Skip to main content

အနုသုခုမမြို့များ ပေါ်ထွန်းရေးဆီသို့

နံနက်ခင်းရဲ့ နေရောင်ခြည်က အခန်းပြတင်းတံခါးမှန်ကိုသာမက ပါးလွှာတဲ့ လိုက်ကာကိုပါ ဖောက်ထွင်းပြီးကျအလာ ကျွန်တော် အိပ်ရာက နိုးလာပါတယ်။ ပြတင်းပေါက်ကနေ မျှော်ငေး ကြည့်လိုက်ရင်တော့ ယာဉ်တွေ၊ လူတွေ ဥဒဟို သွားလာ နေတဲ့ မင်းလမ်းမကြီးရှိပြီး လမ်းဟိုဘက် မှာတော့ အိမ်ပုလေးတွေနဲ့ အတူ နေမင်းကြီး မေးတင်လို့ ထွက်ပြူလာရာ မြို့ပြင် ဟိုးအဝေးက စိမ်းမြနေတဲ့ တောင်တန်း တောင်ကြော တစ်ခု။


မင်းလမ်းမဟာ ချောင်းငယ်တစ်ခု အပေါ်ကဖြတ်သန်းသွားတယ်။ ချောင်းဖြတ်တံတားပေါ်က ကြည့်ရင်တော့ ချောင်းအထက်မှာ ကြိုးနဲ့ဆိုင်းထားတဲ့ အိမ်ငယ်တစ်လုံးကို မြင်ရတယ်။ ညတုန်းကတော့ ဒီအိမ်ရဲ့ အတွင်းမှာ ထွန်းထားတဲ့မီးရောင်က စက္ကူတစ်မျိုးနဲ့ လုပ်ထားတဲ့ အိမ်နံရံကိုဖောက်ထွင်းထွက်လာပြီး ချောင်းရေပေါ်မှာ ရောင်ပြန်ဟပ်နေတာမို့ အတော်ကို လှနေပါတယ်။ အင်စတော်လေးရှင်း အနုပညာကို ပြသထားတဲ့ နမူနာတစ်ခုပေါ့။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ တစ်နာရီလောက် ကားစီးသွားရတဲ့ 'အန်ဂိုနို' ဆိုတဲ့ မြို့ငယ်လေးကို ကျွန်တော်ရောက်နေတာဖြစ်ပါ တယ်။ မြို့ခံအနုပညာသမားတွေနဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်တဲ့ ပြည်သူနဲ့ထိစပ်တဲ့ အနုပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနဲ့ ခြောက်ကြိမ်မြောက် နီယိုအန်ဂိုနို အနုပညာပွဲတော်ကို တက်ရောက်ဖို့ ရောက်ရှိနေတာပါ။ မြို့ငယ်လေးဆိုပေမယ့် မြို့အနီးက နိုင်ငံ့အကြီးဆုံး လဂူးနာရေအိုင်ကြီး (Laguna de Bay) ရဲ့ ကမ်းစပ်တစ်လျှောက်က လယ်စိုက်ခင်းတွေနဲ့ တံငါရွာတန်းလေးတွေနဲ့ ဆက်သွားတာမို့ ဧရိယာအတော်ကြီးပါတယ်။ အန်ဂိုနိုဟာ မနှစ်က တိုက်ခတ်သွားတဲ့ တိုင်ဖုန်းမုန်တိုင်း အွန်ဒွိုင်းရဲ့ ဒဏ်ကိုလည်း အတော်လေးခံခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။

အန်ဂိုနိုဟာ 'ဖိလစ်ပိုင်နိုင်ငံရဲ့ အနုပညာမြို့တော်'လို့ ကျော်ကြားတဲ့မြို့ဖြစ်ပါတယ်။ ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ လူစီယို စန် ပက်ဒရို နဲ့ ကားလို့စ် ဘိုတောင်း ဖရန်စစ္စကို ဆိုတဲ့ နိုင်ငံ့ဂုဏ်ရည် အမျိုးသား အနုပညာရှင်ကြီးနှစ်ဦးကြောင့်လည်း ပိုကျော်ကြားပါတယ်။ ဒါ့ပြင် မြောက်မြားလှစွာသော အနုပညာရှင် မျိုးဆက်ကြီး ငယ်တွေလည်း နေထိုင်ခဲ့၊ နေကြဆဲပါ။ သူတို့ရဲ့ ဖန်တီးမှုလက်ရာတွေကလည်း နေရာအနှံ့မှာ လက်ညှိုးထိုးမလွဲ။ အန်ဂိုနိုမြို့ဆီ ရောက်သွားရတာဟာ အနုပညာလက်ရာပစ္စည်း အမျိုးအစား ပေါင်းစုံကို စုပုံပြသထားတဲ့ ပြတိုက်ကြီး၊ ပြခန်းကြီးတစ်ခုထဲကို ရောက်သွားရသလိုပါပဲ။

ဒီထဲကမှ ဒီမြို့က မြို့ခံအနုပညာသမားတွေက အဓိကဦးဆောင်ပြီး အနုပညာနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတဲ့ 'နီယိုအန်ဂိုနို' လို့ ခေါ်တဲ့ အဖွဲ့အစည်းလေးကတော့ မြို့ကို လှုပ်ရှားသက်ဝင်မှု အရှိစေဆုံးလို့ ပြောလို့ရပါတယ်။ ဒီအဖွဲ့အစည်းက ဦးဆောင်ပြီးတော့ပဲ 'ပြည်သူနဲ့ထိစပ်တဲ့ အနုပညာပွဲတော်' (Public Art Festival) ကို ကျင်းပလာတာ ဒါပါနဲ့ဆို ခြောက်ကြိမ်တိုင်ပြီ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က စတည်ထောင်ခဲ့တဲ့ နီယိုအန်ဂိုနိုမှာ အနုပညာနယ်ပယ် အသီးသီးက အနုပညာရှင်တွေ အသင်းဝင် အဖြစ်ပါဝင်ပြီး ဂျပန်တို့ အမေရိကန်တို့က အနုပညာရှင်အချို့တောင် ပါဝင်ကြပါတယ်။

အနုပညာပွဲတော်နဲ့ တစ်ပါတည်းကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲတော့ ပြည်တွင်းနဲ့ နိုင်ငံတကာက အနုပညာသမားတွေ၊ အနုပညာ ဘာသာရပ်ပညာရှင်တွေတွေ့ဆုံပြီး ယနေ့ကမ္ဘာမှာခေတ်စားနေတဲ့ စကားလုံးဖြစ်တဲ့ အနုသုခမမြို့ (Creative City) တွေ တည်ဆောက် နေကြရာမှာ အန်ဂိုနိုမြို့လေးကလည်း ဘယ်အခန်းကဏ္ဍက နေပါဝင်မလဲ၊ အန်ဂိုနိုကရော အနုပညာရသမြောက် တဲ့မြို့ဖြစ်ဖို့ရာ ဘယ်လောက် အလားအလာရှိသလဲဆိုတာကို နှီးနှောတိုင်ပင်ကြတာပဲဖြစ်ပါတယ်။ အဲဒီလို ရသမြောက်တဲ့မြို့ အဖြစ်ဖန်တီးတဲ့ နေရာမှာ အဓိကကျတဲ့ အချက်ကတော့ ခုနကဆိုခဲ့တဲ့ ပြည်သူနဲ့ထိစပ်တဲ့ အနုပညာတွေ များများစားစား ပြုလုပ် ဖန်တီးရေးပါပဲ။

ပြည်သူနဲ့ထိစပ်တဲ့အနုပညာ (Public Art) ဆိုတာကတော့ အနုပညာပစ္စည်းတွေဟာ တသီး ပုဂ္ဂလ ဆန်လွန်း တဲ့လေးဘက်လေးတန် နံရံတွေ ကြားမှာ ရှိနေရာကနေ အများပြည်သူနဲ့ စပ်ဆိုင်တဲ့ နေရာတွေဆီကို ပြောင်းရွှေ့ ရောက်ရှိလာတာ ကိုခေါ်တာပါ။ အနုပညာဟာ အနုပညာရှင်နဲ့ အနုပညာကို စိတ်ဝင်စားသူ ကွက်ကွက်လေး အတွက်ပဲ မဟုတ်တော့ဘဲ အများပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေဖြစ်လာတာ၊ အနုပညာနဲ့ ပြည်သူနဲ့တစ်သားတည်း ဖြစ်သွားတာပါ။ အစဉ်အလာအရတော့ ဗိသုကာလက်ရာမြောက် အဆောက် အအုံတွေ၊ အထိမ်းအမှတ်ပစ္စည်းတွေ၊ ရုပ်တုတွေ၊ ကျောက်တိုင်တွေ၊ ဆေးရေးပန်းချီ စတာတွေဟာ ပြည်သူနဲ့ ထိစပ်တဲ့ အနုပညာလို့ ဆိုကြပေမယ့် သူ့ရဲ့အဓိပ္ပာယ် သတ်မှတ်ချက်ကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ ဆိုခဲ့တဲ့ သက်ငြိမ်ပစ္စည်းတွေသာမက သက်ဝင်လှုပ်ရှား အနုပညာတွေဖြစ်တဲ့ အက၊ စီတန်းလှည့်လည် သရုပ်ပြခြင်း၊ လဟာပြင် (သို့မဟုတ်) လမ်းမထက်က ဇာတ်ကပွဲတွေ၊ ကဗျာရွတ်ပွဲ စတာတွေကိုလည်း ဒီခေါင်းစဉ်အောက်မှာ ထည့်သွင်းလို့ရပါတယ်။

ဆွေးနွေးပွဲမှာတော့ တက်ရောက်လာတဲ့ နိုင်ငံတကာအနုပညာသမားနဲ့ ပညာရှင်အချို့က စာတမ်း ဖတ်ကြပါတယ်။ အများနဲ့ဆိုင်တဲ့ အနုပညာအပေါ် ပြည်သူလူထုရဲ့လက်ခံနိုင်မှုအကြောင်း ထိုင်းနိုင်ငံက အနုပညာသမိုင်းဆရာမ မစ္စ ထာနဝီ ချိုပရာဒစ်၊ အင်ဒိုနီးရှား နိုင်ငံ၊ ယို့ဂျာကာတာမြို့က နံရံဆေးရေး ပန်းချီနဲ့ မှုတ်ဆေးပန်းချီတွေအကြောင်းကို အင်ဒိုနီးရှားနိုင်ငံက ပန်းချီဆရာမ မစ္စအီယာနီ အာရာဟာမေနီ၊ ဂျပန်နိုင်ငံက အနုပညာမြို့တွေအကြောင်းကို ဂျပန်နိုင်ငံ အိုဆာကာစီးတီးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ မာဆာယုကီ ဆာဆာကီးနဲ့ ဖိလစ်ပီနိုစာပေနဲ့ ဖိလစ်ပိုင်သမိုင်းတို့ ဆက်စပ်မှု အကြောင်းကို ဖိလစ်ပီနို အမျိုးသားအနုပညာရှင် ပါမောက္ခ ဘျန်ဗဲနိဒို လွန်ဘဲရာတို့က အသီးသီး စာတမ်းဖတ်ကြပါတယ်။ သူတို့အသီးသီး ဖတ်ကြားသွားတဲ့ခေါင်းစဉ်တွေဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

အဲဒီထဲကမှ ပါမောက္ခ ဒေါက်တာ ဆာဆာကီးရဲ့လေ့လာချက်ကတော့ အတော်လေးကို စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဂလိုဘယ် လိုက်ဇေးရှင်းခေါ် ကမ္ဘာ့ရေစီးကြောင်းကြီးရဲ့ဂယက်နဲ့အတူ စက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ စက်မှုအခြေပြု မြို့ပြတည်ထောင်မှုစနစ်ကနေ ယဉ်ကျေးမှုအခြေပြုမြို့ပြ တည်ထောင်မှုဘက်ကို ပြောင်းလဲလာခဲ့တဲ့အကြောင်းပါပဲ။ ကမ္ဘာ့ရေစီးကြောင်း အသစ်ထဲမှာ အရင်းရှင် နိုင်ငံကြီးအချို့အနေနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု အခြေခံစီးပွားရေးကနေ အသိပညာနဲ့ သတင်း အချက်အလက်တွေပေါ်မှာ အခြေခံတဲ့ စီးပွားရေးအသွင်ဘက်ကို ၂၀ ရာစု အကုန်၊ ၂၁ ရာစု အစပိုင်းမှာ ယိမ်းမှန်းမသိ ယိမ်းလာခဲ့ ကြပါတယ်။ အဲဒီ စီးပွားရေး အသွင် သဏ္ဌာန်အသစ်ရဲ့ အဓိကနောက်ကွယ်က ထောက်တိုင်ကတော့ အနုပညာနဲ့ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုတွေပါပဲတဲ့။

 အရင်ကဆိုရင် တိုင်းပြည်တစ်ပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာပြီဆိုရင် ပြယုဂ်အဖြစ် စက်မှုလက်မှု လုပ်ငန်းတွေ ထွန်းကားတဲ့မြို့ကြီးတွေ ပေါ်လာမယ်။ ဒီမြို့ကြီးတွေမှာ လူဦးရေတွေများလာမယ်။ တိုက်တာအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာမယ်။ အလွန်လျင်မြန်တဲ့ ခေတ်မီယာဉ်တွေ ရထားတွေရှိလာမယ်။ အဲလိုမျိုးရုပ်ဝတ္ထု တိုးတက်မှုကိုသာ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ရှုမြင်ပြီး စီးမျောလိုက် ခဲ့ကြရာကနေ စိတ်ပိုင်းဆိုင်ရာခံစားမှုကဏ္ဍတွေဖြစ်တဲ့ ကဗျာ၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပုစတဲ့ အနုပညာဘက်ကို တစ်ဖန်ပြန်ပြီးလှည့် လာကြပါတယ်။ ဒီလိုမျိုး ကမ္ဘာ့မြို့ကြီးအချို့ကို စက်မှုမြို့ အဖြစ်ကနေ အနုသုခုမမြို့ကြီးတွေအဖြစ် ပြုပြင်ပြောင်းလဲ လာကြရာမှာ အရေးပါတဲ့ အခြေခံအချက်တွေအပေါ်ကို အခြေပြုတယ်လို့ ဒေါက်တာ ဆာဆာကီးက သူ့စာတမ်းမှာ သုံးသပ်ပြထားပါတယ်။

အနုသုခုမမြို့တစ်မြို့ဖြစ်အောင် ဖန်တီးတော့မယ်ဆိုရင် အဲဒီမြို့မှာ (တစ်) အနုပညာသမားတွေ၊ သိပ္ပံ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ပန်းဆယ်မျိုး အတတ်ပညာရှင်တွေ အရေအတွက်လည်း များလာရမယ်၊ လှုပ်ရှားမှု တွေလည်း တိုးလာရပါမယ်။ (နှစ်) မြို့ပြ ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်တွေ၊ ဖန်တီးမှုတွေကို ခံစားနိုင် ရလောက်အောင် အဲဒီမြို့သူမြို့သားတွေကလည်း ငွေနဲ့ကြေးနဲ့ ဖြစ်လာရမယ်၊ မိုးလင်း မိုးချုပ် တကုပ်ကုပ် အလုပ်ချည်းပဲလုပ်နေတာမျိုး မဟုတ်ဘဲ အနုပညာလက်ရာတွေ၊ ပစ္စည်းတွေကို ခံစားနိုင်ရ လောက်အောင် အချိန်ပေးနိုင်ရမယ်။ (သုံး) ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ၊ ပန်းချီပန်းပုစတဲ့ ယဉ်ကျေးမှု အနုပညာလောကထဲ စီးပွားဖြစ် ရင်းနှီးမြှုပ်နှံကြတဲ့သူတွေ၊ အလုပ်သမားတွေလည်း တိုးတက်များပြား လာရမယ်လို့ ဒေါက်တာ ဆာဆာကီးက ဆို ပါတယ်။

ဒါတင်မကပါဘူး။ အနုသုခုမမြို့တစ်မြို့မှာ အနုပညာရပ်ဆိုင်ရာ အထောက်အကူပြု အဆောက်အအုံ တွေဖြစ်တဲ့ တက္ကသိုလ်တွေ၊ နည်းပညာကျောင်းတွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ ကဇာတ်ရုံတွေ၊ စာကြည့်တိုက်တွေနဲ့ အခြားယဉ်ကျေးမှုဆိုင်ရာ အခြေခံအဆောက်အအုံတွေ အရေအတွက်ရော အရည်အချင်းပိုင်းပါ များပြားလာဖို့ လိုပါတယ်။ ဒါ့ပြင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းမှု လည်း ရှိရမယ်။ နိုင်ငံသားတွေ၊ မြို့သားတွေကလည်း ကိုယ်နဲ့မဆိုင် သလိုမနေဘဲ ပူးပေါင်းပါဝင်လာရမယ်။ နောက်ဆုံး အဆင့်အနေနဲ့ အဲဒီလိုမျိုး ပြည်သူပြည်သားတွေက တိုင်းပြည်၊ မြို့ရွာတွေရဲ့ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာကို ခွင့်ပြုမယ့်၊ မူဝါဒတွေ ချမှတ်ပေးပြီး လိုအပ်တဲ့ ငွေကြေးပိုင်းစတဲ့ ပံ့ပိုးမှုတွေပေးမယ့် အစိုးရတစ်ရပ်လည်း လိုပါတယ်လို့ ဒေါက်တာ ဆာဆာကီးက ဆိုပါတယ်။

ဒေါက်တာဆာဆာကီးရဲ့ စာတမ်းအရ ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စ်ကို) အနေနဲ့ ကမ္ဘာကြီးရဲ့ ပေါကြွယ်လှတဲ့ ယဉ်ကျေးမှုမျိုးစုံကို ထိန်းသိမ်းဖို့ရာ ကမ္ဘာ့ယဉ်ကျေးမှုအနုပညာမြို့တော် ကွန်ရက်ကို ၂၀၀၄ ခုနှစ်မှာစတင်ကြေညာခဲ့ပြီး အဲဒီအထဲမှာ ကမ္ဘာ့မြို့ကြီး ၁၉ မြို့ကို အနုသုခုမ မြို့တော်များ အဖြစ် အသိအမှတ်ပြုထားကြပါတယ်။ အဲဒါတွေကတော့ အာဆွမ် (အီဂျစ်)၊ စန်တာဖေးနဲ့ အိုင်အိုဝါ (ယူအက်စ်)၊ နာဂိုယာ၊ ကိုဘေးနဲ့ကာနာ ဇာဝါ (ဂျပန်)၊ ဘာလင်(ဂျာမနီ)၊ ဗျူနိုအေးရီးစ် (အာဂျင်တီးနား)၊ မွန်ထရီယယ် (ကနေဒါ)၊ ရှင်းကျန် (တရုတ်)၊ ဂလတ်စ်ဂို၊ အီဒင်ဘာ့ဂ်နဲ့ ဘရက်ဖို့ (ယူကေ)၊ ပိုပါယံ (ကိုလံဘီယာ)၊ မဲလ်ဘုန်း (ဩစတြေးလျ)၊ ဘိုလော့ဂ်ညာ (အီတလီ)၊ ဆဗီးလ် (စပိန်)၊ ဂန့်ထ်မြို့ (ဘယ်လ်ဂျမ်) နဲ့ လီယွန်း (ပြင်သစ်)တို့ပဲ ဖြစ်ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံမှာရော ဘယ်မြို့ကြီးတွေကို အနုသုခုမမြို့တွေအဖြစ် တည်ဆောက်လို့ ရမလဲလို့ ကျွန်တော်စဉ်းစားနေမိပါတယ်။ ဒေါက်တာဆာဆာကီး ပြောခဲ့တဲ့အချက်တွေနဲ့ပဲ ချိန်ထိုးပြီး စဉ်းစားကြည့်တော့ ဖြစ်နိုင်ခြည် နှစ်မြို့ကို သွားတွေ့မိပါတယ်။ အဲဒါတွေကတော့ ရန်ကုန်နဲ့ မန္တလေးတို့ပါပဲ။
မြို့တော်ဟောင်းနဲ့ စီးပွားရေးမြို့တော်ရန်ကုန်မှာ ခေတ်ဟောင်းနဲ့ ခေတ်သစ်ဗိသုကာလက်ရာ အဆောက် အအုံ တွေရှိတယ်။ ရွှေတိဂုံစေတီလို ရှေးဟောင်းဘာသာရေး အဆောက်အအုံတွေ၊ ၁၉၀၀ ပြည့်လွန်နှစ် ကိုလိုနီခေတ်ကတည်ဆောက်ခဲ့တဲ့ ရှေးလက်ရာ အဆောက်အအုံတွေ အမြောက်အမြား ကျန်ရှိပါသေးတယ်။ နိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့ ပန်းချီ၊ ပန်းပုဆရာတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဂီတသမားတွေ၊ အနုပညာဝေဖန်ရေးဆရာတွေနဲ့ အနုပညာသုတေသီတွေ စုဝေးနေထိုင်ကြရာမြို့ ဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်ကြီး ရွှေတိုင်ညွန့်ဟာဆိုရင် ရန်ကုန်ကြည့်မြင်တိုင် ထီးတန်း အရပ်မှာမွေးတဲ့ ရန်ကုန်သား စစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဂီတနဲ့ရုပ်ရှင်ဆိုင်ရာ ထုတ်လုပ်ရေး လုပ်ငန်းအများစု အခြေစိုက်ရာလည်း ဖြစ်ပါ တယ်။ ရန်ကုန်ရဲ့ အားသာချက်တစ်ခုကတော့ အနုပညာပစ္စည်း၊ လက်မှုပစ္စည်းတွေ စုစည်းခင်းကျင်း ပြသလို့ရနိုင်တဲ့ အနုပညာတင်ဆက်မှုတွေလုပ်နိုင်တဲ့ ပန်းခြံတွေ၊ ရင်ပြင်တွေ၊ ရေကန်တွေ အများ အပြားရှိခြင်း ပါပဲ။ ဆိုင်ကလုန်း နာဂစ်ကြောင့် လဲပြိုကျခဲ့တဲ့သစ်ပင်တွေကို ခုတ်ထစ်ဖြတ်တောက်ပြီး ဥယျာဉ်သုံး ပစ္စည်းတွေ၊ ရိုးရာပန်းပုရုပ်တွေ ထုလုပ်ပြီး အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ပြသထား နိုင်ခြင်းကလည်း အနုပညာမြို့တော် တစ်ခုဖြစ်နိုင်ခြေ ရှိကြောင်းကို ပံ့ပိုးပေးတဲ့ အချက်တစ်ချက် ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

မင်းနေပြည်တော်ဟောင်း၊ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ဟာဆိုရင်လည်း အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ အနုသုခုမမြို့တော်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ၁၉ ရာစုနှစ်က လက်ရာ ဘုန်းတော်ကြီး ကျောင်းတွေ၊ စေတီဘုရားပုထိုးတွေ၊ အဆောက်အအုံတွေ အထင်အရှားကျန်ရှိသေးတဲ့ မင်းနေပြည်တော်  ဟောင်း ဖြစ်တာနဲ့အညီ နန်းတွင်းမှာ အမှုထမ်းခဲ့တဲ့ ရိုးရာအနုပညာရှင်တွေ၊ အသိပညာရှင် အတတ်ပညာရှင် တို့ စုဝေးအခြေချခဲ့ကြသလို သားစဉ်မြေးဆက် ပညာအမွေတွေကို လက်ဆင့်ကမ်းခဲ့ကြတာ ဒီနေ့ထိပါပဲ။ သဘင်၊ ဂီတ၊ စာပေ၊ အနုသုခမတွေသာမက ရွှေခြည်ထိုး၊ ငွေခြည်ထိုး၊ ပိုးချည်ထည်၊ ရွှေဆိုင်းစတဲ့ ရိုးရာလက်မှု အနုပညာလုပ်ငန်းတွေ ပန်းဆယ်မျိုး အတတ်တွေ ကလည်း ယနေ့ထက်တိုင် ထွန်းကားနေ ဆဲပါ။ နန်းတော်ရှေ့ဆရာတင်နဲ့ မြို့မငြိမ်းတို့လို မြန်မာ့ဂုဏ်ဆောင် ဂီတပညာရှင်ကြီး နှစ်ဦးကလည်း မန္တလေးရဲ့ဂုဏ်သတင်းကို ပိုလို့မွှေးပျံ့စေပါတယ်။ ရန်ကုန်နဲ့ မန္တလေးနှစ်မြို့ဟာ နိုင်ငံရဲ့ပန်းချီပန်းပုကျောင်းနဲ့ ပန်တျာကျောင်းတို့ရှိတဲ့ နှစ်ခုတည်းသောမြို့တွေလည်း ဖြစ်ပါတယ်။ ဒီကျောင်းတွေကဆင်းတဲ့ ပညာသည် အရေအတွက်က နည်းကောင်းနည်းမှာ ဖြစ်ပေမယ့် ဒီကျောင်းဆင်းတွေ ထဲကနေ ယနေ့ အနုပညာ လောကမှာ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ ရှိနေပြီမို့ လျှော့တွက်လို့တော့ မရပါဘူး။

ရန်ကုန်နဲ့မန္တလေးမြို့တွေဟာ အနုသုခုမမြို့ကြီးများအဖြစ် အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့အရည်အသွေးတွေ ရှိပြီးသားလို့ ကျွန်တော် ယုံကြည်ပါတယ်။ အဓိကလုပ်ဆောင်ဖို့လိုနေတာက လေးဘက် လေးတန် နံရံတွေကြားမှာပဲ ဒီ အနုပညာတွေကို ပိတ်လှောင်မထားဘဲ၊ လူထုပါထိတွေ့မှုရှိအောင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေဆီ ရောက်အောင် ပို့ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ လူထုရဲ့ခံစားမှု၊ တုံ့ပြန်မှုတွေရအောင် လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေ အားလုံးထက်ပိုအရေးကြီးတာ ကတော့ လူထုအနေနဲ့ ကိုယ့်ရှေ့မှောက် ရောက်လာမယ့် အနုပညာလက်ရာတွေကို ခံစားနိုင်ဖို့ရာ အချိန်နဲ့ငွေကြေးရှိဖို့ရယ်၊ အစိုးရပိုင်းကလည်း အားပေးအားမြှောက်ပြု ထောက်ပံ့မှုရှိဖို့ပဲဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါဟာရုပ်ဝတ္ထုလွှမ်းမိုးတဲ့ ၂၁ ရာစုမှာ မြန်မာနိုင်ငံအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ ပြိုင်တူတိုးတက် ဖို့ရာ ကြိုးပမ်းအားထုတ်မှုပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာတိုင်း(မ်)။ အတွဲအမှတ် ၂၃ ၊ အမှတ် ၄၅၂၊ ၂၀၁၀ ဖေဖော်ဝါရီ ၅-၁၁။ (မှတ်ချက်။ ထိုစဉ်က ‘ရုပ်ဝတ္ထုဆန်သောမြို့မှ အနုပညာဆန်သောမြို့ဆီသို့‘ ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။)
ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...