Skip to main content

'သင်္ကြန်မိုး'ကပြောသော လူတန်းစားပဋိပက္ခ


ပုံ - အင်တာနက်
လွန်ခဲ့သောနှစ်အစိတ်ခန့်က စတင်ရိုက် ကူး ပြသခဲ့သည့် “သင်္ကြန်မိုး”ရုပ်ရှင်ဇာတ် ကားသည် ယခုထက်ထိလည်း အများ နှစ်သက်ကြဆဲ။ သင်္ကြန်နောက်ခံဇာတ် ကားဖြစ်ပြီး ထွက်ရှိပြီးသမျှ သင်္ကြန်ပွဲတော် နောက်ခံပြု မြန်မာကားများအနက် အအောင်မြင်ဆုံးအဖြစ် လက်ခံထားကြ ရသည့် ဇာတ်ကားဖြစ်သည်။


“သင်္ကြန်မိုး”သည် သင်္ကြန်နောက်ခံကား ဆိုသော်လည်း အမြူးသက်သက်မဟုတ်၊ အချစ်၊ အလွမ်း၊ အဆွေး၊ အဆို၊ အတီး၊ အက စသည့် အနုပညာလက်ရာအမျိုး အစားပေါင်းစုံ ထုံမွှမ်းထားသည့် ဂန္ထဝင်မြောက် ဇာတ်ကားတစ်ကား ဖြစ်သည်။ သူ့တွင် အပြစ်ပြောစရာ မရှိဘူးမဟုတ် ရှိသည်။ ကင်မရာရိုက်ချက် ဆန်းသစ်တီ ထွင်မှု၊ ဇာတ်လမ်း ဇာတ်ကွက် သဘာ၀ ကျမှု၊ အသံ၊ အလင်းအမှောင် စသည့် ရုပ်ရှင်ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသည်။ ထို့ပြင် ဇာတ်အိမ်ကိုလည်း ယခုထက်ပိုပြီး ဆန်းကြယ်အောင် စိတ်ကူးထုတ်လို့ ရနိုင်ပါသေးသည်။ “သင်္ကြန်မိုး”ဇာတ်ကားကို မြန်မာ့ ယဉ်ကျေးမှုအကြောင်း အတော်လေး နူးညံ့ သိမ်မွေ့စွာ တင်ဆက်ထားသည့် ဇာတ်ကား တစ်ကား အနေဖြင့်သာမက ကမ္ဘာပေါ်တွင် ဘယ်တော့မှ မရိုးနိုင်သည့် ပြဿနာတစ်ခုကို တင်ဆက်ထားသည့် ဇာတ်ကားတစ်ကား အဖြစ်လည်း ကြည့်ရှု ခံစားလို့ရနိုင်သည်။ ဒါက တခြားမဟုတ်၊ မတူညီသော လူတန်းစားများ အကြားက အားပြိုင်ပွဲ (သို့မဟုတ်) လူတန်းစား ပဋိ ပက္ခ။ လူတန်းစားပဋိပက္ခဆိုသည်က အခြေခံလူတန်းစား၊ အလယ်အလတ်တန်းစား လူတန်းစားနှင့် အထက်တန်းလွှာလူတန်း စားဆိုသည့် လူတန်းစားများအကြား အပြန်အလှန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများတွင် အချင်းချင်း အားပြိုင်မှု၊ လွန်ဆွဲမှုများကို ဆိုလိုခြင်းဖြစ်သည်။ လူတန်းစားပဋိပက္ခသည် လူ့အဖွဲ့ အစည်းကို အဓိကမောင်းနှင်သည့် “အား”ဖြစ်၏။ လူ့သမိုင်းကို ရေးခဲ့သည့်အဓိက စာရေးဆရာဖြစ်၏။ သမိုင်းတလျှောက် တွင် ဓနရှင်ကြေးရှင်လူတန်းစားနှင့် ဆင်းရဲသားနင်းပြားတို့ကြားက ပဋိပက္ခ၊ ကိုလိုနီနယ်ချဲ့မျိုးနှင့် ကျွန်ပြုခံလူမျိုးတို့ ကြားက ပဋိပက္ခ၊ အုပ်ချုပ်သူလူတန်းစား နှင့် အုပ်ချုပ်ခံလူတန်းစားကြားက ပဋိပက္ခ စသည့်ပဋိပက္ခတို့က ဘူဇွာတော် လှန်ရေး၊ အလုပ်သမားလယ်သမား တော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု စသည့် အားပြိုင်ရုန်းကန်မှုများကို ပေါ် ပေါက်စေခဲ့သည်။ ယင်းတို့ကြောင့်လည်း ခေတ်တွေ၊ စနစ်တွေ၊ ပထဝီဝင်မြေပုံ တွေ ကမ္ဘာကြီးမှာ ပြောင်းလဲခဲ့သည်။

“သင်္ကြန်မိုး”မှာတော့ အထက်တန်းလွှာ လူတန်းစားနှင့် အလယ်အလတ်တန်းစား လူတန်းစား နှစ်ရပ်တို့ အကြား လူမှုရေးကဏ္ဍ၊ အတိအကျ ဆိုရလျှင် အချစ်ရေးကဏ္ဍတွင် အားပြိုင် မှုကို တွေ့ရသည်။ သမိုင်းတလျှောက် မည်သည့်ခေတ်ကိုပဲ ကြည့်ကြည့် တူညီသော လူတန်းစား အဖွဲ့ဝင် အချင်းချင်းသာ အိမ်ထောင်ပြုသည်ကို တွေ့ရမည်ဖြစ်သည်။ အထက် တန်းလွှာမှ ယောက်ျားတစ်ယောက်နှင့် အခြေခံလူတန်းစားမှ မိန်းမတစ်ယောက် ယူကြသည်မျိုး မရှိမဟုတ် ရှိ၏၊ သို့သော် တော်တော်ရှားသည်။ အင်္ဂလန်နန်းလျာ ဝေလမင်းသားက သာမန်အညတြ ဆင်းရဲသား မုဆိုးမ ကလေးအမေ တစ်ယောက်ကို ယူသည့် ဇာတ်လမ်းမျိုးကတော့ ဝတ္ထုရေးလို့၊ သီချင်းတွေရေး၊ ကဗျာတွေစပ်လို့ ကောင်းသည်ပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဒါမျိုး ဇာတ်လမ်းက များများစားစားမရှိ။ “သင်္ကြန်မိုး”သည် အထက် တန်းလွှာ ဖြစ်သော ဇာတ်ကောင် မင်းသမီး (ခင်ခင် ထား)၏ မိဘအသိုင်း အဝိုင်းက အလယ် အလတ်တန်းစား ဖြစ်သည့် ဇာတ်ကောင် မင်းသား (ငြိမ်းမောင်)ကို သဘောမတူ သည့်အတွက် ဖြစ်ပေါ်လာသည့် ဇာတ် အိမ်တစ်ခုဖြစ်သည်။ ဇာတ်လမ်းတွင် လူတန်းစားခွဲခြားသည့် စကားလုံးများ မပါ ပါ။ အနည်းဆုံး “ရာရာစစ”၊ “မတူမတန်” စသည့် စကားလုံးမျှပင် မပါပါ။ သို့သော် ငြိမ်းမောင်နှင့် သဘောမတူနိုင် ကြောင်းကို ပြသခြင်းကပင် ပိုမြင့်သည့်လူတန်းစား သည် မိမိထက်နိမ့်သည့်လူတန်းစားကို (ပညာအရ လေးစားချင်လေးစားမည်) အဆိုပါ လူတန်းစား နှစ်ခုကိုပေါင်းစပ် လိုက်ရမှာကိုမူ လက်ခံရန် ခက်ခဲကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ နောက်ဆုံး ငြိမ်းမောင်နှင့် ခင်ခင်ထားတို့သည် မိမိနှင့် နီးစပ်သူများ (လူတန်းစားတူသူချင်း) နှင့် သာ အိမ်ထောင်ဖက် ပြုသွားကြသည်။ ဒါကြောင့်လည်း “သင်္ကြန်မိုး”ဖြစ်လာ သည်။ ဒီဇာတ်ကားကိုဖန်တီးသူ ဒါရိုက်တာသည် ငြိမ်းမောင်နှင့် ခင်ခင်ထားတို့ကို လူတန်းစားခွဲခြားမှု၊ ကွဲပြားနေမှု၏ သားကောင်များအဖြစ် ပုံဖော်လိုက် သည်။ တကယ်တော့ “သင်္ကြန်မိုး” သည် သင်္ကြန်ကိုတင်ပြလိုရင်းလည်း ပါသည်၊ ရှေးအတီတေကတည်းက မပြီး ပြတ်နိုင် သည့် ပြဿနာတစ်ခုကိုတင်ပြ လိုရင်း လည်း ပါသည်ဟု ဤစာကိုရေးသူက မြင်သည်။ ဒါကြောင့်လည်း ဇာတ်သည် ကြွတက်သွားသည်။ လူတွေရဲ့ရင်ကို ပိုထိသွားသည်။ အခြားပြဿနာ တစ်ခုကြောင့် ကွဲရသည်ဆိုလျှင် ဇာတ်သည် သည်လောက်နာမည်မဟုတ်။

“သင်္ကြန်မိုး”တွင် ကားလ်မာ့စ် အစရှိသူတို့ တင်ပြခဲ့သော ဓနရှင်ကြေးရှင် လူတန်းစား၏ ကာယ၊ ဉာဏ လုပ်သား တို့အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ် သည်ဆိုသော အချက်ကိုလည်း ငြိမ်းမောင်နှင့် သူ့ကို ဓာတ်ပြား ထုတ်ပေးမည့် ထုတ်လုပ်သူတို့အကြား စကားများသည့် အခန်းတွင်တွေ့နိုင်သေးသည်။အနုပညာ ၏ တန်ဖိုးကိုနားမလည်သည့်၊ သို့မဟုတ် အနုပညာကို ငွေဖြစ်အောင်ဖန်တီးဖို့ လောက်သာ နားလည်သည့် အရှင်းရှင် လူတန်းစားသည် သူအမြတ်အစွန်း ရဖို့ကိုသာ ရှေ့ရှု၍ ငွေမဲ့ကြေးမဲ့ အနုပညာ ရှင်တို့၏ ပညာကို ခုတုံးလုပ်ဖို့ကြိုးစား သည်။ ဒီမှာပင် ငြိမ်းမောင်၏ ပညာမာနနှင့် ထိပ်တိုက်တွေ့ကြသည်။ ဒီဇာတ် ကွက်သည် တိုသော်လည်း လူ့အဖွဲ့ အစည်း သမိုင်းတလျှောက် မရိုးနိုင်သော ဆွဲစေ့မရသည့် အက်ကြောင်းတစ်ခုကို သိမ်သိမ်မွေ့မွေ့နှင့် တင်ပြသွားသည်။ ကားလ်မာ့စ်က ဆင်းရဲသား လူတန်းစားသည် နောက်ဆုံးတွင် ဓနရှင် လူတန်းစားကို တော်လှန်လိမ့်မည်ဟု ဆိုခဲ့သည်။ ဒီသဘောကို“သင်္ကြန်မိုး”တွင် ခပ်ပါးပါးလေး တွေ့ရသည်။နားကျည်း ချက်များရှိနေသည့် အနုပညာသမား လူလတ်တန်းစား ငြိမ်းမောင်သည် သူ့ကို အရှက်ရစေခဲ့သည့် လူချမ်းသာ လူတန်းစားကို မုန်းတီးစိတ်က အငုံ့စိတ်အဖြစ် သူ့ဘဝတလျှောက် ကိန်းအောင်းခဲ့ပြီး အထက်တန်းလွှာ လူတန်းစားအပေါ် ပြန်ကန်ချင်သည့် သဘောကို ငြိမ်းမောင်နှင့် ခင်ခင်ထားတို့ အသက်ကြီးပိုင်းတွင် ပြန်တွေ့ ကြသည့်အခန်းတွင် ပြသသွား ခဲ့သည်။ ငြိမ်းမောင်သည် သူတစ်သက် လုံး နာကျည်းခဲ့ရသည်များကို ခင်ခင်ထားအပေါ် စကားအရ အနိုင်ယူခဲ့ခြင်း၊ “အနုပညာသည် လူကုံထံတို့ကို ဖျော်ဖြေ ဖို့မဟုတ်” ဆိုသည့် အကြောင်းပြချက်ဖြင့် သူ့သားအား တီးမှုတ်ဖျော်ဖြေရန် ခွင့်မပြုခဲ့ခြင်း တို့ဖြင့် ဖောက်ခွဲပစ်ခဲ့သည်။ လူတန်းစား တော်လှန်ရေးအဆင့် မဟုတ်သော်လည်း ပစ္စည်းမဲ့ပြီး ပညာကိုတန်ဖိုး ထားသည့် လူတန်းစား (ငြိမ်းမောင်) သည် ပစ္စည်းရှိပြီး ပညာတန်ဖိုးကို နားမလည်သည့် (နားမလည်ဟု သူယူဆသည့်) လူတန်းစား (ခင်ခင်ထားနှင့် သူ ၏အမေ) တို့ကို ဒီနည်းဖြင့် ပြန်ဆန့်ကျင် ပြခဲ့သည်။ အရွဲ့တိုက်ပြသည်။ “ကန်” ပြ ခဲ့သည်။ ဒါရိုက်တာသည် သူပြချင်သည် တို့ကို ပြသပြီးပြီ။ သို့သော် ပရိသတ်ကိုလည်း ငဲ့ရသေးသည်။ မြန်မာပရိသတ်သည် မင်းသား၊ မင်းသမီးကွဲသည်ကို မလို လား။ ရှေ့ပိုင်း ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်း မှာတော့ ညားစေချင်သည်။ အကယ်၍ ကွဲရသည် ဆိုလျှင်တောင် ပုံစံတစ်မျိုးဖြင့် ပြန်ပေါင်းဖက် ပေးရသည်မှာ အစဉ်အလာ တစ်ခုလို ဖြစ်နေသည်။ ဒီသဘောကို ပုံပြင်တွေ ထဲမှာလည်း တွေ့နိုင်သည်။ ဥပမာ ရှင်မွေ့နွန်းနှင့် မင်းနန္ဒာဇာတ်တွင် မပေါင်းလိုက်ရသော ချစ်သူနှစ်ဦးသည် သေပြီးနောက် မီးခိုး အဖြစ်ဖြင့် မြစ်ပြင်ယံ ကောင်းကင်ထက် တွင် ပေါင်းသွားကြသည်။ မောင်ရှင်ဆိုင်းထမ်း ကြယ်ဇာတ်လမ်းတွင် ခွန်ဆန်လော နှင့်နန်းဦးပြင် တို့သည် ကြယ်ဖြူလေး များအဖြစ် ကောင်းကင်တွင် ယှဉ်တွဲသွား ကြသည်။ ဒါရိုက်တာသည် ဒီသဘောကို နားလည်သည်။ မြန်မာ ပရိသတ်၏ အကြိုက်ကိုလိုက်သည်။ နောက်ဆုံးတွင် ငြိမ်းမောင်နှင့် ခင်ခင်ထားတို့ မပေါင်းဖက် လိုက်ရခြင်းကို ပျော်ရွှင်စရာ ဇာတ်သိမ်း တစ်ခုဖြင့် ပြန်အဖတ်ဆည်ပေးသည်။ လက်တွေ့တွင်ဖြစ်ရန် ခဲယဉ်းသော်လည်း သူတို့နှစ်ဦး၏သားနှင့်သမီးသည် အလွန် ခင်သော သူငယ်ချင်းများအဖြစ်မှ ချစ်သူ များဖြစ်သွားကြသည် ဆိုသောပြကွက်ဖြင့် ပရိသတ်၏ ရှေ့ပိုင်းက ဘဝင်မကျမှုကို ပြန်နှစ်သိမ့်ပေးသည်။ ဤနည်းဖြင့် မြန်မာပရိသတ်၏ မျက်နှာတွင် အပြုံးတို့ ပြန်ရောက်အောင် လုပ်ခဲ့သည်။ မြန်မာ ပရိတ်သတ် အတွက် ဖြစ်သဖြင့် မြန်မာ့အကြိုက်၊ စရိုက်ကို လိုက်ရသည်ဟု နားလည်၍ ရသည်။

“သင်္ကြန်မိုး”တွင် လူတန်းစားပဋိပက္ခ အပြင် မြန်မာမိဘတို့၏ သားသမီးအပေါ် ထားသည့် စေတနာ၊ မေတ္တာတို့နှင့် မိမိ၏ ပုဂ္ဂလိက အတ္တတို့အကြားက မညီမျှ မှု၊ တစ်ဖက်စောင်းနင်း နိုင်မှု တို့ကိုလည်း မြင်ရသည်။ ခေတ်နှစ်ခေတ်၏ မတူညီ သော သင်္ကြန်ပွဲတော်ဆင်နွှဲပုံ၊ ဝတ်စား ဆင်ယင်ပုံ၊ ဂီတအနုပညာရေစီး စတင် ပြောင်းလဲလာပုံ တို့ကိုလည်း လေ့လာနိုင်သည်။ သင်္ကြန်မိုးကို လူအတော်များများ ကြိုက်ကြသည်။ စာရေးသူလည်း ကြိုက် ပါသည်။ သို့သော် အထက်က တင်ပြခဲ့သည့် လူ့အဖွဲ့အစည်း၏ သရုပ်သကန်၊ လူ့စရိုက် လူ့သဘာ၀နှင့် နိယာမတရား တို့ကို ရောင်ပြန်ဟပ်ပြီး တင်ပြခြင်းမျိုး မဟုတ်ဘဲ သင်္ကြန်ပွဲတော်ကို ရိုးရိုးပုံစံ ဖြင့် တန်ဆာဆင်ခြင်းမျိုးသာ ဆိုလျှင်တော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မည်၊ သို့မဟုတ် ဒီလောက် ကြိုက်ချင်မှ ကြိုက် ပါလိမ့်မည်။
  မြန်မာတိုင်း(မ်)၊ အတွဲ ၂၆၊ အမှတ် ၅၁၅ (၂၉၊ ၄-၅၊ ၅ ၂၀၁၁)

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကျွန်တော်က ခင်ဗျားကိုတွေ့ချင်တာ

ဆိုပါစို့ဗျာ …ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်ဖရေ ဒီနေ့ဟာ ကျနော့်နာရေးဆိုပါစို့။ ကျနော့်ရဲ့ နောက်ဆုံးခရီးလေးဆိုကြပါစို့။ ခင်ဗျားနဲ့ကျနော်နဲ့ကလည်း မာနတွေကြောင့်ပဲဖြစ်ဖြစ်၊ ဃရာဝါသတွေကြောင့်ပဲဖြစ်ဖြစ် မဆုံဖြစ်ခဲ့တာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့မှပဲ ခင်ဗျားမှာ... စကောလားရှစ် စာမေးပွဲရှိနေတယ်… သူဌေးက အထူးအစည်းအဝေးခေါ်ထားတယ်… တင်ဒါဝင်ပြိုင်ရမယ့် နောက်ဆုံးရက်ဖြစ်နေတယ်… နိုင်ငံခြားသွားဖို့ လေယာဉ်ပေါ်တက်ရမယ့်အချိန်ဖြစ်နေတယ်… စသည် စသည်ဖြင့် ရှိနေတယ်… ဆိုပါစို့။ ဒါဆို ကျနော့်ကို ခင်ဗျား လာတွေ့မှာလား လာမှာလား... ခင်ဗျားဟာ ကျနော့်ကို ထပ်မြင်ရဖို့ အခွင့်အရေးမရှိတော့ဘူး … ဒီနေ့ပြီးရင်… ဘယ်တော့မှလည်း ပြန်မဆုံကြတော့ဘူးဆိုရင်၊ ခင်ဗျားမှာလည်း လက်လွတ်မခံနိုင်စရာ အရေးကြီးအလုပ်ကလည်း ရှိနေခဲ့ရင်၊ ခင်ဗျား ကျနော့်ဆီ လာဦးမှာလား … လာမှာလား … ကျနော်ကတော့ ခင်ဗျားဆီ ထမလာနိုင်တော့တာအမှန်။ ကျနော့်မှာ ခုတင်ပေါ် မလှုပ်မယှက်လဲလျောင်းရင်းက လက်သီးဆုပ်ကို ဖြေထားရင်းက ခင်ဗျားကို မျှော်နေမိမှာပါ… မျှော်ဦးမှာပါ မျှော်မှာပါ… သေသူတစ်ယောက်မှာ စာမေးပွဲလည်းမရှိတော့... အင်တာဗျူးလည်းမရှိ...