Skip to main content

မပေါက်ကြားစေချင်သောကိစ္စများ



အဲဒီနေ့က ကိုရွှေမိုးဟာ ဆိုင်းမဆင့်ဗုံမဆင့် ရွာချလိုက်တာကြောင့် ကျွန်တော်လည်း နီးစပ်ရာ ကော်ဖီဆိုင် လေးထဲကို အပြေးအလွှားဝင်လိုက်ရတယ်။ အိမ်ကထွက်တော့ ထီးယူလာဖို့မေ့ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မဆုံးဘူးပေါ့။ ကော်ဖီပူပူတစ်ခွက်ကိုမှာလိုက်ပြီး ချောင်ကျကျတစ်နေရာကို ရွေးလိုက်တယ်။ ပါလာတဲ့ လက်ပ်တော့ကွန်ပျူတာကို ထုတ်ပြီး လုပ်လက်စအလုပ်ကလေးတွေ လက်စသတ်ဖို့ ပြင်လိုက်တယ်။
ကျွန်တော့်စားပွဲနဲ့ နောက်ကျောချင်းကပ်စားပွဲကြားမှာ အကာအရံတစ်ခု ခြားထားတာကြောင့် အဲဒီ ဘက်မှာ ဘယ်သူထိုင်နေသလဲ ကျွန်တော်မမြင်ရပါဘူး။ ဒါပေမဲ့ ခဏနေတော့ အဲဒီ ဘက်ကနေ ဖုန်းမြည်သံလွင်လွင် ကလေးတစ်ခုပေါ်ထွက်လာပြီး အရွယ်အလတ်ပိုင်း အမျိုးသမီးတစ်ဦးရဲ့ အသံထွက်ပေါ်လာပါတော့တယ်။

သူငယ်ချင်းကောင်း ယောက်မရယ်။ နင်တို့ကလည်း နေနိုင်လိုက်တယ်ကွယ်။ ခုမှပဲဖုန်းဆက်ရသလား။ နင်နဲ့ဆိုခင်သစ်ဆွေတို့သားလေး မွေးနေ့ပွဲမှာတွေ့ ပြီးကတည်းက အဆက်အသွယ်ပြတ်နေလိုက်တာ။ ညည်းတို့က ပေါ်ကိုမလာဘူး။


ဪဪ ... အိမ်ထောင့်တာဝန်တွေ ထမ်းနေရလို့မအားဘူးဟုတ်စ။ ဟွန်း ကိုယ့် ဟာကိုယ် ထမ်းချင်လို့ ထမ်းတဲ့ တာဝန်များ၊ ခုမှ ...။

အင်း ... ဟိုတုန်းက ကလေး ဆန်ဆန် ငါ့သူငယ်ချင်း အခုတော့လည်း ကလေးနှစ်ယောက် အမေဘ၀နဲ့ တကယ့်လူကြီးကြီးကိုဖြစ်လို့။


ငါလား။ အပူမရှာချင်လို့ ဒီလိုပဲ နေတာပေါ့ဟ။ ဟား ဟား။ တကယ် ပြော တာပေါ့။ နင်ကငါ့ကိုဟိုင်းပြီ ထင်လို့ လား။ ငါ့ကို ကြိုက်တဲ့လူတွေမှဝိုင်းလို့။ ငါ မအို သေးပါဘူးဟဲ့။ ဒီအသက်ဒီအရွယ် အထိ ငါ့ကိုကြွေတဲ့သူတွေမှ တပုံကြီးပါပဲနော်။


ဟဲ့ နင့်ငါပြောရဦးမယ် သိလား။ ငါနဲ့ကိုသူရိန် ပြတ်သွားပြီဟ။ ပြတ်ဆို သုံးလလောက်တောင်ရှိပြီ။ ဒီလိုပါပဲဟာ။ သူကငါ့အပေါ်မှာ နည်းနည်းကျောချင်တယ်ဟ။ ဘယ်လိုပြောမလဲ ... ဆရာ ကျချင်တယ်ပေါ့ဟာ။ သူက ငါသူ့အပေါ်မပြတ်နိုင်လောက်ဘူး ထင်လို့ဖြစ်မှာပေါ့။ ဟား ဟား ဘယ်ရမလဲ ... ငါကလည်း ယောက်ျားကြောမနပ်တဲ့ သူမှမဟုတ်ပဲ။


ငါထားဖူးတဲ့ရည်းစားက သူထားဖူးတာ ထက်တောင် များဦးမယ်။ ယောက်ျားဆို တာ ငါ့လက်ထဲထည့်ချေလို့ရတဲ့ ပုရွက်ဆိတ်လောက်ပဲရှိမယ်။ သူ့မှမရရင် ဒီတစ် သက်ယောက်ျားမရမှာမှ မဟုတ်တာ။


ဪ ဒါနဲ့ ဟို နွယ်နီတို့၊ သဉ္စာတို့ တွေရော ဘာလုပ်နေကြလဲ။ အဆင် ပြေကြရဲ့လား။ မျိုးမျိုးတစ်ယောက်ကတော့နိုင်ငံခြားသွားပြီဆို။ ကောင်မက အလုပ်ကောင်းကောင်းရçဆို။ ဟိုမှာက သူ့ဘဲလည်းရှိဆိုတော့ အဆင်ပြေတာပေါ့ဟ။ ဪ ...တစ်ခါတည်း ယူကြတော့ မှာတဲ့လား။ အေး အေး ကောင်းပါတယ်။ တစ်ခါတည်းယူပြီး အတူတူနေတော့ ကုန်ကျစရိတ်လည်း သက်သာတာပေါ့။ ဒါပေမယ့် ငါတို့ကတော့ မစားရတော့ဘူး ပေါ့ဟယ်။ ပြန်လာမှပဲ အတင်းကျွေး ခိုင်းရဦးမယ်။


ဒါနဲ့ စကားမစပ်၊ ဟိုတစ်နေ့ကလမ်း မှာ ကိုစိုင်းနဲ့တောင်တွေ့သေးတယ်ဟဲ့။ သူ့ ကြည့်ရတာ ငါ့ကိုစိတ်ပြတ်သေးပုံမရဘူး သိလား။ အေးဟယ် ..သူ့အတွက်ငါ စိတ် တော့ မကောင်းပါဘူး။ ဒါပေမယ့် မတတ် နိုင်ဘူးလေ။ ငါမှ အရက်သောက်တာ သည်းမခံနိုင်တာ။ ကျန်တာတော့ ဒီကောင် ကဘာမှပြောစရာ မရှိပါဘူး။ စိတ်ကောင်း လေးလည်းရှိရှာပါတယ်။ ပေတာကတော့ ကျောင်းတုန်းကအတိုင်းပဲ ပေတုန်းပဲ။ ဒီပုံစံနဲ့တော့ ဒီကောင့်အတွက် စိတ်ညစ်ပါ သေးတယ်။


ဟဲ့ နင့်အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား။ ဘာ ... ဟင် အဲလိုကြီးလား။ဟွန်း ဟိုတုန်းကတော့ ဘာမှမခုတ်တတ်တဲ့ ကြောင်လိုလို ဘာလိုလိုနဲ့။ ယောက်ျား တွေများဒီလိုပဲ။ မရခင်က ဖျာလိုလိပ် ထိပ် ပေါ်တင်၊ ရပြီးရင်တော့ ဖျာလိုခင်း ကျောခင်း။ ဟဲ့ ယောက်မ၊ မခံနဲ့ဟဲ့။ နင်လည်း နင့်အလုပ်နဲ့အကိုင်နဲ့။ ဘာမှ သူ့မျက်နှာ ကြည့်နေစရာမလိုဘူး။ အေးလေ ကလေးတွေမျက်နှာနဲ့ဆိုတော့လည်း ဟုတ်ပါ တယ်။ နင်တို့ကလေ ခံစားချက်ကိုဦးစား ပေးခဲ့တာကိုး။ ချစ်စိတ်မွှန်ပြီး အချစ်ကိုကိုးကွယ်ခဲ့တော့လည်း ... ဒါပေါ့။ ဒါ ကြောင့်ပေါ့။ ငါ ခုထိမယူသေးတာ ဟား ဟား ...


ပြောမယ့်သာ ပြောရတာဟ။ တစ်ခါတလေတော့လည်း တစ်ယောက် တည်း နေရတဲ့ဘ၀ကို ငြီးငွေ့သား။ ရုံးက နေအိမ်ပြန်လာတိုင်း ငါ့ကိုကြင်နာမယ့် ယောက်ျားနဲ့ တီတီတာတာပြောမယ့် ကလေးတွေ လိုချင်သားဟ။ အခုတော့ ငါ့မှာ အိမ်ပြန်ရင်ရေမိုးချိုး၊ ထမင်းစား၊ ကိုရီးယားကားလေး ဘာလေးကြည့်၊ ပြီးတာနဲ့ စာအုပ်တစ်အုပ်နဲ့ အိပ်ရာထဲ နှစ်ပါးသွားနေရတာ။


အချင်းချင်းဆိုတော့လည်း မရှက် တော့ပါဘူးလေ။ ဟိုတစ်နေ့က ၁၀ တန်း ဖြေမယ့် ငါ့တူမလေးက ဦးပုညရဲ့ရေသည်ပြဇာတ်ထဲက ဟိုတစ်ပိုဒ်ကိုရွတ်တာကြား တော့ ငါ့ဟာငါ မလုံလို့တောင် ပြုံးမိရ သေးတယ် သိလား။ ဟို ရေသည် မိန်းမရွတ်တာလေ၊ ဘာတဲ့ “ကံတူတဲ့မယ့်သခင်၊ ဘယ်ခါမှစုရုံးလို့၊ ရွှေပုံးရည်ချဉ်မယ်သိ၊ ထင်ရမ္မက်ကယ်နှင့်၊ စောင့်လျက်သာ နေရတယ်ဆိုတာပေါ့။ ဟီ ဟိ ... ဦးပုည၊ ဦးပုည၊ ဘာလို့ အဲလောက်တောင် တော်ရတာပါလိမ့်နော်။


ဟင် ဘယ်သူ့ပြောတာတုန်း။ ဘယ် တုန်းကမြင်တာတုန်း။ ဪ သူလား၊ အဲဒီတစ်ယောက်လား။ အင်း၊ သူလည်းငါ့ကိုကြွေနေတယ် ဆိုပါတော့။ သူကလား၊ ဘာမှတော့ အပြစ် ဆိုစရာမရှိပါဘူး။ ဒါပေမယ့် ငါ့ထက်အများကြီး ငယ်တယ် လေ။ မောင်လေးပေါ့ဟယ်။ သူ့ကိုလည်း ဒီလိုပဲ မြွေမသေတုတ်မကျိုး ဆက်ဆံနေရ တာပဲ။ ပစ်ပစ်ခါခါကြီးလည်း မလုပ်ရက် ဘူးလေ။ ငါ့ကို စိတ်ကုန်သွားမှာလည်း မလိုလားဘူးအေ့။


ရွေးလွန်းရင်မရမှန်း ငါသိပါတယ် ဟယ်။ ဒါပေမယ့် မရွေးလို့လည်းမဖြစ်ဘူး မဟုတ်လား။ ဟင်းရွက်ကန်စွန်းမှ မဟုတ် တာ။ ဪ ... ဒါနဲ့ ပြောရဦးမယ်။ အခု ငါတို့ရုံးကို လူသစ်တစ်ယောက် ရောက်လာတယ်ဟဲ့။ အသက်ကတော့ ငါ့လောက်ပဲ။ ဒါပေမယ့် လူပုံက ခပ်တည်တည်နဲ့။ ဘယ်လိုလူမှန်းလည်း မသိပါဘူးအေ။ အေးတိအေးစက်ကြီး၊ သိလား။


ဘာဖြစ်ရမှာတုန်း။ တစ်ရုံးတည်း နေလို့မှ ငါ့ကိုအရေးလုပ်ဖော်မရဘူးလေ။ သူဟာလေ စရောက်ကတည်းက ငါ့ကို ခုထိတစ်ခါမှ ဂရုမစိုက်သေးဘူးသိလား။ ငါက အဲဒါကို အသည်းယားတာ။ ဘာ ... ငါက သူ့ကို ကြိုက်နေလို့ ဟုတ်လား။ ဟား ဟား။ သွားစမ်းပါဟယ်။ သူ့လို မလှုပ်မယှက် ပုံစံကိုများ ငါက သဘောကျမယ် ထင်လား။ ဝေးသေး။


ဪ မေ့လို့၊ ဟိုတစ်ပတ်က ငါနေ မကောင်းလို့ခွင့်ယူပြီး ရုံးပြန်တက်တုန်းကတော့ ငါ့ကိုသေချာကြည့်ပြီး “နေ ...ကောင်း...သွား ...ပြီ ...လားတဲ့။ မေးတယ်။ သိလား။ အဟစ် ...။


အင်း ငါတို့အရွယ်က တကယ်တော့ ဟိုင်းပြီလို့တောင် ပြောလို့ရပြီဟဲ့နော်။ဟိုတစ်နေ့က ဆိုင်မှာ ဟိုတစ်ယောက်နဲ့ထိုင်နေတုန်း (ဟာ ဘယ်တစ်ယောက် ဖြစ်ဖြစ်ဟာ ... စကားကို ဆုံးအောင် နားထောင်) ထိုင်နေတုန်း သူ့ရှေ့မှာငါ့ခေါင်းကဆံပင်တွေ လက်နဲ့သပ်ရင်း ဆံပင်ဖြူတစ်ချောင်း ပါလာလို့ ငါ့မှာ သူ မမြင်အောင် အမြန်လွှတ်ပစ်လိုက်ရ သေးတယ်ဟဲ့။ သိလား။ ခစ် ခစ်။


ဟောတော် ... စကားကောင်းနေလိုက်တာ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာတောင် နောက်ကျနေပြီ။ လာခဲ့ဦးဟယ် ယောက်မ။ နောက်တစ်ခါကျ ဟိုကောင်မတွေပါခေါ်ခဲ့။ ကြားလား။ နင်တို့ကလည်း အိမ်ထောင်ကျသွားတော့ မအား၊ ငါကလည်းငါ့ကိစ္စနဲ့ငါပတ်ရှုပ်နဲ့ တွေ့ရတယ်ကိုမရှိဘူး။ ငါလည်း အားတဲ့အခါ လာခဲ့ပါ့မယ်ဟယ်။ အေး အေး ဒါပဲနော် ယောက်မ။
ဆီးယူ...။ ဘိုင်ဘိုင်...။

*
အသံပိုင်ရှင်ဟာ ခဏနေတော့ စလင်းဘက်အိတ်ကလေးကို လွယ်ပြီး ဒေါက်ဖိနပ်သံတဒေါက်ဒေါက်ပေးလို့ ထွက်ခွာသွားပါတော့တယ်။ ကျွန်တော်လှမ်းကြည့်လိုက်ချိန်မှာ တံခါးပေါက်နားကို ရောက်နေပြီမို့ သူ့မျက်နှာကိုတော့ မမြင်လိုက်ရတော့ပါဘူး။ အမျိုးသမီးဟာ မြန်မာဆန်ဆန် ဝတ်စားထားပါတယ်။ အပေါ်အောက် သနပ်ခါးရောင် ဝမ်းဆက်ဝတ်ထားပြီး လုံချည်ကို တင်းနေအောင် ဝတ်ထားပါတယ်။ နောက်ကနေ လှမ်းကြည့်လိုက်ရင်တော့ ခါးလယ်လောက်ထိ ချထားတဲ့ သူ့ဆံကေသာရယ်၊ ကြည့်ကောင်း အောင် သေးသွယ်တဲ့ ခါးရယ်၊ တင့်ကားဝင့်ကြွားတဲ့ တင်သားရယ်ကို မြင်ရပါတယ်။ ကျွန်တော်လည်း မိုးတိတ်ပြီမို့ ကော်ဖီလက်ကျန်ကို မော့သောက်လိုက်ပြီး လက်ပ်တော့ကို သိမ်းရင်း ကိုယ့်ရဲ့ခရီးကို ဆက်ခဲ့ပါတော့တယ်။
Now! (၂၀၀၈ ခုနှစ် ဇန်နဝါရီလ။ မှတ်ချက် - ‘တန်ခူး’ကလောင်ဖြင့် ရေးခဲ့ခြင်းဖြစ်သည်။)


NOW! ၂၀၀၈ ဇန်နဝါရီ။ ('တန်ခူး' ကလောင်ဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။)

ရသဝတ္ထုကဏ္ဍမှာအခြားဖတ်စရာ


 

Comments

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...