Skip to main content

နိုင်ငံတကာပညာရေးခေတ်အပြောင်းနဲ့ ဝေဖန်ပိုင်းခြားစဉ်းစားမှု


ပညာခေတ်လို့ခေါ်ကြတဲ့ ဒီဘက်ခေတ်မှာ ပညာသင်ကြားခြင်း၊ သင်ယူ ခြင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ သမားရိုးကျ ပညာသင်ကြားတဲ့နည်းစနစ်တွေကို ကမ္ဘာတစ်ဝန်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။ ၂၀ ရာစုရဲ့ နောက်ဆုံးပိုင်း ကာလတွေကစလို့ နိုင်ငံတကာ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ ဆရာဗဟိုပြု သင်ကြားရေး (Teacher-centred) ကနေ ကျောင်းသား ဗဟိုပြုတဲ့ သင်ကြားရေး (Student-centred) စနစ်ဘက်ကို အလေးပေး ဆောင်ရွက် လာကြ တာပါပဲ။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အာကာသ၊ သိပ္ပံနဲ့ နည်းပညာ တိုးတက်ရေး တို့ကို ဦးစားပေး သင်ကြားပေးခဲ့ရာကနေ ၁၉၇၀ ပြည့်လွန်နှစ်များ မှာတော့ စီးပွား ရေး၊ လူမှုရေးနဲ့ စာရိတ္တမြင့်မားရေးကို ဦးတည်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ် များမှာတော့ ကျောင်းသားရဲ့ ဝေဖန် ပိုင်းခြားစဉ်းစားမှုကို မြှင့်တင်ဖို့ ကြိုးပမ်း လာခဲ့ကြပါတယ်။

ဝေဖန်ပိုင်းခြား စဉ်းစားခြင်း (critical thinking) ဟာ 'ဆင်ခြင်သုံးသပ်၍ ဆုံးဖြတ်ချက်ချခြင်း' (reflective judgment) ဖြစ်တယ်လို့ ပညာရှင်များ က အဓိပ္ပာယ်ဖွင့်ပါတယ်။ သူ့မှာ ကျိုးကြောင်းဆက်စပ် စဉ်းစားခြင်း (logical thinking)ပါဝင်ပြီး ဖြန့်ထွက် စဉ်းစားခြင်း (lateral thinking)နဲ့ ဆန်းသစ်တီထွင် စဉ်းစားခြင်း(creative thinking) တို့နဲ့ အနည်းငယ် ကွာတယ်လို့ ဆိုပါတယ်။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းဟာ သတင်းအချက်အလက်တွေကို ရယူခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းတို့ နှစ်ခုကြားက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ဖြစ်စဉ် ဖြစ်တယ်လို့ ဖွင့်ဆိုကြပါတယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က သူ့ရဲ့ 'ပညာရဲ့ သဘော' ဆိုတဲ့စာအုပ်မှာ ပညာသင်ကြားခြင်းဟာ တစ်လမ်းသွားမဟုတ်၊ နှစ်လမ်းသွားဖြစ်တယ်။ ပညာသင်ကြားခြင်းဟာ ကျောင်းသားရဲ့ ခေါင်းထဲကို အပြင်ကနေ သွတ်သွင်းပေးတာမဟုတ်ဘူး၊ ကျောင်းသားရဲ့ ခေါင်းထဲမှာရှိတဲ့ စဉ်းစား တွေးခေါ်တတ်တဲ့ဉာဏ်ကို 'ဆွဲထုတ်'တာဖြစ်တယ်လို့ ဆိုသွားပါတယ်။

ဒါဟာ ဒီနေ့ပြောနေကြတဲ့ ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဆိုတဲ့သဘောကို ပြောချင်တာပါပဲ။ ဝေဖန်ပိုင်းခြားမှုကို အလေးပေးလာရခြင်းကလည်း အကြောင်းရှိပါတယ်။ သိစရာ အသစ်အသစ်တွေ တိုးပွားသည်ထက် တိုးပွားလာတာနဲ့အမျှ သင်ရိုးညွှန်းတမ်း ရေးဆွဲသူတွေရော ဆရာ၊ ဆရာမတွေပါ ကလေးတွေရဲ့ မမြင်ရသေးတဲ့ အနာဂတ်အတွက် အကောင်းဆုံး ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာ ပါတယ်။

ပညာရှင်တွေကတော့ ဒီနေ့ လူတွေသိထားတဲ့ အသိဉာဏ်နဲ့ ဗဟုသုတ အချက်အလက်တွေဟာ နောင် ၁၀ နှစ်မှာသိရမယ့် ဗဟု သုတရဲ့ ၁၀ ပုံ တစ်ပုံပဲ ရှိတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ ထိရောက်ဖို့ အသိပညာနဲ့ နားလည်မှု အသစ်တွေ လိုအပ်လာတယ်လို့ ဆိုပါတယ်။

အရင်ကဆိုရင် ကျောင်းသားတွေကို အကြောင်းအရာနဲ့ အချက်အလက်တွေကိုသာ ဦးစားပေး သင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ အကြောင်းအရာတွေဟာ အရေးအကြီးဆုံး မဟုတ်တော့တဲ့အတွက် ဘယ်လို ထိထိရောက်ရောက် သင်ယူမလဲဆိုတာနဲ့ ဘယ်လို ဝေဖန်ပိုင်းခြားစဉ်းစားမလဲဆိုတာတွေက ပိုပြီး ရှေ့တန်းရောက်လာတယ်လို့ ဆိုပါတယ်။ သဘောကတော့ အချက်အလက်တွေအပေါ်မှာ ကျောင်းသား တွေဟာ ဘယ်လို စဉ်းစားစစ်ဆေးပြီး ဝေဖန်ပိုင်းခြားမလဲ ဆိုတာကို ပိုဦးစားပေးလာတာမျိုးပါ။

ပညာသင်ကြားမှုဖြစ်စဉ်မှာ အချက်အလက်တွေကို နားလည်ခြင်းဟာ ဝေဖန်ပိုင်းခြားတဲ့ အလုပ်ရဲ့ မူလအစ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ရှိပြီးသားအတွေးအခေါ်တွေရယ်၊ သူတို့ရဲ့ ဆင့်ပွား ဆိုလိုချက်တွေရယ်ကို ရှုထောင့်အမျိုးမျိုးကနေ စိစစ်ပြီး ကိုယ့်ရပ်တည်ချက်ကို ရှာပါတယ်။ အတွေးအခေါ် အမျိုးမျိုးကို စုပေါင်း၊ အဓိပ္ပာယ်ပြန်စဉ်းစားပြီး အတွေးအခေါ်တွေနဲ့ သတင်း အချက်အလက်တွေကို ပြန်သရုပ်ဖော်တာတွေ ပါတယ်လို့ ဆိုပါတယ်။

ဝေဖန်ပိုင်းခြား စဉ်းစားတာဟာ အဆင့်မြင့်တဲ့အလုပ်တစ်ခု ဖြစ်တာကြောင့် အသက်ကြီးတဲ့ ကျောင်းသားတွေနဲ့သာ သင့်လျော်တယ်လို့ ထင်ကြတာဟာ မှားကြောင်း ပညာရှင်တွေက ပြောပါတယ်။ ငယ်ရွယ်တဲ့ကျောင်းသားတွေဟာလည်း သူ့အသက်အရွယ်အလိုက် အဆင့်မြင့်မြင့် တွေးခေါ်နိုင်ကြောင်း၊ ရှုပ်ထွေးတဲ့ပြဿနာတွေ ဖြေရှင်းတာမျိုး၊ အဆင့်မြင့်တဲ့ ဆုံးဖြတ်ချက်တွေချတာမျိုးမှာ သူတို့လည်း လုပ်ဆောင်နိုင်ကြောင်း အတည်ပြုပါတယ်။

ဝေဖန်ပိုင်းခြား စဉ်းစားတဲ့အလေ့ကို ပညာရေးမှာ ထည့်သွင်းဖို့အတွက် သင်ကြားနည်းစနစ်တွေကို ပညာရှင်တွေက တီထွင်ကြံဆကြ ပါတယ်။ နောက်ပိုင်း ထင်ရှားတာကတော့ RWCT လို့ အတိုကောက် ခေါ်တဲ့ ဝေဖန်ပိုင်းခြားတတ်ရန် စာဖတ်ခြင်းနှင့် စာရေးခြင်း (Reading and Writing for Critical Thinking) နည်းစနစ်ပါပဲ။

RWCT မှာ စူးစမ်းလေ့လာမှုကို အခြေပြုတယ်၊ ကျောင်းသားတွေ စဉ်းစားဆင်ခြင်မှုကိုအားပေးတယ်၊ ကိုယ့်ကိုယ်ပိုင်လေ့လာချက် ရယ် လို့ သတ်သတ်မှတ်မှတ် ရှိလာမယ်၊ ဆွေးနွေးငြင်းခုံခြင်းရဲ့ယုတ္တိကို နားလည်လာနိုင်မယ်၊ အာရုံစူးစိုက်ပြီး နားထောင်လာနိုင် မယ်၊ ယုံကြည်မှုအပြည့်နဲ့ ငြင်းခုံလာနိုင်ပြီး တစ်သက်လုံး ကိုယ့်အားကိုယ်ကိုး ပညာရှာသူတွေ ဖြစ်လာမယ်လို့ RWCT နည်းစနစ် ဆိုင်ရာ သဘောတရားတွေ ဖြန့်ဖြူးနေတဲ့ RWCT International Consortium အဖွဲ့ကြီးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်း ဒီ RWCT နည်းကို မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့် အားလုံးမှာ ရှိပြီးသား သင်ရိုးညွှန်းတမ်းတွေကို ပြင်စရာမလိုဘဲ ဘယ်ဘာသာရပ်အတွက်မဆို အသုံးပြုလို့ရတယ်လို့ ဆိုထား ပါတယ်။ RWCT နည်းမှာဆိုရင် ဆရာဟာ ပို့ချသူ အနေအထားကနေ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူ (facilitator) အဖြစ် ကူးပြောင်း သွားမှာ ဖြစ်ပါတယ်။

RWCT ဟာ ပိုမိုငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်ထွန်းရေးအတွက် ကျောင်းတွေမှာ ကျောင်းသားဗဟိုပြု၊ သို့မဟုတ် ကျောင်းသားရဲ့စဉ်းစားမှုကို ဦးစားပေးတဲ့ အလေ့အထတွေဟာ အဓိက အခန်းကနေ ပါဝင်တယ်ဆိုတဲ့ အယူအဆ အပေါ်မှာ အခြေခံထားတာပဲ ဖြစ်ပါတယ်။ အလယ်နဲ့ အရှေ့ ဥရောပ၊ အလယ်အာရှနဲ့ လက်တင်အမေရိက ဒေသက နိုင်ငံ ၃၀ လောက်မှာ အတော်လေး အရှိန်ရ နေပြီဖြစ်တဲ့ နည်းစနစ် တစ်ခုလည်း ဖြစ်ပါတယ်။

RWCT ဟာ ဘာသာရပ်နဲ့ပတ်သက်ပြီး ဆရာရော ကျောင်းသားပါ ပိုပြီးသိလာအောင် အားထုတ်တာမျိုး ထက်စာရင် နှစ်ဦးနှစ်ဖက် သင်ကြားခြင်း၊ သင်ယူခြင်းဆိုင်ရာ အရည်အသွေးတွေ တောက်ပြောင်လာအောင် လုပ်ပေးတဲ့သဘောမျိုးပါပဲ။ ဒီနည်းအားဖြင့် ရှေ့ပိုင်းမှာပြောခဲ့တဲ့ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း (critical thinking) ကို စာသင်ကျောင်း ပရဝဏ်များအတွင်း ပြုစု ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားများ ဝေဖန်ပိုင်းခြား စဉ်းစားတတ်ခြင်းဖြင့် အတ္တအကျိုး စီးပွားကနေ ပရဟိတကို ကြည့်မြင် လာတတ်တယ်။ကိုယ့်ကိုယ်ပိုင် အသိအမြင်နဲ့ ရပ်တည်လာနိုင်တယ်၊ ဆွေးနွေး ငြင်းခုံရာမှာလည်း ယုတ္တိကျကျ ပြောတတ်လာတယ်။ ရှုထောင့်တစ်မျိုးတည်းကနေ တရားသေ ရပ်ပြောရာကနေ ရှုထောင့်အမျိုးမျိုးနဲ့ ကြည့်တတ်မြင် တတ်လာမယ်လို့ ပညာရှင်များက မှတ်ချက်ပြုကြကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။

မြန်မာတိုင်း(မ်) အတွဲ ၂၆၊ အမှတ် ၅၀၃ (၂၈၊၁ - ၃၊၂ ၊ ၂၀၁၁)

ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ




Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...