၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့စစ်အစိုးရဟာ ၂၀၁၀
ပြည့်နှစ် မှာတော့ သူတို့စိတ်ကြိုက် ကစားပွဲကို အသာစီးယူပြီး ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်၊ ကိုယ့်ဒိုင်တွေနဲ့အတူ ရွေးကောက်ပွဲကို အနိုင်ယူခဲ့ပါ တယ်။ ဒီ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာတို့ရဲ့ ဝေဖန်သံတွေကလည်း ညံမစဲခဲ့ပါဘူး။ ဒါပေမဲ့လည်း စစ်အစိုးရ လက်ထက်မှာ ဝန်ကြီးချုပ်လုပ်ခဲ့ပြီး အများ နှာခေါင်းရှုံ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မွေးဖွားပေးခဲ့တဲ့ အမျိုးသား ညီလာခံရဲ့ နာယကလည်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန်ကနေ ဦးသိန်းစိန်အဖြစ်နဲ့ သမ္မတရာထူးကို ဆက်ခံခဲ့တဲ့ နောက်ပိုင်းမှာ သူ့ရဲ့မူဝါဒ (ဗျူဟာ??) ရေးရာအပြောင်းအလဲ တချို့ကြောင့်ဝေဖန်ခဲ့သူ အတော်များများလည်း ခေါင်းထောင် ကြည့်လာခဲ့ကြသလို အရင်က “မူ” ခဲ့တဲ့သူ အတော်များများဟာဆိုရင် “အစိုးရသစ်” ဆိုတာကြီးနဲ့ လက်တွဲလုပ်ဖို့ဆိုပြီး အလုအယက် အပြေးအလွှားနဲ့ အရောက်လာခဲ့ကြ တဲ့ အထိပါပဲ။
ဦးသိန်းစိန်ဦးဆောင်တဲ့ပုံပြောင်းအစိုးရဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလို့ကြွေးကြော်သလို ဒီမိုကရေစီခရီးကို ချီတက်ရာမှာလည်း နာက်ကြောင်းပြန်မလှည့်တော့ပါဘူးလို့ အကြိမ်ကြိမ် အာမခံပါတယ်။ ဒါပေမဲ့လည်း တာဝန်စတင် ယူစဉ်ကစပြီး အချီးကျူးခံခဲ့ရတဲ့ ဦးသိန်းစိန်အစိုးရဟာ အစိုးရသက်တမ်းတစ်ဝက်မရှိတရှိကစပြီး အဝေဖန်ခံစပြုလာရသလို သူဦးဆောင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဆိုတာကိုလည်း အများကသံသယရှိလာကြပါတော့တယ်။ အဓိက အကြောင်းရင်းတွေကတော့ တိုင်းရင်းသားတွေနဲ့အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူမယ့် ကိစ္စမှာ ကတိမတည်မှု၊ ရှေ့စကားနောက်စကားမညီမှုတွေ၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ လုံးလုံး မညီပါဘူးဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ့်ကိစ္စမှာဘောင်ထဲကနေ တားဆီးနေတယ်လို့ ယူဆချင်စရာ လုပ်ရပ်တွေ၊ အတိုက်အခံတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေကို ဖမ်းဆီးတရား စွဲဆိုပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်မှုတွေ၊ ဆင်းရဲသားပြည်သူတွေရဲ့အကျိုးစီးပွားထက် စစ်တပ်ပိုင်ဦးပိုင် ကုမ္ပဏီနဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားဘက်ကသာလျှင် ပိုမိုရပ်တည်တဲ့ သဘောတွေရှိတာတွေ၊ လယ်ယာမြေအဓမ္မသိမ်းယူမှု ကိစ္စတွေကို မဖြေရှင်းပေးတာ (ဖြေရှင်းပေးလိုစိတ်မရှိတာ?) နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နာက်ဆုံး ဘာသာရေးလူမျိုးရေး အဓိကရုဏ်းတွေချိန်ကိုက် ပေါ်ပေါက် ခဲ့ပြီး ဒီအပေါ်မှာ အစိုးရဟာ သိသိသာသာ မျက်ကွယ်ပြုထားတာတွေ စတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဦးသိန်းစိန်တာဝန်ယူခဲ့တဲ့ သက်တမ်းလေးနှစ်အတွင်းမှာ ဒီမိုကရေစီ အစိုးရလို့ကြွေးကြော်တဲ့ အစိုးရ တစ်ရပ်ရဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ကိုက်ညီမှု ဘယ်လောက်ရှိလဲ ဆိုတာကို အကြမ်းဖျင်းလေ့လာကြည့်မှာဖြစ်ပါတယ်။ ဦးစွာပထမအနေနဲ့ ၂၀၁၁ ခုနှစ် နာက်ပိုင်း စစ်အာဏာရှင်စနစ်ကို ပုံပြောင်းထားတဲ့ အရပ်ဝတ်လဲအစိုးရလက်ထက် အုပ်ချုပ်ရေးစနစ် ဟာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်တော့ မဟုတ်သေးဘူးဆိုတာကိုတော့ ပလ္လင်ခံထားချင်ပါတယ်။ ဒါကိုလည်း ငြင်းဆန် ချင်တဲ့သူ အနည်းငယ်ကလွဲရင် အများစုလက်ခံကြမယ်လို့ ထင်ပါတယ်။
ရှေးဦးစွာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ဝိသေသလက္ခဏာတွေကို ပန်ပြောင်းကြည့်မယ်ဆိုရင် ယေဘုယျ အနေနဲ့ တော့ ဒီမိုကရေစီနိုင်ငံရယ်လို့ ခါ်ဆိုနိုင်ဖို့ရာအတွက် အောက်ပါလက္ခဏာတွေနဲ့ ပြည့်စုံကိုက်ညီ ရမယ်လို့ အများအပြားက လက်ခံယုံကြည်ကြပြီးသားဖြစ်ပါတယ်။
၁။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အချိန်ကာလတစ်ခုကိုရောက်တိုင်း လွတ်လပ်ပြီးတရားမျှတတဲ့ ပုံမှန်ရွေးကောက်ပွဲတွေကိုကျင်းပတယ်။
၂။ အဲဒီရွေးကောက်ပွဲတွေမှာ နိုင်ငံသားတိုင်းမဲပေးခွင့်ရတယ်။
၃။ အစိုးရက ရွေးကောက်ပွဲရလဒ်ကိုမူတည်ပြီး မူဝါဒတွေချမှတ်တယ်။
၄။ နိုင်ငံသူနိုင်ငံသားတွေဟာ ပြည်သူ့ကိုယ်စားလှယ်အဖြစ် (တစ်နည်း) နိုင်ငံရဲ့မူဝါဒချမှတ်သူတွေအဖြစ် ဝင်ရောက် ရွေးကောက်ခံနိုင်တယ်။
၅။ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ရှိတယ်။ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ရှိတယ်။
အထက်ပါအချက်တွေဟာ ယေဘုယျလက်ခံထားကြတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တစ်ရပ်ရဲ့ အခြေခံ လက္ခဏာတွေ ဆိုပေမယ့်လည်း၊ အဲဒီအချက်တွေနဲ့ဒီမိုကရေစီပါလို့ပြောလို့မရသေးဘူးလို့ ငင်းချက်ထုတ်တဲ့ သူတွေလည်းရှိတယ်။ သူတို့က ဥပမာ စင်ကာပူလိုနိုင်ငံမျိုးကိုထောက်ပြပြီး စင်ကာပူမှာပုံမှန် ကျင်းပနေကျ ရွေးကောက်ပွဲတွေရှိပေမယ့်လည်း အဲဒီရွေးကောက်ပွဲတွေဟာ ပြိုင်ဆိုင်မှုမပြင်းထန်ဘဲ တစ်ဦးတစ်ယောက်၊ တစ်ပါတီတည်းကပဲကြီးစိုးထားတဲ့အတွက် စင်ကာပူကို ဒီမိုကရေစီလို့မသတ်မှတ်ချင်ကြသူတွေလည်း ရှိပါတယ်။
အဲဒါကြောင့် ဒီထက်ပိုပြီးတိတိကျကျနဲ့ ဒီမိုကရေစီကိုဖွင့်ဆိုချင်သူတွေကတော့ ဒီမိုကရေစီလို့
ခေါ်ဆိုနိုင်ဖို့ရာ -
၁။ အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာ ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်ရမယ်
၂။ ဥပဒေပြုအဖွဲ့ (လွှတ်တော်)ဟာ ရွေးကောက်တင်မြှောက်ခံထားရသူတွေ ဖစ်ရမယ်
၃။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ တစ်ခုထက်မက ရှိရမယ်
၄။ ရွေးကောက်တင်မြှောက်ပုံနည်းတစ်မျိုးတည်းအရကိုပဲ အာဏာလက်လွှဲလက်ပြောင်းမှုမျိုးတွေ ရှိနေရမယ် လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပြန်ပါတယ်။
ဒါကဘာကိုဆိုလိုချင်သလဲဆိုတော့ ရွးကောက်ပွဲတွေရဲ့အရေးပါပုံကို အသိအမှတ်ပြုတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲတွေ ရှိနေရုံတစ်ခုတည်းနဲ့ ဒီမိုကရေစီရှိနေပြီလို့ပြောဖို့ရာ မလုံလောက်ဘူး ဆိုတဲ့ သဘောထွက်တယ်။ ရွေးကောက်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်တဲ့ပါတီ အနည်းဆုံး နှစ်ခု ရှိရမယ်၊ ဒါ့အပြင် အရေးအကြီးဆုံး အချက်က တစ်ပါတီတည်းကချည်းပဲ အမြဲနိုင်နေတာမျိုးလည်း မဖြစ်ရဘူး။ သူတစ်ပြန် ကိုယ်တစ်ပြန် ဖစ်နေရမယ်။ ဒီမိုကရေစီရဲ့ အခြေအမြစ် (တစ်နည်း) အသက်ဝင်မှု သဘော ရှိနေပြီလို့ဆိုနိုင်ဖို့ရာ ခုနကပြောခဲ့တဲ့ သွင်ပြင်လက္ခဏာတွေကို တွ့နေ ရမယ်။ ဒါမှသာ ဒီမိုကရေစီလို့ ခါ်ဆိုနိုင်မယ်ရယ်လို့ဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ လှုပ်ရှားအသက်ဝင်မှုသဘောအရ ဒီမိုကရေစီကို တိုင်းတာတဲ့ စနစ်တစ်ခုရှိပါတယ်။ သက္ကရာဇ် ၁၈၀၀ ပြည့်နှစ်ကနေ ယနေ့အထိ ဒီမိုကရေစီနဲ့ အာဏာရှင်နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို နှစ်စဉ်တိုင်းတာထားတာ ရှိပါတယ်။ တိုင်းတာရာမှာ အတိုင်း အတာငါးခုပါပြီးတော့ သူတို့ရဲ့ရလဒ်အဖြေတွေကို ပါင်းလိုက်တဲ့အခါ နိုင်ငံတစ်နိုင်ငံမှာဒီမိုကရေစီရဲ့ အနှစ်သာရရှိမရှိဆိုတဲ့ အဖြေကို သွားတွေ့ပါတယ်။
အဲဒီ အတိုင်းအတာ ငါးခုကတော့ ...
၁။ အုပ်ချုပ်ရေး (အစိုးရ) အဖွဲ့ဝင်အဖြစ်ခန့်ထားရာမှာ အပြိုင်အဆိုင်စနစ်ရှိခြင်း
၂။ အုပ်ချုပ်ရေး (အစိုးရ) အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းမှာ ပွင့်လင်းမြင်သာမှုရှိခြင်း
၃။ အုပ်ချုပ်ရေး (အစိုးရ) အပေါ် ထိန်းချုပ်မှုရှိခြင်း
၄။ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်မှုအပေါ် ထိန်းကျောင်းကွပ်ကဲမှုရှိခြင်းနဲ့
၅။ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခြင်းမှာ ပြိုင်ဆိုင်မှုရှိခြင်း တို့ပါပဲ။
အခုလိုမျိုး တိုင်းတာမှုပေတံတွေမည်သို့ပင်ကွဲပြားစေကာမူ အနှစ်ချုပ်လိုက်ရင်တော့ ဒီမိုကရေစီရဲ့ အနှစ်သာရတန်ဖိုးဟာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ပဲရှိပါတယ်။ အထက်ပါ အချက်တွေထဲက ဘယ်အချက်ကိုပဲကြည့်ကြည့် အခုဆိုလိုက်တဲ့ ဒီမိုကရေစီတန်ဖိုးစံသုံးခုထဲမှာ အကျုံးဝင်နေရပါမယ်။ အသွင်သဏ္ဌာန်အရပြောမယ်ဆိုရင်တော့ ဒီမိုကရေစီနိုင်ငံတစ်ခုဟာ နိုင်ငံရဲ့ အာဏာကြီးသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို တစ်နေရာတည်းမှာ စုဖွဲ့မထားဘဲနဲ့ အာဏာခွဲဝေပျံ့နှံ့မှုရှိတာ၊ လူတိုင်းလူတိုင်းဟာ တိုင်းပြည်ရဲ့နိုင်ငံရေး ဖြစ်စဉ်မှာ လွတ်လွတ်လပ်လပ်နဲ့ တန်းတူရည်တူ ပါဝင်ခွင့်ရှိတာ၊ လူတိုင်း အခြေခံလူ့အခွင့်အရေးတွေကို တင်းပြည့်ကျပ်ပြည့်ရရှိကျင့် သုံးနိုင်ကြတာနဲ့ တရားဥပဒေစိုးမိုးမှု ရှိတာတို့ပဲဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ အသွင်သဏ္ဌာန်တွေ အရကိုပဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့လေးနှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုံမှန်သက်တမ်းအလိုက် ကျင်းပမယ့် ရွးကောက်ပွဲတွေရှိမယ်၊ ပြည်သူတွေကရွေးကောက်တင်မြှောက်လိုက်သူတွေကနေ တစ်ဆင့် အစိုးရအဖွဲ့တွေ ဖွဲ့စည်းမယ်၊ ဥပဒေတွေပြုမယ်။ ပြည်သူတွေအားလုံးဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ ရေးသားပြောဆိုခွင့် စတာတွေကို ရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုပဲရွေးကောက်တင်မြှောက်ခြင်းခံစရာ မလိုတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်ထဲမှာအလိုအလျောက်ဝင်ရောက်နေရာယူပြီး မဲပေးဆုံးဖြတ်ခွင့်ရထားတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်ရေးကိစ္စတွေမှာ လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိသလို အရေးပါတဲ့ ဝန်ကြီးလေးဦးနေရာအထိ တပ်မတော်သား ဝန်ကြီးတွေကို ခန့်အပ်ခွင့်ရှိတယ်။ အရေးပေါ် အခြေအနေမှာဆိုရင်လည်း ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့သဘောတူညီမှုကိုရယူပြီး တိုင်းပြည်ရဲ့ အာဏာကို အခြေခံဥပဒေအရ ရယူပိုင်ခွင့်လည်း ရှိနေတယ်။ ဒါဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဘယ်လိုမှမကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သလို ဒီမိုကရေစီဘယ်လိုမှမဖြစ်တဲ့ အာဏာခွဲဝေမှုလည်း ဖြစ်နေပါတယ်။ ဒါ့ပြင် အာဏာကိုလည်း ဗဟိုပြည်ထောင်စုအစိုးရ လက်ထဲမှာသာ အများဆုံး စုစည်းထားပြီးတိုင်းနဲ့ပြည်နယ် လွှတ်တော်တွေ၊ အစိုးရတွေဟာ အမည်ခံသာ ဥပဒေပြုရ၊ အုပ်ချုပ်ရတဲ့ အတွက် ဗဟိုချုပ်ကိုင်မှုရှိတဲ့ တစ်ပြည်ထောင်စနစ်ပဲ ဖြစ်နေပါသေးတယ်။
နောက်တစ်ချက်က ရွးကောက်ပွဲကျင်းပတယ်ဆိုတဲ့အချက်နဲ့ ရွးကောက်ပွဲမှာပါတီစုံဝင်ရောက် ယှဉ်ပြိုင်ကြတယ် ဆိုတဲ့ အချက်ကတော့ ရှိနေပြီ။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲနှစ်ကြိမ်မှာ ၂၀၁၀ ပည့်နှစ် ရွးကောက်ပွဲဟာ အများသိကြတဲ့ အတိုင်း ပါ်ထွက်ရလဒ်ရဲ့တရားဝင်မှု၊ အများလက်ခံနိုင်မှု၊ ယုံကြည်ခံထိုက်မှုတွေဟာ အများကြီး ပွန်းပဲ့ခဲ့ပါတယ်။ “ပြည်သူ့ဆန္ဒနဲ့အညီရွေးကောက်တင်မြှောက်လိုက်သော”လို့သာ တွင်တွင်သုံးနေ ပေမယ့် ၂၀၁၀ ပည့်နှစ်ရွေးကောက်ပွဲဟာ အတော်ကိုဂုဏ်သိက္ခာကင်းမဲ့ခဲ့ပြီး အဲဒီကနေပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့သစ် ဆိုတာကိုလည်း ပြည်တွင်းရော၊ ပြည်ပကပါအယုံအကြည်မရှိရလောက်အောင်အထိ အခြေအနေ ဆိုးရွားခဲ့တယ်။ ကြံ့ခိုင်ရေးပါတီရရှိခဲ့တဲ့ မဲတွေထဲမှာ ကြိုတင်မဲ၊ အကျပ်ကိုင်မဲ၊ အပိုင်ချည်မဲ၊ ခြိမ်းခြောက်မဲ၊ နားလှည့်ပါးရိုက်မဲတွေ အများကြီးပါတယ်ဆိုတာကလည်း ကမ္ဘာကပင်သိတဲ့ကိစ္စမို့ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ အခြေခံဥပဒေကြီး ဘယ်လောက်ပဲ ဒီမိုကရေစီ မကျသည်ဖြစ်စေ၊ စစ်တပ်လည်း ၂၅ ရာခိုင်နှုန်း ယူထားသည်ဖြစ်စေ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ် နေရာတွေကို လူထုရဲ့စိတ်ကြိုက်
ကိုယ်စားလှယ်တွေရွေးချယ်ခွင့်ရခဲ့မယ်ဆိုရင်တောင်မှ အတိုင်းအတာတစ်ခုအထိ ဒီမိုကရေစီလို့ ပြောလို့ရ ဦးမှာပါ။ ဒါကြောင့်လည်း အသွင်ကူးပြောင်းကာလလို့ တံဆိပ်ကပ်နေကြတဲ့ ၂၀၁၁ က စခဲ့တဲ့ ကာလဟာ စဖွင့်ကတည်းကိုက ဒီမိုကရေစီမကျခဲ့တာကတော့ အထင်အရှားပဲဖြစ်ပါတယ်။
ဒီမိုကရေစီစံနှုန်းတွေထဲမှာ “လွတ်လပ်မှု”ဆိုတာပါပါတယ်။ လွတ်လပ်မှု ဆိုတာဟာ ပြောရင် စကားလုံး နည်းသလောက် ဘောင်ချဲ့ရင်တော့အတော်ကျယ်ဝန်းတဲ့ကိစ္စဖြစ်ပါတယ်။ လက်ရှိ အစိုးရကတော့ လွတ်လပ်မှုလို့ပြောလိုက်ရင် တာဝန်ခံမှုဆိုတဲ့ စကားနဲ့ပါတွဲချည်ပြီး သုံးနှုန်းလေ့ရှိပါတယ်။ လွတ်လပ်မှုဆိုတာဟာ လစ်ဘရယ်အယူဝါဒနဲ့အတူပေါ်ထွက်လာတဲ့ အယူအဆတစ်ခုဖြစ်ပြီး အတွေးအခေါ်ချည်းသက်သက်နဲ့ပြောရင်တော့ လူရဲ့လွတ်လပ်မှုကို ဘာနဲ့မှပိတ်ပင်တားဆီးလို့ မရနိုင်ဘူး။ လူသားဟာ ဘယ်လောက်လွတ်လပ်သလဲဆိုရင် သူရဲ့ကာယကံ၊ ဝစီကံအမှုအားလုံးကို ဘာင်ကန့်ဖို့ မဖြစ်နိုင် လာက်အောင်ထိကို လွတ်လပ်တာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ လွတ်လပ်မှုကို ရာနှုန်းပြည့်မပေးထားပါဘူး။ လူတွေဟာ အဖွဲ့အစည်းနဲ့၊ အသိုင်းအဝိုင်းနဲ့နေရတာနဲ့အမျှ ကိုယ့်ရဲ့ လွတ်လပ်မှုကို တခြား သာအရာတွေ (မိမိရဲ့လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မိမိကိုယ်စား နိုင်ငံတော်က ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှု တွေ) နဲ့ အတိုင်းအတာတစ်ခုအထိ လဲလှယ်လိုက်ရပါတယ်။ တစ်ဖက်ကလည်း မိမိရယူကျင့်သုံးတဲ့လွတ်လပ်မှုတွေ အတွက် မိမိဘက်ကပြန်လည်တာဝန်ယူရပါတယ်။ ဒါကိုရည်ညွှန်းပြီး လက်ရှိအစိုးရအဖွဲ့ထဲက တချို့သောအာဝဇ္ဇန်း ရွှင်သူများက ခါးထောက် ရန်တွေ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီချေပချက်ဟာ သဘောတရားအရမှန်ပေမယ့် နာက်ကွယ်က သဘောကတော့ မရိုးဘူးလို့ဆိုရပါမယ်။ ၂၀၀၈ ခုနှစ်အခြေခံဥပဒေမှာကိုက လ်ျှာကွင်းကြိုးလိုဖြစ်နေတဲ့၊ အဓိပ္ပာယ်ဖွင့်ဆိုရ ခက်ခဲတဲ့ စာပိုဒ်တွေ၊ စာပုဒ်တွေက ပါဝင်နေပြီးသားပါ။ ဥပမာ - “တည်ဆဲဥပဒေများနှင့်မဆန့်ကျင်လျှင်” ဆိုတာမျိုး၊ “နိုင်ငံတော်တည်ငြိမ်မှုကို မနှောင့်ယှက်လျှင်” ဆိုတာမျိုးပါ။ ဒါတွေဟာ ထောင်ချောက်ပါတဲ့ စာသားတွေဖြစ်တယ်ဆိုတာလည်း မြင်တဲ့သူတိုင်းက အဲဒီအချိန်ကတည်းက သတိပေးခဲ့ပါတယ်။ ဒီရဲ့အကျိုးဆက်ကတော့ ပည်သူတွေခမျာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ရပမေယ့်လည်း ပုဒ်မ ၁၈ နဲ့ငြိပြီး အရေးယူခံရ၊ ထာင်ချခံရတဲ့အဖြစ်မျိုးနဲ့ကြုံနေရသလို သတင်းသမားတွေမှာလည်း လွတ်လပ်စွာရေးသားခွင့် ဆိုတာရဲ့နောက်မှာ မခန့်မှန်းနိုင်အောင် ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဲ့ အပြစ်ဒဏ်တွေ ကစောင့်ကြိုနေတဲ့ အတွက် စိတ်ဖြောင့်ဖြောင့် မရေးနိုင်တဲ့ကိန်းဆိုက်နေပါတယ်။ မိမိယုံကြည်ရာကို လွတ်လပ်စွာ ပြောဆို နိုင်တယ် ဆိုပေမယ့်လည်း ဘယ်လိုပြောရင်တော့ဖြင့် ယဉ်ကျေးမှုနဲ့မကိုက်လို့၊ ဘယ်လိုဆိုလိုက်ရင်တော့ဖြင့် ဘာသာရေး ပုတ်ခတ်လို့ဆိုပြီး ဟန်အရသာ လွတ်လပ်ပြနေတဲ့ အဖြစ်အပျက်တွေလည်း မရှားပါဘူး။ မကြာသေးခင်ကမှ စာရေးဆရာတစ်ဦး ဘာသာသာသနာကိုစော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ တရားရင်ဆိုင် နေရပါတယ်။ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်လို့ ဆိုထားပေမယ့်လည်း လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်မရ၊ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကိုလည်းကျာင်းသားယူနီယံဆိုတာမျိုးတွေနဲ့ နားလှည့်ဖို့လုပ်တာ မျိုးနဲ့ကြုံ နေရလို့ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အမျိုးမျိုးအနှောင့်ယှက်ခံ၊ ထောင်အချခံပြီးတောင်းဆို တိုက်ပွဲဝင်နေကြရပါသေးတယ်။ အရပ်ဘက်အဖွဲ့တွေဟာ ဆိုရင်လည်း အသင်းအဖွဲ့ ထူထောင်ရာမှာနဲ့ အလုပ်လုပ်ရာတို့မှာ ငွေကြေးအားဖြင့်ဖြစ်စေ၊ ဗျူရိုကရေစီ ယန္တရားအရဖြစ်စေ အမျိုးမျိုနှောင့်နှေးအောင် လုပ်တာမျိုးတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး တိုင်းရင်းသား လူနည်းစုတွေဟာ ဆိုရင်လည်း သူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ၊ စာပေစသည်တို့ကို လွတ်လပ်စွာကျင့်သုံးနိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် တိုင်းတာရမယ့် ဒီမိုကရေစီစံနှုန်းနောက်ထပ်တစ်ခုကတော့ တန်းတူညီမျှမှုပါ။ နိုင်ငံရေးအရတန်းတူညီမျှမှုကတော့ မြန်မာ့လွတ်လပ်ရေးနဲ့အတူ တစ်ပါတည်းဖွားမြင်လာခဲ့တဲ့ ပြဿနာဖြစ်ပြီး တန်းတူညီမျှမှုမရခဲ့ကြလို့လည်း ဒီကနေ့အထိမြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေ၊ ပဋိပက္ခတွေမပြီးဆုံးနိုင်သေးတာဖြစ်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသား အကုန်လုံး ပြည်နယ်ပြည်မမခွဲခြားဘဲနဲ့ ဗြိတိသျှတို့ဆီကနေ လွတ်လပ်ရေးကိုအတူတူရယူကြမယ်၊ ဗမာတစ်ကျပ်ရရင် ကချင်လည်းတစ်ကျပ်၊ ကရင်လည်းတစ်ကျပ် စသည်ရရပါစေ့မယ်ဆိုတဲ့ ကတိကဝတ်တွေကြောင့် ပင်လုံစာချုပ်မှာ လက်မှတ်ထိုးပြီး ပြည်ထောင်စုထဲမှာနေဖို့ တိုင်းရင်းသားတွေက ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တာကြောင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နဲ့ရင်ဆိုင်နေရတဲ့ တိုင်းပြည် ဆိုပြီး နာမည်ကျော်တဲ့အထိဖြစ်ခဲ့ရပါတယ်။ ပင်လုံစာချုပ်ဟာ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်) တွေကို အာမခံချက်ပေးထားတဲ့ စာချုပ်ဖြစ်ပေမယ့်လည်း လက်တွေ့မှာတော့ စက္ကူသက်သက်သာ ဖြစ်နေတဲ့ အတွက်လည်း တိုင်းရင်းသားတွေက ယနေ့အထိတိုင် လက်နက်ကိုင်ပြီးတိုက်ခိုက်နေ ကြခြင်းလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအရတန်းတူညီမျှမှုပြီးတဲ့အခါစီးပွားရေးအရတန်းတူညီမျှမှုကိုကြည့်ရအောင်ပါ။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအဆက်ဆက်ကရော၊ အုပ်ချုပ်တဲ့အစိုးရအမျိုးမျိုးကရောမြန်မာနိုင်ငံမှာ နိုင်ငံသားတိုင်းစီးပွားရေးအရ တန်းတူညီမျှ မှုရှိတယ်လို့ပဲတောက်လျှောက်ဆိုခဲ့ကြပေမယ့် လက်တွေ့မှာ မန်မာနိုင်ငံရဲ့စီးပွားရေးအရ တန်းတူညီမျှမှုမရှိတာဟာတော်တော်ကိုတစ်ဖက်စောင်း နင်းနိုင်တဲ့ကိစ္စအဖြစ် မြင်ရပါတယ်။ စီးပွားရေးအရ တန်းတူညီမျှမှုကို အလျားလိုက်နဲ့ ထောင်လိုက်ဆိုပြီး နှစ်မျိုးခွဲကြည့်ပါမယ်။ အလျားလိုက်ဆိုတာကတော့ပြည်မနဲ့ပြည်နယ်တွေအကြား နှိုင်းယှဉ်မှုပါ။ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး အဲဒီသယံဇာတအများစုကို ပိုင်ဆိုင်ထားတာက တိုင်းရင်းသား လူနည်းစုတွေ နေထိုင်တဲ့ ပြည်နယ်တွေဖြစ်ပေမယ့် ချမ်းသာကြွယ်ဝမှုအရပြောရရင်တော့ ဗမာတွေအများစု နေတဲ့ ဒသတွေ၊ အထူးသဖြင့် ရန်ကုန်၊ မန္တလေးတို့လိုဒေသတွေမှာသာလျှင် ဖွံ့ဖြိုးမှုရှိတာကို အားလုံးမြင်ပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အတွက် စိတ်နာစရာအကောင်းဆုံးကတော့ သူတို့ဒေသကထွက်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို သူတို့ ရယူသုံးစွဲခွင့်မရဘဲ ဗမာတွေလို့ သူတို့သိမ်းကျုံးမြင်တဲ့ ပည်မကလူတစ်သိုက်ကသာလျှင် ကြီးစိုးချယ်လှယ်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ကိစ္စပါပဲ။ ကယားပြည်နယ်မှာ လာပိတရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ထားတာ ကြာခဲ့ပြီဖြစ်ပေမယ့် ကယားပြည်နယ်ဒေသအများစုဟာ လျှပ်စစ်မီးမရကြပါဘူး။ ထို့အတူပဲ ရခိုင်ကမ်းလွန်မှာသဘာဝဓာတ်ငွေ့ ဖောချင်းသောချင်းထွက်ပေမယ့် ရခိုင်ဒေသနေရာ အတော်များများဟာ ဈေးအဆမတန်ကြီးတဲ့ ပုဂ္ဂလိက လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲခဲ့ ကြရပါတယ်။ တနင်္သာရီဒေသဟာဆိုရင်လည်း ကျောက်မီးသွေးတွေ၊ ဓာတ်ငွေ့တွေထွက်သလောက် မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးကိုမရဘဲ ပုဂ္ဂလိကမီးနဲ့ပဲ ဈေးနှုန်းကြီးမြင့်စွာ သုံးစွဲနေကြရ ပါသေးတယ်။ ဒါ့ပြင်လည်းကျောက်စိမ်းထွက်တဲ့ ကချင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအပိုင်းမှာ နိမ့်ကျနေဆဲဖြစ်ပြီး လူငယ်လူရွယ် ဘိန်းသုံးစွဲမှုမှာလည်း ရှမ်းပြည်နယ်နဲ့အတူ အခြေအနေ
အဆိုးရွားဆုံးတွေထဲမှာ ပါဝင်တဲ့ဒေသဖြစ်ပါတယ်။
တစ်ခါ ထောင်လိုက်နှိုင်းယှဉ်မှု ဆိုတာကတော့ မန်မာပြည်သူတွေအားလုံးကို လူမျိုးအရ၊ ဒေသအရမဟုတ်ဘဲနဲ့ လူတန်းစား အလွှာအလိုက် ခွဲခြားပြီးနှိုင်းယှဉ်ကြည့်တာပါ။ ဒီလိုနှိုင်းယှဉ်မယ် ဆိုရင်တော့ အားလုံးရဲ့အထက်မှာ စီးပွားရေးအကျိုးအမြတ်ခံစားခွင့်တွေ အကုန်လုံးကို လက်ဝါးကြီး အုပ်ထားသူတွေကတော့ အငြင်းပွားဖွယ်ရာမရှိ စစ်အာဏာပိုင် ခေါင်းဆောင်တစ်စုနဲ့ သူတို့နဲ့နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲဖြစ်ပါတယ်။ စစ်တပ်ခေါင်းဆောင်ပိုင်းဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊ အထူးသဖြင့် ၁၉၈၈ ခုနှစ် နာက်ပိုင်းမှာ အာဏာကိုဗန်းပြပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခွင့်အလမ်းတွေအကုန်လုံးကို ကိုယ်ကျိုးစီးပွား အတွက် အများဆုံးအသုံးချခဲ့သလို သူတို့နဲ့နီးစပ်တဲ့လုပ်ငန်းရှင်ကြီးဆိုသူတွေနဲ့လည်း ပေါင်းသင်းပြီးပျော်ပျော်ပါးပါးကြီး ဆွမ်းကြီးလောင်းခဲ့ကြပါတယ်။ ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံကို အနောက်အုပ်စုနိုင်ငံအများအပြားက စီးပွားရေးအရ အဆက်အဆံမလုပ်ဘဲ ဖယ်ကြဉ်ထားချိန်မှာ ဒေသတွင်းနိုင်ငံအချို့နဲ့ တရုတ်၊ အိန္ဒိယအစရှိတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ပေါင်းပြီး တိုင်းပြည်ရဲ့သယံဇာတ တွေကို ရတဲ့ဈေးနဲ့ထုတ်ရောင်း၊မြေတွေယာတွေကိုလည်း ဥပဒေနဲ့အညီရော မညီရော အဓမ္မသိမ်း၊ သွင်းကုန်ထုတ်ကုန်လိုင်စင်ပါမစ်တွေကိုလည်း လက်ဝါးကြီးအုပ်ချုပ်ကိုင်ခဲ့ တာတွေကနေ ရရှိခဲ့တဲ့ အကျိုးအမြတ်တွေဆိုတာ ဆယ်သက်တောင် စားလို့ ကုန်မှာမဟုတ်ဘူးလို့ ပြောလို့ရတဲ့အနေအထားပါ။
အဲဒီဆိုခဲ့တဲ့ စစ်တပ်အာဏာပိုင်လူတန်းစားနဲ့ ခရိုနီလူတန်းစားတွေရဲ့အောက် ဟိုးတော်တော်ဝေးဝေးမှာ ရှိတာကတော့ သာမန် ကုန်သည်၊ ပွဲစား၊ စာရေးစာချီ၊ ပညာတတ်နဲ့ ဘယ်သူနဲ့မှမသိမကျွမ်းတဲ့ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းရှင်လေးတွေပါ။ အဲဒီလူတန်းစားတွေကိုကြည့်မယ်ဆိုရင် ပညာတတ် ဆိုရင်လည်း ပညာတတ်အလျောက် သူ့ပညာအဆင့်အတန်းနဲ့ ထိုက်တန်တဲ့အလုပ်မျိုးကို မရနိုင်တဲ့ အတွက်ပြည်ပကိုထွက်ပြီး ရတဲ့အလုပ်လုပ်ကြရသလို ပြည်တွင်းမှာကျန် နေခဲ့တဲ့သူတွေကလည်း ဖြစ်တဲ့နည်းနဲ့ ရုန်းကန်အသက်ဆက်ကြရပါတယ်။ အချို့သောကံကောင်းသူ ပညာရှင်အချို့ကတော့ ခရိုနီကြီးများရဲ့စီးပွားရေးလုပ်ငန်းကြီးတွေထဲမှာ လစာကောင်းကောင်းနဲ့ နေရာတစ်နေရာစီ ရနိုင်ကြပေမယ့် အများစုကတော့ လစာတစ်ပဲခြောက်ပြားနဲ့ပဲ လုပ်ကိုင်ကြရတယ်။ အစိုးရ ဝန်ထမ်းတွေဆိုရင်လည်း ခွင်ကောင်းတဲ့နေရာ ရောက်သူတွေက စားပေါက်ချောင်ကြတာကြောင့် အလုပ်လုပ်ဖို့ထက် ခွင်ကောင်းတဲ့နေရာ/ရာထူး စသည်ကိုပဲချောင်းနေကြရာကနေ ဝေသာလီပြည်ကိုအကျင့်ပျက်ခြစားမှု ဘီလူးက ဝင်စီးလိုက်တာ အခုထက်ထိ နာလန်ပြန်မထူနိုင်သေးဘူး ဖြစ်နေရပါတယ်။ သာမန်ကုန်သည် ပွဲစားတွေဆိုရင်လည်း သူတို့လုပ်ငန်းတွေပုံမှန်အဆင်ပြေချောမွေ့စေရေးအတွက် ဟိုလူ့ မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲကအတိုင်းဖြစ်လာပါတော့တယ်။ဘယ်အာဏာပိုင်နဲ့မှ၊ ဘယ်သူဋ္ဌေးနဲ့မှ အဆက်အသွယ်မရှိရှာတဲ့ ပည်တွင်းကတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းရှင်ငယ် လးတွေခမျာလည်း အစိုးရဆီက နည်းပညာနဲ့ငွေကြေး စသည်အကူအညီ မရရတဲ့အထဲ ဟိုလုပ်ငန်းလုပ်မယ် ဆိုတော့လည်း ဦးပိုင်နဲ့မယှဉ်နိုင်၊ ဒီလုပ်ငန်းလုပ်ကြည့်မယ်ဆိုတော့လည်း ဟိုခရိုနီပိုင်တဲ့ကုမ္ပဏီနဲ့ မယှဉ်နိုင်တာကြောင့် အတက်မထွက်ခင်မှာတင် အညွန့်ကျိုးရတဲ့ကိန်း ဆိုက်နေပါတယ်။ ဘဏ်တွေကလည်း ဟိုဟာအပေါင်ပြမှ ဒီဟာအပေါင်ပြမှနဲ့ စည်းကမ်းတွေများတဲ့အပြင် အတိုးနှုန်းကလည်း ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် များလွန်းတာမို့ ဒီကနေ့တကြော်ကြော်အော်နေတဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတိုးတက်ရေးဆိုတာကြီးဟာ သင်္ကြန်အမြောက် ကြီးလိုဖြစ်နေပြီး သး/လတ် လုပ်ငန်းတွေဟာလည်း ကာခါနီးနေတဲ့ ပန်းလှိုင်မြစ်လိုပဲ ရေကမစီးချင်တော့ပါဘူး။
အဆိုးဆုံးနဲ့အောက်ဆုံးမှာကပ်နေတဲ့ လူတန်းစားကတော့ တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နှုန်းသော ကုန်ထုတ်လုပ်မှုကို ကိုယ်စားပြုထားတဲ့ တောင်သူလယ်သမား လူတန်းစားပဲဖြစ်ပါတယ်။ ဒီလူတန်းစား ကတော့ စီးပွားရေးအရ တန်းတူညီမျှမှု အခွင့်အရေးဆုံးရှုံးရသူတွေထဲမှာမှ အဆုံးရှုံးရဆုံးလူတန်းစားပါပဲ။ ငွေရှိ၊ အာဏာမရှိတဲ့အတွက်ငွေရှိ၊ အာဏာရှိသူတွေရဲ့ အမျိုးမျိုးအနိုင်ကျင့် နှိပ်စက်ခြင်းကို ခံနေရသူတွေပဲဖြစ်ပါတယ်။ လယ်အသိမ်းခံရတဲ့အတွက် လယ်လုပ်စရာမြေကမရှိ၊ ရှိတဲ့သူတွေကလည်း အရင်းအနှီး၊ သွင်းအားစုနဲ့ နည်းပညာက လုံလောက်အောင်မရ၊ စရိတ်တွေကတက်လာ၊ ရာသီဥတုက နှိပ်စက်နဲ့ အထွက်နှုန်း ကျ၊ အစိုးရအကြွေးအချိန်မီပြန်ဆပ်နိုင်ဖို့အတွက် လယ်/ဆည်ဝန်ကြီးအကြံပေးသလို ထမင်းတစ်နပ်ပဲ စားပြီး ရတဲ့ဈေးနဲ့သီးနှံ တွပြန်ထုတ်ရောင်း၊ အမြတ်ကမရ၊ နာက်နှစ် ထပ်ရင်းဖို့ငွေကမရှိ၊ အကြွေး ပန် မဆပ်နိုင်တော့ အစိုးရထပ်မချေး၊ ဒီတော့ အပြင်ကနေ အတိုးနှုန်းကြီးကြီးနဲ့ချေး၊ ဒီလိုနဲ့ ဆင်းရဲသံသရာလည်နေပေမယ့် အချိန်တန်တော့ မြိုးမြိုးမြက်မြက်ရသွားသူတွေက ဈေးတင် ရောင်းချနိုင်သူတွေနဲ့ အမြင့်ဈေးနဲ့နိုင်ငံခြားတင်ပို့နိုင်သူ လက်တစ်ဆုပ်စာပဲဖြစ်ပါတယ်။ လယ်သမားတွေ လည်း လယ်စွန့်၊ ယာစွန့်နဲ့ နာက်ဆုံး မလေးရှား၊ ထိုင်းတို့ဘက်ကို အလုပ် ကြမ်းသွားလုပ်ကြရပါတော့တယ်။ ဒါကြောင့် စာရွက်ပေါ်မှာတော့ စီးပွားရေးကိုတန်းတူရည်တူ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် လုပ်ခွင့်ရှိတယ်လို့ ဘယ်လိုပဲဆိုထားပါစေ၊ ညီညာတဲ့ ကစားကွင်းမဟုတ်သရွေ့တော့ မန်မာနိုင်ငံရဲ့ စီးပွားရေးကြိုးဝိုင်းကြီးပေါ်မှာ ဝိတ်တန်းမတူတဲ့ ကစားသမား နှစ်ဦး ထိုးသတ် ခိုင်းတာနဲ့တူနေမှာဖြစ်ပြီး စီးပွားရေး တန်းတူညီမျှမှုဆိုတာ ဟာလည်း လှာင်ရယ်စရာပြက်လုံး တစ်ခုနဲ့ခြားဦးမှာ မဟုတ်ပါဘူး။တန်းတူညီမျှရေးမှာ နာက်ထပ်အရေးကြီးတာ တစ်ခုက လူမှုရေးအရ၊ ယဉ်ကျေးမှုအရ တန်းတူညီမျှမှုရှိဖို့ပါ။
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူပေါင်းစုံဟာ အာဏာပိုင်တို့ရဲ့မူဝါဒတွေအရေရော၊ လူ့အဖွဲ့အစည်းရဲ့စံနှုန်းတွေအရပါ တန်းတူ ညီမျှ အခွင့်အရေးမရရှာကြပါဘူး။ ဥပမာပြောရရင် ဒီနိုင်ငံမှာ ပါဝါမရှိတဲ့လူအုပ်စုတွေဖြစ်တဲ့ (အားနည်းအုပ်စုဝင်တွေ ဖစ်တဲ့) အမျိုးသမီးတွေ၊ လိင်တူစုံမက်သူတွေ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ၊ ဗမာမဟုတ်သူတွေ၊ မသန်စွမ်းတွေ၊ ကလေး သူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ကျန်းမာသန်စွမ်းတဲ့ ဗုဒ္ဓဘာသာဝင် ဗမာအမျိုးသားတွေနဲ့ယှဉ်ရင် နိုင်ငံရေးနဲ့နိုင်ငံသားအခွင့်အရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်နဲ့ လိင်မှုရေးရာ အခွင့်အရေးတွေမှာ အမြဲတစ်ပန်းရှုံး နကြရပါတယ်။ ဒီမိုကရေစီတန်ဖိုးဖြစ်တဲ့ တန်းတူညီမျှ ရးဆိုတာဟာ လူတစ်ယောက်ကို လိင်၊ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ၊ အသက်အရွယ် စတာတွေအပေါ်မူတည်ခွဲခြားတာ မျိုးမလုပ်ဘဲ မိမိရဲ့အရည်အချင်းနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း ကိုသာကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမဟုတ်ပါဘူး။ တရားဝင်အားဖြင့်ခွဲခြားဆက်ဆံရေး မူရယ်လို့ မရှိပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ အထက်မှာဆိုခဲ့တဲ့အားနည်းအုပ်စုဝင်တွေဟာ အားကြီးအုပ်စုဝင် တွေနဲ့ယှဉ်ရင် အဖက်ဖက်မှာ အခွင့်အရေးတွေ ဆုံးရှုံးတာကိုတော့ အထူးပြောစရာလိုမယ် မထင်ပါဘူး။
ဒီမိုကရေစီစံနှုန်းနောက်တစ်ခုကတော့ “တရားမျှတမှု” ပါ။ တရားမျှတမှုရဲ့ဘောင်ကလည်း အတွေးအခေါ်သဘောအရ ကျယ်ဝန်းလှပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ နိုင်ငံတော်ဟာ ထိခိုက်နစ်နာ သူတွေဘက်ကနေစဉ်းစားပြီး အကောင်းဆုံး ဖြစ်အောင် ပြန်လည်ဆောင်ရွက်ပေးခြင်းဟာ ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ မရှိမဖြစ်အသက်သွေးကြောတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီမိုကရေစီနိုင်ငံပဲဖြစ်ဖြစ်၊ ဒီမိုကရေစီမဆန်တဲ့နိုင်ငံပဲဖြစ်ဖြစ် အမြဲတွေ့နေရမယ့်အခြင်းအရာတစ်ခုက မတရားမှုပါပဲ။ လူတွေဟာ လုပ်ပိုင်ခွင့်ရှိတာနဲ့အမျှ၊ ဆိတ်ကွယ်ရာလို့ထင်မြင်ယူဆတာနဲ့အမျှ၊ အားနည်းတဲ့သူတွေအပေါ် မတရားမှုတွေကျူးလွန် တတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မတရားခံခဲ့ရသူတွေ အတွက် တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်တွေရှိနေပြီး ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံတွေမှာတော့ ဒါတွေကို နည်းနည်းဖြစ်စေ များများ ဖစ်စေ လျစ်လျူရှုတတ်ကြပါတယ်။
တရားမျှတမှုဟာ တရားစီရင်ရေးမဏ္ဍိုင်နဲ့လည်း ပတ်သက်နေပြီး တရားဥပဒေစိုးမိုးရေး ကဏ္ဍအောက်မှာလည်း အကျုံးဝင် ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ခိုင်မာတိကျပြတ်သားပြီး ပြစ်မှုနဲ့ပြစ်ဒဏ်မျှတတဲ့ ဥပဒေတွေရှိရမယ်၊ အဲဒီဥပဒေတွေနဲ့အညီ အတိအကျလိုက်နာကျင့်သုံးနေတဲ့ တရားရေးအဖွဲ့အစည်းတွေ (တရားရုံး၊ ရဲ) လည်းရှိရမယ်။ ပြည်သူလူထုကလည်း အဲဒီ တရားရေး မဏ္ဍိုင်အပေါ်မှာ မမှိတ်မသုန်ယုံကြည်ကိုးစားမှုရှိရမယ်။ ဒါမှလည်း တရားမျှတမှု ဆိုတာရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် လည်း အတိတ်ကာလတုန်း နိုင်ငံတော်ရဲ့သူ့ပြည်သူတွေ အပေါ်ကျူးလွန်ခဲ့တဲ့ မတရားမှုတွေအတွက် ပန်လည်ကုစား ရး လုပ်ငန်းစဉ်တွေကလည်း ရှိရမှာဖြစ်ပါတယ်။
အဲဒီအချက်တွေနဲ့ချိန်ထိုးကြည့်ရင်တော့ မန်မာပြည်နဲ့ကိုက်တာဘာတစ်ခုမှတွေ့ရမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်ဖျက်ဆီးခံခဲ့ရတာကြောင့် တရားရေးဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုဟာ တောထနေပြီး တရားရေးမဏ္ဍိုင်ကြီးတစ်ခုလုံးဟာ ယိုင်နဲ့ရုံမကလို့ ဗုံးဗုံးပါလဲနေပြီဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ မဏ္ဍိုင်ကြီး သုံးရပ်ကို သီးခြား လွတ်လပ်အောင် ရးဆွဲထားတယ်ဆိုသော်လည်း တရားရေးမဏ္ဍိုင်ဟာ အရင်စစ်အစိုးရတွေ လက်ထက် တွတုန်းကလို အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့လက်ကိုင်တုတ်အဆင့်ကနေ မလွတ်မြောက်သေးပါဘူး။ ဟိုလူကို ထာင်ဘယ်နှနှစ် ချဆိုရင်ချနေရသေးတဲ့၊ ဟိုအမှုကိုလက်မခံနဲ့ဆိုရင်လည်း အကြောင်းပြချက်မပေး ပယ်ချနေရသေးတဲ့ အာဏာပိုင်တို့ရဲ့ ရုပ်သေးရုပ်ဘဝမှာပဲရှိနေသေးသလို နိုင်ငံရေးနဲ့မပတ်သက်တဲ့အမှုဆိုရင်တောင်မှ ငွေများ တရားနိုင်ဆိုတဲ့စကားပုံကို အခု အချိန်ထိမှန်နေအောင် ဆက်ထိန်းထားနိုင်ဆဲဖြစ်သော အဖွဲ့အစည်းဆိုတဲ့ ဂုဏ်ပုဒ်ကိုဆက်လက်ချိတ်ဆွဲထားဆဲပါ။ ပြည်သူ လူထုရဲ့ တရားရေးကဏ္ဍအပေါ် ယုံကြည်ကိုးစားမှုကတော့ ပာစရာကိုမလိုတော့ပါဘူး။ လူတွေဟာ ကိစ္စတစ်ခုပေါ်လာရင် တရားစီရင်ရေးမဏ္ဍိုင်ကို သတိတောင်မရတော့ဘဲ ကြုံသလို၊ ကြိုက်သလိုဖြေရှင်းတာ အကျင့်တောင်ရနေကြပါပြီ။ အတိတ် ကာလ မတရားမှုတွေအတွက် ပန်လည်ကုစားမှုဆိုရင်လည်း အစိုးရဟာ ပန်လည်ကုစားဖို့နေနေသာသာ အတိတ်ကမတရားမှုတွေအတွက် နောက်ကြောင်းပြန်အကျိုးသက်ရောက်မှုမရှိစေရဆိုတဲ့ပုဒ်မကိုတောင် အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲထားခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ တရားဝင် ပြောထားတဲ့အတွက်လည်း ဘယ်သူ့ကိုမှ ပြန်လည်တောင်းပန်စရာ၊ နစ်နာကြေးပေးစရာ၊ ကုစားပေးစရာ မလိုတဲ့အပြင် အားလုံးကိုလည်း ပစ်မှုတစ်ခုခုကျူးလွန်ထား တဲ့ ရာဇဝတ်သားတွေလို့ပဲမြင်တဲ့အတွက် ပြစ်ဒဏ်မကုန်ခင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးတာကိုပဲ သူတို့ကိုပြန်ကျေးဇူးတင်ဆိုတဲ့ သဘောမျိုးပါပဲ။
နိဂုံးချုပ်ရရင်တော့ ဦးသိန်းစိန်အုပ်ချုပ်တဲ့အစိုးရသစ်လို့ဆိုတဲ့လေးနှစ်တာသက်တမ်းအတွင်းကိုပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ ဘာဒီမိုကရေစီနှုန်းစံတန်ဖိုးတွေမှ လောက်လောက်လားလား မျိုးစေ့မချ၊ မြေတောင်မြှောက် ပေးခဲ့တာကို မမြင်ရပါဘူး။ အခြေခံဥပဒေတစ်ရပ်ရှိရုံ၊ ရွေးကောက်ပွဲလေးကျင်းပပေးရုံ၊ ဆန္ဒပြပွဲတွေ အထိုက်အလျောက်ခွင့်ပြုပေးရုံ၊ သတင်းစာလွတ်လပ်ခွင့်ကိုဟန်ပြပေးရုံနဲ့တော့လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံပါလို့ မပြောနိုင်ရိုးအမှန်ပဲ။ ဒါပေမဲ့လည်း ဒါဟာစိတ်ပျက်စရာအခြေအနေတော့ မဟုတ်ပါဘူး။ ဟံသာဝတီဦးဝင်းတင် မကွယ်လွန်မီက အင်တာဗျူး တစ်ခုမှာ ပြောသွားသလိုပါပဲ စစ်အစိုးရခေတ်ဟာ လုံးဝအမှောင်ကျထွက်ပေါက်ပိတ်ခဲ့တဲ့ခေတ်ဆိုလို့ရှိရင် အခု ဦးသိန်းစိန် လက်ထက်ဟာ ဟိုးအဝေးမှာ အလင်းရောင်ကိုလှမ်းမြင်လိုက်ရတဲ့ လှိုဏ်ခေါင်းထဲကလူတွေလိုအခြေအနေမျိုးပါပဲ။ လုံးဝမှောင်အတိကျနေရာကနေ လှိုဏ်ခေါင်းရဲ့အဝလို့ထင်ရတဲ့အရာတစ်ခုကိုတော့ မြင်လိုက်ရပြီလို့ ပြောလို့ရတဲ့ အနေအထားမျိုးပါ။ ဒါပေမဲ့လည်း အဲဒီ လှိုဏ်ဂူပေါက်ဝကိုရောက်ဖို့ ဘယ်လောက် သွားရဦးမလဲဆိုတာကတော့ သေချာမပြောနိုင်သေးသလို ကြားထဲမှာလည်း အကြောင်းအမျိုးမျိုးနဲ့ ဝင်္ကပါထဲ ထပ်ကျော့ပိတ်မိနေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဘာမှမရှိတာ ထက်စာရင် တစ်ခုခုရှိတာက ပိုကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး ခရီးဆုံးပန်းတိုင်ကိုရောက်ဖို့ကတော့ အသက်ရှိ နေသေးသူအားလုံး ဆက်လက်လျှောက် လှမ်းနေရဦးမှာပါ။ ဤခရီးမနီးပေမယ့် တစ်နေ့နေ့တော့ရောက်နိုင်လိမ့်မယ်လို့သာ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုမျိုးအကောင်းဆုံးကိုမျှော်လင့်ရင်းတစ်ဖက်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားရင်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ "Hope for the best and prepare for the worst" ဆိုတဲ့စကားကိုလည်း နားထောင်ပြီးသားဖြစ်သွားမယ်ဆိုတာ အသေချာဆုံးပဲဆိုတာ တင်ပြရင်း။
ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ
တစ်ကပြန်စမလား
ရသဝတ္ထုတို့ရဲ့သဘော
အမှိုက်ကလေးတစ်စ
သင်္ကြန်မိုးကပြောသော လူတန်းစားပဋိပက္ခ
နိုင်ငံတကာ ပညာရေးခေတ်အပြောင်းနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားမှု
အို ဘယ့် မြန်မာစာ
ရေးသူ၊ ဖတ်သူ၊ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသရေစီး
အနုသုခုမမြို့များ ပေါ်ထွန်းရေးဆီသို့
တစ်ကပြန်စမလား
ရသဝတ္ထုတို့ရဲ့သဘော
အမှိုက်ကလေးတစ်စ
သင်္ကြန်မိုးကပြောသော လူတန်းစားပဋိပက္ခ
နိုင်ငံတကာ ပညာရေးခေတ်အပြောင်းနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားမှု
အို ဘယ့် မြန်မာစာ
ရေးသူ၊ ဖတ်သူ၊ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသရေစီး
အနုသုခုမမြို့များ ပေါ်ထွန်းရေးဆီသို့

Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း