ကျွန်တော်သည် မြန်မာစာအဓိကဖြင့် ကျောင်းပြီးထားသူတစ်ဦး မဟုတ်သော် လည်း မြန်မာစာကို စိတ်ဝင်စားသူ၊ မြန်မာစာကို ချစ်မြတ်နိုးသူ၊ မြန်မာ စာပေ၌ မွေ့လျော်သူတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်သည် ဤဆောင်းပါး ကို မြန်မာစာ၏တန်ဖိုးကို ဖွင့်ဆိုရှင်းပြရန် သော် လည်းကောင်း၊ မြန်မာစာ ဘက်မှ ခုခံချေပ ပြောဆိုရန်လည်းကောင်း ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်၏အမြင်ကို တင်ပြခြင်းဟု ဆိုက ပို၍ မှန်ပါလိမ့်မည်။ မြန်မာစာ၏ တန်ဖိုး၊ မြန်မာစာ၏ သဘောနှင့် ပတ်သက်၍ ကျွန်တော့်ထက် ပိုမိုတတ်သိနားလည် သည့် မြန်မာစာပါရဂူ တစ်ဦး၊ ဘာသာဗေဒကျွမ်းကျင်သူတစ်ယောက်က ရှင်းလင်းတင်ပြမည် ဆိုပါက ပိုပြီး ပြည့်စုံနိုင် ပါသည်။ ထိုသို့ရှင်းလင်းရေးသားကြရန်လည်း မျှော်လင့်ထား ပါသည်။ ဤဆောင်းပါး ရေးရခြင်းအကြောင်းကို တင်ပြရလျှင်တော့ တစ်နေ့ ကျွန်တော် စာသင်ပေးခဲ့သော တပည့်မ တစ်ဦးအား သူ၏မိခင်နှင့်အတူ လမ်းတွင်အမှတ်မထင် သွားတွေ့ပါသည်။ ကျွန်တော်က “တက္ကသိုလ် တက်ဖို့ ဘယ်ဘာလျှောက်ထားတာရလဲ” ဟုမေးရာ မိခင်ဖြစ်သူက မြန်မာစာရကြောင်း၊ သမီးက နှာခေါင်းရှုံ့သဖြင့် အခြား ဘာသာရပ်တစ်ခု ပြောင်းလျှောက်ထားကြောင်း ပြောပါသည်။ ...