Skip to main content

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။

ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။

မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ မမွေးစား၍ မဖြစ်သဖြင့် မွေးစားရ ပါသည်။ တစ်ချိန်ကတော့ ထိုစကားလုံးများကို မြန်မာမှုပြုဖို့ ကြိုးစားခဲ့ကြဖူးပါသည်။ ဥပမာ - ဂီယာဆိုလျှင် “ယာဉ်ကိုရှေ့တိုး နောက်ဆုတ်ပြုရန် အတွက် လက်နှင့် ကိုင်တွယ်သုံးရသည့် အချောင်းအတံ” ဟူ၍ ဘာသာပြန်ခဲ့ဖူး သည်ဟု ကြားဖူးပါသည်။ အလုပ်မဖြစ်ပါ။ အကြောင်းက “ဂီယာ နံပါတ် ၁ ထိုး ဟေ့” ဟု ပြောလိုက်လျှင်ကိစ္စပြီးရမည့် အစား “ယာဉ်ကိုရှေ့တိုး နောက်ဆုတ်ပြုရန်အတွက် လက်နှင့် ကိုင်တွယ်သုံးရ သည့် အချောင်းအတံ နံပါတ် ၁ ထိုး ဟေ့” ဟု ပြောနေလျှင် အလုပ်မတွင်ပါ။

ကမ္ဘာတွင် မွေးစားစကားလုံးမရှိသော ဘာသာဟူ၍ မရှိသလောက်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ကိုယ့်မှာ မရှိသည့် စကားကို မွေးစားရပါသည်။ သို့ပေမင့် မြန်မာလို ရှိပါလျက်၊ မြန်မာလို လှည့်ပြောလျှင် ရနိုင်ပါလျက်နှင့် သာမန် အကြောင်းအရာ လောက်ကိုတောင် အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ဝက် ပြောနေ၊ ရေးနေကြလျှင် မြန်မာစကား စစ်စစ်ကို မနည်းရှာရတော့မည်ဟု ထင်ပါသည်။

ထို့အပြင် မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်တို့အားနည်းနေပြီလား ဟု စဉ်းစားစရာဖြစ်သည်။ ဘာသာပြန် အရေးအသားများတွင် မြန်မာ မဆန်ခြင်း၊ စာမချောခြင်းက ထိုအချက် ကိုသက်သေပြနေပါသည်။ မြန်မာလို ရေးထားပါလျက် ဘာကိုဆိုလိုမှန်း မသိသောအရေးအသားများစွာ ရှိပါသည်။ ဘာသာပြန်လုပ်ငန်းတွင် သူ့ဘာ သာထက် ကိုယ့်ဘာသာကို ပိုကျွမ်းကျင် ဖို့လိုကြောင်း၊ တချို့က အင်္ဂလိပ်လိုတတ်ရုံနှင့် ဘာသာပြန်လို့ ရမည်ဟု ထင်လျှင် မှားကြောင်းရှေ့မီနောက်မီ ဘာသာပြန် ဆရာကြီးများက ဆိုကြပါသည်။

“အိမ်သာဘယ်မှာလဲ”ဟု မေးချင်လျှင် “တွိုင်းလက်ဘယ်မှာလဲ”မေးသူ၊ “ကလေးပျက်ကျလို့” ဟု ပြောချင်လျှင် “အဘောရှင်းဖြစ်လို့” ဟု ပြောသူများ အများအပြားရှိသည်။ အဓိပ္ပာယ်ကတော့ အတူတူ။ ဒါပေမယ့် ထိုသို့ ပြောမှ ပိုယဉ်ကျေးသွားသလားဆိုတာတော့ မသိပါ။

တလောက သတင်းတစ်ပုဒ်ဖတ် လိုက်ရပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံသုံး ဘာသာစကားတွင် အင်္ဂလိပ် လိုညှပ် ပြောလျှင် မိခင်ဘာသာစကားကို မရိုသေမလေးစားရာ ရောက်သဖြင့် ဒဏ်တပ်ရိုက်မည်ဆိုသည့် သတင်းဖြစ်သည်။ တကယ်ဒဏ်ရိုက်ဖြစ်လား မရိုက်ဖြစ်လားတော့ မသိ။ ဒါပေမယ့် ထိုကိစ္စကို အမျိုးသားရေး ပြဿနာတစ်ရပ်အဖြစ် မလေးရှားအစိုးရက ရှုမြင်သည်ဟု ထိုသတင်းကဖော်ပြနေပါသည်။

ထိုပြဿနာသည် ယခုမကြီးကျယ် သေးသော်လည်း နောင်တစ်ချိန် ကြီးကျယ်သွားနိုင်ပါသည်။ ဘာကြောင့် အခုလို ဖြစ်ရသည်၊ ဘယ်လို ဖြေရှင်းကြမည် ဆိုတာကိုတော့ ပညာရှင်များ ဝိုင်းဝန်းဆွေးနွေး အဖြေရှာဖို့ လိုမည်ထင်ပါသည်။

မြန်မာတိုင်း(မ်)ဂျာနယ်၊ အမှတ် ၃၀၈ မှာပါခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ဒီဆောင်းပါးနဲ့တစ်ဆက်တည်း ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့စွဲနဲ့ထုတ်တဲ့ Weekly Eleven ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၄၀၊ စာမျက်နှာ ၂၀ မှာပါတဲ့ လူထုစိန်ဝင်းရဲ့ “ပါပါး၊ မာမား၊ အားပူချေးနဲ့ အိုပါးတဲ့လား” ဆောင်းပါးကိုပါ ဒုတိယပိုဒ်ကစလို့ ဖော်ပြပေး လိုက်ပါတယ်။

“ပါပါး၊ မာမား၊ အားပူချေးနဲ့ အိုပါးတဲ့လား”
လူထုစိန်ဝင်း

မြန်ဂလိပ်စကား

ဒီနေ့အချိန်မှာ မြန်မာစာ၊ မြန်မာစာစကား တော်တော်လေး မျက်နှာငယ်နေတာ သတိပြုမိပါတယ်။ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်း တွေမှာ မြန်မာနာမည်တပ်တာ တော်တော်ရှားနေပြီ။ အင်္ဂလိပ်လိုမှည့်မှ နိုင်ငံတကာအဆင့်မီသလို ဖြစ်နေတယ်။ စာရေးဆရာတွေ ကလည်း မြန်မာလူမျိုးတွေအတွက် ထုတ်တဲ့မြန်မာစာအုပ်တွေမှာ မြန်မာလိုချည်းသက်သက်ရေးရင် လူအထင်ကြီးမခံရမှာစိုးလို့ ထင်ရဲ့ ‘မြန်ဂလိပ်’ (Myanglish) စာတွေနဲ့ ညှပ်ပြီးရေးနေကြတော့တယ်။ “ဘစ်ဇနက် ဂျာနယ်လစ်ဇင်”တဲ့။ “အွန်လိုင်း ဂျာနယ်လစ်”တဲ့။ “အင်ဗိုင်းရွန်းမင်း”တဲ့။ “စတိတ်ဟိုးလဒါး” တဲ့။ “ဂိမ်းပလေယာ”တဲ့။ ဖတ်ရတာ တော်တော်မျက်စိ စပါးမွေး စူးရတယ်။ ပြုတ်တူတို့၊ ဂွရှင်တို့၊ ခွေးသွားစိပ်တို့၊ ဝက်အူလှည့်တို့ စတဲ့ ဝေါဟာရတွေကို တီထွင်ခဲ့ကြတဲ့ စက်ရုံအလုပ်ရုံတွေထဲက အလုပ်သမားတွေကိုတောင် ရှက်ဖို့ကောင်းနေပြီ။ နည်းပညာတွေရဲ့ တိုးတက်မှုအရှိန်အဟုန်က လျင်မြန်လွန်းတဲ့အတွက် မြန်မာ စကားလုံးတွေနဲ့ ဘာသာပြန်ဖို့ အချိန်ကိုမရနိုင်တော့ဘူးလို့ ဆင်ခြေပေးလည်း သဘာဝမကျပါဘူး။ "Atomic Bomb"ကို အဏုမြူဗုံး၊ "Rocket"ကို ဒုံးပျံ၊ "Missile" ကို ဒုံးကျည်၊ "Satellite" ကို ဂြိုဟ်တု၊ "Machine Gun" ကို စက်သေနတ် စသဖြင့် စတင်ဘာသာပြန်သုံးစွဲခဲ့သူတွေဟာ သတင်းစာဆရာတွေပါ။ နိုင်ငံခြားကြေးနန်းသတင်းထဲက ပါလာတဲ့ ဝေါဟာရတွေကို တစ်ထိုင်တည်းက ဘာသာပြန်လိုက်ရတာဖြစ်တယ်။ ဖြည်းဖြည်းအချိန်ယူ စဉ်းစားနေဖို့မဖြစ်တဲ့ သတင်းစာ အလုပ်လုပ်နေသူတွေကတောင် ဒီလိုတစ်မုဟုတ်ချင်း ဘာသာပြန် နိုင်ခဲ့ကြပါလျက်နဲ့ စဉ်းစားဖို့အချိန်ကြိုက်သလောက်ယူလို့ရတဲ့ စာရေးဆရာတွေက ဘာကြောင့် ဘာသာမပြန် နိုင်ရမှာလဲ။ ကြိုးစားအားထုတ်မှုကို မလုပ်ချင်ကြလို့သာဖြစ်ပါတယ်။

ပါပါး မာမားခေတ်

နောက်တစ်ခါ ဘာတွေ့ရသလဲဆိုတော့ သတင်းစာထဲက ကြော်ငြာတွေ။ မွေးနေ့ဆုတောင်းတို့၊ မင်္ဂလာနှစ်ပတ်လည်ဆုတောင်းတို့လို့ ကြော်ငြာတွေမှာတွေ့ရတဲ့ ‘ပါပါး၊ မာမား’ဆိုတဲ့ အသုံးအနှုံးတွေ။ ဟိုရှေးကျွန်ဘဝက ရေပေါ်ဆီလူတန်းစားတွေကြား ခေတ်စားခဲ့တဲ့ ‘ဒယ်ဒီ၊ မာမီ’ဆိုတဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာလေ။ မြန်မာလူမျိုးစင်စစ်တွေဖြစ်ပါလျက်နဲ့ ဘာကြောင့်များ ‘ပါပါး၊ မာမား’ကို ခံတွင်းတွေ့နေကြသလဲမသိပါဘူး။ ‘အဖေ၊ အမေ’ဆိုတဲ့အခေါ်အဝေါ်ဟာ ဘယ်လောက် အားပါးတရရှိပြီး လှိုက်လှဲတဲ့ အဓိပ္ပာယ်ဆောင်ပါသလဲ။ ဖေဖေ၊ မေမေဆိုတာကတောင် ပေါ့ရွှတ်ရွှတ်ဖြစ်နေသလိုပါပဲ။ ဒါလောက် ခေါ်လို့ ကောင်းတဲ့ အဖေ၊ အမေ နေရာမှာ ဘာဖြစ်လို့များ ‘ပါပါး၊ မာမား’နဲ့ အစားထိုးချင် နေကြ ပါလိမ့်။ စဉ်းစားလို့ကို မရပါဘူး။

အားပူချေးတဲ့လား

နောက်ပြီးတော့ရှိသေးတယ်။ ခုခေတ်ကလေးတွေ ပြောပြောနေကြတဲ့ ‘အိုပါး’တို့၊ ‘အိုမိုညီး’တို့ ‘အားပူချေး’တို့ဆိုတဲ့ စကားတွေ။ ဘာတွေမှန်းလည်းမသိပါဘူး။ ဟိုအရင် လေး၊ ငါးနှစ်ကတော့ ‘ရှဲ့ရှဲ့’တို့၊ ‘တွေ့ပူချိ’တို့၊ ‘မေးယိုကွမ်းစီး’တို့ ခေတ်စားခဲ့တာပေါ့။ ဒီလိုတိုင်းတစ်ပါးက စကားလုံးတွေကို မွေးစားလိုက်ကြတာဟာ မြန်မာစကားကြွယ်ဝသွားစေတာလား၊ မြန်မာစကားပျောက်ကွယ်သွားဖို့ ဖြစ်စေ တာလားဆိုတာတော့ စဉ်းစားကြဖို့ကောင်းတယ်။ ကိုယ့်စာ၊ ကိုယ့်စကားပျောက်ပျက်သွားရင် ကိုယ့်လူမျိုးပါ ပျောက်ကွယ်သွားနိုင်တယ်မဟုတ်လား။ ဒီ အန္တရာယ်ကို ပေါ့သေးသေးမထင်စေချင်ဘူး။ ပျူစကား၊ ပျူစာနဲ့ ပျူလိုမျိုးတွေ ကွယ်ပျောက်သွားတာကို သင်ခန်းစာယူသင့်ကြပါတယ်။ ကိုယ့်စာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုတွေ ခိုင်မာအားကောင်းနေမှ ကိုယ့်လူမျိုးမပျောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ယဉ်ကျေးမှု ခိုင်မာအားကောင်းနေအောင် အမြဲ ဂရုစိုက်နေရပါမယ်။ ကိုယ်ခံအားကောင်းရင် ဘာမှ ကြောက်စရာ မရှိပါဘူး။

နိုင်သူကိုတောင် မြိုပစ်နိုင်တာ

ဒီနေရာမှာ တရုတ်လူမျိုးတွေကို သာဓကအဖြစ်ပြောချင်တယ်။ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ယဉ်ကျေးမှုကြီးတွေမှာ အပါအဝင်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ရှည်ကြာလှပြီဖြစ်လို့ အင်မတန်မှကို ခိုင်ခံ့နေပြီဖြစ်တယ်။ တစ်ချိန်တစ်ခါမှာတော့ တရုတ်ပြည်ကြီးဟာ မွန်ဂိုတို့လက်အောက် ရောက်ခဲ့ပါတယ်။ မန်ချူးလူမျိုးများရဲ့ သိမ်းပိုက်အုပ်စိုးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် တရုတ်တို့ရဲ့ယဉ်ကျေးမှုက ခိုင်ခံ့အားကောင်းလွန်းလေတော့ စစ်နိုင်ပြီး ကိုယ့်ကိုလာအုပ်စိုးတဲ့ မွန်ဂိုနဲ့မန်ချူးတွေကို လုံးဝလူမျိုးပျောက်ကွယ်သွားတဲ့အထိတောင် မြိုပစ်လိုက်နိုင်တာကို တွေ့ရပါတယ်။

ရှေးလူကြီးတွေကို အားနာပါ

ဒီသာဓကကိုကြည့်ပြီး ကိုယ့်ယဉ်ကျေးမှုတွေ ပျက်စီးကွယ်ပျောက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးကြောင်း သတိရှိကြစေချင်တယ်။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခုနော်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား၊ ကိုယ့် ယဉ်ကျေးမှုကို အင်မတန်မှကို တန်ဖိုးထားမှ တော်ကာကျမှာ။ အင်္ဂလိပ် အုပ်စိုးမှုအောက် ကျရောက် နေစဉ် အခါက တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့တောင် မရှိတဲ့အခြေအနေကနေပြီး မြန်မာစာဌာန ထူထောင်ခွင့်ရဖို့ မြန်မာစာပေသင်ကြားခွင့်ရဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လူကြီးသူမများကို အားနားကြဖို့ လည်းကောင်းတယ်။ ချိုချဉ်နဲ့ အာလူးကြော်လို ပစ္စည်းကစ မြန်မာပြည် တင်ပို့ ရောင်းချဖို့ သက်သက် နယ်စပ်ဒေသမှာတင် ထုတ်လုပ်တဲ့ပစ္စည်းတု၊ ဆေးဝါးတုတွေနဲ့ အပေါစားအညံ့စား ပစ္စည်းမျိုးတွေကိုတော့ ကျဉ်ပစ်သင့်ကြတယ်။

လွယ်အောင်လုပ်ပေးပါ

အမျိုးချစ်စိတ်ဆိုတာမျိုးက ဟောပြောနေရုံနဲ့ရတာမဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ချစ်စရာ ကောင်းတာတွေ၊ မြတ်နိုးတွယ်တာစရာကောင်းတာတွေကို လူငယ်တွေသိအောင် လုပ်ပေးဖို့လိုပါတယ်။ ဘန်ကောက်တို့၊ ဖူးခက်တို့ သွားဖို့လွယ်ကူသလို၊ ပူတာအိုသွားဖို့လွယ်ကူအောင် ဖန်တီးပေးဖို့လိုပါတယ်။ ပုဂံတို့၊ ပုပ္ပားတို့မှာရှိတဲ့ ဟိုတယ်ခတွေက ဘန်ကောက်တို့၊ ဖူးခက်တို့က ဟိုတယ်ခတွေထက် ဈေးကြီးမြင့်နေရင်တော့ လူငယ်တွေက ဘန်ကောက်ကို ရှော့ပင်းသွားချင်ကြတာ သဘာဝကျတယ်လို့ ဆိုရမှာပဲလေ။

ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ


Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...