Skip to main content

တစ်ခါတုန်းကရန်ကုန်မှာ


ဂျက်ဖ် ပီးယာ့စ် (Jeff Pearce) သည် ကနေဒါနိုင်ငံသား သတင်းစာဆရာ၊ ဝတ္ထုရေးဆရာ၊ ပြဇာတ်နှင့်ဇာတ်ညွှန်းစသည့် အခြား စာပေပုံသဏ္ဌာန် အမျိုးမျိုး ကို ရေးသားသူဖြစ်သည်။ သတင်းစာပညာ၊ ပြည်သူ့ဆက်ဆံရေး၊ ဒီဇိုင်းနှင့် ရေဒီယိုနှင့်ရုပ်သံလွှင့် ဘာသာရပ် များဖြင့် ကျောင်းဆင်းခဲ့ပြီး သတင်း ကဏ္ဍ တွင် စတင် လုပ်ကိုင်ခဲ့သည်။ ကနေဒီးယန်းပရက်စ်၊ လန်ဒန်နှင့် အခြား စီအင်ဘီစီယူ ရုပ်သံရုံးခွဲများအတွက် သတင်းရေးသားခြင်း၊ သတင်း ထုတ်လွှင့်ခြင်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာတိုင်း(မ်) ဂျာနယ်၏ သတင်းထောက်သင်တန်းတွင် သုံးလတာ သတင်းစာပညာ လာရောက် ပို့ချခဲ့သည်။ ကနေဒါ၊ ယူကေနှင့် ယူအက်စ်နိုင်ငံတို့တွင် စာအုပ်ပေါင်း ၁၃ အုပ် ယခုအထိ ထုတ်ဝေပြီး ဖြစ်သည်။

"Yangon and the Enlightened Puppets" ဟု အမည်ပေးထားသည့် ယခုဝတ္ထုတိုမှာ မြန်မာနိုင်ငံမှ ပြန်သွားပြီးနောက်ပိုင်း ဥရောပနှင့်အမေရိကရှိ ကလေးများအတွက် ထုတ်ဝေမည့် စာအုပ်တစ်အုပ်အတွက် ရည်ရွယ်ရေးသားခြင်းဖြစ်သည်။ ယခုဘာသာပြန်ကို စံပယ်ဖြူမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြရန်စီစဉ်ခဲ့သော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါ။

အရှေ့တိုင်းကအာရှတိုက်မှာ မြန်မာလို့ခေါ်တဲ့ တိုင်းပြည် တစ်ပြည်ရှိတယ်။ အဲဒီမှာ ရွှေရောင်ဝင်းနေတဲ့ စေတီပုထိုးတွေလည်း ရှိလေရဲ့။ အဲဒီလို ရွှေရောင်းဝင်းတဲ့ စေတီပုထိုးတွေ သိပ်ကိုပေါတာမို့ “ရွှေရောင်တိုင်းပြည်” ရယ်လို့လည်း သူ့ကို တင်စားခေါ်ဝေါ်ကြတယ်။ မြန်မာပြည်ရဲ့ အကြီးဆုံးမြို့ကိုတော့ ရန်ကုန်လို့ ခေါ်တယ်။ ဟိုတစ်ချိန်ကတော့ ဒဂုံလို့ ခေါ်ခဲ့ဖူးသတဲ့။

ရန်ကုန်ဟာ သိပ်နှစ်သက်ဖို့ကောင်းတဲ့မြို့ပါ။ စိမ်းစိုနေတဲ့ သစ်ပင်တွေကို နေရာတိုင်းမှာမြင်နေရတယ်။ အုန်းပင် တွေအောက် လမ်းလျှောက်လို့ရတယ်။ လူနှစ်ယောက်ထိုင်ခုံကို စက်ဘီးနဲ့ တွဲဆက်ထားတဲ့ ဆိုက္ကားလို့ခေါ်တဲ့ လူနင်းယာဉ်တွေက လမ်းမတွေထက်မှာ ဥဒဟို။ မြို့သူမြို့သားတွေက လမ်းဘေး လက်ဘက်ရည် ဆိုင်က ခုံပုလေးတွေထက်မှာထိုင်နေတတ်တဲ့ မြင်ကွင်းက နေ့စဉ်လိုလိုပါပဲ။ ရန်ကုန်ကိုရောက်ခဲ့လို့ရှိရင် ရွှေပိန်းချ ထားတဲ့ ဘုရားတွေက ညဘက်မီးရောင်အောက်မှာ အရောင်တဝင်းဝင်းနဲ့ ကြည့်လို့သိပ်လှတဲ့ မြင်ကွင်းပေါ့။

မြန်မာပြည်သူပြည်သားအများစုကတော့ ဗုဒ္ဓဘာသာဝင်တွေပါ။ တကယ်တော့ ဗုဒ္ဓဘာသာဟာ ဘာသာတရား တစ်ခု ဆိုတာထက် ဘဝကျင့်စဉ်တစ်ခု၊ ဘဝအတွေးအခေါ်တစ်ခုဆိုရင် ပိုပြီးမှန်ပါ လိမ့်မယ်။ ဒါပေမယ့် ခရစ်ယာန်တွေ ဘုရားရှိခိုးကျောင်း သွားသလိုပဲ ဗုဒ္ဓဘာသာဝင်တွေလည်း ဘုရားကျောင်းကန်တွေ ကို ပုံမှန် သွားတတ်ကြတယ်။ ဒါပေမယ့် ဘုရားစေတီတွေကို ရောက်ရင်တော့ ပလ္လင်ထက်က ပြုံးနေတဲ့လူသားတစ်ဦးရဲ့ ကိုယ်ပွား ရုပ်တုရှေ့မှာ ယောက်ျားတွေက ဆောင့်ကြောင့်ထိုင်၊ မိန်းမတွေကကျုံ့ကျုံ့ထိုင်ပြီး သူ့ကိုရှိခိုးကန်တော့ ကြတယ်။ ဆင်းတုရဲ့မျက်နှာဟာ ပြုံးနေပြီး ငြိမ်းချမ်း နေတယ်။ ဖူးမြော်လိုက်တာနဲ့တစ်ပြိုင်နက် ရင်ထဲမှာ အေးချမ်း သွားတယ်။ ငြိမ်သက်သွားတယ်။ ရှင်းလင်းသွားတယ်။ အဲဒါကတော့ ဗုဒ္ဓလို့ ခေါ်တဲ့ လူသားတစ်ဦးရဲ့ ဆင်းတုပါပဲ။

ဒါဆို သူ့ကိုဘာလို့ လူတွေကရုပ်တုတွေထုပြီး ကိုးကွယ် ပူဇော်နေကြတာလဲ။ ဗုဒ္ဓဟာ ဘယ်သူလဲ။ ဘုရားကိုသွားလို့ သူ့ကို ရှိခိုးကန်တော့နေသူတွေရဲ့ စိတ်ထဲမှာဘယ်လိုယုံကြည်မှုတွေများ ရှိနေပါသလဲ။ အခုပြောပြမယ့်ဇာတ်လမ်းကိုဖတ်ပြီးရင်တော့ ခုနက မေးခွန်းတွေရဲ့အဖြေကိုရနိုင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေကတော့ ကောင်မလေးတစ်ယောက်နဲ့ ရုပ်သေးရုပ်တစ်ရုပ်ပါပဲ။ ဒါကိုပုံပြင် တစ်ပုဒ်လို့ ထင်ဖို့ရာလည်း ခက်ကောင်းခက်ပါလိမ့်မယ်။ ကောင်မလေးက ရုပ်သေးရုပ်နဲ့ စကားပြောပုံကို ကိုယ်နှစ်သက်တဲ့ အရုပ်လေးတစ်ရုပ်နဲ့ ကလေးတစ်ယောက်စကားပြောတဲ့ပုံစံမျိုးလို့ လူတွေက ထင်ကြပါတယ်။ ဒါပေမယ့်လည်း ပေါ့လေ။ ဒီကိစ္စကြီး ရန်ကုန်မြို့မှာဖြစ်ပြီးတဲ့နောက် နောက်ဆက်တွဲ ဖြစ်ရပ်တွေကိုတော့ ယုံဖို့ရာ ခက် ခက်ခက် ဖြစ်နေတုန်းပါပဲ။

ကောင်မလေးရဲ့နာမည်က ‘စု’တဲ့။ ဇာတ်လမ်းကတော့ စုဘဝရဲ့ အရေးပါတဲ့အချိန်တစ်ချိန်မှာ အစပြုခဲ့တာပါ။ စုရဲ့မိဘ နှစ်ပါးဟာ ဗုဒ္ဓဘာသာဝင်တို့ထုံးစံ သူတို့ရဲ့ သားသမီးကို သာသနာ့ ဘောင်မှာ ရှင်သာမဏေအဖြစ်၊ သီလရှင် အဖြစ် သွတ်သွင်း ချီးမြှင့်ဖို့ကို အရေးထားကြတဲ့လူတွေပါ။ ဒါဟာ ရိုးရာပါပဲ။ စုအတွက် ကတော့ ပန်းနုရောင်နဲ့လိမ္မော်ရောင်ဝတ်ရုံကို ဝတ်ဆင်ရတာ အပန်းမကြီးပါဘူး။ ဒါပေမယ့် ခေါင်းကဆံပင်တွေကို ရိတ်ရတာကိုတော့ သိပ်မနှစ်သက် လှဘူးပေါ့။ ပြောင်နေအောင် ရိတ်ထားတဲ့ ခေါင်းကို မှန်ထဲမှာ မြင်ရတဲ့ အခါ စုမျက်ရည်ကျမိတယ်။ သူက သူ့အစ်မတွေလိုပဲ ရှည်လျား နက်မှောင်တဲ့ ဆံကေသာကိုလိုချင်တာကိုး။ မြန်မာမိန်းကလေး တွေကတော့ မိန်းမတို့ဘုန်းဟာ ဆံထုံးမှာရှိတယ်လို့ ယုံကြည်ကြတယ်။

“မငိုပါနဲ့သမီးရယ်။ လူပြန်ထွက်ပြီးတဲ့အခါ ဆံပင်တွေ ပြန်ပေါက်လာမှာပါ။ သမီးလိုချင်တဲ့ ဆံပင်မျိုးပြန်ဖြစ်ဖို့ အချိန်တွေ အများကြီးကျန်ပါသေးတယ်” လို့တော့ စုရဲ့အမေက နှစ်သိမ့်တယ်။

စုကို ကြေးသွန်းဘုရားကြီးဆီကို ခေါ်သွားကြတယ်။ သိပ် မွေ့လျော်ဖို့ကောင်းတဲ့နေရာပါ။ လေးထောင့်စပ်စပ် ရေကန် တွေထဲမှာ ငါးတွေကပွက်လို့။ ဟိုဟိုဒီဒီ အစာရှာလို့။ နောက်ပြီး လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းရုပ်တုတွေကလည်း ဘုရားကို စောင့်ရှောက်နေကြ တယ်။ အဲဒီ မနုဿီဟအရုပ်တွေကို စု သိပ်သဘောကျတယ်။ သူတို့မျက်နှာက သိပ်ကိုဂုဏ်ယူဝံ့ကြွားတဲ့ပုံပေါ်ပြီး အာမာန်အပြည့် ပါလွန်းလို့တဲ့။
သီလရှင်တစ်ပါးရဲ့ လုပ်ငန်းဆောင်တာတွေက ဘာလဲ ဆိုတာ စု သိပ် မသိပါဘူး။ တစ်ခါတရံတော့ ကျန်တဲ့အဖော်တွေနဲ့ အရပ်ထဲ ဆန်ခံ ထွက်ရာလိုက်သွားရပါတယ်။ လမ်းတကာကို ဆန်ခံ ထွက်ရာမှာ သူတို့ရဲ့ ဗန်းတွေထဲကို လူတွေက ဆန်တွေ၊ ငွေအကြွေ တွေ လောင်းလှူလိုက်ကြတယ်။ ဒါတွေကို ကျောင်းကို ရောက်အောင် ပြန်သယ်သွားရပါတယ်။ များသောအားဖြင့်တော့ စုတို့တတွေဟာ တခြားကလေးမတွေလိုပဲ တွတ်ထိုးလိုက်၊ ဆော့လိုက်ပါပဲ။ တစ်နေ့တော့ စုတို့ သီလရှင်တစ်သိုက် တွတ်ထိုးနေကြသံ ကို ကျောင်းထိုင်ဆရာတော်ကြီးကြားသွားပါတယ်။ တကယ်တော့ ဒီအချိန်က သီလရှင်တွေ ဘုရားဝတ်ပြု တရားထိုင်ရမယ့်အချိန်ပါ။ ဆရာတော်က သူတို့ဆီလာပြီး စိတ်ဆိုးတဲ့လေသံနဲ့ -

“ဟေ့ မင်းတို့နားမလည်ကြဘူးလား။ ဒီအချိန်က စကားများ နေရမယ့် အချိန်လား”

စုလည်း ရှက်ရှက်နဲ့မျက်နှာနီမြန်းသွားပါတယ်။ သီလရှင် ကျောင်းမှာ ဘာလိုပြုမူနေထိုင်ရမယ်ဆိုတာ သူ့မိဘကလည်း သင်ကြားမပေးလိုက်ပါဘူး။ ဒါပေမယ့် ရှေ့လျှောက် အဆူအပြော မခံရအောင်နေမယ်ဆိုပြီး စု ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ညနေမှာတော့ ဘုရားဆင်းတုရှေ့ တစ်ပါး တည်းသွားထိုင်ပြီး စဉ်းစားခန်းဖွင့်နေတုန်း ရုပ်သေးရုပ်ကို တွေ့တာပဲ။ ရုပ်သေးဆိုတော့ ကြိုးဆိုင်းတွေဘာတွေနဲ့ပေါ့။ ဒါပေမယ့် ဒီအရုပ်ကလေးက လမ်းလျှောက်တတ်တယ်။

သူ့မျက်နှာက အဖြူရောင်တောက်တောက်။ မင်းသား အဝတ်အစားနဲ့။ အသက်အဝင်ဆုံးကတော့ သူ့မျက်လုံးတွေပဲ။ သူက ခြေဖျားလေးထောက်ပြီး စုဆီကိုလာတော့ သူလာတဲ့ပုံကိုကြည့်ရင်း စုလည်း ပြုံးလိုက်မိတယ်။ ရုပ်သေးက သူ့လက်သေးသေးကလေးကို မြှောက်လိုက်ပြီး လက်ညှိုးထိုးလိုက်တော့ ဂျိုးဂျိုးဂျောက်ဂျောက် အသံတွေတောင် မြည်လို့။

“သူကဘယ်သူလဲဟင်” လို့ ရုပ်သေးရုပ်က မေးတော့ စုက
“သူက ဗုဒ္ဓလေ” လို့ ဖြေလိုက်တယ်။
“အိုး” ဆိုပြီး ရုပ်သေးက ဒီနာမည်နဲ့ပတ်သက်ပြီး အကြာကြီး စဉ်းစားနေလေရဲ့။ ပြီးမှ -

“ဗုဒ္ဓဆိုတာဘယ်သူလဲ” တဲ့။
“ဗုဒ္ဓဆိုတာ ဟိုးရှေးရှေးတုန်းက ရှိခဲ့ဖူးတဲ့ ပညာရှိကြီး တစ်ဦးပေါ့။ နေရာအနှံ့အပြားမှာ စေတီ၊ဘုရား၊ ပုထိုး၊ ဂူ၊ ကျောင်း တွေကို သူ့ရဲ့အထိမ်းအမှတ်ဆောက်လုပ်ကိုးကွယ် ကြတယ်။ ဒီဘုရား ဟာလည်း အဲဒီလိုမျိုးတစ်ခုပေါ့။ သူ့လိုမျိုး အသိဉာဏ်တွေရဖို့ ငါတို့ လည်း ဒီကိုလာပြီးကြိုးစားကျင့်ကြတယ်။ ဒါနဲ့ နင်ကဘယ်သူလဲ။”

“ငါက ရုပ်သေးရုပ်။” စုက တစ်ချက်ရယ်လိုက်ရင်း “ဒါတော့ သိတာပေါ့ဟ၊ ငါမေးနေတာက နင့်နာမည်” မောင်ရုပ်သေးက နားမလည်တဲ့ပုံနဲ့ -
“နာမည် ... ဟုတ်လား။”
“ဟုတ်တယ်။ နင့်နာမည်။ ငါ့နာမည်က စုတဲ့”

ရုပ်သေးက ယဉ်ယဉ်ကျေးကျေးပဲ စုကို လက်ဆွဲ နှုတ်ဆက်တယ်။ သူ့လက်ကလေးနဲ့ဆို စုရဲ့လက်ချောင်းလေး နှစ်ချောင်းကိုသာ ကိုင်လို့ရတယ်။

“တွေ့ရတာဝမ်းသာပါတယ်။ ဒါပေမယ့် ငါ့မှာ မင်းလိုတော့ နာမည်မရှိဘူး။ ငါ့ကိုရောင်းတဲ့ဆိုင်က ရန်ကုန်မြို့ရဲ့နာမည်ကြီး ဈေးကြီး တစ်ခုကပေါ့။ ငါ့ကိုချိတ်မှာချိတ်ထားတာတင်ပဲ အတော်ကြာလှ ပြီ။ ငါ့ကိုဝယ်မယ့်သူကိုစောင့်နေရတယ်။ ငါတို့ ရုပ်သေးတွေ တစ်ရုပ်နဲ့ တစ်ရုပ်စကားပြောကြရင် ‘နံပါတ်တစ်’၊ ‘နံပါတ်နှစ်’ ရယ်လို့ပဲ ပြော ကြတယ်”

“ဒါဆိုဘာလို့ နင်ဒီကိုလာတာလဲ” လို့ စုကမေးလိုက်တယ်။
ရုပ်သေးက စုဘေးနားကို ရွှေ့ထိုင်လိုက်ရာမှ သူ့ခြေထောက် တစ်ဖက်က ကြိုးတွေနဲ့ ငြိနေလို့ စုကကူပြီးဖြေပေးလိုက်ရတယ်။

“အဲဒီ ချိတ်ပေါ်မှာနေရတာတင် နှစ်အတော်ကြာလှပြီ။ ကျန်တဲ့ရုပ်သေးတွေလိုပဲပေါ့ဟာ။ ငါလည်း ငါ့ကိုဝယ်မယ့်သူပေါ်လာ မယ့်နေ့ကို စောင့်နေရတာပေါ့။ ပြပွဲတွေမှာသုံးတဲ့ အရွယ်ကြီးကြီး ရုပ်သေးတော့ဖြစ်ချင်သား။ ဒါပေမယ့် မဖြစ်နိုင်ပါဘူးလေ။ ဒီတော့ ငါ့မှာ ငါနဲ့ကစားနိုင်မယ့် ကလေးတစ်ယောက်ပဲဖြစ်ဖြစ်၊ တခြားတစ်နိုင်ငံက နိုင်ငံခြားသားတစ်ယောက်ပဲဖြစ်ဖြစ် ငါ့ကိုဝယ်ပါစေပဲ ဆု တောင်းနေရတာ။ ဒါပေမယ့် နှစ်တွေသာကြာသွားတယ်။ ငါ့မှာ ဒီနေရာကဒီနေရာပဲ။ ဆိုင်ရှေ့က ဖြတ်သွားတဲ့လူတွေကိုပဲကြည့်နေရ တယ်။ သိပ်ပျင်းဖို့ကောင်းတာပဲဟာ။ ခုတော့ ငါစဉ်းစားမိတယ်။ ငါ ဘာလို့ ရုပ်သေးရုပ်ဖြစ်နေရတာလဲ။ ငါက ဘာလုပ်ရမှာလဲ၊ ဘယ်လို တွေးရမှာလဲ။ ငါ့ရဲ့ရည်ရွယ်ချက်ကဘာလဲ”

“အင်း...နင်ပြောတာငါသဘောပေါက်သလိုပဲ။ ဒါနဲ့ နင် ဒီနေရာကို ဘာလုပ်ဖို့ထွက်လာတာလဲ” လို့ စုကမေးလိုက်တယ်။
“ငါ မြို့ထဲမှာလျှောက်သွားနေတုန်း ဒီ ဗုဒ္ဓရွှေဆင်းတုကို မြင်လိုက်တာ။ သူတော့ ငါ့ကိုကယ်နိုင်မှာ လို့ထင်လို့လေ။ ငါ့ထက်ကြီးတဲ့ရုပ်သေးရုပ်တွေက ဇာတ်ရုံမှာကောင်း ကောင်းနေရတယ်ဟ။ လူတွေဆို ရုပ်သေးရုပ်တွေထက်တောင် ပိုကြီး ပြီး ပိုလည်းကောင်းကောင်း နေရတယ်။ ပြီးတော့ သူတို့က ပိုပြီးတော့ လည်း သိတယ်။ ဒါနဲ့ ငါလည်း ဒီရွှေရောင်လူကြီးကတော့ အားလုံး ထက်ပိုသိမှာလို့ တွေးမိတာနဲ့ အဲဒါ ...”

“ဒါပေမယ့် ဒါက ဆင်းတုလေ။ ဘယ်လိုလုပ်စကားပြော နိုင်မှာလဲ” လို့ စုကပြောတော့ ရုပ်သေးက -
“ငါလည်း အရုပ်ပဲ။ စကားပြောတာပဲ”
စုလည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ ရုပ်သေးရုပ် ပြောတာက မှန်သလိုလိုရှိတာကိုး။ ဒါနဲ့ -
“နင်သိချင်တာ ဗုဒ္ဓကို တိုက်ရိုက်မေးကြည့်ပါလားဟယ်”

ရုပ်သေးလေးလည်း ခေါင်းညိတ်လိုက်ပြီး ဘုရားဆင်းတု နားကို သွားပြီး သုံးကြိမ် ကျကျနန ဦးချလိုက်တယ်။ ကြည့်ရတာတော့ လူတွေရှိခိုးတာ သူသေချာကြည့်ထားတဲ့ပုံပဲ။ အဲဒီနောက် ရုပ်သေးရဲ့ ခပ်တိုးတိုးစကားပြောသံကို စုကြားလိုက်ရတယ်။ ကြည်လင် ပြတ်သားတဲ့ အသံတစ်ခုများ ဗုဒ္ဓဆင်းတုဆီက ပြန်ကြားရလေမလား လို့တောင် စု မျှော်လင့်လိုက်မိတယ်။ ဒါပေမယ့် ဗုဒ္ဓဆင်းတုက ပြုံးပြုံးလေးပဲရှေ့ကိုကြည့်နေ တယ်။ ဘာမှပြန်မပြောဘူး။ စုလည်း ကြည့်နေတုန်း ရုပ်သေးရုပ်က ဘုရားကိုသုံးကြိမ် ဦးချလိုက်ပြီး သူ့ဆီပြန်လျှောက်လာတယ်။ စိတ်မကောင်း တဲ့ပုံစံနဲ့။

“နင့်ကိုငါပြောသားပဲဟယ်။ သူက စကားမပြောနိုင်ပါဘူး လို့”
“ဒါနဲ့ သူ့လိုမျိုးအသိဉာဏ်တွေရချင်လို့ သူ့ ဆီကိုလာတယ် လည်း ပြောတယ်၊ သူက စကားမပြောနိုင်ဘူးလည်း ပြောတယ်၊ ဒါဖြင့် နင်ဘယ်လို သူ့ဆီကပညာဆည်းပူးလဲ”

“သိပ်ကောင်းတဲ့မေးခွန်းပဲ။ ဦးပဥ္စင်းတွေ၊ ဆရာလေးတွေ ပြောတဲ့ အတိုင်း နင့်ကိုငါပြန်ပြောပြမယ်။ သူတို့ကတော့ ဒီတရားတွေ ဟာ ဗုဒ္ဓဆီကနေ အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတာ တွေတဲ့။”
“ငါ့ခေါင်းက သေးသေးလေးဟ။ သိပ်အများကြီးဆံ့မယ် မထင်ဘူး။ ဒါပေမယ့် ပြောကြည့်လေ။ သူတို့ပြောတဲ့ဟာတွေကို။”

ဒါနဲ့ပဲ စုတစ်ယောက် ဗုဒ္ဓဘာသာအကြောင်းကို ရုပ်သေး ရုပ်ကလေးကို ရှင်းပြဖို့ကြိုးစားတယ်။ ဗုဒ္ဓရဲ့ဘဝကို အရင်စပြောပြတယ်။ တစ်ခါက သူဟာ မင်းသားတစ်ပါးဖြစ်ခဲ့တဲ့အကြောင်း၊ ဗုဒ္ဓက ရုပ်သေးရုပ်လေးဝတ်တဲ့ အဝတ်အစားကိုပဲ ဝတ်ချင်ဝတ်ခဲ့နိုင်ကြောင်း။ သူအို၊ သူနာနဲ့ သူသေတို့ကို မြင်တဲ့အခါမှာ လောကမှာ ဘယ်သူမှ ဒီတရားသုံးပါးက မလွတ်မြောက်နိုင်ဘူးလို့ မင်းသားလေး သဘောပေါက်လာတဲ့အကြောင်း၊ လူတိုင်း တစ်နေ့အိုကြ၊ နာကြ၊ သေ ကြရမယ့်အကြောင်းပေါ့။ နောက်တော့ ဗုဒ္ဓဖြစ်လာမယ့် မင်းသားလေး ဟာ ရဟန်းတစ်ပါးကိုမြင်တယ်။ ရဟန်းတော်ရဲ့မျက်နှာဟာ သိပ်ကို ကြည်လင်ငြိမ်းချမ်းနေတယ်။ အဲဒီကနေ သူ တောထွက်တရားကျင့်ပြီး တစ်နေ့မှာတော့ သူသိချင် တာတွေ သိသွားတဲ့အကြောင်း။

အဲဒီနေရာရောက်တော့ ရုပ်သေးရုပ်ရဲ့ အဖြူရောင်ဆိုးထား တဲ့မျက်နှာဟာ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်သွားတာကို စု မြင်လိုက်ရတယ်။ ရုပ်သေးက...
“နင်တို့လူတွေအတွက်ကတော့ သိပ်ကောင်းတဲ့အချက်တွေ ပါပဲ။ ဒါပေမယ့် ငါက ရုပ်သေးရုပ်လေ။ ငါ့မှာ နင်တို့လို အိုတာ၊ နာ တာ၊ သေတာ ဘယ်လိုလုပ်ရှိမှာလဲ”
“ဪ ...”

စုလည်း စိတ်မကောင်းဖြစ်သွားတယ်။ သူ့စကားတွေက ရုပ်သေးလေးအတွက် အသုံးမှမဝင်ပဲကိုး။ “ငါ အိပ်ရာဝင်ရတော့မယ်ဟယ်။ ဒါနဲ့ နင်မနက်ဖြန်ကျ လာနိုင်ရင်လာခဲ့ပါလား။ ငါတို့ ထပ် စကားပြောကြမယ်လေ။ ငါ နင် နားလည်အောင်လို့ ထပ်ပြီးမေးလာခဲ့မယ်လေ”

ရုပ်သေးက စုကို ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ သူ ညဖက်ကျမှ ထွက်လာနိုင်မယ့်အကြောင်း၊ နေ့ခင်းဖက်ဆိုရင် ဆိုင်မှာ နေပေးရမယ့်အကြောင်း၊ သူ့ကိုမတွေ့ရင် သူ့ဆိုင်ပိုင်ရှင်က အခိုးခံရ တယ်ထင်ပြီး စာရေးကိုဆူလိမ့်မယ်ဆိုတဲ့အကြောင်း ပြောလိုက်တယ်။
“ငါနားလည်ပါတယ်ဟယ်” လို့ စုက ပြန်ပြောလိုက်တယ်။
“နင်ဟာ ငါ့အပေါ်မှာ နားလည်အပေးနိုင်ဆုံးပါပဲ”

ရုပ်သေးရုပ်က အခုလိုပြောလိုက်ရင်း ကျေးဇူးတင်တဲ့အနေ နဲ့ စုကို သူတတ်သလောက် ကပြတယ်။ ဆိုင်မှာဆိုရင် တစ်ချိန်လုံး ချိတ်မှာတွဲလောင်းကြီးနေရတာမဟုတ်လား။ စုလည်း လက်ခုပ်တီးအားပေးပြီး သူ့အိပ်ဆောင်ကို ခပ် သုတ်သုတ်လျှောက်သွားလိုက်တယ်။ နောက်တစ်နေ့ညကျတော့ စုလည်း ရုပ်သေးရုပ်ကလေးကို တန်ဆောင်းထဲမှာလိုက်ရှာတယ်။ အလှူခံသေတ္တာတစ်ခုရဲ့နောက်မှာ အရုပ်ကလေးပုန်းနေတာ စုတွေ့လိုက်တယ်။

“ဟေ့ သူငယ်ချင်း။ ငါဒီနေ့ည အဖော်တွေနဲ့ တခြားကို ဘုရားသွားဖူးမလို့။ ဘုရားက သပ္ပာယ်မယ့်ပုံပဲ။ နင်ရောလိုက်မလား”
“ဟာ လိုက်မှာပေါ့”

ရုပ်သေးရုပ်က အခုလိုပြောလိုက်ရင်း စုရဲ့ဝတ်ရုံပေါ်ကို ခိုတက်လိုက်တယ်။ စုနဲ့ ရုပ်သေးနဲ့ အခုလို သူငယ်ချင်းဖြစ်နေကြပေမယ့် ကျန်တဲ့ သူတွေကတော့ ရုပ်သေးနဲ့သိကျွမ်းချင်ကြပုံမရဘူး။ စုပြောတာကို သူတို့ မယုံကြတဲ့အပြင် စုက လျှောက်ပြောနေတာဖြစ်မှာပါလို့လည်း ထင်ကြရဲ့။ ရုပ်သေးရုပ်ကတော့ ရန်ကုန်မြို့သူမြို့သားတွေဟာ လမ်းမတွေထက်လျှောက်သွားနေကြပေမယ့် ဆိုင်ထဲကနေထွက်လာ တဲ့ သူ့ကို တော့နည်းနည်းလေးမှ သတိမပြုမိကြဘူးလို့တွေးသတဲ့။

“ဆရာတော်ကြီးကမိန့်ဖူးတယ်။ လူတွေဟာတဲ့၊ ကိုယ့်ယုံကြည်မှုအိပ်မက်ထဲမှာပဲ ပျော်မွေ့နေကြ တယ်တဲ့။ သူတို့တွေအားလုံး အိပ်ပျော်နေကြတယ်လို့ နင်မထင်ဘူးလား။ ဒါကြောင့်လည်း သူတို့နင့်ကို သတိမထားမိကြတာလို့ရော မထင်ဘူး လား။”

“မသိဘူးလေ။ ငါ့ကိုရောင်းတဲ့ဆိုင်ရှင်ကတော့ လူတွေဟာ အသေးအမွှားကိစ္စတွေကို ဂရုမထားကြဘူးလို့ ပြောတာပဲ။ ငါက သူတို့ အတွက် အသေးအမွှားလေးပဲဟာ။”

ဒီကိစ္စကို သူတို့ဆက်မဆွေးနွေးကြတော့ဘူး။ သူတို့အဖို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောဖော် ရနေတာကိုက ပြီးပြည့်စုံ နေပြီလေ။ သူတို့ ဒီနေ့ညသွားဖူးတဲ့ဘုရားက ခြောက်ထပ်ကြီးပါ။ အာရုံခံ တန်ဆောင်းကြီးထဲမှာ စမ္ပာယ်နေတဲ့ ဗုဒ္ဓကိုယ်တော်ကြီးက မနေ့ညက သူမြင်ခဲ့ရတဲ့ဗုဒ္ဓဆင်းတုထက်တောင် ပိုပြီးကြီးမားနေလို့ မောင်ရုပ်သေးခမျာ တအံ့တဩနဲ့ပေါ့။ ဒါပေမယ့် ဒီကိုယ်တော်က ညာဖက်လက်မောင်း ပေါ်မှာ တစောင်းလှဲနေတဲ့အနေအထား။ ဉာဏ်တော်က လေးထပ်တိုက်တစ်လုံးစာလောက်ရှိမလားပဲ။

“ငါ့ပဟေဠိတွေကို သူများရှင်းပေးနိုင်မယ်ထင်လားဟင်၊ စု”
ရုပ်သေးက စုလက်ချောင်းလေးတွေကို ဆွဲရင်းပြောလိုက် တယ်။
“ရုပ်သေးရယ်။ ဒီကိုယ်တော်ကလည်း မနေ့ကတွေ့တဲ့ ကိုယ်တော်လိုပဲ ရုပ်တုပဲလေ။ တို့တွေ သူ့ကိုရှိခိုးကန်တော့ကြတယ် ဆိုပေမယ့် သူဟာ တကယ့်သက်ရှိလူမဟုတ်မှန်း သိနေကြတာပဲ။”

“နင်ပြောတာမှန်ပါတယ်လေ။” ရုပ်သေးရုပ်ရဲ့ အသံက ကြေကွဲရိပ်တွေနဲ့။ “ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ သူကအတော်ခန့်ညားတာပဲ”

စုလည်း ဘုရားမျက်နှာတော်ကို မော့ဖူးလိုက်ပြီး ဟုတ် တယ်လို့ ခေါင်းညိတ်ပြလိုက်တယ်။ လျောင်းတော်မူကိုယ်တော်ဟာ သူတို့ကိုပြုံးကြည့်နေတယ်။ သိပ်ကိုအံချီးဖွယ်လက်ရာပဲ။ သိပ်လည်း ကြည်ညိုဖွယ်သပ္ပာယ်လှတယ်။ သူတို့နှစ်ယောက်သား ထိုင်ချလိုက်ပြီး ဦးသုံးကြိမ်ချလိုက် ကြတယ်။ ပြီးတော့ အကြာကြီးထိုင်ပြီး စကားပြောနေကြတယ်။

“တကယ့် သက်ရှိထင်ရှားဗုဒ္ဓအကြောင်း မနေ့ကနင်ပြော တာကို ငါပြန်စဉ်းစားကြည့်တယ် သိလား စု။ ငါ ဆိုင်ပြန်ရောက်တော့ ရုပ်သေးရုပ်လေးတွေထဲက မိဖုရားအရုပ်က လက်ကျိုးနေတာ တွေ့တယ်။ မတော်တဆပြုတ်ကျရင်းက ဖြစ်တာတဲ့။ သူ့ကို အဲဒီလိုမျိုး မြင်ရတာ စိတ်မကောင်းစရာပဲဟယ်။ အင်း ငါတို့ထဲက ဘယ်သူမဆို ဒီလိုမျိုးဖြစ်နိုင်တာပဲလေ။”
“ဟယ် ဟုတ်လား။ စိတ်မကောင်းလိုက်တာ သူငယ်ချင်းရယ်”

“အင်း၊ နောက်ပြီး နောက်တစ်ရုပ်ရှိသေးတယ်။ သိကြားရုပ်။ သူက ဆိုင်ရှင့်စားပွဲပေါ်မှာ အခန့်သားနေတဲ့တစ်ယောက်ဟ။ ဒါပေမယ့် သူ့မှာက ဆေးတွေကွာကျနေပြီ။ နဂိုရုပ်တောင် သိပ်မပေါ်တော့ဘူး။ ဒီလိုဆိုရင် သူ့ကို ဘယ်သူမှဝယ်ချင်မှာမဟုတ်ဘူး။”
“ဆိုးလိုက်တာ” လို့ စုက ပြောလိုက်တယ်။

“နေဦး။ ဒါထက်ဆိုးတာရှိသေးတယ်။ ဟို ဇော်ဂျီရုပ်ကလေး လေ။ ကြိုးတွေပြတ်သွားလို့ အမှိုက်ခြင်းထဲ လွှင့်ပစ်ထားတယ်။”
“အို အို စိတ်မကောင်းစရာ ...” ရုပ်သေးရုပ်က ခေါင်းကိုခါလိုက်ရင်း သက်ပြင်းချလိုက် တယ်။
“ငါတို့မှာလည်း ငါတို့နည်းနဲ့ငါတို့ အိုနိုင်၊ နာနိုင်တာပဲလို့ ထင် တာပဲ။ ဒါပေမယ့် ငါက ဘာလို့ရုပ်သေးရုပ်တစ်ရုပ်ဖြစ်နေရတာလဲ။ ငါ့ကိုခုလို ချိတ်မှာ တွဲလောင်းချိတ်ထားမယ်ဆိုရင် ငါဘယ်လို အသက် ရှင်နေထိုင်ရမှာတဲ့လဲ။”

“နင့်ကို ငါပြောပြနိုင်ချင်လိုက်တာ။ ဒါပေမယ့် ငါက အခုမှ ကလေးရှိသေးတာဆိုတော့။ ဆရာကြီးကတော့ တရားရှုမှတ်ရမယ်တဲ့။ ဒါမှ လူ့ဘဝကို ထဲထဲဝင်ဝင်သဘောပေါက်မယ်တဲ့။”
“ဘာလဲဟ တရားမှတ်တယ်ဆိုတာ”

“ငါလည်း သိပ်တော့မသိဘူး သူငယ်ချင်းရယ်။ ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်ထိုင်ပြီး အကြောင်းအရာ တစ်ခုကို ငြိမ်ငြိမ်လေး စဉ်းစားခိုင်းတာပဲ။ တစ်ခါတလေတော့ ဘာကိုမှမစဉ်းစား ခိုင်းပြန်ဘူး”

ရုပ်သေးရုပ်က သူ့ခေါင်းပေါ်က ကြိုးတွေစုချည်ထားတဲ့တန်းကို တတောက်တောက်ခေါက်လိုက်ရင်း စဉ်းစားနေလိုက်တယ်။
“ငါ့မှာ ကြိုးတန်းလန်းနဲ့ အခုလိုမျိုး ဆိုင်မှာနေနေရတာ ကြာလှပြီ။ တစ်ခါမှတော့ တရားမမှတ်ဖူးဘူး။ ငါ နင်ပြောသလိုမျိုး တစ်ခါမှ ငြိမ်ငြိမ်လေးထိုင်ပြီး လောကကြီးအကြောင်းကို မစဉ်းစားခဲ့ ဖူးဘူး။ ဖြုန်းခဲ့တဲ့အချိန်တွေ မနည်းပါလား။”

“အေးပေါ့။ ဒါပေမယ့်လည်း မနက်ဖြန်မှာဘာဖြစ်မယ် ဆိုတာ ဘယ်သူသိလို့လဲ” လို့ စုကပြောလိုက်တယ်။
“အင်း၊ နင်ပြောတာဟုတ်တယ်။ ငါ မနက်ဖြန်ကစပြီး တရားမှတ်မယ်။ ချိတ်မှာတွဲလောင်းချိတ်ထားတုန်း၊ ဝယ်သူကို စောင့်ရင်းနဲ့ပေါ့။”

ရုပ်သေးလည်း စုကိုကပြလိုက်ပြီး ဆိုင်ကိုခပ်သုတ်သုတ် ပြန်လျှောက်သွားလိုက်တယ်။ တကယ်တော့ ရုပ်သေးလေးသာလျှင် စဉ်းစားခန်း ဖွင့်နေ တာမဟုတ်ပါဘူး။ စုဆိုရင်လည်း ဒီအရုပ်ကလေးကို သံယောဇဉ် ဖြစ်နေမိပြီ။ နောက် ဒီအရုပ်ကလေးကို တစ်နေ့မှာ ဝယ်မယ့်သူ ပေါ်လာမယ်၊ ဝေးရာတစ်နေရာကို ခေါ်သွားလိမ့်မယ်ဆိုတာလည်း စု တွေးမိတယ်။ အကယ်၍များ အဲဒီလိုဖြစ်ခဲ့ရင် သူ ဗုဒ္ဓနဲ့ဗုဒ္ဓရဲ့တရား တွေအကြောင်း ဆက်ပြီးလေ့လာနိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ စု အဖို့ ဒီအရုပ်ကလေးကို ကိုယ်တိုင်ဝယ်ပြီးသိမ်းထားရုံပဲရှိတော့တယ် လို့ ဆုံးဖြတ်လိုက်တယ်။

စုရဲ့မိဘနှစ်ပါးက သိပ်ဆင်းရဲတယ်။ ပြီးတော့ သူတို့သမီး လေး စုတစ်ယောက် သီလရှင်ကျောင်းကနေ သူတို့ဆီကိုလာပြီး ပ်ိုက် ဆံလာအလှူခံတော့ အဖေနဲ့အမေလုပ်သူလည်း ငိုင်ကျသွားတယ်။

“ပေါက်ပေါက်ရှာရှာ ဆရာလေးရယ်။ ကိုယ့်ဘုရားစာ ကိုယ်မသင်ဘဲ ဘာလို့ဒီအရုပ်ဝယ်ဖို့ စိတ်ဝင်စားနေရတာလဲ” လို့ စုအမေက ပြောတယ်။ သူများကဲ့ရဲ့တော့မှာပဲဆိုပြီး သူ့သမီးသူ စိတ်ညစ်နေပုံရပါတယ်။ စုလည်းရှင်းတော့ပြပါရဲ့။ ဒါပေမယ့် သူ့အမေနဲ့သူ့အစ်ကို ကတော့ သူ့ကို ပေါက်ပေါက်ရှာရှာတွေးတတ်တဲ့ သူငယ်မရယ်လို့ပဲ ထင်ကြတယ်။

အဲ ဒါပေမယ့် စုရဲ့အဖေကတော့ စုကိုနားလည်တယ်။ သူ့ရဲ့ ထူးခြားတဲ့သမီးလေးကို သူ့ရင်ခွင်ထဲထည့်လိုက်ပြီး ... “ကိုင်း ပေါက်ကျော်မ၊ သီလရှင်လူထွက်တဲ့အခါကျမှ ဒီ အရုပ်ကိစ္စ ဆက်ဆွေးနွေးကြတာပေါ့ ဟုတ်လား”

“အဖေ ...အဲ တကာကြီး၊ ဆရာလေးပြောတာ ဒီလို မဟုတ်ဘူး။ တခြားဘယ်ရုပ်သေးရုပ်မှ မလိုချင်ဘူး။ ဆရာလေးနဲ့ တွေ့ခဲ့တဲ့ အဲဒီ့အရုပ်လေးကိုပဲဝယ်ပြီး ကယ်ဆယ်ချင်တာ။”
စုအဖေက တစ်ချက်ရယ်လိုက်ပြီး -
 
“အင်း ငါ့ဆရာလေးကတော့ ဘာတွေဖြစ်လာမှန်းမသိပါဘူး။ အရုပ်ဆိုတာ ဘယ်လိုလုပ် အသက်ရှိနိုင်မှာတုန်း။ ဘယ်မလဲ၊ အဲဒီအသက်ရှိတယ်ဆိုတဲ့ အရုပ်။ ပြပါဦး။” စုလည်း ကျောင်းကို ပြန်သွားပြီး ကောင်းကောင်းနေတယ်။ ချီးကျူးတောင်ခံရသေးရဲ့။ ဒါပေမယ့် ရုပ်သေးရုပ်က သူ့ဆီရောက် မလာဘူး။ စု ပထမတော့ စိတ်မရှည်ဖြစ်မိသေးတယ်။ ဒါပေမယ့် တရားမှတ်မယ်လို့ ပြောသွားတဲ့ အရုပ်ကလေးရဲ့စကားကို သွားသတိ ရတော့မှ သူအလုပ်များနေလို့နေမှာပါဆိုပြီး စိတ်ပြေသွား တယ်။

သီလရှင်လေးစုလည်း အချိန်တန်တော့ လူထွက်လိုက်တယ်။ သူ့အမေပြောထားသလိုပါပဲ၊ ဆံပင်တွေပြန်ရှည်လာတယ်။ အရမ်းလည်း သန်လာတယ်။ စုရဲ့အဖေလည်း လိမ္မာတဲ့သူ့သမီးလေး ကို ဆုချဖို့စီစဉ်တယ်။ သူ့သမီးလေး သိပ်ပူဆာနေတဲ့ ရုပ်သေးရုပ်ကလေးကို ဝယ်ပေးဖို့ သူပိုက်ဆံစုထားတာကိုး။ ဒါပေမယ့် စုနဲ့စုအဖေ ဗိုလ်ချုပ်အောင်ဆန်းဈေးကို ရောက်တဲ့အခါမှာတော့ တွဲလောင်းချိတ် ထားတဲ့ရုပ်သေးရုပ်ကလေး မရှိတော့ဘူး။

“ရောင်းလိုက်ပြီခင်ဗျ။ နိုင်ငံခြားသားတစ်ယောက် အင်္ဂလန် က ဆိုလားပဲ။ သူက သူ့သမီးဖို့ဆိုပြီး အဲဒီ မင်းသား အရုပ်ကို ဝယ်သွားတာပဲ။ ခါတိုင်းရောင်းနေကျထက်ကို နှစ်ဆဈေး ပေးသွား တာ။”

ဆိုင်ရှင်က ကျေကျေနပ်နပ်ကြီးကို ပြောနေတာ။ ကွမ်းက လည်းဝါးထားလိုက်တာမှ သွားတွေကိုညစ်လို့။ ပြောရင်းနဲ့လည်း ကွမ်းတံတွေးတစ်ချက် ပျစ်ကနဲလှစ်ထွေးလိုက်သေးတယ်။ ဆိုင်ထဲက နေပြန်ထွက် လာတော့ စုအဖေက ခေါင်းကိုခါရင်း ဒီလိုညစ်ပတ်တာ ကြောင့် သူဘယ်တုန်းကမှ ကွမ်းမစားခဲ့တာလို့ ပြောလိုက်သေးတယ်။ ကွမ်းစားတာဟာ သိပ်စိတ်ပျက်စရာအလေ့အကျင့်တဲ့။

စုကတော့ သိပ်ကိုတိတ်နေတယ်။ ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေစီးလို့။ သူ့ရဲ့သူငယ်ချင်းကလေးနဲ့ ပြန်မဆုံနိုင်တော့ဘူး ဆိုတဲ့အတွေးကြောင့်လည်း သိပ်စိတ်ထိခိုက်နေမိတယ်။ အင်္ဂလန်ဆိုတာ မြန်မာပြည်နဲ့အရမ်းဝေးတဲ့ ကျွန်းတစ်ကျွန်းရယ်လို့တော့ စုကြားဖူးတာကိုး။ သူနဲ့ရုပ်သေးရုပ် ဒီတစ်သက် ပြန်ဆုံဖို့ရာမလွယ်တော့ဘူးလေ။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမဆုံးသေးပါဘူး။ ရှိပါသေးတယ်။

ရုပ်သေးရုပ်ကို ဝယ်သွားတဲ့အင်္ဂလန်သားဟာ ဈေးကနေ ထွက်တာနဲ့ သူ့သမီးလက်ထဲ အရုပ်ကို ထည့်ပေးလိုက်တယ်။

ဒါပေမယ့် သူ့သမီးက စုထက်တောင်မှ ငယ်ပါသေးတယ်။ ပြီးတော့ ကလေးသဘာ၀ အရုပ်သစ်တစ်ရုပ်ဝယ်တယ်ဆိုရင် ခဏနေ တာနဲ့ စိတ်မဝင်စားတော့ဘူးပေါ့။ ဘိုမလေးက အရုပ်ရဲ့လက်တွေကို ဆွဲလိုက်ဆိတ်လိုက်လုပ်၊ အပေါ်က သစ်သားတန်းကို အထပ်ထပ်ပြန် ပတ်လိုက် လုပ်နေတယ်။ သူ့နိုင်ငံမှာ ကစားကြတဲ့ အရုပ်တွေလိုမျိုး အသံစုံမြည်တာတို့၊ မီးလက်လက် လက်လက်ထွက်တာတို့၊ လှုပ်ပြရမ်း ပြတာတို့မရှိတဲ့ ဒီအရုပ်ကိုကြည့်ရင်း စိတ်ပျက်လာတယ်။

သူ့အဖေတခြားအာရုံရောက်နေတုန်း ကလေးမလည်း အရုပ်ကို လွှင့်ပစ်လိုက်တယ်။

အရုပ်က အမှိုက်ပုံတစ်ခုနားက ခေါက်ဆွဲဖတ်တွေပုံနေတဲ့ ရေမြောင်းထဲကို ကျသွားတယ်။ အဲဒီရေမြောင်းထဲသူကျနေတုန်း ဗိုက်ဆာနေပုံရတဲ့ လေလွင့်ခွေးတစ်ကောင် အနားကိုအနံ့ခံရင်းရောက် လာတယ်။ အရုပ်ရဲ့ခြေလက်တွေမှာ ကပ်နေတဲ့အစားကြွင်းတွေကို လျက်ရင်း သူ့ကိုပါကိုက်တော့တာပဲ။ ဒါပေမယ့် ရုပ်သေးရုပ်ကို ကိုက် ရတာက မာနေတော့ ပါးစပ်ထဲမှာပဲခဲထားပြီး ခွေးကလျှောက်သွားနေ လိုက်တာတင် တော်တော်ကြာတယ်။ နောက်တော့ ခွေးလည်း ဟို ဘိုမလေးလိုပဲ ပျင်းလာပြီး အရုပ်ကိုရန်ကုန်မြစ်ထဲလွှတ်ချလိုက်တယ်။ ကံကောင်းတာက အရုပ်ကပေါ့နေတော့ ရေထဲမှာ ပေါလောပေါ် ရင်း မြစ်ကြောင်းအတိုင်း ပါသွားတာပေါ့။

မြစ်ထဲမှာမျောနေရင်းနဲ့ ရုပ်သေးရုပ်လည်းတချိန်လုံး တရား မှတ်လိုက်သွားတယ်။ စိတ်ထဲမှာတော့ ဖြစ်စဉ်တွေက အစီအရီ။ သူ့ကို ရောင်းလိုက်တော့ မြန်မာပြည်နဲ့အဝေးကြီးတစ်နေရာကို ရောက်သွား တော့မယ်ဆိုပြီး သူ့မှာစိတ်ညစ်ရတယ်။ အဲဒီမတိုင်ခင်ကတော့ နိုင်ငံ ခြားသားတွေဆီ သူ့ကိုရောင်းလိုက်ရင်ကောင်းမှာလို့ မျှော်လင့်ခဲ့ဖူး တယ်။ ဒါပေမယ့် စုနဲ့တွေ့ဆုံသူငယ်ချင်းဖြစ်ပြီးတော့ အရောင်းမခံ ချင်တော့ပြန်ဘူး။ အခုတော့တစ်ခါ ဟိုဘိုမလေးက သူ့ကိုလွှင့်ပစ်လိုက် ပြန်ပြီ။ သူ စိုးရိမ်သလိုမဖြစ်ဖို့ စိတ်ပူစရာမလိုတော့ဘူး။ အရာရာ ပြောင်းလဲခဲ့ပြီ။

နောက်တော့ သူဟာ စိတ်ပျက်စရာ ရွှံ့ပုပ်မြောင်းထဲ ကျသွားပြန်တယ်။ ဒါပေမယ့် ကံကြမ္မာဖန်လာပုံက ကိုရွှေခွေးရဲ့ကျေး ဇူးကြောင့် စိတ်ပူစရာမလိုတော့ပြန်ပါဘူး။ ခွေးက ကိုက်ချီထားတုန်း တော့ ကြောက်စရာကြီးပဲလေ။

အခုတော့ မြစ်ထဲမှာ မြုပ်ချည်ပေါ်ချည်နဲ့တစ်ခါ။ ရေနစ် မှာတော့ သူမပူပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ တကယ့် ပါးစပ်တို့၊ နှာခေါင်းပေါက်တို့မှမရှိတာ။ သူကတော့ ရန်ကုန်မြို့ထဲပြန်ပြီး သူ့ သူငယ်ချင်းနဲ့ စကားတွေ ပြောနေချင်သေးတာ။

“ဖြစ်ချင်တယ်ဆိုနေရုံနဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး” လို့ သူတွေးနေမိတယ်။ မြစ်ကမ်းတလျှောက်က ဝါးဓနိတဲလေးတွေ ဘေးနားကနေ ဖြတ်မျောပါလာရင်း ဖျတ်ကနဲတွေးလိုက်မိတယ်။ သူ့ အတွေးဟာ အရေးကြီးမယ်လို့လည်း သူထင်တယ်။

အခုဆိုရင် ရေပေါ်မှာပေါလောပေါ်ရင်း မျောနေရတာက လွဲလို့ သူ့မှာ လုံးဝလွတ်လပ်သွားပြီ။ ဒီအခြေအနေဟာလည်း မကြာ ခင်မှာ ပြောင်းလဲသွားဦးမှာပဲလေ။ ဘာလို့လဲဆိုတော့ မြစ်ရေဟာ ပင်လယ်ထဲကိုစီးဝင်တာကိုး။

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ငါရင်ဆိုင်ရမယ်” လို့ သူ့ ကိုယ်သူပြောလိုက်တယ်။ ဒီလိုစိတ်ကို ပိုင်းဖြတ်လိုက်တော့ နောက်ထပ် ဘယ်သောအခါမှ စိတ်ပူစရာမလိုတော့မှန်း သူသိလာတယ်။ စိတ် ထဲမှာ သိပ်ကို ပေါ့ပေါ့ပါးပါးရှိနေတယ်။ သူ့ကို မြစ်ရေကဘယ်ကိုပဲ ခေါ်သွားခေါ်သွား သူဂရုမစိုက်ဘူး။ မြစ်ရေနဲ့အတူ မျောပါရင်း လမ်း တလျှောက်မြစ်ကမ်းနံဘေးက ရွာလေးတွေကိုပဲ သူစိတ်ဝင်စားနေမိ တယ်။ သိပ်လှတဲ့ရွာလေးတွေပေါ့။

ရန်ကုန်မှာတော့ လူတွေကပြောကြတယ်။ အဲဒီအချိန်ဟာ ရုပ်သေးရုပ်အတွက် တကယ့်အဖိုးတန်အချိန်တွေတဲ့။ ဗုဒ္ဓဟောတဲ့ တရားတွေ မနာဖူး၊ စာအုပ်တွေမဖတ်ဖူးပေမယ့် ဗုဒ္ဓရဲ့တရားကို မောင် ရုပ်သေးနားလည်လာပြီတဲ့။ လူတွေပြောကြတာတော့ လူတွေနားလည် တာထက်ကို မောင်ရုပ်သေးက ပိုနားလည်သွားတယ်တဲ့လေ။

ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမဆုံးသေးပါဘူး။

ဒီအချိန် မြို့ထဲမှာတော့ စုတစ်ယောက် သူ့သူငယ်ချင်း မောင်ရုပ်သေးကလေး အခုလောက်ဆို ပါဆယ်ထုပ်ထဲရောက်လို့ အင်္ဂ လန်ပါသွားပြီလို့ တွေးနေမိတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း ဟိုမှာ ပျော်မယ်လို့လည်း စုမျှော်လင့်တယ်။ စုအဖေကတော့ တစ်ခါပြောဖူး တယ်။ ဘယ်အရာကိုမှ မတွယ်တာရဘူးတဲ့။ အဖေဆိုလိုတဲ့သဘော ကို နားလည်ဖို့ စုတော်တော်လေးကြိုးစားရတယ်။ မောင်ရုပ်သေးလေး နဲ့ခွဲရတာကိုတော့ စုဝမ်းနည်းနေတုန်းပဲ။ သူ့သူငယ်ချင်းကို စုမမေ့ချင် ဘူး။ စုရယ်၊ သူ့ဖေဖေနဲ့မေမေရယ် အိမ်နားကဘုရားကို သွားကြတုန်း ကတောင်မှ မောင်ရုပ်သေးကို သတိရနေမိသေးတယ်။

အဲဒီဘုရားကတော့ အရပ်အခေါ် မှန်စီဘုရားတဲ့။ တန် ဆောင်းကို မှန်စီရွှေချထားလို့တဲ့။ အဲဒီ့ဘုရားက အဓိဌာန်ကျောက်တုံး ကိုတော့ စုသဘောကျတယ်။ ဘုရားရှေ့ထိုင်၊ တစ်ခုခုကိုဆုတောင်း၊ ပြီးတော့ ဆုတောင်းပြည့်မယ်ဆိုရင် ကျောက်တုံးဟာပေါ့ပါစေ စသဖြင့် အဓိဌာန်ရတာမျိုးပေါ့။ ကျောက်တုံးဟာ လက်ထဲကိုပေါ့ပြီးပါချင် ပါလာမယ်၊ ဒါမှမဟုတ် ကြမ်းပြင်နဲ့ကပ်ထားသလိုမျိုး လေးပြီးနေချင် လည်းနေမယ်။ ကိုယ်ဖြစ်စေချင်တာကို ကိုယ်အဓိဌာန်ရုံပါပဲ။ ကျောက်တုံးဟာ လက်ထဲမှာပေါ့ပြီး ပါလာတဲ့အခါဆို သိပ်ကိုအံ့ဩဖို့ကောင်းတယ်။ ဒါပေမယ့် စုရဲ့ဆန္ဒတွေကတော့ ဘယ်တုန်းကမှ ပြည့်လာ တယ် လို့မရှိခဲ့ပါဘူး။

အဓိဌာန်ကျောက်တုံးရှေ့မှာ စု ထိုင်ချလိုက်တယ်။ မျက်စိစုံမှိတ်ပြီး ခဏငြိမ်သက်သွားတယ်။ ပြီးတော့ သူ့ရဲ့လက်တွေကို ကျောက်တုံးဆီကိုဆန့်တန်းလိုက်ပြီး ဆွဲမလိုက်တယ်။ ကျောက်တုံးဟာ သိပ်ကိုလေးတာပဲ။ လေးသမှ ကျောက်မောင်းကြီးတစ်ခုကို မြေကြီး ကနေကြွအောင် ဆွဲမရသလိုပဲ။ အင်း ဖြစ်နိုင်ကောင်းပါရဲ့။ စုထင် တယ်။ ဖြစ်နိုင်ကောင်းပါရဲ့။ သူ့ဆုတောင်းပြည့်ဝဖို့။

“ဖေကြီးသိတယ်နော်၊ သမီးဘာဆုတောင်းမှန်း” လို့ စုအဖေက သူ့ကိုပြုံးပြီး လက်ကိုကိုင်ရင်း ပြောလိုက် တယ်။

“ဪ အင်း၊ ဒါပေမယ့် ဖြစ်လာမှာမဟုတ်ပါဘူး” လို့ စုက ခေါင်းကို ဖြည်းဖြည်းလေးလေး ခါရင်း ပြောတယ်။

“အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဖေဖေတို့ သမီးတို့ ကြိုမသိနိုင်ဘူးလေ။ ဒါကြောင့်လည်း ဘဝဆိုတာနာကျည်းစရာ ကောင်းသလို အံ့ဩစရာလည်း ကောင်းတာပေါ့။”

“သမီးလည်းဒီလိုပဲထင်ပါတယ်။ ဒါနဲ့ မေကြီးရောဟင်။”

သူ့အဖေလက်ညှိုးထိုးပြရာကို စုတစ်ယောက် အပြေးလေး သွားလို့ သူ့အမေကိုဖက်လိုက်တယ်။ သူ့အမေက အိမ်နီးချင်းတစ် ယောက်နဲ့ စကားလက်ဆုံကျလို့။

အဲဒီအချိန်မှာပဲ မြစ်ရေက မောင်ရုပ်သေးကို ကျောက်တုံး တစ်ခုဆီဆွဲ တွန်းရိုက်လိုက်တယ်။ မောင်ရုပ်သေးလည်း ကမ်းပေါ် အသာတင်ကျန်နေလေရဲ့။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကျောက် တုံးနဲ့ တိုက်မိပြီး မောင်ရုပ်သေးရဲ့သစ်သားတန်းကျိုးသွားပြီး သူ့ခေါင်းနဲ့ လက်တွေခြေတွေနဲ့ ဆက်ထားတဲ့ ကြိုးတွေလည်း အဲဒီသစ်သားတန်း နဲ့ ပြတ်သွားတာပဲ။

တစ်အောင့်လောက်တော့ကြာလိမ့်မယ်။ မောင်ရုပ်သေး ကျောက်တုံးပေါ်ကို တွယ်ကပ်တက်ပြီး သူ့လက်တွေ ခြေတွေကနေ တွဲကျနေတဲ့ကြိုးစတွေကို ရှင်းပစ်လိုက်တယ်။ ပြီးတော့ သူ့ကိုယ်သူ ရေအခြောက်ခံရင်း အဲဒီနေရာမှာ တရားထိုင်လို့ရသားပဲလို့ တွေးမိတာနဲ့ တင်ပလ္လင်ခွေပြီးနေပူထဲမှာ ခဏလောက်ထိုင်နေလိုက်တယ်။

မြစ်ကမ်းနံဘေးမှာ အဲဒီလိုထိုင်လို့ သိပ်ကောင်းတာပဲ။ ဒီလို နေလို့မှမကြာသေးခင် သူ့နားကို စပါးကြီးမြွေတစ်ကောင် ရောက်လာ လေရဲ့။

စပါးကြီးမြွေက တကယ်တော့ ခြောက်လှန့်ချင်၊ ဖျက်ဆီးချင်တဲ့ မာရ်နတ်တစ်ပါးက မြွေယောင် ဖန်ဆင်းထားတာပါ။ အနားက ရွာတစ်ရွာကိုဝင်ပြီး ဆိတ်နှစ်ကောင်လောက်စားတယ်၊ ခြောက်နှစ်သား ကလေးလေး တစ်ယောက်ကိုလည်း ကိုက်ချီပြေးသွားလို့ တစ်ရွာလုံးထိတ်လန့်နေကြတယ်။ ရွာသားတွေက တုတ်နဲ့ဝိုင်းရိုက်ကြပေမယ့် မြွေကရေထဲဆင်းပြေးသွားတယ်။ မြွေကတော့ သူ့ကိုယ်သူ သိပ်တော် လှပြီဆိုပြီး လူတွေကိုအခုလို အထိတ်တလန့်ဖြစ်အောင် လုပ်ရတာ တော်တော်အရသာတွေ့နေလေရဲ့။

အခုတော့ မြစ်ကမ်းနံဘေးမှာ တရားထိုင်နေတဲ့ ရုပ်သေး ကိုတွေ့တော့ အထူးအဆန်း သတ္တဝါ တစ်ကောင်တော့ တွေ့ပြီလို့ သူ ထင်လိုက်တယ်။ ဒီ သတ္တဝါမြင်ရတာ သူစိတ်ကသိကအောက်ဖြစ် တယ်။ သူကလူကောင်းဆိုရင် သိပ်ကြည့်မရဘူး။ ဒီတော့ မြက်ပင်တွေ ကြားထဲကနေ ခပ်ဖြည်းဖြည်း တွားသွားပြီး လာတယ်။ ဒုက္ခပေးမယ့် လျှာနှစ်ခွကလည်း ပြူတစ်ပြူတစ်နဲ့ပေါ့။

မင်းသားအရုပ်ကလေးရဲ့ရှေ့မှာရပ်လို့ လှောင်ပြုံးပြုံးလိုက် ရင်း မြွေက “ဟေ့ သူတော်စင်လေးလားကွ” လို့ မေးလိုက်တယ်။

“ငါက ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် ငါသိတာနည်းနည်း တော့ရှိတယ်ထင်တာပဲ” လို့ တောင်ပို့မြေပျော့ပျော့ ပေါ်မှာထိုင်နေတဲ့ အရုပ်ကလေးက ဖြေလိုက်တယ်။

“မင်းသိတာတွေဟာ အခုအချိန်မှာ မင်းအတွက်အသုံး မကျတော့ပါဘူးကွာ။ ငါက မင်းကိုစားမှာကွ။ မင်းမကြောက်ဘူးလား” လို့ ပြောတယ်။ သူ့အသံက ခပ်စူးစူးနဲ့ လည်ချောင်းထဲကအတင်းညှစ် ထုတ်လိုက်သလိုမျိုးပဲ။ နှုတ်ခမ်းနှစ်ခုကလည်း မပွင့်တပွင့်။

“ငါမကြောက်ပါဘူး။ မင်းငါ့ကိုစားဖို့ကြိုးစားတယ်ဆိုရင် မင်းဟာငတုံးပဲ”
“ဘာဖြစ်လို့။ မင်းကငါ့ကိုပြန်ခုခံမလို့လား”
“ငါကမင်းနဲ့စာရင် သေးသေးလေးပါ။ ပြီးတော့ ငါက လက် နက်မဲ့ပါ။”
“ဒါဖြင့် ထွက်ပြေးမလို့လား”
“ဟင့်အင်း။ ငါ့ခြေတံက တိုတိုရယ်။ ဘယ်လိုလုပ် မင်း လက်က ပြေးလွတ်မှာတုန်း။”
“ဩော မင်းက ငါ့ကို ဉာဏ်ကစားပြီးအနိုင်ယူနိုင်လိမ့် မယ် ထင်တယ်လား” လို့ မြွေကစကားစမ်းလိုက် တယ်။

“မဖြစ်နိုင်ပါဘူး။ မင်းလိုမြွေတစ်ကောင်ရဲ့လက်ကလွတ်ဖို့ မလွယ်ပါဘူး။ ငါသိတာပေါ့။”
“မင်း ဘယ်လိုပြောလို့မှ မကြောက်ပါလား။ ကဲ ကြာပါ တယ်။ ငါမင်းကို တစ်ခါတည်းမျိုထည့်လိုက် မှထင်တယ်။”

“ငါမင်းကိုကြောက်စရာ ဘာအကြောင်းမှမရှိဘူး။ မင်းဟာ မကောင်းတဲ့သူ၊ ငါမင်းကိုကြောက်ရင် မင်းသဘောကျပေါ့။ ဒါပေမယ့် မင်းလို မကောင်းတဲ့သူကျေနပ်အောင်လုပ်ဖို့ ငါစိတ်ကူးမရှိဘူး။ မင်း ကြိုက်သလိုသာလုပ်၊ ဒီလိုလုပ်လို့တော့ မင်းမှာ ဘာမှကျေနပ်ရမှာ မဟုတ်ဘူး။ ငါဟာ ရုပ်သေးရုပ်တစ်ရုပ်ပဲ။ မင်းငါ့ကိုသတ်ပစ်လိုက်ရင် ငါဟာ ဒီထက်ပိုကောင်းတဲ့ဘဝမှာ ပြန်လည်မွေးဖွားလာမှာပဲ။ ငါ့ကို ကူညီရာတောင် ရောက်လိမ့်ဦးမယ်”

မြွေဟာ သူပြောသမျှ တစ်လုံးမကျန်နားထောင်နေတယ်။ အမှန်တွေပြောနေမှန်းလည်း သူသိတယ်။ နားထောင်ရင်း မြွေဟာ ဒေါသထွက်လာတယ်။ ရှူးရှူးရှဲရှဲဖြစ်လာတယ်။ ရုပ်သေးရုပ်ကို စိတ် ဆိုးမာန်ဆိုးနဲ့မျိုချဖို့လုပ်လိုက်တယ်။ ရုပ်သေးကို ဖျတ်ကနဲလှမ်းပေါက် လိုက်တယ်။ ချွန်မြမြအစွယ်နှစ်ချောင်းနဲ့ပါးစပ်ကိုလည်း ဟလို့။ သူ ဟာ ရုပ်သေးကို ပါးစပ်ထဲထည့်လိုက်ပြီး မျိုချဖို့ကြိုးစားလိုက်တယ်။

ဒါပေမယ့်လည်း ရုပ်သေးက ဆိတ်လည်းမဟုတ်၊ ကြွက် လည်းမဟုတ်၊ ကလေးလည်းမဟုတ်။ သူဟာ သေချာလုပ်ထားတဲ့ အရုပ်ကလေးမဟုတ်လား။ မြွေဟာ သူ့ကိုဗိုက်ထဲမှာကြေညက်အောင် ကြိုးစားပါရဲ့။ ဒါပေမယ့် ကြိုးစားရင်းနဲ့ပဲ ချောင်းဆိုးချင်လာတယ်။ ပိုးနဲ့ချည်ရောထားတဲ့ ပိတ်စဟာ နည်းနည်းလေးမှ အရသာမရှိဘူး ဖြစ်နေတယ်။ ပြီးတော့လည်း ရုပ်သေးရဲ့ ဦးထုပ်ကလေးဟာ မြွေရဲ့ လည်ပင်းထဲမှာ တစ်နေတယ်။ သူ့ရဲ့လက်နဲ့ခြေသေးသေးလေးတွေဟာ မာပြီးတော့ အစွယ်တွေရဲ့အောက်မှာ မကျိုး မကြေဘူး ဖြစ်နေတယ်။

တကယ်တော့ ရုပ်သေးဆိုတာက တကယ့်မျက်နှာရှိတာ မှမဟုတ်ပဲ။ မျက်နှာပုံစံဆွဲထားတာဆိုတော့ အသက်ရှူကျပ်စရာမှ မလိုပဲလေ။ အခုတော့ မြွေလည်း အရုပ်ကိုအန်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ခြေထောက်သေးသေးလေးတွေက သူ့ရဲ့ ရှည်လျားတဲ့ သွားတွေနဲ့ငြိနေတယ်။ နောက်ဆုံးတော့ ဒီ မိစ္ဆာမြွေဟာ သူ့ရဲ့ နောက်ဆုံး ထွက်သက်ကို ရှူထုတ်လိုက်ပြီး သေသွားတယ်။ ရုပ်သေး ကတော့ အသာအယာပဲ သူ့ပါးစပ်ထဲကနေခုန်ထွက်လိုက်တယ်။

ရုပ်သေးဟာ မြွေအတွက် စိတ်မကောင်းတော့ဖြစ်မိတယ်။တကယ်လို့ ဒေါသမထွက်ဘဲ သူ့စကားကိုသာ နားထောင်ခဲ့မယ်ဆို ရင် မြွေဟာ သူ့လိုပဲအဖိုးတန်တဲ့အသိဉာဏ်ရမှာပဲ။

ရုပ်သေးဟာ လမ်းလျှောက်လာလိုက်တာ ရွာတစ်ရွာကို ရောက်တဲ့အထိပဲ။ အမှတ်တရပစ္စည်းလေးတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင် ရှေ့မှာ သူရပ်လိုက်မိတော့ ချိတ်မှာတွဲလောင်းချိတ်ထားတဲ့ ဆင်ရုပ် သေးလေး တစ်ရုပ်ကို တွေ့လိုက်တယ်။

“မင်းမှာ ကန့်လန့်ဖြတ်တန်းလည်း မပါပါ့လား။ ပြီးတော့ ဆိုင်းကြိုးတွေလည်းမရှိဘူး။ သွားချင်ရာ သွားလို့ရတယ်။ ဘယ်လိုလုပ် ...”

ဆင်ရုပ်သေးလေးက အံ့အားတသင့်မေးလိုက်တယ်။

“အေး ငါကတော့ လွတ်လွတ်လပ်လပ်ပဲကွ။ ငါမင်းကို ငါ့ရဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်...”

ဒီလိုနဲ့ ဆင်ရုပ်ကလေးဟာ ဗုဒ္ဓဘာသာအကြောင်း သဘောပေါက်နားလည်တဲ့ ဒုတိယမြောက် ရုပ်သေးရုပ် ဖြစ်လာတယ်။

လအနည်းငယ်ကြာတဲ့နောက်မှာ စုဟာ သူ့မိဘတွေနဲ့ အတူ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပျော်ပျော်ပါးပါး ဆင်နွှဲသတဲ့။ သီတင်းကျွတ်ပွဲတော်ကာလဟာ ဝါကျွတ်တဲ့အထိမ်းအမှတ်လည်း ဖြစ်ပြန်၊ မုတ်သုံလေ ကလည်းဆုတ်ခွာတဲ့အတွက် ရာသီဥတုကလည်း သာသာယာယာရှိတာပေါ့။ အဲဒီအချိန်မှာ စုံတွဲတွေ လက်ထပ်ကြတယ်။ ရဟန်းသံဃာတွေ ခရီးသွားလာခွင့်ရကြတယ်။ မီးထွန်းပွဲတော်လို့ ဆိုတဲ့အတိုင်း မြို့တိုင်းရွာတိုင်းမှာ ရောင်စုံမီးတွေထွန်းညှိကြတယ်။ မီးပုံးပျံအသေးစားလေးတွေလုပ်၊ အောက်က ဖယောင်းကို မီးရှို့ပြီး လေထဲကိုလွှတ်တင်ကြတယ်။

ရန်ကုန်မှာတော့ ကန်တော်ကြီးဟာ အသာယာဆုံးနေရာ တွေထဲကတစ်ခုပေါ့။ စုဟာ သူ့မိဘနှစ်ပါးနဲ့အတူ ကန်စောင်းအတိုင်း လျှောက်လာပြီး မည်းမှောင်တဲ့ကောင်းကင်ယံကို မီးပုံးပျံတွေလွှတ် တင်ကြတာကို ကြည့်ရင်းလိုက်လာတယ်။ ခပ်လှမ်းလှမ်းမှာတော့ ကရဝိက်ရေပေါ်အဆောက်အဦးကြီးဟာ အားလုံးရဲ့ စိတ်ဝင် စားမှုကို ရယူလို့နေတယ်။

“လှလိုက်တာ” လို့ စုက ကရဝိက်ကိုကြည့်ရင်းပြောလိုက် တယ်။ စုက သီတင်းကျွတ်ကိုလည်း သဘောကျ တယ်။ အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့အရာတစ်ခုကို စု မြင်လိုက် ရတယ်။

“ဖေကြီး ဖေကြီး...ဟိုမှာကြည့်၊ ဟိုမှာကြည့်”

ကောင်းကင်ယံမှာ မီးပုံပျံတွေဟာ အဝေးဘက်ကိုလွင့် မျောနေကြချိန်မှာ အဲဒီထက်မကများတဲ့ မီးပုံးပျံတွေက ကန်တော်ကြီး စောင်းက လူတွေဘက်ဆီကို ဖြတ်ပြီးလာနေတယ်။ အဲဒီမီးပုံးပျံတိုင်း ကို ရုပ်သေးရုပ်တစ်ရုပ်စီက မောင်းနှင်လာတာ လူတိုင်းမြင်ရသတဲ့။ ဘီလူးရုပ်၊ မိဖုရားရုပ်၊ သိကြားမင်းရုပ်၊ ဇော်ဂျီရုပ် ... စုံလို့ပဲ။ စုကတော့ သူ့ဆီကိုဦးတည်ပြီးလာနေတဲ့ မီးပုံးပျံရဲ့ပဲ့ကိုင်ရှင်တစ်ဖြစ် လည်း သူ့ သူငယ်ချင်းရုပ်သေးရုပ်လေးကိုကြည့်ပြီး လက်ခုပ် တဖြောင်းဖြောင်းတီးလိုက်တယ်။

“သူငယ်ချင်းရယ် ...နင်ဘယ်တွေပျောက်နေတာလဲ ဟယ်။ ငါကတော့ နင် ဟို အင်္ဂလန်ဆိုတဲ့နေရာကို ပါသွားပြီမှတ် နေတာ။ ဘယ်လိုတွေဖြစ်ကုန်တာတုန်းဟင်” ဆိုပြီး စုက ဒူးထောက် ထိုင်ချလိုက်ရင်း မေးလိုက်တယ်။

စုရဲ့မိဘနှစ်ပါးကတော့ သူတို့ရှေ့ကမြင်ကွင်းကြောင့် မှင်တက်မိနေလေရဲ့။ မင်းသားရုပ်ကလေးက မီးပုံးပျံထဲ ကနေ ခုန်ထွက် လိုက်ပြီး စုရဲ့ခြေထောက်နှစ်ချောင်းကိုဖက်ရင်း -

“ငါနင့်ကို ဖြစ်ကြောင်းကုန်စင် ပြောပြမယ် စု။ ဒါပေမယ့် နင်ငါနဲ့ ရွှေတိဂုံဘုရားကို အရင်လိုက်ခဲ့ပါလား။ အဲဒီ့ ရုပ်သေးရုပ် တွေအားလုံးကို ငါ ဗုဒ္ဓဘာသာအကြောင်းရှင်းပြပြီးပြီ။ တို့ အခု အထူးပွဲလေးတစ်ခုလုပ်မလို့”

ဒီနှစ် သီတင်းကျွတ်ပွဲကတော့ အရင်နှစ်တွေကနဲ့ လုံး၀ မတူ တမူထူးခြားသွားတာပါပဲ။ ဘာလို့လဲဆိုတော့ လမ်းမထက်ကလူတွေ အားလုံး ရွှေတိဂုံဘုရားဘက်ဆီကို ဦးတည်သွားတဲ့ ရုပ်သေးရုပ်တန်း ကြီးကို မြင်ကြရလို့ပါပဲ။ သိချင်တဲ့လူတိုင်းကတော့ သူတို့နောက်က လိုက်သွားကြလေသတဲ့။ ဘုရားပုထိုး ကြီးငယ် အသွယ်သွယ်က အစောင့်ခြင်္သေ့တွေလည်း ရုပ်သေးရုပ်တွေ ကို လူတွေ၊ ယာဉ်ရထား တွေ ခလုတ်မတိုက် မိအောင် ဘေးကနေ စောင့်ရှောက်ပြီး လိုက်ပါ သွားကြတယ်။

ရုပ်သေးရုပ်တွေဟာ ရွှေတိဂုံဘုရားမှာ သုံးရက်တိတိ တရားရှုမှတ်ကြတယ်။ ဗုဒ္ဓဆင်းတုတွေကို ရေသပ္ပာယ်ကြတယ်။ ဗုဒ္ဓရှင်တော်မြတ်အကြောင်းကို လေ့လာမှတ်သားနာယူကြတယ်။ စုက သူ့သူငယ်ချင်း လေးအတွက် သင်္ကန်းအသေးစားလေးတစ်ခုချုပ်ပြီး ကပ်လှူလိုက်တယ်။ သူ့အမေက သူ့ကိုအချုပ်အလုပ် သင်ပေးထား ဖူးတယ်လေ။

“နင့်ရဲ့မင်းသားဝတ်စုံလောက်တော့ မလှဘူးပေါ့ဟယ်။ ဒါပေမယ့် နင်သဘောကျမယ်ထင်ပါတယ်”

“ကျတာပေါ့ဟ၊ အရမ်းပဲ” လို့ မင်းသားရုပ်ကလေးက ပြောလိုက်ရင်း သူ့သူငယ်ချင်းအတွက် မင်းသားက ကပြလိုက်တယ်။ စုကတော့ လက်ခုပ်ကလေးတီးရင်းအားပေးလို့။

က လို့ပြီးတော့ ရုပ်သေးက သူ့ရဲ့ဝတ်ရုံသစ်ကိုဝတ်ဆင်လိုက်ရင်း “ငါအခုသွားမယ့်ခရီးမှာ ဒီသင်္ကန်းကို ဝတ်သွားမယ်” လို့ ပြောချလိုက်တယ်။

“နင် ခရီးသွားမလို့ ဟုတ်လား”

“အေး ဟုတ်တယ်။ ဒါပေမယ့် ငါပြန်လာမယ်။ မန္တလေးက ငါ့သူငယ်ချင်း ရုပ်သေးရုပ်လေးတွေကို ဗုဒ္ဓဘာသာ အကြောင်း သွား တရားဟောမလို့”

စုရဲ့ သူငယ်ချင်း ရုပ်သေးနဲ့အတူပါလာတဲ့ တခြားရုပ်သေး အများစုကတော့ သူတို့လာခဲ့တဲ့အရုပ်ဆိုင်၊ ဒါမှမဟုတ် သူတို့ရဲ့ပိုင်ရှင် ကလေးငယ်တွေဆီကိုပြန်သွားကြတယ်။ အားလုံးရဲ့ရင်ထဲမှာတော့ အခုမှ လောကကြီး အကြောင်းကိုပိုနားလည်သွားပြီဆိုပြီး ကျေနပ်လို့ပေါ့။ ရုပ်သေးအချို့ကတော့ စုရဲ့သူငယ်ချင်း ရုပ်သေးလေးနဲ့အတူ မန္တလေးခရီးစဉ်မှာ လိုက်ပါသွားကြတယ်။ သင်္ကန်းစည်းထားတဲ့ ရုပ်သေးရုပ် ကလေး ကတော့ သူ့စကားရှိတဲ့အတိုင်း သူငယ်ချင်းဖြစ်တဲ့ စုဆီကို မကြာမကြာသွားလည်သတဲ့။

ရုပ်သေးရုပ်ကလေး တစ်နေ့အချိန်ကျလို့ ကွယ်လွန်တဲ့အခါကျတော့ လူအများအပြားကို ဉာဏ်အလင်းရ အောင်ကူညီ ပေးခဲ့တဲ့ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ သူ့ကိုရွှေတိဂုံစေတီတော်ကြီးရဲ့ အဖိုးတန် ရတနာတွေနဲ့ အတူ ဌာပနာလိုက်ကြတယ်လို့ အဆို ရှိကြတယ်။

စု အရွယ်ရောက်တဲ့အခါ ဆရာဝန်တစ်ယောက်ဖြစ်လာတယ်။ အိမ်ထောင်တွေကျ၊ သားသမီးတွေရတဲ့အခါ သူ့ကလေးတွေ ကို မြန်မာ့ရုပ်သေးရုပ် တစ်ခုစီဝယ်ပေးတယ်။

ဒီကနေ့တော့ မြန်မာနိုင်ငံမှာ အရင်ကလောက် ရိုးရာရုပ် သေးရုပ်တွေ သိပ်ရေပန်းမစားတော့သလိုပါပဲ။ ဒါဟာ ကလေးတွေက ပွဲဈေးတန်းက ရုပ်သေးရုပ်ကလေးတွေထက် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ဘက်ကို ပိုအာရုံကျလာကြလို့ပါလို့ လူတွေကပြောကြတယ်။

ဒါပေမယ့် တချို့အဆိုအရတော့ ရုပ်သေးရုပ် အများအပြားဟာ ဉာဏ်အလင်းရကုန်ကြပြီး တခြားကမ္ဘာ တစ်ခုဆီကို ပြောင်းရွှေ့ထွက်ခွာသွားကုန်ကြတယ်တဲ့။ အကယ်၍များ သင်ဟာ ကံကောင်းခဲ့မယ် ဆိုရင် ရုပ်သေးရုပ်တစ်ရုပ် လက်မှာကြိုးတွေငြိမနေဘဲ ဟိုဟိုဒီဒီ ခြေဖျားထောက် သွားတာကို မြင်ချင်မြင်ရ နိုင်ပါတယ်။ ပြီးတော့ ဒါဟာ ရုပ်သေးရုပ်တစ်ရုပ် ဗုဒ္ဓဘာသာကို စတင်ပြီး စိတ်ဝင်တစား လေ့လာခြင်းရဲ့ အစလို့ ဆိုရင်လည်း မမှားပါဘူး။

ဘာသာပြန်ကဏ္ဍမှာ အခြားဖတ်စရာ


Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...