Skip to main content

ဘန် အိုကရီရဲ့ "ဆုတောင်းပတ္တနာ"



ဘန် အိုကရီ (Ben Okri) သည် နိုင်ဂျီးရီးယားလူမျိုး ကဗျာဆရာ၊ ၀တ္ထုရေးဆရာ ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံတွင် ဖွားမြင်ခဲ့သော်လည်း လန်ဒန်တွင်ကြီးပြင်းခဲ့သည်။ ၁၉၆၈ ခုနှစ်ရောက်မှ မိသားစုနှင့်အတူ နိုင်ဂျီးရီးယားသို့ ပြန်ရောက်သည်။ အစောပိုင်းရေးသည့် ၀တ္ထုများတွင် နိုင်ဂျီးရီးယားတွင် သူကြုံတွေ့ခဲ့ရသည့် ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများ အကြောင်း ခံစားရေးဖွဲ့ခဲ့သည်။ နိုင်ဂျီးရီးယားအစိုးရက ထောက်ပံ့သည့် ပညာသင်ဆုရသည့်အခါ အင်္ဂလန်နိုင်ငံ အက်ဆက်တက္ကသိုလ်တွင် ခေတ်ပြိုင်စာပေ ဘာသာရပ်ဖြင့် ဘွဲ့ယူရန် အတွက် ထွက်ခွာခဲ့သည်။


၁၉၈၀ နှင့် ၈၁ ခုနှစ်တို့တွင် ၀တ္ထုစာအုပ်နှစ်အုပ် Flowers and Shadows နှင့် The Landscapes Within တို့ကို ဆက်တိုက်ထုတ်ဝေသည်။ ၁၉၉၁ ခုနှစ်ထုတ် ၎င်း၏ဝတ္ထု The Famished Road အတွက် ဘွတ်ကာဆု ရသည်။ နောက်ပိုင်းတွင် Songs of Enchantment (1993) နှင့် Infinite Riches (1998) တို့ကို ဆက်လက်ထုတ်ဝေသည်။ မကြာမီက ထုတ်ဝေခဲ့သည့် စာအုပ်များတွင် Astonishing the Gods (1995) နှင် Dangerous Love (1996) တို့ပါဝင်သည်။ Dangerous Love စာအုပ်အတွက် အီတလီနိုင်ငံက ချီးမြှင့်သည့် ပရဲမီယို ပါလ်မီ (Premio Palmi) ဆုကို ၂၀၀၀ ပြည့်နှစ်တွင် ရရှိသည်။ အိုကရီ၏ နောက်ဆုံးစာအုပ်များမှာ In Arcadia (2002) နှင့် Starbook (2007) တို့ဖြစ်သည်။


ယင်းဝတ္ထုများအပြင် ကဗျာစုစည်းမှု၊ ကဗျာရှည်၊ အက်ဆေးစုစည်းမှုနှင့် ပြဇာတ်များလည်း ရေးသား ထုတ်ဝေ ခဲ့သည်။ Tales of Freedom (၂၀၀၉) စာအုပ်တွင် အိုကရီသည် ကဗျာနှင့် ၀တ္ထု အတတ် ပညာ နှစ်မျိုးကို ပေါင်းစည်း ရေးသား ခဲ့သည်။ နောက်ဆုံးထုတ်သည့်စာအုပ်များမှာ အခန်းဆက်အက်ဆေးစုစည်းမှုဖြစ်သည့် A Time for New Dreams (2011) နှင့် ကဗျာစုစည်းမှုအသစ်စာအုပ် Wild (2012) တို့ဖြစ်သည်။ 

 အိုကရီသည် အင်္ဂလန်နိုင်ငံ English Centre of International PEN ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တော်ဝင် အမျိုးသား ပြဇာတ်ရုံ၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း လုပ်ကိုင်ရင်း လန်ဒန်မြို့တွင် နေထိုင်လျက် ရှိသည်။ (Source: https://literature.britishcouncil.org/writer/ben-okri)

ယခု ဆုတောင်းပတ္ထနာအမည်ရှိ ၀တ္ထုတိုမှာ A Collection of African Short Stories စာအုပ်တွင် ပါဝင်သည့် အိုကရီ၏ A Prayer from the Living အား ပြန်ဆိုထားခြင်းဖြစ်သည်။ ယခု မြန်မာပြန်မှာ ၂၀၀၆ ခုနှစ် အစော ပိုင်း ထုတ် စံပယ်ဖြူ မဂ္ဂဇင်း တစ်အုပ်တွင် ဖော်ပြပါရှိပြီး ဖြစ်သည်။

သေအံ့မူးမူးဖြစ်နေသူတို့၏မြို့သို့ ကျွန်တော်တို့ နေဝင်ဆည်းဆာအချိန်တွင် ဝင်ရောက်ခဲ့ကြသည်။ တစ်အိမ်မှ တစ်အိမ်သို့ ကူးကြသည်။ အရာရာတိုင်းသည် မျှော်လင့်ထားသည့်အတိုင်း အခြေအနေ ဆိုးလျက်။ ကန္တာရတစ်ခုနှင့် မခြား။ မရဏတရားက လွှမ်းခြုံလျက်။ ပုန်းကွယ်နေသော ဘဝတစ်ခုပင်။


နေရာတကာမှာတော့ လက်နက်ကိုင်များ။ ယခုတော့ ကမ္ဘာလောကသည် လုံးဝကမောက်ကမ ဗရုတ်သုက္ခ။ အရာရာတိုင်းကို သေနတ်နှင့် ထိန်းချုပ် ထားသော ဂိုဏ်းခေါင်းဆောင် ကလေးများက ကျွန်တော်တို့တွင် ပါလာ သမျှ အစားအစာကို လုယက်ယူငင်ကြ၏။ သူတို့သည် ကယ်ဆယ်ရေး အထောက်အပံ့ များကို လုယက်ကြပြီး အစားအစာများကို သူတို့ချင်းကြား၊ သူတို့ ဆွေမျိုးစုများအကြား ခွဲဝေဖြန့်ဖြူးကြသည်။

ကျွန်တော်တို့ ဂရုမစိုက်တော့ပြီ။ အစားအသောက်ကိစ္စသည် ပြဿနာမဟုတ်တော့ပြီ။ ကျွန်တော် အစာမစား ခဲ့ရ သည်မှာ သုံးပတ်မျှရှိပြီ။ ယခုတော့ ကျွန်တော်သည် လေကိုရှူ၍လည်းကောင်း၊ ရှာဖွေ၍လည်းကောင်း အာဟာရ ပြုနေထိုင်ပါသည်။

နေ့စဉ်နှင့်အမျှ၊ ဆံဖြူခါးကိုင်းဖြစ်လာသည်နှင့်အမျှ ကျွန်တော်သည် ကျွန်တော့်ပတ်ဝန်းကျင်ရှိ အရာများကို ပိုမို မြင်လာ မိသည်။ ကျွန်တော်သည် ပတ်ဝင်းကျင်၌ သက်ရှိတို့ထက် ပိုမိုများပြားသော အသက်မဲ့ နေသူများ ကို တွေ့သည်။ ငတ်ပြတ် သေဆုံးရသူ အပေါင်းကို တွေ့သည်။ သူတို့သည် ယခုမှ ပိုမိုချမ်းသာရာရကြသည်။ သူတို့ သည် ကျွန်တော်တို့ထက် ပိုမိုပျော်ရွှင်ကြသည်။ သူတို့သည် နေရာတိုင်း တွင်ရှိနေသည်။ ဘာမှ မဖြစ်ခဲ့သလို၊ ကျွန်တော်တို့ထက်ပင် ပို၍အသက်ဝင်သလို သူတို့၏ကိုယ်ရောင်ကိုယ်ဝါတို့နှင့်နေထိုင်လျက်။


ပိုမိုဆာလောင် လာသည်နှင့်အမျှ ကျွန်တော်သူတို့ကို ပိုမိုမြင်လာမိသည်။ ကျွန်တော့်ရှေ့မှ အလျင်သွားနှင့်သူ ကျွန်တော်၏ သူငယ်ချင်းများအား ယင်ကောင်များဘဝနှင့် တွေ့ရ၏။ ယခု သူတို့ လေထု၏အလင်းရောင်အပေါ် အမှီပြုစားသုံးကြသည်။ သူတို့သည် ကျွန်တော်တို့ အသက်ရှင်ကျန်ရစ်သူများအား သနားကရုဏာသက်သော မျက်လုံးများနှင့် ကြည့်ကြသည်။


လူဖြူတို့သည် သူတို့၏ရုပ်မြင်ကင်မရာများ၊ ကယ်ဆယ်ထောက်ပံ့ပစ္စည်းများနှင့်လာသောအခါ ဤအချက်ကို သူတို့နားလည် နိုင်ကြမည်မဟုတ်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့ ငိုကြွေးနေကြသည်ကို မြင်ရလိမ့်မည် ဟု သူတို့က ထင်ထားကြသည်။ ထိုအစား ကျွန်တော်သူတို့ကို စိုက်ကြည့်နေသည်ကို သူတို့တွေ့သည်။ တောင်း ရမ်းခြင်း မပြု။ မျက်လုံးများထဲ၌ မြင့်တက်လာသော လှိုင်းလုံးများ အလား ငြိမ်သက် အေးချမ်းမှု တစ်ခု။ ကျွန်တော် တို့သည် ဤနည်းနှင့် သေရမည်ကို မကြောက်ခြင်း အတွက် သူတို့အံ့သြ မှင်တက်သွားပုံရပါသည်။

သုံးပတ်မျှ ဆာလောင်မွတ်သိပ်ပြီးသော် စိတ်သည် အသိမရှိတော့။ အသက်ရှင်နေသေးသည်ဟုပင် မဆိုနိုင်တော့။ ထိုဒုက္ခ သုက္ခများမှ လွတ်မြောက် သွားချင် သည်မှာ ဝိဉာဉ်ဖြစ်၏။ ဝိညာဉ် ဒုက္ခခံရခြင်းမှာ ခန္ဓာကိုယ်၏ အလျှော့ မပေးတတ်သော သဘောကြောင့် မဟုတ်ပါလား။


ကျွန်တော်တို့အများစုမှာ တခြားကမ္ဘာသို့ရောက်နှင့်နေပြီး ဘဝအပေါ်ထုသားပေသားကျမှု၊ ခံနိုင်ရည် ပြည့်ဝမှု တို့ကြောင့် သာ ထိုကမ္ဘာကို လည်းကောင်း၊ ယင်ကောင် တို့ကို လည်းကောင်း ကျွန်တော်တို့ ငေးကြည့်မြဲ ကြည့် နေ နိုင်ကြခြင်းဖြစ်လေသည်။


ကျွန်တော်တို့ မြို့ထဲသို့ နံနက်အရုဏ်တက်က ဝင်လာခဲ့သင့်သည်။ မြို့ထဲမှာတော့ လူအားလုံး အသက် မဲ့ကုန် ကြပြီ။ မြင်းများ၊ နွားများသည်လည်း သေလုမြောပါး။ လေထဲမှ အောက်သိုးသိုးအနံ့သည် ထိတ်လန့်ဖွယ် အခြေ အနေနှင့် စာလျှင် ဘာမျှမဟုတ်တော့။ လေထုထဲ၌ သေခြင်းတရား၏ အငွေ့အသက်တို့ ရှိေနသည်ဟု ကျွန်တော် ပြောနိုင်သော်လည်း ၎င်းင်းအဆိုသည် မှန်လိမ့်မည်မဟုတ်ပါ။ လေထုသည် ဆီချေးနံ့ထွက် နေသည့် ထောပတ် အနံ့မျိုး၊ အဆိပ်သင့်အပူရှိန်နှင့် အညစ်အကြေးဆိုးရနံ့များ ပြည့်သိပ်လျက်။


မသေသေးသူတို့မှာလည်း သေလုနီးပါးဖြစ်နေလေပြီ။ နေရာတိုင်းတွင် ဝမ်းမြောက်အူရွှင်ကခုန်လျက်။ ရွှေရောင် တောက်ပသော သီချင်းများကို သံပြိင်သီဆိုရင်းက သူတို့သည် သူတို့နှင့်အကျွမ်းဝင်ပြီးသား ဘဝများတွင် အသက် ဆက်ရှင်သန်လျက် ရှိကြလေ၏။ ကျန်သည့် မသေသေး သူတို့မှာ စစ်သားများဖြစ်ကြပြီး သူတို့သည် သူတို့ချင်း အမြဲထာဝစဉ် တိုက်ခိုက်လျက် ရှိကြလေသည်။ ကျွန်တော်တို့ တိုင်းပြည်၏ မီးစာကုန် ဆီခန်းလုဖြစ်နေသည့် အဆီအနှစ်များ အတွက် တိုက်ခိုက်လျက်သာ ရှိကြလေသည်။



သူတို့သည် အဖွဲ့အဖွဲ့များအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲကြသည်။ လူတွေမည်မျှသေခဲ့ရပြီဆိုတာ သူတို့ကိစ္စ မဟုတ်။ သူတို့ခေါင်းထဲ ရှိသည်မှာ အရေး အကြီးတကာ့ အကြီးဆုံးတိုက်ပွဲကို အောင်နိုင်ရေး။ တစ်ချိန်တစ်ခါက ဖွံ့ဖြိုး တိုးတက်လှပခဲ့သောဒေသရှိ မဟာသင်္ချိုင်းမြေ၏ အရှင်သခင်ဖြစ်ရေး။



စစ်သားများသည် ကျွန်တော်တို့ကိုစိတ်မဝင်စားကြပါ။ သေအံ့ဆဲဆဲကျွန်တော်တို့ကလည်း သူတို့ကို စိတ်မဝင်စား ကြပါ။ ကျွန်တော်တို့သည် ရှာဖွေရန်အလို့ငှာ လာခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော်သည် ကျွန်တော့်မိသားစုနှင့် ကျွန်တော့် ချစ်သူကို ရှာဖွေနေ ခဲ့ပါသည်။ သူတို့သေမသေ ကျွန်တော်သိချင်သည်။ သူတို့ကို ရှာမတွေ့ ခဲ့ပါလျှင် ဘဝ၏ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို ဖက်တွယ် ထားရန်သာ ကျွန်တော်ရည်ရွယ်ပါသည်။ ကျွန်တော့် အဖော် တွေ ဘယ်မှာရှိသလဲ မသိရမချင်း ကျွန်တော်မသေနိုင်ပါ။ သူတို့တတွေလည်း သေဆုံးကုန်ကြပြီ၊ ဒါမှမဟုတ် ဘေးအန္တရာယ် ကင်းကြပြီ၊ ကျွန်တော့်ကို မလိုတော့ဟု သေချာမှသာ ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်း ခန္ဓာစွန့်မည်။

ဤဘဝတွင် တိုင်းပြည်၊ သမိုင်း၊ ဘုရားအား နားလည်မှု၊ အနာဂတ်၊ အစားအစာနှင့်လေထု စသည့် အရာရာ သည် ကျွန်တော် တို့ကို သစ္စာဖောက် ခဲ့ကြသည်။ ဘဝ၏ အခွံအကာသည် ထင်ထားသည်ထက် ပို၍ပါးလွှာ နေခဲ့သည်။ အားလုံးပြောဆို လုပ်ကိုင် ပြီးလျှင် သူတို့အဖို့ သေခြင်းတရားကို ရင်ဆိုင်ပုံ ရင်ဆိုင်နည်းမှတပါး အကောင်း နှင့် အဆိုးကြား ခွဲခြားစရာ များများစားစား ရှိတော့မည်မဟုတ်ပါ။ ယင်းသည်ပင်လျှင် လုံးဝဥဿုံ မမှန်ကန်သေး။ ဖြစ်နိုင်သည်က လူအဖွဲ့အစည်းတစ်ခု အနေအားဖြင့် ကျွန်တော်တို့သည် အိမ်တွင်းအောင်းရင်းနှင့်သာ သေခြင်းတရားကို စောင့်မျှော်ခဲ့ကြရပြီး ဘဝ၏ ဆန်းကြယ်ပုံ တို့ကို မေ့လျော့ခဲ့ကြသည်။ ထို့ပြင် လူတွေ အပေါ် မေတ္တာဘယ်လို ထားရမလဲဆိုတာ ကျွန်တော်တို့ မေ့ကောင်းမေ့သွားနိုင်ပါသည်။ ဘယ်လိုက ဘယ်လို မေ့သွားသလဲ ကျွန်တော်မသိပါ။ သို့သော်လည်း ကျွန်တော်တို့ မေ့ပစ်ခဲ့ကြပြီဖြစ်ပါသည်။





*



ကျွန်တော်ရခဲ့သည့် သတင်းအချက်အလက်များကြောင့် ကျွန်တော် ဤမြို့သို့ရောက်လာခဲ့ခြင်းဖြစ်ပါသည်။ သည်မှာတော့ ခြေရာလည်းဆုံးပြီ။ အကယ်၍ ကျွန်တော်၏ချစ်သူ၊ ညီအစ်ကိုများ၊ မိသားစုတို့သည် တစ်နေရာ ရာတွင်ရှိနေမည်ဆိုလျှင် ထိုနေရာသည် ဤနေရာပဲဖြစ်သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် နောက်ဆုံးမြို့ပင် ဖြစ်လေသည်။ ဤမြို့၏ သံချေးတက်နေသော ဝင်းတံခါးများ၏အလွန်၊ မွတ်သိပ်မှုဆိုသည့် လင်းတတို့ လေဟုန်စီး ပျော်ပါးရာနေရာ၌ ကန္တာရကြီးတစ်ခုရှိ၏။ ထိုကန္တာရသည် သူ၏ခြေတံလက်တံတို့ ဆန့်နိုင် သမျှ အတိတ် သို့၊ သမိုင်းဖြစ်ရပ်များထဲသို့၊ အနောက် ကမ္ဘာသို့၊ ဒုဗ္ဗိက္ကန္တရကပ်တို့၏ ရင်းမြစ်ဖြစ်သော မေတ္တာတရား ခေါင်းပါးမှု ဆိုသည့် တောင်တန်းကြီးဆီသို့ ဖြန့်ကျက်လေသည်။ ယင်းတောင်တန်းတို့၏ထိပ်မှ ကောင်းမှုကို ရှုတ်ချတတ်သော နတ်ဆိုးတို့သည် ကြားရသူအပေါင်း ဖျားသွားစေ လောက်သည့် လိပ်ပြာ လွင့်မတတ် သီချင်း များကို ညဘက်တွင် သံပြိုင် ဟစ်ကြွေး ကြသည်။ သူတို့၏ သီချင်းများသည် ကျွန်တော်တို့၏ မျှော်လင့်ချက်ကို ခိုးယူ သွားပြီးလျှင် ကျွန်တော်တို့၏ စွမ်းပကားတို့ကို အစွမ်းမဲ့ သွားအောင် ပြုကြလေသည်။ သူတို့၏ တေးသီချင်း များကြောင့် ခိုက်ခိုက်တုန် လာရပြီး ကျွန်တော်တို့သည် သေအံ့ဆဲဆဲလူတို့ထံ အညံ့ခံရပါတော့သည်။

ယင်းသည် ကမ္ဘာလောက၏နိဂုံးဖြစ်ပါသည်။ ဒါတွေအကုန်ဖြစ်မလာမီ ကျန်ခဲ့သည့်အတိတ်ကာလထဲ၌ လောက သည် ဘာမဆိုဖြစ်နိုင်ခဲ့လေသည်။ ပျော်စရာလောက တစ်ခုဖြစ်မည်ဆို ဖြစ်လာနိုင်ခဲ့သည်။ ထို့ပြင် ကမ္ဘာသစ် တစ်ခု ဖန်တီးမှုနှင့် တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်ချစ်ခင်ရန် လေ့လာမှုတို့ရှိခဲ့လေသည်။ ကျွန်တော်တို့သာ မြင်ခဲ့မည် ဆိုပါလျှင် သေးသေးမွှားမွှား ကိစ္စများမှသည် ချိုမြိန်သော သမိုင်းနှင့် အနာဂတ်သစ်တစ်ခု စတင်ရေး ကဏ္ဍများအထိ အခွင့်အလမ်းများလည်း ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ယခုတော့ ဘာများ ကျန်ပါသေးသနည်း။ တိတ်ဆိတ်ခြင်း ဝိညာဉ်များ နှင့်တကွ ဖြစ်သော မရဏ တံတိုင်း၏ တေးသံများသာ ကျန်ပါ တော့သည်။ နောက် ကျန်သည်က ကာလယန္တရား၏ဆန့်ကျင်ငြင်းပယ်ခြင်း . . .



အရုဏ်တက်ချိန်တွင် ကျွန်တော်တို့ မြို့ထဲဟိုဟိုဒီဒီလျှောက်သွားကြပြီး သေလွန်သူတို့၏ရုပ်ကြွင်းများကိုဖြတ်၍ ကျွန်တော် တို့အတွက်လမ်းရှာကြသည်။ အချိန်ခဏကြာသော် သေသူတို့၏မြေပြင်သည် ကျွန်တော်တို့အတွက် အကျွမ်းတဝင်ဖြစ်လာကာ မျက်စိထဲ အတော်လေးလှပလာခဲ့ပါသည်။ အရာရာသည် ရှင်းလင်းနေပါသည်။



မိမိတို့ ချစ်ရခင်ရသူများအား လိုက်ရှာကြသည်။ သို့သော် အားလုံးခံစားချက်မဲ့စွာ ရှာဖွေနေကြခြင်းဖြစ်ပါသည်။ မျက်လုံးများ မှာ အရည်မရွှန်းစိုတော့။ ကျွန်တော်တို့တွင် အစာအိမ်များမရှိကြတော့။ လိုက်လံရှာဖွေမှုမှတပါး ယခုအခါ ဘာမျှမရှိတော့။ အလောင်းများကိုလှန်လှောကြည့်ပြီး ရင်းနှီးသောမျက်နှာများကို လိုက်ရှာကြသည်။ အားလုံးသော မျက်နှာများသည် ရင်းနှီးပြီးသား ဖြစ်နေပါသည်။ သေခြင်းတရားကြောင့် သူတို့အားလုံး ကျွန်တော်နှင့် ဆွေမျိုးတော်စပ်သွားခဲ့ပါသည်။



မျှော်လင့်ချက်မဲ့၊ ခံစားချက်မဲ့စွာနှင့် ကျွန်တော်ဆက်လက်ရှာဖွေနေမိသည်။ မရင်းနှီးသော မျက်နှာတစ်ခုနှင့် ဆုံမိသည်။ ယင်းသည် ကျွန်တော့်အစ်ကို၏မျက်နှာဖြစ်နေပါသည်။ ကျွန်တော် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ၏အသားပေါ်သို့ ဖုန်မှုန်များဖြူးချလိုက်သည်။ နာရီအနည်းငယ် ကြာသောအခါ ခန်းခြောက်နေသော ရေတွင်းတစ်ခုအနား၌ ကျန်သည့်မိသားစုဝင်များကိုတွေ့ရပြန်သည်။



ကျွန်တော့်အမေသည် အရိုးတစ်ချောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား၏။ အရိုးမှာ ယင်ကောင်များပင် စုပ်စရာအစာ မကျန်တော့ လောက်အောင် ခြောက်ကပ်နေလေသည်။ ကျွန်တော် ခေါင်းနှစ်ချက် ညိတ်လိုက် သည်။ သူတို့၏ ကိုယ်ပေါ်သို့ ဖုန်များဖြူးချလိုက်သည်။ လောက၌ ရှိရှိသမျှ အရာတို့ထံမှ ကျွန်တော့် မျက်လုံးများ လွှဲဖယ်သွားသည်ဟု စိတ်ထဲခံစားလျက် ဆက်လက်ရှာဖွေနေ မိသည်။ ကျွန်တော့်အား နှစ်သိမ့်စေနိုင်မည့် ကျွန်တော်နှင့် မရင်းနှီးသေးသည့် မျက်နှာလှလှတစ်ခု ကျန်ပါသေးသည်။ ၎င်းကို ကျွန်တော် တွေ့လျှင် ဆန့်ကျင်မှု သဘောဆောင်သည့် တောင်တန်းပြာတေးသီချင်းများထံ ကျွန်တော်ကိုယ်တိုင် အညံ့ခံလိုက်ပါမည်။



မြို့ထဲအနှံ့ ကျွန်တော်ခြေဆန့်နေမိသည်။ လည်ဆွဲလက်ဝါးကပ်တိုင်ကြောင့် ရှေ့သို့ကိုင်းညွတ်ကျရသော ရှေးခေတ် စစ်သည်တော်အလား ကျွန်တော်သည်လည်း ကျွန်တော့်ရုပ်အလောင်းကို မိမိနှင့်အတူ တရွတ်တိုက် ဆွဲခေါ် လျက် ရှိလေသည်။ လမ်းကြိုအိမ်ကြားတိုင်း ကျွန်တော်ရှာကြည့်သည်။ ကိရိယာတန်ဆာပလာများနှင့် လူဖြူများကြား မှဖြတ်၍ ကျွန်တော် တွားသွားလာခဲ့၏။ သူတို့က ရုပ်မြင် ကင်မရာ များကို ကျွန်တော့်ဘက်ချိန်ပြီး မေးခွန်းများ မေးကြသည်။ ကျွန်တော် သုံးကြိမ် သုံးခါ ခေါင်းညိတ်ပြလိုက်ပြီး ကြိုးစားပြုံးပြသည်။ နောက်ဆက်သွားသည်။ သူတို့ ကျွန်တော့်ကို သားရဲတစ်ကောင်လို မြင်မည်၊ သနားမည် ဆိုတာ ကြိုသိပါသည်။ ကျွန်တော် ဘာကို ရှာဖွေ နေသလဲ ဆိုတာကို သူတို့သိပါလျှင် သေလွန်လေပြီးသော သူရဲကောင်း ကလေးများ (အများစုမှာ ကလေး သူငယ်များ) ၏ အရပ်ဒေသ ဖြစ်သော ဤသူရဲကောင်းဒေသ၏ နောက်ဆုံး သူရဲကောင်း အဖြစ် ကျွန်တော့်အား မြင်နိုင်ဖွယ်ရာ ရှိမှန်းကိုလည်း သိပါသည်။ အကြောင်းမှာ သူတို့ တစ်ဦးစီသည် အော်ဟစ်ခြင်း၊ ညည်းညူခြင်း၊ ကိုယ့်ကိုယ်ကိုယ် သနားခြင်းမရှိ၊ ကြောက်ရွံ့ခြင်း မရှိဘဲ သေလွန်ခဲ့၍ ဖြစ်လေသည်။



သူရဲကောင်းတို့၏နယ်မြေတစ်ခုသည် နောက်ဆုံးတွင် သင်္ချိုင်းနယ်မြေတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ အနာဂတ်သူရဲကောင်းဝါဒသည် အနိုင်ရရေးအတွက် အရှုံးခံရဲသည့်သတ္တိနှင့် ပို၍ပတ်သက်ပါလိမ့်မည်။ အသာ စံရေး အတွက် အနာခံရေး၊ မှန်းဆ မရအောင် အင်အား ကြီးမားရေး အတွက် အနည်းငယ်မျှ အားနည်းရေး၊ ဖြည်းနှေး ကွေးစွာရှင်သန်ရေး၊ အဆင့်နိမ့်သော်လည်း တာရှည်ခံ မီးတစ်ခုနှင့် ရှင်သန် နေထိုင်ရေးတို့နှင့် ပို၍ ပတ်သက်နိုင်ပါသည်။ အနာဂတ်သူရဲကောင်း ဝါဒသည် ကျွန်တော်တို့ကို ပထမတွင် ကြံ့ကြံ့ခံ၍ နောက်ဆုံး၌ ဒုက္ခ သုက္ခတိုးဖြင့် အဆုံးစွန် ပျက်သုဉ်း ရအောင် ပြုလုပ်သော ကျွန်တော်တို့၏ မျက်မှောက် သတ္တိနှင့် စာလျှင် ဆိုခဲ့ပြီး သောအရာတို့နှင့် ပိုမိုသက်ဆိုင်စရာရှိပါသည်။ ကျွန်တော်တို့မှာ အင်အားကောင်းလွန်းသဖြင့် မကောင်းနိုင် ဖြစ်နေရပါသည်။ ကျွန်တော်တို့၏ ထုသားပေသားကျမှုသည် ဤကမ္ဘာမြေ၏ အောင်မြင်ဖြစ်ထွန်းသော သင်္ချိုင်းဂူ ကုန်းမြေ တစ်ခုကို ဖန်တီးခဲ့လေပြီတကား။



နေဝင်လုပေပြီ။ ဆောက်လက်စ ကျောင်းဆောင်တစ်ခုမှ နေ၍ သီချင်းဆိုသံကို ကြားရသည်။ ယင်းသည် ကျွန်တော် နားထောင်ဖူးခဲ့သမျှတွင် ပဉ္စလက်အဆန်ဆုံး သီချင်းဖြစ်ကာ ဘဝသည် မည်မျှချိုမြိန်မှန်း သိသူတို့သည် သာ ထိုကဲ့သို့ သီဆိုနိုင်ကြသည် (သို့မဟုတ်) အသက်ရှူ လိုက်တိုင်း ဆုတောင်း ပတ္တနာပြုသကဲ့သို့ ဖြစ်အောင် သီဆိုနိုင်ကြသည်ဟု ကျွန်တော်တွေးမိလေသည်။



သေသူတို့၏ ဖူးရောင်ကိုင်းပြီး အပုပ်နံ့ထနေသောကိုယ်ခန္ဓာတို့အထက်မှ တွားသွား၍သော်လည်းကောင်း၊ ပျက်စီးနေသော ကလေးငယ်ချစ်စဖွယ်များနှင့် နှုတ်ခမ်းများပေါ်တွင် ကျိန်စာမရှိ၊ ခြေထောက်များပေါ်တွင် သံကောင်များအတိ၊ ယင်ကောင်များအဖွေးသားနှင့် ကလေးပိစိများ၏ အလောင်းများအထက်မှ ကျော်ခွ၍သော်လည်းကောင်း တေးသံကြားရာသို့ ကျွန်တော်ခပ်သုတ်သုတ် လှမ်းလာမိ သည်။ ယင်းသည် သေအံ့မူးမူးတို့အား ကွယ်လွန်သူတို့၏အလှကိုပြသရန် ဆောင်ယူသကဲ့သို့ရှိလေသည်။



တေးသီချင်းသီဆိုမှုသည် ဖန်ဆင်းခြင်း၏ ပျော်စရာနိဒါန်းနှင့်သဘောခြင်းတူသကဲ့သို့၊ အလွန်အရေးပါ လှသော အရုဏ်ဦးမင်္ဂလာအချိန်၊ စကြာဝဠာကြီးကမဟာဝိညာဉ်တော်အားကောင်းချီးပေးသံ၊ ကျွန်တော်တို့ အားလုံးတွင် ရောနှောပါဝင်နေသည့် အရှင်ဘုရား၏အသက်နှင့် အလင်းဓာတ်ကို လက်ခံခြင်း နှင့်လည်း ပမာတူပါသည်။ ထိုသီဆိုမှုသည် ရေထုကိုအရောင် တလက်လက်ထ စေ၏။ အပင်တို့ကိုဖွံ့ထွားစေ၏။ တိရစ္ဆာန်တို့ကို စားကျက်ထဲခုန်ပေါက်ပြေးလွှားဆော့ကစားစေ၏။ ထို့ပြင် ယောက်ျားနှင့် မိန်းမတို့အား ရှေ့ဦးပေါ်ပေါက်သော ရောင်စဉ်တို့ထဲ၊ အပင်တို့၏အစိမ်းရောင်များထဲ၊ ပင်လယ်ပြာပြာထဲ၊ လေ၏ရွှေသားထဲ၊ ငွေကြယ် တာရာများထဲ သတိထားကြည့်မိစေ၏။ ကျွန်တော့်အတွက်တော့ သီဆိုမှုသည် ကျွန်တော်ရှာဖွေနေသည့် အရာပင် ဒိဋ္ဌဖြစ်လေသည်။ ကျွန်တော်မသိနိုင်ခဲ့သည့် သပိတ်တော်* (သခင်ယေရှုရှင်ပြန်မထမြောက်မီ နောက်ဆုံး ညစာတွင် အစာထည့်စားခဲ့သည့်ခွက်)၊ ကျွန်တော်၏သစ္စာဖောက်ဘဝကို သရဖူဆောင်းမည့်ဂီတ၊ ကျွန်တော် မမျှော်လင့်နိုင်ခဲ့သည့် သို့မဟုတ် စိတ်ကူးမကြည့်နိုင်ခဲ့သည့် နိဂုံး ပင်ဖြစ်ပါသည်။



ဆောက်လက်စကျောင်းဆောင်သို့ရောက်ရန် အချိန်အနန္တကြာသည်ဟု ထင်မှတ်ရလေသည်။ ကျွန်တော့်တွင် အားမရှိတော့။ ကျွန်တော့်ဆာလောင်မွတ်သိပ်မှုထဲ၌ ပဲ့တင်ထပ်ခဲ့သော သီချင်းတစ်ပုဒ်၏နောက်ဆုံးပိတ် ပဲ့တင်သံတစ်ခုသည် ကျွန်တော့်အား အသက်ဆက်ရှင်စေခဲ့သည်။ သမိုင်းတစ်ပတ်ပြန်လည်၍ အခြေအနေ တစ်ခုသည် တစ်ပုံစံတည်းပြန်ဖြစ်သောရာစုနှစ်တစ်ခုအကြာ၌ ကျွန်တော် တို့ထဲမှမည်သူမျှ သင်ခန်းစာကို မသင်ရ၍လည်းကောင်း၊ နာကျင်မှုကိုအရင်းပြု၍သင်ယူရလောက်အောင် မေတ္တာမထားခဲ့၍ လည်းကောင်း၊ သမိုင်းရေစီးကြီးအားအရေးတကြီးအလေးမမူမိ၍လည်းကောင်း ကျွန်တော်သည် နောက်ဆုံးတွင် ကျောင်းပေါက်ဝ တံခါးသို့ ရောက်ရှိသွားပါတော့သည်။ မြို့ထဲတွင် အသက်ရှင်ကျန်ရစ်သည့် တစ်ကောင်တည်းသော နွားတစ်ကောင်သည် ကျွန်တော့်ရှေ့က အလျင် တံခါးကိုဖြတ်ကာ အထဲဝင်သွားလေသည်။ ထိုနွားသည်လည်း သီဆိုမှုတို့၏ဆွဲငင်ခြင်းကိုခံရြခင်းဖြစ်ပေလိမ့်မည်။ အဆိုပါနွား နောက်မှနေ၍ ကျွန်တော်လည်း အခန်းထဲ လိုက်ဝင်သွားမိသည်။

အထဲမှာတော့ ကြမ်းပြင်တစ်ခုလုံး သေလူတို့နှင့်ပြည့်နှက်လျက်။ သို့ရာတွင် ဤနေရာ၌ သေခြင်း၏ အငွေ့အသက်တို့မရှိ။ တရားဓမ္မအငွေ့အသက်တို့သာရှိနေသည်။ တရားဓမ္မရနံ့က သေခြင်းရနံ့ထက် ပို၍မွှေးပျံ့လျက်ရှိသည်။ သို့သော် ဤအခန်းအတွင်းမှ လူတို့သည် မြို့၏တခြားနေရာများမှသေလူတို့နှင့်မတူဘဲ တမူထူးခြားစွာသေဆုံးကြပါသည်။ ဤစာသင်ခန်းထဲမှ လူသေတို့သည် (ရှေ့နောက်စကားမညီလျှင် ခွင့်လွှတ်ပါ) အသက်ရှင်လျက်ရှိကြပါသည်။ ကျွန်တော့်တွင် အေးချမ်းငြိမ်သက်မှုအကြောင်းရှင်းပြစရာ တခြား စကားလုံးမရှိပါ။ ကျွန်တော်ပြောနိုင်တာတစ်ခုမှာ သူတို့သည် ဒီနေရာ ဒီအခန်းထဲသို့လာကြပြီး သူတို့၏သေရာညောင်စောင်းသို့ ချဉ်းကပ်ခဲ့ပုံနည်းလမ်းဖြင့် ဤခန်းမအား တစ်နည်းမဟုတ်တစ်နည်း မြင့်မြတ်စေခဲ့သည်။ ထိုသို့မြင့်မြတ်စေခဲ့သည်မှာ သူတို့သည် နောက်ဆုံးအချိန်များ၌ သူတို့အကျိုးထက် တစ်ကမ္ဘာလုံးရှိ ဒုက္ခနွံထဲမှ လူအပေါင်းတို့ အကျိုးကိုပို၍ဂရုစိုက်ခဲ့သောကြောင့် ဖြစ်သည်ဟု ကျွန်တော် ခံစားရပါသည်။ ကျွန်တော်သည်လည်း အခန်းထဲရောက်စကနှင့်မခြား ဖြစ်နေသည်ဟု ထင်မြင်မိပါသည်။ အခန်းထောင့် တစ်ခုသို့ကျွန်တော်လေးဘက်သွား၍ နံရံကိုမှီထိုင်ကာ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ဆုတောင်းပေးနေမိသည်ဟု ခံစားနေရလေ သည်။



ဆုတောင်းခြင်းဟူသည် အချိန်ဖြုန်းခြင်းတစ်မျိုးဖြစ်နိုင်ကြောင်း ကောင်းစွာသဘောပေါက်လျက် ကျွန်တော်သည် သတ္တဝါ အားလုံးအတွက်၊ တောင်တန်းများနှင့်သစ်ပင်များအတွက်၊ တိရစ္ဆာန်များနှင့်စမ်းချောင်းများအတွက်၊ နေရာဒေသပုဂ္ဂိုလ်ကိုမရည်စူးဘဲ လူသားများအားလုံးအတွက် ဆုတောင်းနေမိသည်။ ထိုစဉ်က ကျွန်တော်သည် လူသားအားလုံးနှင့်အတူ ကွန်းခိုရာ အိမ်တစ်ခုတွင်ရှိနေသည်ဟု လုံးဝခံစားရပါသည်။ လူတို့၏ နာကျင်ခံခက်အော်ညည်းသံကြီးကိုကြားရသည်။ တေးဂီတသံကြီးကိုစိတ်တွင် အဖန်ဖန်ကြား ယောင်နေမိသည်။ ပါးစပ်ပင်ဖွင့်နိုင်လောက်အောင် အားမရှိတော့။ စိတ်ထဲမှသာတေးဆိုနေမိပါသည်။ တစ်ညနေလုံး ကျွန်တော်တေး သီနေမိသည်။ ကျွန်တော့်နံဘေးမှ ခန္ဓာကိုယ်တစ်ခုကို လှည့်အကြည့်၊ ကျွန်တော်နှင့် မရင်းနှီးမကျွမ်း၀င်သော သူ့မျက်နှာသည် ကျွန်တော့် ချစ်သူ၏ မျက်နှာဖြစ်နေမှန်းတွေ့လိုက်စဉ် မှတ်မိသိရှိခြင်း တစ်ခုနှင့်အတူ ကျွန်တော်တေးဆိုနေမိပါသည်။ ဤသို့ ကျွန်တော် အသံမထွက်ဘဲ တေးဆိုနေစဉ် စိတ်ကောင်းရှိပုံရသည့် လူဖြူတစ်ယောက်သည် ကျောင်းဆောင်အတွင်းသို့ ရုပ်မြင်ကင်မရာတစ်လုံးနှင့်အတူ ငိုကြီးချက်မ နှင့်ဝင်လာပြီး ခန်းလုံးပြည့် လူသေတို့အား မှတ်တမ်းတင်ရိုက်ကူးပါသည်။ ကျွန်တော့် သီချင်းဆိုသံကိုပင် အသံဖမ်းယူသွား မည်ဟု ကျွန်တော်မျှော်လင့်မိပါသည်။



သီချင်းဆိုနေသည်မှာ အချိန်အတော်ကြာသွားပုံရပါသည်။ တေးဂီတသံနှင့်အတူ ကျွန်တော်နစ်မြောနေမိသည်။ ကျွန်တော် သတိပြန်ရသောအခါ အခန်းသည် လူသေတို့နှင့်ပြည့်နေခြင်းမဟုတ်ဘဲ အသက်ရှင်သူတို့နှင့် ပြည့်နေမှန်း အံ့သြစရာမြင်လိုက်ရပါသည်။ သေသူတို့အားလုံးပြန်ရှင်လျက်ရှိကြပြီ။ သို့သော် သူတို့သည် လူအနည်းစုသာရှင်သန်လေ့ရှိသည့်နည်းလမ်းအားဖြင့်ရှင်သန်လျက်ရှိ ကြခြင်းဖြစ်ပါသည်။


*



သေသူအားလုံး ကျွန်တော့်အပါးဝန်းရံလျက်ရှိ၏။ အားလုံးပြုံးရွှင်လျက်။ အေးချမ်းငြိမ်သက်လျက်။ သူတို့ကျွန်တော့်ကို ဘာမျှမတိုက်တွန်း။ ဘာမျှဂျီမကျ။ သူတို့သည် ဣန္ဒြေရရ၊ စိတ်ထက်ထက်နှင့် ပျော်ရွှင်လျက်ရှိရုံသာဖြစ်ပါသည်။ သူတို့နောက်ကို အလောတကြီး လိုက်လာခဲ့ဖို့ သူတို့ ကျွန်တော့်ကို မတောင်းဆို။ ထိုတာဝန်ကို ကျွန်တော့်အားပေး၏။ ကျွန်တော့်ဘာသာ ရွေးချယ်မှု ပြုစေ၏။ ကျွန်တော် ဘာများ ရွေးချယ်နိုင်ပါမည်နည်း။

လူ့ဘဝ . . . လောဘ၊ ဒေါသတို့နှင့်ပြည့်နေသော. . . ဗြဟ္မစိုရ်တရားများခေါင်းပါးနေေသာ. . . အသိဉာဏ်၊ တရားမျှတမှုနှင့် စာနာမှု၊ သိမ်မွေ့မှုများ ကင်းမဲ့နေသော၊ သြချရလောက်သော လူ့ဘဝသည် ကျွန်တော့်အား သစ္စာဖောက်ခဲ့ပါသည်။ ကျွန်တော့်ဆီမှာလည်း ယူငင်သိမ်းဆည်းစရာ ဘာမျှမကျန်တော့ပါ။ ကျွန်တော့် ဝိဉာဉ်သည်ပင် ငတ်ပြတ်သဖြင့်သေလုမျောပါးဖြစ်နေပါပြီ။

သီချင်းဆိုခြင်းကို ပြန်လည်စတင်လိုက်ပါသည်။ မျက်လုံးများကို နောက်ဆုံးအကြိမ်အဖြစ်ဖွင့်ကြည့်လိုက်ရာ ကျွန်တော်တို့ အားလုံးအပေါ် မိုးထားသော ကင်မရာများကိုတွေ့ပါသည်။ သူတို့အတွက်တော့ ကျွန်တော်တို့သည်သေလူများ။ ကျွန်တော့်အတွက်လည်း သူတို့သည်သေလူများ။ တစ်ယောက်နှင့်တစ်ယောက် ခြေဟန်လက်ဟန်ဖြင့်စကားပြော၍လည်းကောင်း၊ နှလုံးသားချင်း ချိတ်ဆက်မှု မရှိဘဲနှင့်လည်းကောင်း သူတို့သည် မေတ္တာကရုဏာတရားများခေါင်းပါးလျက်ရှိသော အခန်းတစ်ခုအတွင်း ကျန်နေရစ်ခဲ့လေသည်။

အထီးကျန်ခြင်းတို့၏ခန်းမအလယ်၌ စောစောကနွားကလေးသည် လှည့်ပတ်သွားလာလျက်။ ဖြစ်စဉ်အလုံးစုံကို မှတ်တမ်းတင် နေကြသူများ၏အလယ်တွင် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် သက်သက်သာသာဖြစ်အောင် ကြိုးစားနေသည်ဟု အထင်ရောက်စရာ ရှိပါသည်။ တကယ်လည်း ထိုသို့ဖြစ်အောင် ကျွန်တော် ကြိုးစားနေပါသည်။ ခန္ဓာကိုယ်ကို ကွေးထားရာမှဆန့်ထုတ်လိုက်ပြီး ချစ်သူ၏ လက်ကိုဆုပ်ကိုင်ထားမိသည်။ ပါးစပ်ဟပြီးအသက်ကို ခက်ခက်ခဲခဲရှိလျက်က အပြုံးတစ်ခုနှင့်အတူ ကျွန်တော်ညင်ညင်သာသာပဲ အသက်ကို ပေးထွက်လိုက်ပါသည်။ ကျွန်တော်အပြုံးမှာ သတင်းထောက်များအတွက် ပဟေဠိတစ်ပုဒ် ဖြစ်ချင်ဖြစ်ပါ လိမ့်မည်။ သို့သော်လည်း ကျွန်တော်၏ လျှို့ဝှက်ဘာသာစကားကို သူတို့အဓိပ္ပာယ်ကောက်ယူတတ်မည်ဆိုပါလျှင် ထိုအပြုံးသည် ကျွန်တော် ၏နှုတ်ဆက်စကား ပြောခြင်းဖြစ်မှန်း သူတို့သိလိမ့်မည်ဖြစ်ပါသည်။      

Comments

အဖတ်အများဆုံး

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'

သားပိုက်ကောင်နေ့ရက်များ ရေအေး ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်) ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။  ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။  ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက...

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။ သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။  ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်...

အင်ဒရိုမီဒါနှင့်ကျွန်တော်တို့ ဆုံတဲ့အခါ ပြန်ပြောပြချင်တဲ့ နိုဝင်ဘာ ၂၇

နိုဝင်ဘာလ ၂၇ ရက်နေ့သည် ကျွန်တော့်ဘဝတွင် တိုက်ဆိုင်စွာပင် အမှတ်တရများရှိသော နေ့စွဲတစ်ခု ဖြစ်ပါသည်။ လူတို့သည် သူတို့ဘဝတွင် ထူးခြားဖြစ်စဉ်များနှင့်ကြုံရသောအခါ ထိုသို့ကြုံရသည့် နေ့စွဲကို မှတ်မိနေတတ်ကြသည် မဟုတ်လား။  (၁) နိုဝင်ဘာ ၂၇ နှင့်ပတ်သက်၍ ပထမဆုံး အမှတ်တရမှာ ထိုနေ့သည် အဘွားဆုံးသောနေ့စွဲဖြစ်သည်။ အဘွား ရုတ်တရက် ဆုံးတုန်းက ကျွန်တော်အသက် ၁၆ နှစ်အရွယ်။ အဘွားသည် အိပ်ရာထပြီးနောက် ရေချိုးခန်းထဲ မျက်နှာသစ်နေရာမှ နှလုံးရပ်ကာ သတိလစ်သွားခဲ့သည်။ အိမ်သားများက ရှေးဦးသူနာပြုစုနည်းဖြင့် နှလုံးပြန်နှိုးကာ ဆေးရုံအမြန်ပို့သော်လည်း ထိုတောင်ကိုမကျော်နိုင်ခဲ့ပါ။ အဘွား အဲသည်လိုတွေ ဖြစ်နေတော့ ကျွန်တော်က ကျောင်းသွားနေချိန်။ မနက်ကျောင်းမသွားခင် အဘွားကို တွေ့လိုက်သေး သည်။ ကျောင်းမှအိမ်ပြန်လာတော့ အဘွားမရှိတော့။ မြန်လိုက်တာ။ သည်လိုမှန်း သိခဲ့လျှင် ကျောင်းမသွားခင် အဘွားကို ဖက်သွားခဲ့ရကောင်းသား။  အဘွားဆုံးတော့ အမေတို့ငိုကြသည်။ အဘွားအကြောင်းတွေ တသသပြန်ပြောကြ၊ အဘွားကို အာဂမိန်းမဟဲ့ ဟူ၍ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်ကြ။ လွမ်းဆွေးကြ။ အဘွားသည် ရှာမှရှားသောမိန်းမတွေထဲက တစ်ယောက်ဟု ထောပနာကြသည်။ ကျွန်တော်သည် နာရေးကာလတစ်...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...