Skip to main content

'သင်္ကြန်မိုး'ကပြောသော လူတန်းစားပဋိပက္ခ


ပုံ - အင်တာနက်
လွန်ခဲ့သောနှစ်အစိတ်ခန့်က စတင်ရိုက် ကူး ပြသခဲ့သည့် “သင်္ကြန်မိုး”ရုပ်ရှင်ဇာတ် ကားသည် ယခုထက်ထိလည်း အများ နှစ်သက်ကြဆဲ။ သင်္ကြန်နောက်ခံဇာတ် ကားဖြစ်ပြီး ထွက်ရှိပြီးသမျှ သင်္ကြန်ပွဲတော် နောက်ခံပြု မြန်မာကားများအနက် အအောင်မြင်ဆုံးအဖြစ် လက်ခံထားကြ ရသည့် ဇာတ်ကားဖြစ်သည်။


“သင်္ကြန်မိုး”သည် သင်္ကြန်နောက်ခံကား ဆိုသော်လည်း အမြူးသက်သက်မဟုတ်၊ အချစ်၊ အလွမ်း၊ အဆွေး၊ အဆို၊ အတီး၊ အက စသည့် အနုပညာလက်ရာအမျိုး အစားပေါင်းစုံ ထုံမွှမ်းထားသည့် ဂန္ထဝင်မြောက် ဇာတ်ကားတစ်ကား ဖြစ်သည်။ သူ့တွင် အပြစ်ပြောစရာ မရှိဘူးမဟုတ် ရှိသည်။ ကင်မရာရိုက်ချက် ဆန်းသစ်တီ ထွင်မှု၊ ဇာတ်လမ်း ဇာတ်ကွက် သဘာ၀ ကျမှု၊ အသံ၊ အလင်းအမှောင် စသည့် ရုပ်ရှင်ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသည်။ ထို့ပြင် ဇာတ်အိမ်ကိုလည်း ယခုထက်ပိုပြီး ဆန်းကြယ်အောင် စိတ်ကူးထုတ်လို့ ရနိုင်ပါသေးသည်။ “သင်္ကြန်မိုး”ဇာတ်ကားကို မြန်မာ့ ယဉ်ကျေးမှုအကြောင်း အတော်လေး နူးညံ့ သိမ်မွေ့စွာ တင်ဆက်ထားသည့် ဇာတ်ကား တစ်ကား အနေဖြင့်သာမက ကမ္ဘာပေါ်တွင် ဘယ်တော့မှ မရိုးနိုင်သည့် ပြဿနာတစ်ခုကို တင်ဆက်ထားသည့် ဇာတ်ကားတစ်ကား အဖြစ်လည်း ကြည့်ရှု ခံစားလို့ရနိုင်သည်။ ဒါက တခြားမဟုတ်၊ မတူညီသော လူတန်းစားများ အကြားက အားပြိုင်ပွဲ (သို့မဟုတ်) လူတန်းစား ပဋိ ပက္ခ။ လူတန်းစားပဋိပက္ခဆိုသည်က အခြေခံလူတန်းစား၊ အလယ်အလတ်တန်းစား လူတန်းစားနှင့် အထက်တန်းလွှာလူတန်း စားဆိုသည့် လူတန်းစားများအကြား အပြန်အလှန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများတွင် အချင်းချင်း အားပြိုင်မှု၊ လွန်ဆွဲမှုများကို ဆိုလိုခြင်းဖြစ်သည်။ လူတန်းစားပဋိပက္ခသည် လူ့အဖွဲ့ အစည်းကို အဓိကမောင်းနှင်သည့် “အား”ဖြစ်၏။ လူ့သမိုင်းကို ရေးခဲ့သည့်အဓိက စာရေးဆရာဖြစ်၏။ သမိုင်းတလျှောက် တွင် ဓနရှင်ကြေးရှင်လူတန်းစားနှင့် ဆင်းရဲသားနင်းပြားတို့ကြားက ပဋိပက္ခ၊ ကိုလိုနီနယ်ချဲ့မျိုးနှင့် ကျွန်ပြုခံလူမျိုးတို့ ကြားက ပဋိပက္ခ၊ အုပ်ချုပ်သူလူတန်းစား နှင့် အုပ်ချုပ်ခံလူတန်းစားကြားက ပဋိပက္ခ စသည့်ပဋိပက္ခတို့က ဘူဇွာတော် လှန်ရေး၊ အလုပ်သမားလယ်သမား တော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု စသည့် အားပြိုင်ရုန်းကန်မှုများကို ပေါ် ပေါက်စေခဲ့သည်။ ယင်းတို့ကြောင့်လည်း ခေတ်တွေ၊ စနစ်တွေ၊ ပထဝီဝင်မြေပုံ တွေ ကမ္ဘာကြီးမှာ ပြောင်းလဲခဲ့သည်။

“သင်္ကြန်မိုး”မှာတော့ အထက်တန်းလွှာ လူတန်းစားနှင့် အလယ်အလတ်တန်းစား လူတန်းစား နှစ်ရပ်တို့ အကြား လူမှုရေးကဏ္ဍ၊ အတိအကျ ဆိုရလျှင် အချစ်ရေးကဏ္ဍတွင် အားပြိုင် မှုကို တွေ့ရသည်။ သမိုင်းတလျှောက် မည်သည့်ခေတ်ကိုပဲ ကြည့်ကြည့် တူညီသော လူတန်းစား အဖွဲ့ဝင် အချင်းချင်းသာ အိမ်ထောင်ပြုသည်ကို တွေ့ရမည်ဖြစ်သည်။ အထက် တန်းလွှာမှ ယောက်ျားတစ်ယောက်နှင့် အခြေခံလူတန်းစားမှ မိန်းမတစ်ယောက် ယူကြသည်မျိုး မရှိမဟုတ် ရှိ၏၊ သို့သော် တော်တော်ရှားသည်။ အင်္ဂလန်နန်းလျာ ဝေလမင်းသားက သာမန်အညတြ ဆင်းရဲသား မုဆိုးမ ကလေးအမေ တစ်ယောက်ကို ယူသည့် ဇာတ်လမ်းမျိုးကတော့ ဝတ္ထုရေးလို့၊ သီချင်းတွေရေး၊ ကဗျာတွေစပ်လို့ ကောင်းသည်ပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ဒါမျိုး ဇာတ်လမ်းက များများစားစားမရှိ။ “သင်္ကြန်မိုး”သည် အထက် တန်းလွှာ ဖြစ်သော ဇာတ်ကောင် မင်းသမီး (ခင်ခင် ထား)၏ မိဘအသိုင်း အဝိုင်းက အလယ် အလတ်တန်းစား ဖြစ်သည့် ဇာတ်ကောင် မင်းသား (ငြိမ်းမောင်)ကို သဘောမတူ သည့်အတွက် ဖြစ်ပေါ်လာသည့် ဇာတ် အိမ်တစ်ခုဖြစ်သည်။ ဇာတ်လမ်းတွင် လူတန်းစားခွဲခြားသည့် စကားလုံးများ မပါ ပါ။ အနည်းဆုံး “ရာရာစစ”၊ “မတူမတန်” စသည့် စကားလုံးမျှပင် မပါပါ။ သို့သော် ငြိမ်းမောင်နှင့် သဘောမတူနိုင် ကြောင်းကို ပြသခြင်းကပင် ပိုမြင့်သည့်လူတန်းစား သည် မိမိထက်နိမ့်သည့်လူတန်းစားကို (ပညာအရ လေးစားချင်လေးစားမည်) အဆိုပါ လူတန်းစား နှစ်ခုကိုပေါင်းစပ် လိုက်ရမှာကိုမူ လက်ခံရန် ခက်ခဲကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ နောက်ဆုံး ငြိမ်းမောင်နှင့် ခင်ခင်ထားတို့သည် မိမိနှင့် နီးစပ်သူများ (လူတန်းစားတူသူချင်း) နှင့် သာ အိမ်ထောင်ဖက် ပြုသွားကြသည်။ ဒါကြောင့်လည်း “သင်္ကြန်မိုး”ဖြစ်လာ သည်။ ဒီဇာတ်ကားကိုဖန်တီးသူ ဒါရိုက်တာသည် ငြိမ်းမောင်နှင့် ခင်ခင်ထားတို့ကို လူတန်းစားခွဲခြားမှု၊ ကွဲပြားနေမှု၏ သားကောင်များအဖြစ် ပုံဖော်လိုက် သည်။ တကယ်တော့ “သင်္ကြန်မိုး” သည် သင်္ကြန်ကိုတင်ပြလိုရင်းလည်း ပါသည်၊ ရှေးအတီတေကတည်းက မပြီး ပြတ်နိုင် သည့် ပြဿနာတစ်ခုကိုတင်ပြ လိုရင်း လည်း ပါသည်ဟု ဤစာကိုရေးသူက မြင်သည်။ ဒါကြောင့်လည်း ဇာတ်သည် ကြွတက်သွားသည်။ လူတွေရဲ့ရင်ကို ပိုထိသွားသည်။ အခြားပြဿနာ တစ်ခုကြောင့် ကွဲရသည်ဆိုလျှင် ဇာတ်သည် သည်လောက်နာမည်မဟုတ်။

“သင်္ကြန်မိုး”တွင် ကားလ်မာ့စ် အစရှိသူတို့ တင်ပြခဲ့သော ဓနရှင်ကြေးရှင် လူတန်းစား၏ ကာယ၊ ဉာဏ လုပ်သား တို့အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ် သည်ဆိုသော အချက်ကိုလည်း ငြိမ်းမောင်နှင့် သူ့ကို ဓာတ်ပြား ထုတ်ပေးမည့် ထုတ်လုပ်သူတို့အကြား စကားများသည့် အခန်းတွင်တွေ့နိုင်သေးသည်။အနုပညာ ၏ တန်ဖိုးကိုနားမလည်သည့်၊ သို့မဟုတ် အနုပညာကို ငွေဖြစ်အောင်ဖန်တီးဖို့ လောက်သာ နားလည်သည့် အရှင်းရှင် လူတန်းစားသည် သူအမြတ်အစွန်း ရဖို့ကိုသာ ရှေ့ရှု၍ ငွေမဲ့ကြေးမဲ့ အနုပညာ ရှင်တို့၏ ပညာကို ခုတုံးလုပ်ဖို့ကြိုးစား သည်။ ဒီမှာပင် ငြိမ်းမောင်၏ ပညာမာနနှင့် ထိပ်တိုက်တွေ့ကြသည်။ ဒီဇာတ် ကွက်သည် တိုသော်လည်း လူ့အဖွဲ့ အစည်း သမိုင်းတလျှောက် မရိုးနိုင်သော ဆွဲစေ့မရသည့် အက်ကြောင်းတစ်ခုကို သိမ်သိမ်မွေ့မွေ့နှင့် တင်ပြသွားသည်။ ကားလ်မာ့စ်က ဆင်းရဲသား လူတန်းစားသည် နောက်ဆုံးတွင် ဓနရှင် လူတန်းစားကို တော်လှန်လိမ့်မည်ဟု ဆိုခဲ့သည်။ ဒီသဘောကို“သင်္ကြန်မိုး”တွင် ခပ်ပါးပါးလေး တွေ့ရသည်။နားကျည်း ချက်များရှိနေသည့် အနုပညာသမား လူလတ်တန်းစား ငြိမ်းမောင်သည် သူ့ကို အရှက်ရစေခဲ့သည့် လူချမ်းသာ လူတန်းစားကို မုန်းတီးစိတ်က အငုံ့စိတ်အဖြစ် သူ့ဘဝတလျှောက် ကိန်းအောင်းခဲ့ပြီး အထက်တန်းလွှာ လူတန်းစားအပေါ် ပြန်ကန်ချင်သည့် သဘောကို ငြိမ်းမောင်နှင့် ခင်ခင်ထားတို့ အသက်ကြီးပိုင်းတွင် ပြန်တွေ့ ကြသည့်အခန်းတွင် ပြသသွား ခဲ့သည်။ ငြိမ်းမောင်သည် သူတစ်သက် လုံး နာကျည်းခဲ့ရသည်များကို ခင်ခင်ထားအပေါ် စကားအရ အနိုင်ယူခဲ့ခြင်း၊ “အနုပညာသည် လူကုံထံတို့ကို ဖျော်ဖြေ ဖို့မဟုတ်” ဆိုသည့် အကြောင်းပြချက်ဖြင့် သူ့သားအား တီးမှုတ်ဖျော်ဖြေရန် ခွင့်မပြုခဲ့ခြင်း တို့ဖြင့် ဖောက်ခွဲပစ်ခဲ့သည်။ လူတန်းစား တော်လှန်ရေးအဆင့် မဟုတ်သော်လည်း ပစ္စည်းမဲ့ပြီး ပညာကိုတန်ဖိုး ထားသည့် လူတန်းစား (ငြိမ်းမောင်) သည် ပစ္စည်းရှိပြီး ပညာတန်ဖိုးကို နားမလည်သည့် (နားမလည်ဟု သူယူဆသည့်) လူတန်းစား (ခင်ခင်ထားနှင့် သူ ၏အမေ) တို့ကို ဒီနည်းဖြင့် ပြန်ဆန့်ကျင် ပြခဲ့သည်။ အရွဲ့တိုက်ပြသည်။ “ကန်” ပြ ခဲ့သည်။ ဒါရိုက်တာသည် သူပြချင်သည် တို့ကို ပြသပြီးပြီ။ သို့သော် ပရိသတ်ကိုလည်း ငဲ့ရသေးသည်။ မြန်မာပရိသတ်သည် မင်းသား၊ မင်းသမီးကွဲသည်ကို မလို လား။ ရှေ့ပိုင်း ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်း မှာတော့ ညားစေချင်သည်။ အကယ်၍ ကွဲရသည် ဆိုလျှင်တောင် ပုံစံတစ်မျိုးဖြင့် ပြန်ပေါင်းဖက် ပေးရသည်မှာ အစဉ်အလာ တစ်ခုလို ဖြစ်နေသည်။ ဒီသဘောကို ပုံပြင်တွေ ထဲမှာလည်း တွေ့နိုင်သည်။ ဥပမာ ရှင်မွေ့နွန်းနှင့် မင်းနန္ဒာဇာတ်တွင် မပေါင်းလိုက်ရသော ချစ်သူနှစ်ဦးသည် သေပြီးနောက် မီးခိုး အဖြစ်ဖြင့် မြစ်ပြင်ယံ ကောင်းကင်ထက် တွင် ပေါင်းသွားကြသည်။ မောင်ရှင်ဆိုင်းထမ်း ကြယ်ဇာတ်လမ်းတွင် ခွန်ဆန်လော နှင့်နန်းဦးပြင် တို့သည် ကြယ်ဖြူလေး များအဖြစ် ကောင်းကင်တွင် ယှဉ်တွဲသွား ကြသည်။ ဒါရိုက်တာသည် ဒီသဘောကို နားလည်သည်။ မြန်မာ ပရိသတ်၏ အကြိုက်ကိုလိုက်သည်။ နောက်ဆုံးတွင် ငြိမ်းမောင်နှင့် ခင်ခင်ထားတို့ မပေါင်းဖက် လိုက်ရခြင်းကို ပျော်ရွှင်စရာ ဇာတ်သိမ်း တစ်ခုဖြင့် ပြန်အဖတ်ဆည်ပေးသည်။ လက်တွေ့တွင်ဖြစ်ရန် ခဲယဉ်းသော်လည်း သူတို့နှစ်ဦး၏သားနှင့်သမီးသည် အလွန် ခင်သော သူငယ်ချင်းများအဖြစ်မှ ချစ်သူ များဖြစ်သွားကြသည် ဆိုသောပြကွက်ဖြင့် ပရိသတ်၏ ရှေ့ပိုင်းက ဘဝင်မကျမှုကို ပြန်နှစ်သိမ့်ပေးသည်။ ဤနည်းဖြင့် မြန်မာပရိသတ်၏ မျက်နှာတွင် အပြုံးတို့ ပြန်ရောက်အောင် လုပ်ခဲ့သည်။ မြန်မာ ပရိတ်သတ် အတွက် ဖြစ်သဖြင့် မြန်မာ့အကြိုက်၊ စရိုက်ကို လိုက်ရသည်ဟု နားလည်၍ ရသည်။

“သင်္ကြန်မိုး”တွင် လူတန်းစားပဋိပက္ခ အပြင် မြန်မာမိဘတို့၏ သားသမီးအပေါ် ထားသည့် စေတနာ၊ မေတ္တာတို့နှင့် မိမိ၏ ပုဂ္ဂလိက အတ္တတို့အကြားက မညီမျှ မှု၊ တစ်ဖက်စောင်းနင်း နိုင်မှု တို့ကိုလည်း မြင်ရသည်။ ခေတ်နှစ်ခေတ်၏ မတူညီ သော သင်္ကြန်ပွဲတော်ဆင်နွှဲပုံ၊ ဝတ်စား ဆင်ယင်ပုံ၊ ဂီတအနုပညာရေစီး စတင် ပြောင်းလဲလာပုံ တို့ကိုလည်း လေ့လာနိုင်သည်။ သင်္ကြန်မိုးကို လူအတော်များများ ကြိုက်ကြသည်။ စာရေးသူလည်း ကြိုက် ပါသည်။ သို့သော် အထက်က တင်ပြခဲ့သည့် လူ့အဖွဲ့အစည်း၏ သရုပ်သကန်၊ လူ့စရိုက် လူ့သဘာ၀နှင့် နိယာမတရား တို့ကို ရောင်ပြန်ဟပ်ပြီး တင်ပြခြင်းမျိုး မဟုတ်ဘဲ သင်္ကြန်ပွဲတော်ကို ရိုးရိုးပုံစံ ဖြင့် တန်ဆာဆင်ခြင်းမျိုးသာ ဆိုလျှင်တော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မည်၊ သို့မဟုတ် ဒီလောက် ကြိုက်ချင်မှ ကြိုက် ပါလိမ့်မည်။
  မြန်မာတိုင်း(မ်)၊ အတွဲ ၂၆၊ အမှတ် ၅၁၅ (၂၉၊ ၄-၅၊ ၅ ၂၀၁၁)

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...