ဓာတ်ပုံ - ကိုကိုဝင်း (Panoramio.com) ဝဿန့်လက်ကျန် တိမ်ပုပ်တို့ပင် မကုန်ချင်သေး၊ ကလေးတို့က တဖြောင်းဖြောင်း တဒိုင်းဒိုင်း ဗျာက်သံတညံညံဖြင့် သီတင်းကျွတ်ကို ကြိုဆိုကြပြီ။ မိုးကလေးတိတ် သည်နှင့် တွင်းအောင်းရာက ထွက်လာကြသည့် ပုရစ်လေးများလို အိမ်နီးချင်း ပုစုခရုတို့ကလည်း မိုးစဲသည်နှင့် အိမ်ပြင်ထွက်လို့ သီတင်းကျွတ်ကို ရင်ခုန်နှင့်ပြီ။ ကောင်းကင်တွင် တော်သလင်းကြွင်း ဖိုးလမင်းက ပြည့်ဝန်းဖို့ အတော်လိုသေး၏။ အာသဝဏီ နက္ခတ်ကလည်း ပုံသဏ္ဌာန်မမှန်လှသေး။ ဗျောက် တဒိုင်းဒိုင်း၊ မီးပုံးတကိုင်ကိုင် လုပ်နေကြသည့် အိမ်နားက ကလေးတစ်သိုက်ကို ကြည့်ရင်း ကျွန်တော့်စိတ်သည် လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်သို့ ပြန်ရောက်သွားပါသည်။ ထိုစဉ်က ကျွန်တော်သည်လည်း သူတို့လိုပင် သီတင်းကျွတ်ကို ရင်ခုန်ခဲ့သည် မဟုတ်ပါလား။ မြန်မာ ၁၂ လရာသီပွဲများအနက် သင်္ကြန်ပွဲတော်ပြီးလျှင် သီတင်းကျွတ်ပွဲတော်သည် ပျော်စရာအကောင်းဆုံး။ ဒါတောင် ပြောရလျှင် ယနေ့ခေတ် သီတင်းကျွတ်သည် ဟိုတုန်းကလောက် ပျော်စရာမကောင်းတော့။ ခုခေတ်ကလေးတို့မှာ အားရပါးရ မပျော်ရရှာဟု ကျွန်တော်တွေးမိသည်။ ပထမအစမ်းစာမေးပွဲနောက်ဆုံးနေ့သည် ကျွန်တော်တို့အတွက် သီတင်းကျွတ်အပ...