Skip to main content

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။

ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။

မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ မမွေးစား၍ မဖြစ်သဖြင့် မွေးစားရ ပါသည်။ တစ်ချိန်ကတော့ ထိုစကားလုံးများကို မြန်မာမှုပြုဖို့ ကြိုးစားခဲ့ကြဖူးပါသည်။ ဥပမာ - ဂီယာဆိုလျှင် “ယာဉ်ကိုရှေ့တိုး နောက်ဆုတ်ပြုရန် အတွက် လက်နှင့် ကိုင်တွယ်သုံးရသည့် အချောင်းအတံ” ဟူ၍ ဘာသာပြန်ခဲ့ဖူး သည်ဟု ကြားဖူးပါသည်။ အလုပ်မဖြစ်ပါ။ အကြောင်းက “ဂီယာ နံပါတ် ၁ ထိုး ဟေ့” ဟု ပြောလိုက်လျှင်ကိစ္စပြီးရမည့် အစား “ယာဉ်ကိုရှေ့တိုး နောက်ဆုတ်ပြုရန်အတွက် လက်နှင့် ကိုင်တွယ်သုံးရ သည့် အချောင်းအတံ နံပါတ် ၁ ထိုး ဟေ့” ဟု ပြောနေလျှင် အလုပ်မတွင်ပါ။

ကမ္ဘာတွင် မွေးစားစကားလုံးမရှိသော ဘာသာဟူ၍ မရှိသလောက်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ကိုယ့်မှာ မရှိသည့် စကားကို မွေးစားရပါသည်။ သို့ပေမင့် မြန်မာလို ရှိပါလျက်၊ မြန်မာလို လှည့်ပြောလျှင် ရနိုင်ပါလျက်နှင့် သာမန် အကြောင်းအရာ လောက်ကိုတောင် အင်္ဂလိပ်တစ်ဝက်၊ မြန်မာတစ်ဝက် ပြောနေ၊ ရေးနေကြလျှင် မြန်မာစကား စစ်စစ်ကို မနည်းရှာရတော့မည်ဟု ထင်ပါသည်။

ထို့အပြင် မြန်မာစာနှင့် ပတ်သက်၍ ကျွန်တော်တို့အားနည်းနေပြီလား ဟု စဉ်းစားစရာဖြစ်သည်။ ဘာသာပြန် အရေးအသားများတွင် မြန်မာ မဆန်ခြင်း၊ စာမချောခြင်းက ထိုအချက် ကိုသက်သေပြနေပါသည်။ မြန်မာလို ရေးထားပါလျက် ဘာကိုဆိုလိုမှန်း မသိသောအရေးအသားများစွာ ရှိပါသည်။ ဘာသာပြန်လုပ်ငန်းတွင် သူ့ဘာ သာထက် ကိုယ့်ဘာသာကို ပိုကျွမ်းကျင် ဖို့လိုကြောင်း၊ တချို့က အင်္ဂလိပ်လိုတတ်ရုံနှင့် ဘာသာပြန်လို့ ရမည်ဟု ထင်လျှင် မှားကြောင်းရှေ့မီနောက်မီ ဘာသာပြန် ဆရာကြီးများက ဆိုကြပါသည်။

“အိမ်သာဘယ်မှာလဲ”ဟု မေးချင်လျှင် “တွိုင်းလက်ဘယ်မှာလဲ”မေးသူ၊ “ကလေးပျက်ကျလို့” ဟု ပြောချင်လျှင် “အဘောရှင်းဖြစ်လို့” ဟု ပြောသူများ အများအပြားရှိသည်။ အဓိပ္ပာယ်ကတော့ အတူတူ။ ဒါပေမယ့် ထိုသို့ ပြောမှ ပိုယဉ်ကျေးသွားသလားဆိုတာတော့ မသိပါ။

တလောက သတင်းတစ်ပုဒ်ဖတ် လိုက်ရပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံသုံး ဘာသာစကားတွင် အင်္ဂလိပ် လိုညှပ် ပြောလျှင် မိခင်ဘာသာစကားကို မရိုသေမလေးစားရာ ရောက်သဖြင့် ဒဏ်တပ်ရိုက်မည်ဆိုသည့် သတင်းဖြစ်သည်။ တကယ်ဒဏ်ရိုက်ဖြစ်လား မရိုက်ဖြစ်လားတော့ မသိ။ ဒါပေမယ့် ထိုကိစ္စကို အမျိုးသားရေး ပြဿနာတစ်ရပ်အဖြစ် မလေးရှားအစိုးရက ရှုမြင်သည်ဟု ထိုသတင်းကဖော်ပြနေပါသည်။

ထိုပြဿနာသည် ယခုမကြီးကျယ် သေးသော်လည်း နောင်တစ်ချိန် ကြီးကျယ်သွားနိုင်ပါသည်။ ဘာကြောင့် အခုလို ဖြစ်ရသည်၊ ဘယ်လို ဖြေရှင်းကြမည် ဆိုတာကိုတော့ ပညာရှင်များ ဝိုင်းဝန်းဆွေးနွေး အဖြေရှာဖို့ လိုမည်ထင်ပါသည်။

မြန်မာတိုင်း(မ်)ဂျာနယ်၊ အမှတ် ၃၀၈ မှာပါခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ဒီဆောင်းပါးနဲ့တစ်ဆက်တည်း ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့စွဲနဲ့ထုတ်တဲ့ Weekly Eleven ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၄၀၊ စာမျက်နှာ ၂၀ မှာပါတဲ့ လူထုစိန်ဝင်းရဲ့ “ပါပါး၊ မာမား၊ အားပူချေးနဲ့ အိုပါးတဲ့လား” ဆောင်းပါးကိုပါ ဒုတိယပိုဒ်ကစလို့ ဖော်ပြပေး လိုက်ပါတယ်။

“ပါပါး၊ မာမား၊ အားပူချေးနဲ့ အိုပါးတဲ့လား”
လူထုစိန်ဝင်း

မြန်ဂလိပ်စကား

ဒီနေ့အချိန်မှာ မြန်မာစာ၊ မြန်မာစာစကား တော်တော်လေး မျက်နှာငယ်နေတာ သတိပြုမိပါတယ်။ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်း တွေမှာ မြန်မာနာမည်တပ်တာ တော်တော်ရှားနေပြီ။ အင်္ဂလိပ်လိုမှည့်မှ နိုင်ငံတကာအဆင့်မီသလို ဖြစ်နေတယ်။ စာရေးဆရာတွေ ကလည်း မြန်မာလူမျိုးတွေအတွက် ထုတ်တဲ့မြန်မာစာအုပ်တွေမှာ မြန်မာလိုချည်းသက်သက်ရေးရင် လူအထင်ကြီးမခံရမှာစိုးလို့ ထင်ရဲ့ ‘မြန်ဂလိပ်’ (Myanglish) စာတွေနဲ့ ညှပ်ပြီးရေးနေကြတော့တယ်။ “ဘစ်ဇနက် ဂျာနယ်လစ်ဇင်”တဲ့။ “အွန်လိုင်း ဂျာနယ်လစ်”တဲ့။ “အင်ဗိုင်းရွန်းမင်း”တဲ့။ “စတိတ်ဟိုးလဒါး” တဲ့။ “ဂိမ်းပလေယာ”တဲ့။ ဖတ်ရတာ တော်တော်မျက်စိ စပါးမွေး စူးရတယ်။ ပြုတ်တူတို့၊ ဂွရှင်တို့၊ ခွေးသွားစိပ်တို့၊ ဝက်အူလှည့်တို့ စတဲ့ ဝေါဟာရတွေကို တီထွင်ခဲ့ကြတဲ့ စက်ရုံအလုပ်ရုံတွေထဲက အလုပ်သမားတွေကိုတောင် ရှက်ဖို့ကောင်းနေပြီ။ နည်းပညာတွေရဲ့ တိုးတက်မှုအရှိန်အဟုန်က လျင်မြန်လွန်းတဲ့အတွက် မြန်မာ စကားလုံးတွေနဲ့ ဘာသာပြန်ဖို့ အချိန်ကိုမရနိုင်တော့ဘူးလို့ ဆင်ခြေပေးလည်း သဘာဝမကျပါဘူး။ "Atomic Bomb"ကို အဏုမြူဗုံး၊ "Rocket"ကို ဒုံးပျံ၊ "Missile" ကို ဒုံးကျည်၊ "Satellite" ကို ဂြိုဟ်တု၊ "Machine Gun" ကို စက်သေနတ် စသဖြင့် စတင်ဘာသာပြန်သုံးစွဲခဲ့သူတွေဟာ သတင်းစာဆရာတွေပါ။ နိုင်ငံခြားကြေးနန်းသတင်းထဲက ပါလာတဲ့ ဝေါဟာရတွေကို တစ်ထိုင်တည်းက ဘာသာပြန်လိုက်ရတာဖြစ်တယ်။ ဖြည်းဖြည်းအချိန်ယူ စဉ်းစားနေဖို့မဖြစ်တဲ့ သတင်းစာ အလုပ်လုပ်နေသူတွေကတောင် ဒီလိုတစ်မုဟုတ်ချင်း ဘာသာပြန် နိုင်ခဲ့ကြပါလျက်နဲ့ စဉ်းစားဖို့အချိန်ကြိုက်သလောက်ယူလို့ရတဲ့ စာရေးဆရာတွေက ဘာကြောင့် ဘာသာမပြန် နိုင်ရမှာလဲ။ ကြိုးစားအားထုတ်မှုကို မလုပ်ချင်ကြလို့သာဖြစ်ပါတယ်။

ပါပါး မာမားခေတ်

နောက်တစ်ခါ ဘာတွေ့ရသလဲဆိုတော့ သတင်းစာထဲက ကြော်ငြာတွေ။ မွေးနေ့ဆုတောင်းတို့၊ မင်္ဂလာနှစ်ပတ်လည်ဆုတောင်းတို့လို့ ကြော်ငြာတွေမှာတွေ့ရတဲ့ ‘ပါပါး၊ မာမား’ဆိုတဲ့ အသုံးအနှုံးတွေ။ ဟိုရှေးကျွန်ဘဝက ရေပေါ်ဆီလူတန်းစားတွေကြား ခေတ်စားခဲ့တဲ့ ‘ဒယ်ဒီ၊ မာမီ’ဆိုတဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာလေ။ မြန်မာလူမျိုးစင်စစ်တွေဖြစ်ပါလျက်နဲ့ ဘာကြောင့်များ ‘ပါပါး၊ မာမား’ကို ခံတွင်းတွေ့နေကြသလဲမသိပါဘူး။ ‘အဖေ၊ အမေ’ဆိုတဲ့အခေါ်အဝေါ်ဟာ ဘယ်လောက် အားပါးတရရှိပြီး လှိုက်လှဲတဲ့ အဓိပ္ပာယ်ဆောင်ပါသလဲ။ ဖေဖေ၊ မေမေဆိုတာကတောင် ပေါ့ရွှတ်ရွှတ်ဖြစ်နေသလိုပါပဲ။ ဒါလောက် ခေါ်လို့ ကောင်းတဲ့ အဖေ၊ အမေ နေရာမှာ ဘာဖြစ်လို့များ ‘ပါပါး၊ မာမား’နဲ့ အစားထိုးချင် နေကြ ပါလိမ့်။ စဉ်းစားလို့ကို မရပါဘူး။

အားပူချေးတဲ့လား

နောက်ပြီးတော့ရှိသေးတယ်။ ခုခေတ်ကလေးတွေ ပြောပြောနေကြတဲ့ ‘အိုပါး’တို့၊ ‘အိုမိုညီး’တို့ ‘အားပူချေး’တို့ဆိုတဲ့ စကားတွေ။ ဘာတွေမှန်းလည်းမသိပါဘူး။ ဟိုအရင် လေး၊ ငါးနှစ်ကတော့ ‘ရှဲ့ရှဲ့’တို့၊ ‘တွေ့ပူချိ’တို့၊ ‘မေးယိုကွမ်းစီး’တို့ ခေတ်စားခဲ့တာပေါ့။ ဒီလိုတိုင်းတစ်ပါးက စကားလုံးတွေကို မွေးစားလိုက်ကြတာဟာ မြန်မာစကားကြွယ်ဝသွားစေတာလား၊ မြန်မာစကားပျောက်ကွယ်သွားဖို့ ဖြစ်စေ တာလားဆိုတာတော့ စဉ်းစားကြဖို့ကောင်းတယ်။ ကိုယ့်စာ၊ ကိုယ့်စကားပျောက်ပျက်သွားရင် ကိုယ့်လူမျိုးပါ ပျောက်ကွယ်သွားနိုင်တယ်မဟုတ်လား။ ဒီ အန္တရာယ်ကို ပေါ့သေးသေးမထင်စေချင်ဘူး။ ပျူစကား၊ ပျူစာနဲ့ ပျူလိုမျိုးတွေ ကွယ်ပျောက်သွားတာကို သင်ခန်းစာယူသင့်ကြပါတယ်။ ကိုယ့်စာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုတွေ ခိုင်မာအားကောင်းနေမှ ကိုယ့်လူမျိုးမပျောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ယဉ်ကျေးမှု ခိုင်မာအားကောင်းနေအောင် အမြဲ ဂရုစိုက်နေရပါမယ်။ ကိုယ်ခံအားကောင်းရင် ဘာမှ ကြောက်စရာ မရှိပါဘူး။

နိုင်သူကိုတောင် မြိုပစ်နိုင်တာ

ဒီနေရာမှာ တရုတ်လူမျိုးတွေကို သာဓကအဖြစ်ပြောချင်တယ်။ တရုတ်လူမျိုးများရဲ့ ယဉ်ကျေးမှုဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံးဆိုတဲ့ ယဉ်ကျေးမှုကြီးတွေမှာ အပါအဝင်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့်လည်း ရှည်ကြာလှပြီဖြစ်လို့ အင်မတန်မှကို ခိုင်ခံ့နေပြီဖြစ်တယ်။ တစ်ချိန်တစ်ခါမှာတော့ တရုတ်ပြည်ကြီးဟာ မွန်ဂိုတို့လက်အောက် ရောက်ခဲ့ပါတယ်။ မန်ချူးလူမျိုးများရဲ့ သိမ်းပိုက်အုပ်စိုးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် တရုတ်တို့ရဲ့ယဉ်ကျေးမှုက ခိုင်ခံ့အားကောင်းလွန်းလေတော့ စစ်နိုင်ပြီး ကိုယ့်ကိုလာအုပ်စိုးတဲ့ မွန်ဂိုနဲ့မန်ချူးတွေကို လုံးဝလူမျိုးပျောက်ကွယ်သွားတဲ့အထိတောင် မြိုပစ်လိုက်နိုင်တာကို တွေ့ရပါတယ်။

ရှေးလူကြီးတွေကို အားနာပါ

ဒီသာဓကကိုကြည့်ပြီး ကိုယ့်ယဉ်ကျေးမှုတွေ ပျက်စီးကွယ်ပျောက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးကြောင်း သတိရှိကြစေချင်တယ်။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခုနော်။ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာစကား၊ ကိုယ့် ယဉ်ကျေးမှုကို အင်မတန်မှကို တန်ဖိုးထားမှ တော်ကာကျမှာ။ အင်္ဂလိပ် အုပ်စိုးမှုအောက် ကျရောက် နေစဉ် အခါက တက္ကသိုလ်မှာ မြန်မာစာဌာနရယ်လို့တောင် မရှိတဲ့အခြေအနေကနေပြီး မြန်မာစာဌာန ထူထောင်ခွင့်ရဖို့ မြန်မာစာပေသင်ကြားခွင့်ရဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လူကြီးသူမများကို အားနားကြဖို့ လည်းကောင်းတယ်။ ချိုချဉ်နဲ့ အာလူးကြော်လို ပစ္စည်းကစ မြန်မာပြည် တင်ပို့ ရောင်းချဖို့ သက်သက် နယ်စပ်ဒေသမှာတင် ထုတ်လုပ်တဲ့ပစ္စည်းတု၊ ဆေးဝါးတုတွေနဲ့ အပေါစားအညံ့စား ပစ္စည်းမျိုးတွေကိုတော့ ကျဉ်ပစ်သင့်ကြတယ်။

လွယ်အောင်လုပ်ပေးပါ

အမျိုးချစ်စိတ်ဆိုတာမျိုးက ဟောပြောနေရုံနဲ့ရတာမဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ချစ်စရာ ကောင်းတာတွေ၊ မြတ်နိုးတွယ်တာစရာကောင်းတာတွေကို လူငယ်တွေသိအောင် လုပ်ပေးဖို့လိုပါတယ်။ ဘန်ကောက်တို့၊ ဖူးခက်တို့ သွားဖို့လွယ်ကူသလို၊ ပူတာအိုသွားဖို့လွယ်ကူအောင် ဖန်တီးပေးဖို့လိုပါတယ်။ ပုဂံတို့၊ ပုပ္ပားတို့မှာရှိတဲ့ ဟိုတယ်ခတွေက ဘန်ကောက်တို့၊ ဖူးခက်တို့က ဟိုတယ်ခတွေထက် ဈေးကြီးမြင့်နေရင်တော့ လူငယ်တွေက ဘန်ကောက်ကို ရှော့ပင်းသွားချင်ကြတာ သဘာဝကျတယ်လို့ ဆိုရမှာပဲလေ။

ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ


Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...