Skip to main content

Posts

Showing posts from April, 2009

မှဲ့တစ်ခုရဲ့အနုပညာ

ခမ်းတို့ရွာကလေးတွင် ကျွန်တော် ခဏရောက်နေသည်။ မန်ကျည်းပင်၊ ရေတမာပင်များနှင့် အုပ်အုပ် ဆိုင်းဆိုင်းရှိသော၊ အလိုလောဘနည်း၍ ရိုးသားသည့်ရွာသားများကြောင့် အေးချမ်းပြီး ပျော်စရာကောင်းသော ခမ်းတို့ရွာကလေး။ ခဏဆိုပေမယ့် အဲဒီမှာ နေရစဉ် ကျွန်တော်ပျော်သည်။ ထို ရွာကလေးကို ကျွန်တော် ချစ်သည်။ ဒီရွာလေးကို သံယောဇဉ်တွယ်ရခြင်းတွင် ခမ်းကြောင့်လည်း အများကြီးပါသည်။ ခမ်းသည် ဒီရွာမှာမွေးပြီး ဒီရွာမှာကြီးသည့် တောသူ လေးတစ်ယောက်ဖြစ်သည်။ တောသူဆိုသော်လည်း ခမ်း၏အသားအရေသည် အသင့်အတင့်ဖွေးဖြူသည်။ မျက်လုံးမျက်ဖန်ကောင်း၍ မေးရိုး အနည်းငယ်မြင့်သည်။ စစချင်း ခမ်းကို ကျွန်တော် စိတ်ဝင်စားမိသည်မှာ ခမ်း၏ အမြဲလိုလို ညှိုးငယ်နေတတ်သည့် မျက်နှာကြောင့်ဖြစ်သည်။ ခမ်း၏ ညာဘက်မျက်လုံးအောက် ပါးပြင်အပေါ်ပိုင်း မကျတကျနေရာတွင် မှဲ့တစ်ခုရှိသည်။ မှဲ့က အကြီးကြီးတော့မဟုတ်။ ဒါပေမယ့် အသားဖြူဖြူပေါ်မှာ မှဲ့ကမည်းနက်နေတော့ ထင်းနေသည်။ ကျွန်တော့်အတွက်တော့ မှဲ့သည် မှဲ့သာဖြစ်၍ ထိုမှဲ့ကြောင့် ရိုးသားသည့် တောသူမလေးခမ်း၏ အလှမှာ ပိုပြည့်စုံသွားခဲ့ရသည်ဟု ကျွန်တော်ကတော့ အခိုင်အမာယုံကြည်ပါသည်။ သို့သော် အရာဝတ္ထု တစ်ခုတည်းကိုပဲ အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း မတူကြသည့...