Skip to main content

မပေါက်ကြားစေချင်သောကိစ္စများ



အဲဒီနေ့က ကိုရွှေမိုးဟာ ဆိုင်းမဆင့်ဗုံမဆင့် ရွာချလိုက်တာကြောင့် ကျွန်တော်လည်း နီးစပ်ရာ ကော်ဖီဆိုင် လေးထဲကို အပြေးအလွှားဝင်လိုက်ရတယ်။ အိမ်ကထွက်တော့ ထီးယူလာဖို့မေ့ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မဆုံးဘူးပေါ့။ ကော်ဖီပူပူတစ်ခွက်ကိုမှာလိုက်ပြီး ချောင်ကျကျတစ်နေရာကို ရွေးလိုက်တယ်။ ပါလာတဲ့ လက်ပ်တော့ကွန်ပျူတာကို ထုတ်ပြီး လုပ်လက်စအလုပ်ကလေးတွေ လက်စသတ်ဖို့ ပြင်လိုက်တယ်။
ကျွန်တော့်စားပွဲနဲ့ နောက်ကျောချင်းကပ်စားပွဲကြားမှာ အကာအရံတစ်ခု ခြားထားတာကြောင့် အဲဒီ ဘက်မှာ ဘယ်သူထိုင်နေသလဲ ကျွန်တော်မမြင်ရပါဘူး။ ဒါပေမဲ့ ခဏနေတော့ အဲဒီ ဘက်ကနေ ဖုန်းမြည်သံလွင်လွင် ကလေးတစ်ခုပေါ်ထွက်လာပြီး အရွယ်အလတ်ပိုင်း အမျိုးသမီးတစ်ဦးရဲ့ အသံထွက်ပေါ်လာပါတော့တယ်။

သူငယ်ချင်းကောင်း ယောက်မရယ်။ နင်တို့ကလည်း နေနိုင်လိုက်တယ်ကွယ်။ ခုမှပဲဖုန်းဆက်ရသလား။ နင်နဲ့ဆိုခင်သစ်ဆွေတို့သားလေး မွေးနေ့ပွဲမှာတွေ့ ပြီးကတည်းက အဆက်အသွယ်ပြတ်နေလိုက်တာ။ ညည်းတို့က ပေါ်ကိုမလာဘူး။


ဪဪ ... အိမ်ထောင့်တာဝန်တွေ ထမ်းနေရလို့မအားဘူးဟုတ်စ။ ဟွန်း ကိုယ့် ဟာကိုယ် ထမ်းချင်လို့ ထမ်းတဲ့ တာဝန်များ၊ ခုမှ ...။

အင်း ... ဟိုတုန်းက ကလေး ဆန်ဆန် ငါ့သူငယ်ချင်း အခုတော့လည်း ကလေးနှစ်ယောက် အမေဘ၀နဲ့ တကယ့်လူကြီးကြီးကိုဖြစ်လို့။


ငါလား။ အပူမရှာချင်လို့ ဒီလိုပဲ နေတာပေါ့ဟ။ ဟား ဟား။ တကယ် ပြော တာပေါ့။ နင်ကငါ့ကိုဟိုင်းပြီ ထင်လို့ လား။ ငါ့ကို ကြိုက်တဲ့လူတွေမှဝိုင်းလို့။ ငါ မအို သေးပါဘူးဟဲ့။ ဒီအသက်ဒီအရွယ် အထိ ငါ့ကိုကြွေတဲ့သူတွေမှ တပုံကြီးပါပဲနော်။


ဟဲ့ နင့်ငါပြောရဦးမယ် သိလား။ ငါနဲ့ကိုသူရိန် ပြတ်သွားပြီဟ။ ပြတ်ဆို သုံးလလောက်တောင်ရှိပြီ။ ဒီလိုပါပဲဟာ။ သူကငါ့အပေါ်မှာ နည်းနည်းကျောချင်တယ်ဟ။ ဘယ်လိုပြောမလဲ ... ဆရာ ကျချင်တယ်ပေါ့ဟာ။ သူက ငါသူ့အပေါ်မပြတ်နိုင်လောက်ဘူး ထင်လို့ဖြစ်မှာပေါ့။ ဟား ဟား ဘယ်ရမလဲ ... ငါကလည်း ယောက်ျားကြောမနပ်တဲ့ သူမှမဟုတ်ပဲ။


ငါထားဖူးတဲ့ရည်းစားက သူထားဖူးတာ ထက်တောင် များဦးမယ်။ ယောက်ျားဆို တာ ငါ့လက်ထဲထည့်ချေလို့ရတဲ့ ပုရွက်ဆိတ်လောက်ပဲရှိမယ်။ သူ့မှမရရင် ဒီတစ် သက်ယောက်ျားမရမှာမှ မဟုတ်တာ။


ဪ ဒါနဲ့ ဟို နွယ်နီတို့၊ သဉ္စာတို့ တွေရော ဘာလုပ်နေကြလဲ။ အဆင် ပြေကြရဲ့လား။ မျိုးမျိုးတစ်ယောက်ကတော့နိုင်ငံခြားသွားပြီဆို။ ကောင်မက အလုပ်ကောင်းကောင်းရçဆို။ ဟိုမှာက သူ့ဘဲလည်းရှိဆိုတော့ အဆင်ပြေတာပေါ့ဟ။ ဪ ...တစ်ခါတည်း ယူကြတော့ မှာတဲ့လား။ အေး အေး ကောင်းပါတယ်။ တစ်ခါတည်းယူပြီး အတူတူနေတော့ ကုန်ကျစရိတ်လည်း သက်သာတာပေါ့။ ဒါပေမယ့် ငါတို့ကတော့ မစားရတော့ဘူး ပေါ့ဟယ်။ ပြန်လာမှပဲ အတင်းကျွေး ခိုင်းရဦးမယ်။


ဒါနဲ့ စကားမစပ်၊ ဟိုတစ်နေ့ကလမ်း မှာ ကိုစိုင်းနဲ့တောင်တွေ့သေးတယ်ဟဲ့။ သူ့ ကြည့်ရတာ ငါ့ကိုစိတ်ပြတ်သေးပုံမရဘူး သိလား။ အေးဟယ် ..သူ့အတွက်ငါ စိတ် တော့ မကောင်းပါဘူး။ ဒါပေမယ့် မတတ် နိုင်ဘူးလေ။ ငါမှ အရက်သောက်တာ သည်းမခံနိုင်တာ။ ကျန်တာတော့ ဒီကောင် ကဘာမှပြောစရာ မရှိပါဘူး။ စိတ်ကောင်း လေးလည်းရှိရှာပါတယ်။ ပေတာကတော့ ကျောင်းတုန်းကအတိုင်းပဲ ပေတုန်းပဲ။ ဒီပုံစံနဲ့တော့ ဒီကောင့်အတွက် စိတ်ညစ်ပါ သေးတယ်။


ဟဲ့ နင့်အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား။ ဘာ ... ဟင် အဲလိုကြီးလား။ဟွန်း ဟိုတုန်းကတော့ ဘာမှမခုတ်တတ်တဲ့ ကြောင်လိုလို ဘာလိုလိုနဲ့။ ယောက်ျား တွေများဒီလိုပဲ။ မရခင်က ဖျာလိုလိပ် ထိပ် ပေါ်တင်၊ ရပြီးရင်တော့ ဖျာလိုခင်း ကျောခင်း။ ဟဲ့ ယောက်မ၊ မခံနဲ့ဟဲ့။ နင်လည်း နင့်အလုပ်နဲ့အကိုင်နဲ့။ ဘာမှ သူ့မျက်နှာ ကြည့်နေစရာမလိုဘူး။ အေးလေ ကလေးတွေမျက်နှာနဲ့ဆိုတော့လည်း ဟုတ်ပါ တယ်။ နင်တို့ကလေ ခံစားချက်ကိုဦးစား ပေးခဲ့တာကိုး။ ချစ်စိတ်မွှန်ပြီး အချစ်ကိုကိုးကွယ်ခဲ့တော့လည်း ... ဒါပေါ့။ ဒါ ကြောင့်ပေါ့။ ငါ ခုထိမယူသေးတာ ဟား ဟား ...


ပြောမယ့်သာ ပြောရတာဟ။ တစ်ခါတလေတော့လည်း တစ်ယောက် တည်း နေရတဲ့ဘ၀ကို ငြီးငွေ့သား။ ရုံးက နေအိမ်ပြန်လာတိုင်း ငါ့ကိုကြင်နာမယ့် ယောက်ျားနဲ့ တီတီတာတာပြောမယ့် ကလေးတွေ လိုချင်သားဟ။ အခုတော့ ငါ့မှာ အိမ်ပြန်ရင်ရေမိုးချိုး၊ ထမင်းစား၊ ကိုရီးယားကားလေး ဘာလေးကြည့်၊ ပြီးတာနဲ့ စာအုပ်တစ်အုပ်နဲ့ အိပ်ရာထဲ နှစ်ပါးသွားနေရတာ။


အချင်းချင်းဆိုတော့လည်း မရှက် တော့ပါဘူးလေ။ ဟိုတစ်နေ့က ၁၀ တန်း ဖြေမယ့် ငါ့တူမလေးက ဦးပုညရဲ့ရေသည်ပြဇာတ်ထဲက ဟိုတစ်ပိုဒ်ကိုရွတ်တာကြား တော့ ငါ့ဟာငါ မလုံလို့တောင် ပြုံးမိရ သေးတယ် သိလား။ ဟို ရေသည် မိန်းမရွတ်တာလေ၊ ဘာတဲ့ “ကံတူတဲ့မယ့်သခင်၊ ဘယ်ခါမှစုရုံးလို့၊ ရွှေပုံးရည်ချဉ်မယ်သိ၊ ထင်ရမ္မက်ကယ်နှင့်၊ စောင့်လျက်သာ နေရတယ်ဆိုတာပေါ့။ ဟီ ဟိ ... ဦးပုည၊ ဦးပုည၊ ဘာလို့ အဲလောက်တောင် တော်ရတာပါလိမ့်နော်။


ဟင် ဘယ်သူ့ပြောတာတုန်း။ ဘယ် တုန်းကမြင်တာတုန်း။ ဪ သူလား၊ အဲဒီတစ်ယောက်လား။ အင်း၊ သူလည်းငါ့ကိုကြွေနေတယ် ဆိုပါတော့။ သူကလား၊ ဘာမှတော့ အပြစ် ဆိုစရာမရှိပါဘူး။ ဒါပေမယ့် ငါ့ထက်အများကြီး ငယ်တယ် လေ။ မောင်လေးပေါ့ဟယ်။ သူ့ကိုလည်း ဒီလိုပဲ မြွေမသေတုတ်မကျိုး ဆက်ဆံနေရ တာပဲ။ ပစ်ပစ်ခါခါကြီးလည်း မလုပ်ရက် ဘူးလေ။ ငါ့ကို စိတ်ကုန်သွားမှာလည်း မလိုလားဘူးအေ့။


ရွေးလွန်းရင်မရမှန်း ငါသိပါတယ် ဟယ်။ ဒါပေမယ့် မရွေးလို့လည်းမဖြစ်ဘူး မဟုတ်လား။ ဟင်းရွက်ကန်စွန်းမှ မဟုတ် တာ။ ဪ ... ဒါနဲ့ ပြောရဦးမယ်။ အခု ငါတို့ရုံးကို လူသစ်တစ်ယောက် ရောက်လာတယ်ဟဲ့။ အသက်ကတော့ ငါ့လောက်ပဲ။ ဒါပေမယ့် လူပုံက ခပ်တည်တည်နဲ့။ ဘယ်လိုလူမှန်းလည်း မသိပါဘူးအေ။ အေးတိအေးစက်ကြီး၊ သိလား။


ဘာဖြစ်ရမှာတုန်း။ တစ်ရုံးတည်း နေလို့မှ ငါ့ကိုအရေးလုပ်ဖော်မရဘူးလေ။ သူဟာလေ စရောက်ကတည်းက ငါ့ကို ခုထိတစ်ခါမှ ဂရုမစိုက်သေးဘူးသိလား။ ငါက အဲဒါကို အသည်းယားတာ။ ဘာ ... ငါက သူ့ကို ကြိုက်နေလို့ ဟုတ်လား။ ဟား ဟား။ သွားစမ်းပါဟယ်။ သူ့လို မလှုပ်မယှက် ပုံစံကိုများ ငါက သဘောကျမယ် ထင်လား။ ဝေးသေး။


ဪ မေ့လို့၊ ဟိုတစ်ပတ်က ငါနေ မကောင်းလို့ခွင့်ယူပြီး ရုံးပြန်တက်တုန်းကတော့ ငါ့ကိုသေချာကြည့်ပြီး “နေ ...ကောင်း...သွား ...ပြီ ...လားတဲ့။ မေးတယ်။ သိလား။ အဟစ် ...။


အင်း ငါတို့အရွယ်က တကယ်တော့ ဟိုင်းပြီလို့တောင် ပြောလို့ရပြီဟဲ့နော်။ဟိုတစ်နေ့က ဆိုင်မှာ ဟိုတစ်ယောက်နဲ့ထိုင်နေတုန်း (ဟာ ဘယ်တစ်ယောက် ဖြစ်ဖြစ်ဟာ ... စကားကို ဆုံးအောင် နားထောင်) ထိုင်နေတုန်း သူ့ရှေ့မှာငါ့ခေါင်းကဆံပင်တွေ လက်နဲ့သပ်ရင်း ဆံပင်ဖြူတစ်ချောင်း ပါလာလို့ ငါ့မှာ သူ မမြင်အောင် အမြန်လွှတ်ပစ်လိုက်ရ သေးတယ်ဟဲ့။ သိလား။ ခစ် ခစ်။


ဟောတော် ... စကားကောင်းနေလိုက်တာ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာတောင် နောက်ကျနေပြီ။ လာခဲ့ဦးဟယ် ယောက်မ။ နောက်တစ်ခါကျ ဟိုကောင်မတွေပါခေါ်ခဲ့။ ကြားလား။ နင်တို့ကလည်း အိမ်ထောင်ကျသွားတော့ မအား၊ ငါကလည်းငါ့ကိစ္စနဲ့ငါပတ်ရှုပ်နဲ့ တွေ့ရတယ်ကိုမရှိဘူး။ ငါလည်း အားတဲ့အခါ လာခဲ့ပါ့မယ်ဟယ်။ အေး အေး ဒါပဲနော် ယောက်မ။
ဆီးယူ...။ ဘိုင်ဘိုင်...။

*
အသံပိုင်ရှင်ဟာ ခဏနေတော့ စလင်းဘက်အိတ်ကလေးကို လွယ်ပြီး ဒေါက်ဖိနပ်သံတဒေါက်ဒေါက်ပေးလို့ ထွက်ခွာသွားပါတော့တယ်။ ကျွန်တော်လှမ်းကြည့်လိုက်ချိန်မှာ တံခါးပေါက်နားကို ရောက်နေပြီမို့ သူ့မျက်နှာကိုတော့ မမြင်လိုက်ရတော့ပါဘူး။ အမျိုးသမီးဟာ မြန်မာဆန်ဆန် ဝတ်စားထားပါတယ်။ အပေါ်အောက် သနပ်ခါးရောင် ဝမ်းဆက်ဝတ်ထားပြီး လုံချည်ကို တင်းနေအောင် ဝတ်ထားပါတယ်။ နောက်ကနေ လှမ်းကြည့်လိုက်ရင်တော့ ခါးလယ်လောက်ထိ ချထားတဲ့ သူ့ဆံကေသာရယ်၊ ကြည့်ကောင်း အောင် သေးသွယ်တဲ့ ခါးရယ်၊ တင့်ကားဝင့်ကြွားတဲ့ တင်သားရယ်ကို မြင်ရပါတယ်။ ကျွန်တော်လည်း မိုးတိတ်ပြီမို့ ကော်ဖီလက်ကျန်ကို မော့သောက်လိုက်ပြီး လက်ပ်တော့ကို သိမ်းရင်း ကိုယ့်ရဲ့ခရီးကို ဆက်ခဲ့ပါတော့တယ်။
Now! (၂၀၀၈ ခုနှစ် ဇန်နဝါရီလ။ မှတ်ချက် - ‘တန်ခူး’ကလောင်ဖြင့် ရေးခဲ့ခြင်းဖြစ်သည်။)


NOW! ၂၀၀၈ ဇန်နဝါရီ။ ('တန်ခူး' ကလောင်ဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။)

ရသဝတ္ထုကဏ္ဍမှာအခြားဖတ်စရာ


 

Comments

အဖတ်အများဆုံး

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...

မမှောင်သောည

မုန်တိုင်းမလာခင် ဆိတ်ငြိမ်မှုမျိုးနဲ့ ခန်းမဆောင်ဟာ အေးတိအေးစက်။ အဆက်မပြတ်ထွက်နေတဲ့ တခေါခေါ ဟောက်သံတို့က နားထဲကို အတင်းထိုးဖောက်ဝင်ရောက်လျက်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအိုင်ထဲမှာ ...   ကယောင်ခြောက်ခြား ဖြစ်နေတဲ့စိတ်အစဉ်ကြောင့် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတဲ့ မျက်လုံးများက ကညင်ဆီမီးတိုင်တို့ရဲ့ မသဲမကွဲ အလင်းရောင်ကို လက်ခံယူလိုက်တယ်။ မီးတောက်တွေက နှေးကွေးဖျော့တော့စွာ တောက်လောင်လျက်။ အပြင်မှာတော့ အမှောင်ထုကသာ ကြီးစိုးမင်းမူလျက်။ အိပ်မက်ထဲကနေ နိုးထလာခဲ့တာ ဘာမှမကြာသေးဘူး။ ဒါပေမဲ့ အပြင်လောကအထိ ဒီအိပ်မက်ဟာ အရိပ်လို မနားတမ်းကပ်လိုက်နေဆဲ။

အာဇာနည်နေ့နှင့် ခံစားမိသည့် ဆရာဇော်ဂျီ၏ကဗျာ

ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့ကို ရောက်တိုင်း ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူအပေါင်းက သတိတရ ရှိကြ လေသည်။ လွန်ခဲ့သော ၆၃ နှစ်၊ ဤနေ့ ဤရက်က ဆိုလျှင်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန်သော ပြည်သူအပေါင်း တို့သည် အပြင်မှာ သူတို့ လူကိုယ်တိုင် မြင်ဖူးချင်မှ မြင်ဖူးမည်ဖြစ်သည့်၊ စကားပြောဖူးချင်မှ ပြောဖူးမည်ဖြစ်သည့် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဖြေမဆည်နိုင် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ကြဖူးလေသည်။ လောကတွင် လူတို့သည် မိမိချစ်ခင်ရသော ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမများနှင့် ခွဲခွာရ၍ ငိုကြွေးတတ်သည်မှာ သဘာဝကျသော်လည်း ကိုယ်နှင့်သွေးမတော် သားမစပ်၊ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုအတွက် ငိုကြွေးကြသည်မှာ အဘယ်ကြောင့်နည်း။ ဘဝတွင် မိမိ၏ မိဘ၊ ဆွေမျိုး၊ ဇနီးခင်ပွန်း၊ သားသမီးတို့အတွက် ငိုကြွေးခြင်းက သံယောဇဉ်ကြောင့် ဖြစ်ပြီး အာဇာနည်တို့အတွက် ငိုကြွေးခြင်းကမူ ထိုသူတို့အပေါ် မိမိထားသည့် တန်ဖိုးတစ်ခုကြောင့်၊ (တစ်နည်း) အစားထိုးမရသော ဆုံးရှုံးမှုအတွက်ကြောင့် ဖြစ်သည်။ ငိုကြွေးတာချင်း တူသော် လည်း ငိုကြွေး ပုံချ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

ပြိုင်တူအဖြေရှာ ဦးနှောက်ယိုစီးမှုပုစ္ဆာ

“တို့နိုင်ငံကပညာတော်သင် ကျောင်းသားတွေ ပြီးသွားရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်မလာကြဘူးကွ” ဟု ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ဦးက ပြောဖူးပါသည်။ ပညာရေး စနစ်တွင် နာမည်ကြီးသည့် အခြား နိုင်ငံများတွင် ပညာတော်သင်ဆုရပြီး ပညာထွက် သင်ကြားကြသည့် လူငယ်၊ လူလတ်များ ဒီဘက်နှစ်ပိုင်းတွင် များလာသော်လည်း ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး ထိုပညာကိုပြန်အသုံးချသည့်ဦးရေက အချိုးကျကျ လိုက်ပြီး များပြားမလာသည့်အပေါ် သူက ညည်းတွားခြင်း ဖြစ်သည်။