ပြောတာ။ ဝေမျှပေးတဲ့ သဘောပါပဲ။ ခု ဒီစာကို ဖတ်နေကြသူတွေထဲမှာ ကျွန်တော့်ထက် ၀တ္ထုရေးသားမှုမှာ ဝါပိုရင့်တဲ့၊ ပိုတော်တဲ့သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ သူတို့ရဲ့ တုန့်ပြန်ဆွေးနွေးမှုကို ရဖို့ကိုလည်း မျှော်လင့်ပါတယ်။ ဒါမှ ကျွန်တော် မမြင်သေးတာတွေ လည်း မြင်ခွင့်ရမှာပါ။

ဒီလိုပါ။ ကျွန်တော့်ကို ၀တ္ထုလေးတွေရေးလာပြီး ပေးဖတ်တဲ့သူအများစုက အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် မိန်းကလေးအများစု ဖြစ်တတ်ကြပါတယ်။ များသောအားဖြင့် စာပေဝါသနာအိုးလေးတွေပေါ့။ ၀တ္ထုလေးတွေ ဖတ်ရာကနေ ကိုယ်ကိုယ်တိုင် စမ်းရေးကြည့်ပြီး ကိုယ့်အမြင် သူများအမြင် ဖလှယ်ကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း စာစရေးစအချိန်က ဒီလိုပဲရေးပြီး ကိုယ့်ထက်ရေးတတ်မယ်ထင်တဲ့သူတွေကို လိုက်လိုက်ပြတတ် ပါတယ်။ သူတို့က ကောင်းတယ် မိုက်တယ်လို့ မှတ်ချက်ပေးရင် ပျော်ရတတ်ပြီး ဟိုဟာက ဘာဖြစ်တယ်၊ ဒီနေရာက ညံ့တယ်ဆိုရင်တော့ သိပ်မကြိုက်ချင်ပါဘူး။

ကျွန်တော်အခုနားလည်လာတာ တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ၀တ္ထုတစ်ပုဒ် (ရသစာပေလက်ရာတစ်ခု) အပေါ်မှာ လူတွေရဲ့ရှုမြင်ပုံချင်း၊ ခံစားတတ်ပုံချင်း၊ ထွင်းဖောက်မြင်နိုင်စွမ်းချင်း မတူကြတတ်တာမို့ တစ်ယောက်က ကောင်းတယ်ပြောလို့လည်း ဝမ်းမသာသင့်သေးသလို ညံ့၏လို့ မှတ်ချက်ပေးလည်း စိတ်ပျက်စရာမလိုပါဘူး။ ရသစာပေဖန်တီးတယ်ဆိုတာ အတတ်ပညာ အဆင့်ထက် ကျော်လွန်တဲ့ အနုပညာအဆင့်ဖြစ်ပါတယ်။ အနုပညာ ဆိုတာ ဓာတ်ခံပါရမီနဲ့ဆိုင်ပါတယ်။ သင်ပေးလို့မရဘူး။ အလွတ်ကျက်မှတ်လို့မရဘူး။ ဒါဟာ ကိုယ့်မှာရှိတဲ့ ဓာတ်ခံပါရမီကို ကိုယ့်ဟာကိုယ် မွေးမြူလေ့ကျင့် ပေးရတာမျိုးဖြစ်ပါတယ်။

ဒီတော့ ဆက်ပြောရရင် ၀တ္ထုရေးဝါသနာပါသူတွေအနေနဲ့ ကိုယ့်ရဲ့ဖန်တီးမှုအပိုင်းမှာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ကိုဖွင့်ထားပြီး ဖန်တီးဖို့ပါပဲ။ ဘယ်သူ့ရဲ့ လမ်းစဉ်ကိုမှ ပုံတူကူးစရာမလိုသလို လုံးဝပစ်ပယ်ရမယ်လို့လည်း မဆိုလိုပါဘူး။ စု-တု-ပြု ဆိုတဲ့စကားအတိုင်း မှီးသင့်တာမှီး၊ ယူသင့်တာယူပြီး ကိုယ့်ကိုယ်ပိုင် တစ်ခုကို ဖန်တီးရမှာပါ။ ဖန်တီးရာမှာ ပါရမီကိုလိုက်လို့ တယောက်နဲ့တယောက် ရင့်ကျက်လာပုံချင်း၊ တိုးတက်လာပုံချင်း တူမှာမဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ ပြန်ပေတံတိုင်းဖို့ပါပဲ။ ငါ့အရင်လက်ရာနဲ့ အခုလက်ရာ ဘယ်လောက်ကွာခြားသွားလဲ။ တိုးတက်လာလား ဘယ်လောက် တိုးတက်မှုရှိသလဲ ဆိုတာကို (သူများအပြောထက်စာရင်) ကိုယ်တိုင် ထွင်းဖောက်မြင်နိုင် အောင် ကြိုးစားရမှာပါ။

ကျွန်တော် မိတ်ဆွေတွေရဲ့ဝတ္ထုတိုလေးတွေကို ဖတ်ရတော့ အများအားဖြင့် ဘာသွားတွေ့ရသလဲဆိုတော့ (လူငယ်တွေဖြစ်တဲ့အားလျော်စွာ) အချစ်အကြောင်းကို အဓိက ရေးဖွဲ့ကြတာတွေ့ရတယ်။ ဒါကတော့ ဘယ်ခေတ်ဘယ်အခါမှာမှ ရိုးသွားမှာမဟုတ်တဲ့ ခေါင်းစဉ်ပါ။ အချစ်အကြောင်းရေးတာ ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဘယ်မှာသွားတွေ့လဲဆိုတော့ များသောအားဖြင့် သူတို့က ၀တ္ထု (အနုပညာဖန်တီးမှု) ကို ခံစားချက်ရင်ဖွင့်သံစာမျိုးနဲ့ သွားရောတာပါပဲ။ ကိုယ်နဲ့ ဒီကောင်(မ)လေးနဲ့ ဘယ်လိုစတွေ့တယ်၊ ဘယ်လောက်ချစ်တယ်။ ဘယ်လိုကြည်နူးရတယ်၊ ဘယ်လို အဆင်မပြေဖြစ်တယ်၊ ဘယ်လိုကွဲတယ် စတဲ့ ပုံစံမျိုးနဲ့ ဇာတ်ကြောင်းပြောပုံစံမျိုးနဲ့ ရေးသွားကြမယ်။ သူ့ကို ကိုယ်က ဘယ်လောက်ချစ်ကြောင်း၊ သူဟာ ဘယ်လောက် လှတယ် (ချောတယ်) ဆိုတာ စာဖွဲ့မယ်။ ကိုယ်ခံစားရတဲ့ ကြည်နူးမှု၊ ပူဆွေးမှု၊ လွမ်းဆွတ်မှု စတာတွေကို စကားလုံးနုနုရွရွလေးတွေ သုံးပြီး စာဖွဲ့ပြမယ်။ ဒီလို ပုံစံ အများဆုံးတွေ့ရတယ်။

ခံစားမှုအပေါ်အခြေခံတဲ့အခါ စာတစ်ပုဒ်ဟာ ကိုယ့်ရဲ့အရေးအသားစွမ်းရည်ကြောင့် ဘယ်လောက်ကြွတက်နေပါစေ စာဖတ်သူဟာ ဘယ်လိုမှမခံစားရဘဲ ဖြစ်နေတတ်တယ်။ ဒီအခါမှာ စာရေးသူဟာ မချင့်မရဲဖြစ်မှာပဲ။ ငါဒီလောက် ခံစားပြီးရေးထားတာ သူက ဘယ်လိုမှ မနေဘူး စသည်ဖြင့်ပေါ့။ ဒါဆိုရင် စာဖတ်သူကို စိတ်မဆိုးပါနဲ့။ သူ့မှာအပြစ်မရှိပါဘူး။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ရေးတဲ့စာကို ကိုယ်ရယ် (သက်ဆိုင်သူရယ်ကလွဲရင်) တခြားလူက ခံစားပေးလို့ ရမှာမဟုတ်ပါဘူး။ ကျွန်တော် ကောင်မလေးတစ်ယောက်ကို ဘယ်လောက်ကြွေလို့ ဘယ်လိုပဲစာဖွဲ့ပါစေ စာဖတ်သူက သူကိုယ်တိုင် အဲဒီကောင်မလေးကို ကြွေမနေရင်၊ ဒါမှမဟုတ် အဲဒီကောင်မလေးနဲ့ အလားတူတဲ့ တစ်ယောက် သူ့မှာလည်းရှိမနေရင် ဘယ်လိုမှခံစားလို့ရမှာမဟုတ်ပါဘူး။ ယောက်ျားလေးများ အနေနဲ့က ရည်းစားစာရေးဖူးကြမှာဖြစ်သလို မိန်းကလေးဆိုရင်လည်း တချို့ ကိုယ့်ခံစားချက်လေးတွေကို တိတ်တိတ်လေး ဒိုင်ယာရီရေးမှတ်ထားတတ် ကြတယ်။ အဲဒီစာတွေကို တခြားလူတစ်ယောက်က ဖတ်ကြည့်ရင် ကိုယ့်လိုလိုက်ခံစားမှာမဟုတ်ပါဘူး။ ရယ်ချင်လည်း ရယ်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နောင်နှစ်အတော်ကြာမှာ အဲဒီစာကို ပြန်ဖတ်ကြည့်ပါ။ “ငါအတော်ပေါတာပဲ” လို့ တွေးမိမှာအမှန်ပဲ။

ဒါဟာ ဘာကြောင့်လဲဆိုတော့ အတော်များများက ၀တ္ထုနဲ့ ရည်းစားစာ/ဒိုင်ယာရီမှတ်တမ်း မကွဲလို့ပါပဲ။ ရည်းစားစာ/ဒိုင်ယာရီဆိုတာ ကိုယ့်ရဲ့ခံစားချက် သက်သက်ကိုပဲ ရေးတယ်။ ဘာဦးတည်ချက်၊ ဘာစေတနာ၊ ဘာဉာဏ်အလင်းပွင့်မှုမျိုးမှ မပါပါဘူး။ ဟုတ်ပြီ။ ဘာ ဦးတည်ချက်၊ ဘာ စေတနာ၊ ဘာ ရည်ရွယ်ချက်၊ ဘာ ဉာဏ်အလင်းပွင့် မှုမျိုးတွေလဲ။

ဆိုရှယ်လစ်သရုပ်မှန်စာပေခေတ်ကနေ မော်ဒန်၊ပို့စ်မော်ဒန်ရယ်လို့ကျယ်ကျယ် လောင်လောင် အော်နေကြတဲ့ ဒီနေ့ခေတ်အထိ ရသစာပေအပေါ်မှာ အဓိပ္ပာယ်ဖွင့်ဆိုပုံချင်း မတူပါဘူး။ ဒါတွေကို ကျောင်းမှာစာသင်ရင် ဆွေးနွေးကြသလို ကျွန်တော် သရုပ်ခွဲပြမှာမဟုတ်ပါဘူး။ ခွဲလည်း ခွဲမပြတတ်ပါဘူး။ ကျွန်တော့်အမြင်အရတော့ ၀တ္ထုကောင်းတစ်ပုဒ်မှာ အဓိကတွေ့ရတဲ့အချက်တွေ ရှိတယ်။ ကျွန်တော် မြင်မိတာတွေပေါ့လေ။ ကျွန်တော့်ကိုယ်ပိုင်ပါ။

၁။ စာရေးဆရာဟာ သူမြင်၊ ကြား၊ ထိတွေ့၊ သိမြင်ရတာတစ်ခုအပေါ်မှာ နက်နက်ရှိုင်းရှိုင်းခံစားရပြီး ရေးတာဖြစ်တယ်။ (Inspiration)

၂။ သူ့မှာ အဓိကပြောပြချင်တဲ့ သိမ်မွေ့တဲ့ခေါင်းစဉ်၊ အကြောင်းအရာ၊ ပန်းတိုင်တစ်ခုရှိတယ်။ (Main theme)

၃။ အဲဒီလို ရေးသားရာမှာ လူ့စိတ်၊ လူ့မနော၊ လူ့စရိုက်သဘာဝကို ပေါ်လွင်အောင်ရေးဖွဲ့တယ်။ (Character)

၄။ ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခံ့မှုကအစ စကားလုံးရွေးချယ်သုံးစွဲပုံ၊ အရေးအသားနိုင်နင်းပုံတွေနဲ့ အားဖြည့်ကူတယ်။ (Skill)

ဒါ ကျွန်တော် မြင်မိသလောက်ပါ။ ၀တ္ထုတိုဖြစ်ဖြစ် ၀တ္ထုအရှည်ဖြစ်ဖြစ် ဒီ လေးချက်နဲ့တော့မလွတ်ပါဘူး။ ဒီလေးချက်နဲ့မပြည့်စုံရင် ၀တ္ထုမဟုတ်ဘူး။ ဒိလေးချက် အားမကောင်းရင် ၀တ္ထုကောင်းမဟုတ်ဘူး။ ကျွန်တော် ဒီလိုမြင်တယ်။ ကိုယ့်အနေနဲ့ ကောင်လေး/ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံ ချစ်ကြိုက် ကွဲညားကြတာကိုပဲ ပြန်ပြောပြတာကတော့ ၀တ္ထုမဟုတ်ဘူး။ စျေးထဲမှာ ငါးသည်နဲ့ ရန်ဖြစ်ခဲ့တာကို ရေးပြရုံသက်သက်ကတော့ ၀တ္ထုမဟုတ်ဘူး။ စိတ်ထဲမှာ တောင်တောင်အီအီပေါ်လာတဲ့ ဟာတွေကို ရေးပြတာဟာ ၀တ္ထုမဟုတ်ပါဘူး။ ဒါမျိုးကို စာစီစာကုံး ရေးရင်လည်း ရေးကြတာပါပဲ။ စာစီစာကုံးဟာ ၀တ္ထုမဟုတ်ဘူး။ ဒါကြောင့် ကိုယ်ရေးတဲ့စာဟာ ၀တ္ထုဟုတ်မဟုတ် ခုနက အချက် ၄ ချက်နဲ့ ပြည့်စုံရဲ့လားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါလို့ အကြံပေးချင်ပါတယ်။

ရသစာပေလက်ရာတစ်ခုမှာ inspiration ခေါ် နက်ရှိုင်းတဲ့ခံစားမှုဟာ မူလအစဖြစ်ပါတယ်။ ဂန္ထဝင်ဝတ္ထုတွေထဲမှာ တော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေးမှာ စာရေးဆရာဟာ စစ်ရဲ့အနိဋ္ဌာရုံကို တင်ပြလိုရင်းဖြစ်ပြီး အဲဒီမှာ သူ့ရဲ့ဇာတ်ကောင်စရိုက် ရေးဖွဲ့မှုအတတ်ပညာကိုပေါင်းစပ်လိုက်ရာမှာ ကမ္ဘာကျော်ဝတ္ထုကြီး ဖြစ်သွားတယ်။ လေရူးသုန်သုန်လည်း ဒီအတိုင်းပဲ။ မိန်းမတစ်ယောက်ရဲ့ စိတ်နေစိတ်ထား လူ့သဘာဝကို အမေရိကန်ပြည်တွင်းစစ်နောက်ခံထားပြီး ခြယ်မှုန်းလိုက်ရာမှာ အင်မတန် လက်ရာမြောက်စာပေလက်ရာတစ်ခု ဖြစ်သွားတယ်။ မေ ၀တ္ထုမှာလည်း စာရေးဆရာဟာ မိန်းမ တစ်ယောက်ရဲ့ ပုဂ္ဂလိက အတ္တနဲ့ လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံတွေ၊ သံကူတွေ၊ ရက်မတွေ၊ ထောက်တံတွေနဲ့ ယှက်သန်းပြီး တင်ပြတယ်။ အတိုချုပ်ပြောရရင် ၀တ္ထုတွေအားလုံးမှာ လူသားဇာတ်ကောင်ကို အဓိကထားတယ်။ အဲဒီ လူသားရဲ့ပုဂ္ဂလိက အတ္တ (ဝါ) အတ္တနောမတိ (ဝါ) စရိုက်သဘာဝနဲ့ အဲဒီ စရိုက်သဘာဝရဲ့ ရင်းမြစ်မူလ မြစ်ဖျားခံရာကိုတင်ပြတယ်။

၀တ္ထုမရေးတတ်တဲ့သူ၊ သို့မဟုတ် မရေးတတ်သေးသူ၊ သို့မဟုတ် ၀တ္ထုဆိုတာကို ဒိုင်းကနဲ နားမလည်သေသူတစ်ယောက်ရေးတဲ့စာကိုဖတ်ရင် အဓိက ကွာတာက သူ့ရဲ့စာထဲက ဇာတ်ကောင်နေရာမှာ စာဖတ်သူဟာ ရောက်မသွားဘူး။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ စာရေးသူဟာ ဇာတ်လမ်းကိုသာ ပုံပြင်တစ်ပုဒ်ပြောသလို ပြောနေပြီး ဇာတ်ကောင်တစ်ကောင်ကိုတော့ မဖန်တီးနိုင်လို့ပါပဲ။ သို့မဟုတ် ဖန်တီးရင်တောင် ရုပ်လုံးမကြွလို့ပါပဲ။ ဝေးနေတယ်။ အားပျော့နေတယ်။ ဝေဝါးနေတယ်။ ဒါကြောင့် စာဖတ်သူဟာ ဇာတ်လမ်းကိုသာဖတ်သွားပြီး ဇာတ်လမ်းထဲကို ကိုယ်တိုင်ရောက်မသွားဘူးဖြစ်နေတယ်။ ဒါက အဓိက အားနည်းချက်ပဲ။

နောက်တစ်ခုက theme (ဦးတည်ချက်၊ အဓိကအကြောင်းအရာ၊ ကိုယ့်ရဲ့အာဘော်)။ ဆောင်းပါးမှာ ကိုယ့်ရဲ့အာဘော်ကို ထည့်သလို ၀တ္ထုမှာလည်း ရေးသူရဲ့ အာဘော်၊ ဘဝအမြင်၊ ဘဝခံယူချက်၊ အတွေးအခေါ်တွေကို ထည့်တာပဲ။ ဒါပေမယ့် ထည့်ပုံချင်းတော့မတူဘူး။ ဆောင်းပါးမှာ ရသမပါဘူး။ ပြောချင်တာကို တည့်ပြောတယ်။ ရှင်းရှင်းပြောတယ်။ အကြောင်းအကျိုး အထောက်အထားနဲ့ တင်ပြတယ်။ ၀တ္ထုမှာတော့ အဲလို ပြောချင်မှပြောမယ်။ သူဟာ တစ်နည်းနည်းနဲ့ ပြမယ်။ မပြောဘူး။ တည့် ပြောတယ်ဆိုရင် နဝတ နအဖရဲ့ ပေါ်လစီဇာတ်ကားတစ်ကားကို ကြည့်ရသလိုပဲ။ “တို့ နိုင်ငံတော်အစိုးရလက်ထက်မှာ … နိုင်ငံတော်ရဲ့ စေတနာကြောင့် …” စတဲ့ စကားတွေ လှိုင်လှိုင်သုံးတဲ့ ဖော်လံဖားကားကြီးနဲ့ ထူးမခြားနားဖြစ်သွားလိမ့်မယ်။

၀တ္ထုကောင်းတွေကို ဖတ်ကြည့်ပါ။ သူတို့မှာ သူတို့ပေးချင်တဲ့ အသိ (message) ဆိုတာရှိတယ်။ တချို့အသိတွေက ခပ်ပေါ့ပေါ့ ခပ်တိမ်တိမ်၊ တချို့ကျတော့ သိပ်လေးလေးနက်နက်။ ဒါအပေါ်လိုက်ပြီး ၀တ္ထုရဲ့အဆင့်အတန်း ကွာခြားသွားတယ်။ ဒီနေရာမှာပြောချင်တာက ၅၅၀ ဇာတ်နိပါတ်တော်တွေဟာလည်း တကယ်တော့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတဲ့ ဗုဒ္ဓတရားတော်ကို လက်ဆင့်ကမ်းတဲ့တွေပဲ။ ကျွန်တော်တို့ငယ်ငယ်က ကြားဖူးတဲ့ ရွှေယုန်နဲ့ရွှေကျားတို့၊ စင်ဒရဲလားတို့၊ စနိုးဝှိုက်တို့ကည်း နောက်ဆုံးတော့ လူဆိုးသည် ဒုက္ခရောက်၍ လူကောင်းသည် သုခချမ်းသာရသည် ဆိုတဲ့ ရိုးရှင်းတဲ့စကားလက်ဆောင်တွေ ပါးနေတာပဲ။ ဒီ ဘာသာရေးဇာတ်နိပါတ်တွေနဲ့ ရိုးရာပုံပြင်တွေကတော့ ဒီ ကိုယ်ကျင့်တရား ပို့ချချက် သဘောတွေကို ရိုးရိုးပဲ တင်ပြတယ်။ အဲ ၀တ္ထုတွေမှာကျတော့ ဒီလောက်မရိုးစင်းတော့ဘူး။

၀တ္ထုတွေဟာ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ သဘောတရားတွေကို စာဖတ်သူကို ပို့ချနေတာမဟုတ်ဘူး။ လူ့လောကမှာ ဖြစ်တတ်၊ ပျက်တတ်တဲ့ နိယာမ သဘောတွေကို သူ ဖြိုးကနဲ ဖျတ်ကနဲမြင်လိုက်တဲ့ ပြတင်းပေါက်လေးကနေ သူ တင်ပြတယ်။ သူ တစ်ခုခုကို ပြောတယ်။ အဲဒါဟာ အများလက်ခံမထားတဲ့ အချက်လည်း ဖြစ်နိုင်သလို အများလက်ခံပြီးသား အချက်ကို ထပ်ပြောတာလည်း ဖြစ်နိုင်တယ်။ ဘာသာရေးဇာတ်နိပါတ်တွေ၊ ပုံပြင်တွေနဲ့ မတူတာက ၀တ္ထုတွေမှာ နောက်ဆုံးတော့ လူဆိုးသေ၍ လူကောင်းရှင်သည်၊ မင်းသားမင်းသမီး ညားသည်၊ ရာဇဝတ်ဘေးပြေးမလွတ် ဆိုတာတွေဟုတ်ချင်ဟုတ်မယ်။ ၀တ္ထုမှာ လူဆိုးရှင်ပြီး လူကောင်း သေချင်လည်းသေမယ်။ မင်းသားမင်းသမီး ကွဲချင်လည်းကွဲမယ်။ ဥပဒေအထက်က လူတွေက ကောင်းစားပြီး ဥပဒေကို လေးစားသူတွေက ဒုက္ခရောက်ချင်လည်း ရောက်မယ်။ ဘာပဲဖြစ်ပါစေ လောကကို သူမြင်သလို သူပြောတာပဲ။ သူ ပြတာပဲ။ သူ့မှာ အကောင်းနဲ့အဆိုးနဲ့ဟာ အဲဒီလောက် မရှင်းလင်း မပြတ်သားဘူး။ ကမောက်ကမတွေလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ အဲဒီနှစ်ခုကြား ခြားထားတဲ့စည်းဟာ အဲဒီလောက် မရှင်းလင်းဘူး။ ရောထွေးနေတယ်။ ယှက်တင်နေတယ်။ ပုံသေနည်းတွေ လွဲချင်လွဲနေတယ်။ ဘာပဲပြောပြော ၀တ္ထုရေးဆရာဟာ သူမြင်တဲ့အတိုင်း သူ သစ္စာရှိရှိနဲ့ တင်ပြတယ်။ ဒါက ၀တ္ထုနဲ့ ရိုးရာဘာသာရေးဇာတ် နိပါတ်တွေ၊ ပုံပြင်တွေနဲ့ ကွာခြားတဲ့အချက်ပဲ။ ဒါပေမယ့် သူတို့မှာ တစ်ခုခုကို ပေးချင်တာ (convey message) ချင်းတော့ တူကြတယ်။

၀တ္ထုကောင်းတွေမှာ အင်မတန်လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ ဇာတ်ကောင်တွေ (အနည်းဆုံး) တစ်ဦးပါရှိကြတယ်။ လူသားဇာတ်ကောင်အပေါ် ဗဟိုမပြုဘဲနဲ့ ၀တ္ထုတစ်ပုဒ်ဟာ တန်ဖိုးရှိမလာဘူး။ ဒါဆို မေးစရာရှိတယ်။ တခါတလေ တိရစ္ဆာန်တွေကရော ဇာတ်ကောင်ဖြစ်မနေတတ်ဘူးလား။ ဥပမာ သိပ္ပံမောင်ဝရဲ့ ခွေးအကြောင်းရေးတဲ့ ၀တ္ထုတိုလေးတွေပေါ့။ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း ခွေးကို သူက လူဖြစ်အောင် ရေးပြသွားတာဖြစ်တယ်။ ခွေးကို ခွေးအတိုင်းရေးတာမဟုတ်ပါဘူး။ ဆိုလိုချင်တာက လူသားဇာတ်ကောင်ဆိုတာ ခံစားတတ်တဲ့၊ တွေးခေါ်မြော်မြင်တတ်တဲ့၊ လူ့အဖွဲ့အစည်းရဲ့ပျိုးထောင်မှု၊ လေ့ကျင့်သင်ကြားပေးမှုကို ခံနေရတဲ့ သတ္တဝါရယ်လို့ ဆိုလိုချင်တာပါ။ လူ့အဖွဲ့အစည်းရဲ့တည်ဆောက်ထားတဲ့ လူမှုစက်ရုံတွေကနေ မွေးထုတ်ပေးလိုက်တဲ့ ပုဂ္ဂိုလ်လေးတွေဖြစ်ပါတယ်။ ခံစားချက်ကင်းမဲ့၊ စရိုက်သဘာဝမပြည့်စုံ၊ တွေးခေါ်စဉ်းစားမှုမရှိတဲ့ သတ္တဝါကိုဆိုလိုတာမဟုတ်ပါဘူး။

အနှစ်ချုပ်ရရင်တော့ဗျာ ၀တ္ထုတစ်ပုဒ်မှာ လူ့အဖွဲ့အစည်းပါတယ်။ လူ့အဖွဲ့အစည်းက မွေးထုတ်လိုက်တဲ့ လူသားလေးတွေပါတယ်။ အဲဒီ လူသားတွေမှာ ကိုယ်ပိုင်စရိုက်လက္ခဏာကိုယ်စီရှိတယ်။ သူ့မှာ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ ပုဂ္ဂလိကအတ္တတို့ လည်း ရှိနေပြန်တယ်။ ဒီမှာ လူ့အဖွဲ့အစည်းက ပြဋ္ဌာန်းထားတဲ့ မူဘောင်နဲ့ သူ့ပုဂ္ဂလိကအတ္တတို့ကြားက လွန်ဆွဲမှု၊ တွန်းတိုက်မှု၊ ကွဲလွဲမှု၊ တိုက်ဆိုင်မှုတွေနဲ့ ဘဝမှာ ဘယ်လို နေထိုင်သွားရလဲဆိုတာ ၁၅ မိနစ်စာလောက် ဖြစ်ချင်ဖြစ်မယ်၊ တစ်ဘဝစာလည်း ဖြစ်ချင်ဖြစ်မယ် စာရေးဆရာက ရေးပြသွားတယ်။ အဲဒီအကြောင်းအရာဟာ အချစ်လည်းဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံရေးလည်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုအရေးလည်း ဖြစ်ချင်ဖြစ်မယ်၊ စီးပွားရေးလည်း ဖြစ်ချင်ဖြစ်မယ်၊ ဘာပဲဖြစ်နေပါစေ သူ့ဇာတ်ကောင်ဟာ သူ့စရိုက်တစ်ခုနဲ့သူ လူးလွန်းလှုပ်ရှားနေတယ်။ ပြီးရင် တစ်နေရာရာမှာဖြတ်ပြီး မြင်ကွင်းကိုချုံ့လိုက်မယ်။ မြင်ကွင်း အကျဉ်းအကျယ်ကိုလိုက်ပြီး ၀တ္ထုအတိုအရှည်ကွဲသွားမယ်။ ဒါပေမယ့် ရသလက်ရာမြောက် ၀တ္ထုတစ်ပုဒ် ဖြစ်သွားမယ်။

ကျွန်တော်တို့ ကျောင်းမှာမြန်စာစာသင်တုန်းက ရသကိုးပါးဆိုတာ သင်ရတယ် မဟုတ်လား။ ရသဆိုတာ ကိုးပါးပဲရှိရှိ၊ အပါး ၉၀ ပဲရှိရှိပါ။ ဒါက အကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ လိုရင်းက ရသဝတ္ထုတစ်ပုဒ်ဟာ ရသတစ်ခုခုမြောက်နေဖို့တော့ လိုတယ်။ ရသမမြောက်ဘဲနဲ့ ဘယ်လိုလုပ် ၀တ္ထုလို့ ခေါ်နိုင်မလဲ။ ရသမြောက်ဖို့ဆိုတာလည်း ခုနက ကျွန်တော်ပြောခဲ့တဲ့ အချက်လေးချက် (inspiration, theme, character and skill) တို့ အချိုးညီညီ ပေါင်းစပ်ပါဝင်ရပါမယ်။ ဒီလို ပေါင်းစပ်တတ်ဖို့ဟာလည်း သင်ပေးလို့မရပြန်ဘူး။ အထက်ကပြောခဲ့သလို စာရေးခြင်းဟာ အတတ်ပညာမဟုတ်၊ အနုပညာ မို့လို့ပါပဲ။

၁။ လောကအပေါ် နက်နက်ရှိုင်းရှိုင်း ခံစားတတ်ဖို့ ကိုယ့်မှာ ဉာဏ်ရည်မြင့်မှု (IQ) နဲ့ နှလုံးရည် (EQ) မြင့်မှုတွေ ရှိဖို့လိုပါတယ်။

၂။ ကိုယ်ခံစားလိုက်ရတဲ့အပေါ်ကနေရလာတဲ့ အနှစ်သာရကို သိမ်သိမ်မွေ့မွေ့ပေးတတ်၊ ပြောတတ်တဲ့စွမ်းရည်ရှိရမယ်။

၃။ လူ့စရိုက်လူ့သဘာဝတွေကို ပီပြင်အောင်တင်ပြနိုင်ဖို့ လူတွေအကြောင်း၊ လူတွေရဲ့စိတ်ကို စိတ်ဝင်စားမှု၊ လေ့လာမှု၊ သုံးသပ်ဆင်ခြင် နိုင်မှု စတာတွေလိုပါတယ်။

၄။ နောက်ဆုံး … ကိုယ်အသုံးပြုမယ့် ဘာသာစကားအပေါ် ကျွမ်းကျင်နိုင်နင်းမှုနဲ့ (၀တ္ထုရှည်ဆိုရင်) ဇာတ်လမ်း ဇာတ်အိမ်ကောင်းတစ်ခု တည်ဆောက်နိုင်တဲ့ ဖန်တီးနိုင်စွမ်း မြင့်ရပါမယ်။

အနုပညာဟာ သင်ပေးလို့မရပေမယ့် သူ့မှာ သဘောတရားရှိတယ်။ အငွေ့အသက်ဆိုတာရှိတယ်။ အနုသယသဘောရှိတယ်။ ဒါတွေကို ရအောင် ဖမ်းဆုပ်နိုင်မယ်ဆိုရင် ၀တ္ထုကောင်းကောင်းတွေ ပေါ်ထွက်လာမှာအမှန်ပါပဲ။

ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...