“ပြန်တော့မလို့လား။ ထိုင်တောင် မထိုင်တော့ဘူးလား။ ခဏလေးပါလား” အသိအိမ်တစ်အိမ်ကို အလျင်စလို ဝင်၍ ပြန်တော့မည်ဟု နှုတ်ဆက်လိုက်လျှင် ထိုစကားမျိုးကို ကြားရတတ် ပါသည်။ တစ်ရက်တွင် ၂၄ နာရီသာရှိနေခြင်းသည် အတော်ဆိုးသည့် ကိစ္စဖြစ်သည်။ “အချိန် မရလို့ဗျို့၊ နောက်မှတွေ့တာပေါ့ ... နောက်မှ ပြောတာပေါ့ ... နောက်မှ ...” ဆိုသော စကားသည် အချိန်ဆင်းရဲ ရှာသော လူသားတို့အတွက် လက်သုံး စကားများ ဖြစ်သည်။ အမှန်တော့ လူ့ဘဝဆိုတာကိုက “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက် သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာ” မဟုတ်ပါလား။ ဘဝဆိုတာလည်း တစ်ခဏ။ တွေ့ဆုံပေါင်းသင်းကြသည် ဆိုတာလည်း တစ်ခဏ။ ထိုခဏကို လွန်လျှင် အားလုံးပြီးသွားပြီ။ ခွဲခွာကြပြီ။ ကိုယ့်လမ်းကိုယ်သွားကြပြီ။ သို့သော် ထိုခဏသဘောကို၊ အခိုက်အတန့်သဘောကို ကျွန်တော်တို့ သတိမပြုမိနိုင်။ နှလုံးမသွင်းမိကြ။ ဒါကြောင့်လည်း တစ်အိမ်တည်းနေပြီး မျက်နှာချင်းမဆိုင်နိုင် ဖြစ်ရသည်။ လမ်းတွေ့တာတောင် ပြုံးမပြနိုင်ဖြစ်ရသည်။ သေခန်းပြတ်ရှင်ခန်းပြတ် ဇာတ်လမ်းမျိုးတွေ ဒုနဲ့ဒေး ကြားနေရသည်။ ရှားပါးသည့် စိန်ရွှေရတနာတို့ကို လူတိုင်း တန်ဖိုးထားကြသော်လည်း ရှားရှားပါးပါး တွေ့ဆုံကြရသည့် ခဏလေးများကိုတော့ စိန်ရွှေငွေ ...