Skip to main content

ဝါဆိုလပြည့်နေ့အတွေးများ (၂)

လွန်ခဲ့တဲ့ နှစ်နှစ်က ‘ဝါဆိုလပြည့်နေ့အတွေးများ’ ဆိုပြီး ရေးခဲ့ဖူးတော့ ခုတစ်ခါရေးတာက အပိုင်း (၂) ပဲ ဆိုကြပါစို့။ အများသူငါက ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာ ဒေသနာကို အကျဉ်းချုပ်ပြန်ရေးကြတာ လုပ်ကြပေမဲ့ ကျွန်တော်ကတော့ ဓမ္မစကြာထဲက အချက်အချို့ကို အမြင်တစ်မျိုးနဲ့ ပြန်ကြည့်ချင်တယ်။ 



(၁) ပထမအချက်က မဇ္ဈိမပဋိပဒါလို့ လူသိများကြတဲ့ အလယ်အလတ်လမ်း၊ အစွန်းမရောက်တဲ့လမ်း ဆိုတဲ့ ဟောကြားချက်ပါ။ သိပြီးဖြစ်တဲ့အတိုင်း ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးကို တရားဟောတော့ “ဒွေ မေ ဘိက္ခဝေ အန္တာ ...” အစချီပြီး ဟောပါတယ်။ ရဟန်းတို့၊ လောကမှာ အစွန်းနှစ်ပါးရှိတယ်။ တစ်ပါးက ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ခံစားတဲ့လမ်း)၊ တစ်ပါးက အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့လမ်း)။ သစ္စာတရားရှာဖွေသူတွေဟာ အဲဒီ အစွန်းနှစ်ပါးစလုံးကို ရှောင်တယ် (ရှောင်ရမယ်) လို့ ဆိုတယ်။ ကာမဂုဏ် ခံစားနေခြင်းဖြင့် သို့မဟုတ် ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင် နှိပ်စက်နေခြင်းဖြင့် ဓမ္မဉာဏ်အလင်းကို မသိနိုင်ဘူး။ ဒါ အားလုံးသိပြီးသားအပိုင်း။ 

အဲဒီမှာ ကျွန်တော်တို့က အဲဒီလမ်းနှစ်သွယ်ကို ‘အစွန်း နှစ်ပါး’ ရယ်လို့ သိထားကြတယ်။ ဒါကလည်း ပါဠိ ‘အန္တာ’ ကို မြန်မာလို ‘အစွန်း’ အင်္ဂလိပ်လို ‘extreme’ လို့ ပြန်ထားတာကိုး။ မြန်မာစကားမှာ အစွန်းမရောက်နဲ့လို့ ပြောတာဟာ တစ်ခုခုကို လုပ်တော့လုပ်၊ အလွံအကျွံမလုပ်နဲ့ (ဝါ) ကမ်းကုန်အောင် မလုပ်နဲ့ဆိုတဲ့ သဘောမျိုးဆောင်တယ်။ ‘တန်ဆေးလွန်ဘေး’ ဆိုတဲ့ စကားဆိုပါစို့။ ဘယ်လောက်ကောင်းတဲ့ ဆေးဖြစ်ဖြစ် လိုတာထက် ပိုသောက်သုံးမှီဝဲရင် ဘေးဖြစ်တယ်ပေါ့။ ဒီတော့ ဗုဒ္ဓပြောတဲ့ ကာမသုခလ္လိကာ နုယောဂ နဲ့ အတ္တကိလမထာ နုယောဂ နှစ်ပါးကို မင်းတို့ကျင့်တော့ကျင့်၊ အစွန်းမရောက်အောင် (တစ်နည်း) လွန်လွန်ကျွံကျွံဖြစ်တဲ့အထိ မကျင့်နဲ့ဆိုတဲ့ သဘောမျိုး ဆောင်ကောင်း ဆောင်သွားနိုင်တယ်။ ကာမဂုဏ်တွေလည်း ခံစားဟေ့ ဒါပေမဲ့ နေ့နေ့ညည ဒါပဲတော့ ခံစားမနေနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း ညှဉ်းဆဲဟေ့၊ ဒါပေမဲ့ သေလောက်အောင်တော့လည်း မညှဉ်းဆဲနဲ့ ဆိုတဲ့ သဘောလို့ ရုတ်တရက် သဘောပေါက်သွားနိုင်တယ်။ မျက်စိထဲမြင်အောင်ပြောရရင် sound equalizer တွေမှာ ဘယ်ဘက်က minus 50 ညာဘက်မှာ plus 50၊ အလယ်တည့်တည့်မှာ Zero ရှိတယ် မလား။ Bass နဲ့ Treble ဖြစ်ဖြစ်၊ Left/Right volume ပဲဖြစ်ဖြစ် မျှခြေမှာ ထားချင်တဲ့အခါ အလယ်က zero မှာ ထားတဲ့သဘောမျိုးလို့ ထင်ကြမှာပဲ။ နေ့စဉ်ဘဝမှာလည်း အရပ်ထဲမှာ အချင်းချင်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်းက “ဟဲ့ ဘယ်အရာမှ အစွန်းမရောက်နဲ့၊ ဘုရားက အလယ်အလတ်ပဲ ကျင့်လို့ ဟောထားတယ် မဟုတ်လား” ဆိုတာပါ။ တကယ်တော့ ဒါဟာ မူရင်းအဓိပ္ပာယ်နဲ့ လွဲနေပါတယ်။

တကယ်က ဒီနေရာမှာ ဗုဒ္ဓပြောတဲ့ ‘အန္တာ’ ဟာ အစွန်းဆိုတာမျိုးထက် ပယ်ရမယ့် option နှစ်ခုလို့ ဆိုလိုဟန် ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။ မဇ္ဈိမပဋိပဒါဟာလည်း ဟိုအစွန်းနှစ်ခုကြားက အလယ်လမ်း၊ ‘ကြားလမ်း’ ဆိုတာထက် တတိယလမ်း (ဝါ) တခြားရွေးစရာ option လို့ပြောရင်ပိုမှန်မယ်။ ကာမဂုဏ်လည်း ထိုက်သင့် သလောက်ခံစား၊ ညှဉ်းဆဲတာလည်း ထိုက်သင့်သလောက် လုပ်ဆိုတဲ့ သဘောဆောင်တဲ့ အလယ်အလတ် ကျင့်စဉ်မျိုး မဟုတ်။ ‘သကြားကို အများကြီးလည်း မထည့်နဲ့၊ မထည့်ဘဲလည်း မနေနဲ့၊ အနေတော်ထည့်’ လို့ ပြောတဲ့ သဘောမျိုး မဟုတ်။ သကြားဆိုတဲ့ option ကြီးတစ်ခုလုံးကို ထည့်သွင်းမစဉ်းစားတဲ့ သီးခြားလမ်းစဉ် တစ်ခု၊ ကျင့်စဉ် တစ်ခုလို့ပြောရင် ပိုမှန်မလားပဲ။ ဘယ်လိုကျင့်စဉ်လဲ ဆိုတော့ သတိနဲ့နေခြင်း ဆိုတဲ့ကျင့်စဉ် (သတိပဋ္ဌာန်)။ ရုပ်နာမ်နှစ်မျိုးရဲ့ ဖြစ်ခြင်းပျက်ခြင်းသဘောတွေကို သတိနဲ့စောင့်ကြည့်ခြင်း ကျင့်စဉ်။ အဲဒီ ကျင့်စဉ်ဟာ သစ္စာတရားကို ထိုးထွင်းသိမြင်ရာ၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ ကျင့်စဉ်လမ်းစဉ်ပဲလို့ ဆိုလိုချင်တာ။

ဒီနေရာမှာ context ပါအောင် ပြောရရင် ဗုဒ္ဓ သွားတရားဟောတဲ့ ပဉ္စဝဂ္ဂီတွေဟာ တစ်ချိန်တုန်းက အိမ်ရာတည်ထောင်လို့ လောကီ ကာမဂုဏ်ကိုလည်း ခံစားဖူးကြသူတွေ၊ တောထွက်တရားကျင့်ပြီးတော့လည်း အဲဒီခေတ်က အိန္ဒိယမှာ ခေတ်စားခဲ့တဲ့ ‘တပ’ အကျင့်တွေကို ကျင့်ဖူးပြီးကြသူတွေဆိုတာပါပဲ။ ဗုဒ္ဓဟာ ရိုးရိုးသာမန် အရပ်ထဲကလူငါးဦးကို ဓမ္မစကြာဟောနေတာ မဟုတ်ပါဘူး။ ပဉ္စဝဂ္ဂီတွေဟာ ကာမဂုဏ်ခံစားတဲ့ လောကီဘောင်ကို အပြီးတိုင်စွန့်ခဲ့ကြပြီးသူတွေပါ။ ဒါကြောင့် ဗုဒ္ဓဆိုလိုတဲ့ ‘မဇ္ဈိပဋိပဒါ’ ဟာ ပဉ္စဝဂ္ဂီတွေအနေနဲ့ ကာမဂုဏ်လည်း ၅၀ ရာခိုင်နှုန်းလောက်ခံစား၊ တပအကျင့်တွေလည်း ၅၀ ရာခိုင်နှုန်းကျင့်လို့ ပြောနေတာ မဟုတ်ဘဲ၊ မင်းတို့ ကျင့်ခဲ့ဖူး၊ လျှောက်ခဲ့ဖူးတဲ့ လမ်းနှစ်သွယ်စလုံးကို ပယ်တဲ့ နောက်ထပ် လမ်းတစ်သွယ်ကို ငါပြောမယ် နားထောင်ကြ ဆိုတဲ့ သဘောမျိုးပါ။ အဲဒီ လမ်းကတော့ အဋ္ဌင်္ဂီကော မဂ္ဂေါ ဆိုတဲ့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂင်ရှစ်ပါးအကျင့်တရား ပါပဲတဲ့။ 

(၂) ဒုတိယအချက်ကတော့ မဂ္ဂသစ္စာနဲ့ပတ်သက်ပြီး မဂ္ဂင် ရှစ်ပါးကို ပြောကြတဲ့အခါ သီလ၊ သမာဓိ၊ ပညာ ဆိုပြီး ထပ်ခွဲတယ်လို့ ဘုန်းကြီးတွေကလည်း ဟောကြသလို လူတော်တော်များများကလည်း နားလည် ထားကြပါတယ်။ 


သမ္မာအာဇီဝ၊ သမ္မာကမ္မန္တ၊ သမ္မာဝါစာ = သီလမဂ္ဂင်။ (၃)

သမ္မာသတိ၊ သမ္မာဝါယမ၊ သမ္မာသမာဓိ = သမာဓိမဂ္ဂင်။ (၃)

သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိ = ပညာမဂ္ဂင် ဆိုပြီး ခွဲကြတယ်။ (၂)

တချို့ကလည်း သီလကိုအရင်လုံအောင်လုပ်၊ ပြီးရင် သမာဓိကို ထူထောင်၊ ပြီးရင် ပညာကိုတက်လှမ်းလို့လည်း ပြောကြတယ်။ မဂ္ဂင်ရှစ်ပါးကို အုပ်စုသုံးစုခွဲပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ရတဲ့သဘောမျိုးပေါ့။ 

တကယ်တော့ မဂ္ဂင်ရှစ်ပါးဟာ တစ်ပါးနဲ့တစ်ပါး ခွဲထုတ်မရတဲ့ (မဂ်ရဲ့အင်္ဂါရပ်တွေ) ဖြစ်ပါတယ်။ အင်္ဂလိပ်လို Eightfold လို့သုံးတယ်။ တစ်ခုပြီးမှ တစ်ခု ကျင့်ရတဲ့ လှေကားထစ်လိုမျိုးမဟုတ်ပါဘူး။ ဟင်းပွဲတစ်ပွဲမှာ ချို၊ ချဉ်၊ ငန်၊ စပ် အရသာတွေဟာ ခွဲမရအောင် ပေါင်းစည်းပြီးသား ဖြစ်နေတဲ့ သဘောမျိုးပါ။ ဘောလုံးသမား တစ်ဦးနဲ့ ဥပမာ ပေးရရင် ဘောလုံးသမားတစ်ယောက်ဟာ ကွင်းလယ်လောက်ကနေ ဘောလုံးကို အရှိန်နဲ့ဆွဲပြေး၊ တစ်ဖက် ကစားသမားတွေကို လိမ်ခေါက်ပြီး ဂိုးသမားနဲ့တစ်ယောက်ချင်း အတွေ့မှာ ဂိုးထောင့်ထဲကို သွင်းပြလိုက်တယ် ဆိုပါစို့။ အဲဒီ ကစားကွက်တစ်ခုလုံးမှာ အဲဒီကစားသမားရဲ့ လျင်မြန်မှု၊ သက်လုံ၊ ကျွမ်းကျင်မှု၊ ပရိယာယ်၊ ပါးနပ်မှု၊ အခွင့်အရေးကိုအသုံးချနိုင်မှု စတဲ့ စတဲ့ အရည်အသွေးတွေကို စုပေါင်းမြင်ရမှာဖြစ်ပါတယ်။ ကစားသမားဟာ လေ့ကျင့်ရေးကွင်းမှာ ဒီ ကစားကွက်ကို လေ့ကျင့်စဉ်တုန်းက သူဟာ ခုနက ပြောခဲ့တဲ့ လိုအပ်ချက်တွေ အကုန်လုံးကို တစ်ပေါင်းတည်းကျင့်ခဲ့ရတာ ဖြစ်ပါတယ်။ လျင်မြန်မှုကို တစ်ခါကျင့်၊ ပြီးမှ သက်လုံကိုကျင့်၊ ပြီးမှ ဘောလုံးအထိန်းအသိမ်းကို ကျင့်၊ ပြီးမှ အလိမ်အခေါက်ကိုကျင့်၊ ပြီးမှ ဂိုးသွင်းကျင့် အဲသလိုမျိုး တစ်ခုစီ ခွဲပြီး လေ့ကျင့်ခဲ့ရတာ မဟုတ်ပါဘူး။ 

အဲဒီ သဘောပါပဲ မဂ္ဂင်ရှစ်ပါးဆိုတာဟာ တစ်ပါးဆီ (သို့မဟုတ်) တစ်စုစီ ခွဲကျင့်ရတာမဟုတ်ဘဲ တစ်ချိန်တည်း တစ်ပြိုက်နက်တည်း အဲဒီ အင်္ဂါရပ်ရှစ်ပါးစလုံး ပါဝင်အောင် ကျင့်ရတာမျိုးပါပဲ။ ဥပမာ ပေးပါ့မယ်။ ခင်ဗျားဟာ ဈေးရောင်းသူတစ်ဦး ဆိုပါစို့။ ဝယ်သူလာလို့ ဈေးရောင်းတဲ့အခါ ဟိုက ဘယ်ဈေးလဲမေးတဲ့အခါ ခင်ဗျားက ဈေးကိုပိုမပြောဘူး၊ တစ်ဖက်က လျှော့ပါဦးဆိုလာရင်လည်း ‘အရင်းကိုက ဘယ်လောက်ရှိတာ၊ အမြတ်က ဘယ်လောက်ပဲစားရတာ’ ဆိုပြီး မဟုတ်ဘဲ လိမ်မပြောဘူး။ ပြီး ဝယ်သူကို ချိုချိုသာသာ ပြောမယ်။ ဒါဆိုရင် ခင်ဗျားဟာ သမ္မာဝါစာကိုကျင့်နေတာပဲ။ တစ်ချိန်တည်းမှာပဲ ခင်ဗျားရောင်းတဲ့ပစ္စည်းဟာ အကုသိုလ်ကို ဖြစ်စေတဲ့ ပစ္စည်းမဟုတ်ဘူးဆိုရင် ဒါဟာ သမ္မာအာဇီဝမဂ္ဂင်ပဲ။ ဝယ်သူ အရွေးရ ခက်နေရင်တောင် ကိုယ့်အတွက် အမြတ်များများကျန်မဲ့ ပစ္စည်းကို ယူခိုင်းမယ့်အစား သူ့အတွက် အမှန်တကယ် သင့်တော်မယ့်ပစ္စည်းကို စဉ်းစားရွေးပေးမယ်ဆိုရင် ဒါဟာ သမ္မာကမ္မန္တ (မှန်သောပြုကျင့်မှု) မဂ္ဂင်ပဲ။ 

ခင်ဗျား ဈေးရောင်းနေစဉ်အခိုက်မှာကိုပဲ ကိုယ့်ခန္ဓာမှာ လက်လှုပ်သွားတာ၊ ပစ္စည်းကိုကောက်ကိုင်လိုက်တာ၊ ချိန်တွယ်ပေးလိုက်တာ၊ အိတ်ထဲထည့်ပေးလိုက်တာ၊ ဈေးသည်ကိုပေးလိုက်တာ၊ ပိုက်ဆံကိုယူတာ၊ ပြန်အမ်းတာ၊ ‘ကျေးဇူးတင်ပါတယ် နောက်လည်းလာအားပေးပါ’ ပြောတာ စတဲ့ ကိုယ်အမူအရာ နှုတ်အမူ အရာတိုင်းကိုလည်း သတိကပ်ပြီးသိနေမယ်။ စိတ်ထဲမှာ ဘုဂလန့်ဈေးဝယ်သူအပေါ် အလိုမကျတဲ့စိတ်၊ ဒေါသထွက်တဲ့စိတ်၊ ပြန်ရန်တွေ့ပြောချင်တဲ့စိတ် ... စတဲ့ စိတ်မှာဖြစ်နေသမျှကိုလည်း သတိကပ်ပြီး သိနေမယ် ဆိုရင် ... ဒါဟာ သမ္မာသတိ မဂ္ဂင်နဲ့ပြည့်စုံနေတာပါပဲ။ 

အဲဒီလို သတိလွတ်မသွားအောင် ကြောင့်ကြစိုက်ပေးနေတာဟာ သမ္မာဝါယမ (မှန်သောအားစိုက်မှု) မဂ္ဂင်ပါပဲ။ သတိလွတ်မသွားတော့ဘဲ ကိုယ့်ခန္ဓာရဲ့ ရုပ်၊ နာမ်ဖြစ်စဉ်မှန်သမျှကို ဆက်တိုက်သိနေပြီ ဆိုရင် ခင်ဗျားစိတ်ဟာ တည်ကြည်နေပြီ (တစ်နည်း) ကိလေသာကြားမခိုတော့တဲ့အတွက် သမ္မာသမာဓိမဂ္ဂင်နဲ့လည်း ပြည့်စုံနေပါပြီ။

တစ်ခါ ခင်ဗျားဟာ အဲဒီလို သတိကပ်ထားတဲ့အတွက် ကိုယ်အမူအရာ (ရုပ်)၊ စိတ်အမူအရာ (နာမ်) တွေဟာ တစ်ခုဖြစ်ပြီး တစ်ခုပျက်သွားတဲ့သဘော၊ အမြဲရှိမနေတဲ့သဘောကိုလည်း ဈေးရောင်းနေဆဲမှာပဲ မြင်နေမယ်ဆိုရင် ဒါဟာ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ပါပဲ။ ‘ကြည့်စမ်း၊ ငါဈေးရောင်းနေတုန်းလေးမှာကိုပဲ ဖြစ်ပျက်ပြောင်းလဲမှုဟာ အစဉ်တန်းတစ်ခုပါပဲလား၊ ဒါဟာ ဘာသဘောကိုဆောင်လဲ၊ သူ့ရဲ့အနှစ်သဘောက ဘာလဲ’ စသည်ဖြင့် နှလုံးသွင်းဆင်ခြင်မိတယ်ဆိုရင် ဒါဟာ သမ္မာသင်္ကပ္ပ (မှန်သောအကြံ) ပါပဲ။ ဟော ... မဂ္ဂင်ရှစ်ပါး စလုံး ပြည့်စုံပါဝင်သွားတာကို တွေ့ရပါလိမ့်မယ်။ စာအနေနဲ့ရေးပြလို့သာ အခုလို ခွဲပြောနေရပေမဲ့ တကယ့် လက်တွေ့မှာတော့ အားလုံးဟာ တစ်ပေါင်းတစ်စည်းတည်း၊ တစ်ချိန်တည်းမှာ ယှဉ်တွဲတည်ရှိ တာမျိုးပါ။ ဈေးသည်ကို မှန်မှန်ကန်ကန်နဲ့ စေတနာထားရောင်းပြီးတော့မှ ‘ဪ ငါသီလမဂ္ဂင်နဲ့ ပြည့်စုံသွားပြီပဲ’ ဆိုပြီး အိမ်ထဲဝင် တင်ပလ္လင်ခွေထိုင်ပြီး အာနာပါနလုပ် သမာဓိထူထောင်ရတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ 

မဂ္ဂင်ရှစ်ပါးလို့ ပြောနေရပေမဲ့လည်း တကယ်တော့ ဗုဒ္ဓက သတိကိုသာ အဓိကဟောခဲ့တာ ဖြစ်ပါတယ်။ ဘာလို့ဆို သတိမဂ္ဂင်နဲ့ပြည့်စုံတာနဲ့ ကျန် မဂ္ဂင် ခုနစ်ပါးက အလိုလိုပြည့်စုံသွားလို့ပါ။ ဥပမာ - ဈေးသည်ဟာ ဝယ်သူရောက်လာတာနဲ့ သူ့ကိုယ်သူ သတိလေးကပ်လိုက်တယ်ဆိုရင် သူ့စိတ်ထဲမှာ ဈေးတင်ရောင်းချင်တဲ့ လောဘစိတ်ကလေး ဖြစ်လာတာကိုလည်း သိတယ်၊ ပျက်သွားတာကိုလည်း သိတယ်။ ဒါကြောင့် မမြဲပါလားလို့ သိလိုက်တယ် (သမ္မာဒိဋ္ဌိ)။ သမ္မာဒိဋ္ဌိဖြစ်တယ်ဆိုတာ စိတ်တည်ကြည်မှု မပါဘဲ မဖြစ်ဘူး (သမ္မာသမာဓိ)။ သမာဓိဆိုတာလည်း သတိရှိနေခြင်း၊ သတိရှိနေအောင် ကြောင့်ကြစိုက်ထားခြင်း (သမ္မာသတိနဲ့ သမ္မာဝါယာမ) မပါဘဲ မဖြစ်ဘူး။ လောဘစိတ်ကလေး ပေါ်လာတာကို သိတဲ့အတွက် ‘မတန်တဆ တင်မရောင်းသင့်ပါဘူးလေ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တားမြစ်လိုက်တဲ့ သဘောလည်း ပါလာတယ် (သင်္ကပ္ပ)။ လိမ်မရောင်းတော့ဘဲ ဈေးမှန်ကိုပဲ ပြောရောင်းတယ်၊ ချိုချိုသာသာပြောရောင်းတယ် (သမ္မာဝါစာ နဲ့ သမ္မာအာဇီဝ)။ အဲသလို ကာယကံမြောက် မှန်မှန်ကန်ကန် ရောင်းလိုက်တာကိုက သမ္မာကမ္မန္တ။ 

အဲဒီတော့ ဈေးထရောင်းတဲ့ တစ်ဒင်္ဂ၊ တစ်ခဏမှာကိုပဲ သတိကပ်ထားတဲ့ဈေးရောင်းသူဟာ မဂ္ဂင်ရှစ်ပါး စလုံး ပြည့်စုံသွားပါရော။ ဒါ ဈေးရောင်းတာနဲ့ပဲ ဥပမာပေးတာပါ။ အိပ်ပျော်မနေတဲ့ တစ်ချိန်လုံးမှာ လူဟာ နေရာတိုင်းမှာ ခုနကလို မဂ္ဂင်ရှစ်ပါးလုံးပါအောင် ကျင့်လို့ရပါတယ်။ အလေ့အကျင့် အားမကောင်းသေးခင်မှာ မဂ္ဂင်တွေအကုန် မပါသေးဘူးပေါ့။ လွတ်တဲ့အခါလွတ်လိုက်၊ မိတဲ့အခါမိလိုက်ပေါ့။ တဖြည်းဖြည်းနဲ့ ထူးပြီး အားစိုက်စရာမလိုတော့ဘဲ အချိန်တိုင်းမှာ သတိကပ်ပြီးသားဖြစ်လာမယ်။ သတိကပ်နေသမျှ မဂ္ဂင်တွေ ဖြစ်နေမယ်။ အဲဒီထဲကမှ အဓိကအကျဆုံးဖြစ်တဲ့ သမ္မာဒိဋ္ဌိဟာ ပိုအောင်းကောင်းလာမယ်။ ဘောလုံးသမား ဥပမာပေးရရင် ဆွဲပြေး၊ လိမ်ခေါက်၊ လှည့်စား၊ ကန်သွင်းဆိုတဲ့ အဆင့်ဆင့်မှာ ဆွဲပြေးတာလည်းရပြီ၊ လိမ်ခေါက်တာတွေလည်း ရနေပြီ၊ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ ဂိုးသွင်းတာလေးမှာပဲ နည်းနည်း လွဲနေဦးမယ်။ ကျင့်ရင်းကျင့်ရင်းနဲ့ နောက်ဆုံး ဒိုင်းခနဲ ဂိုးဝင်သွားမယ်။ အဲသလိုပဲ မဂ္ဂင်တွေပြည့်စုံနေပေမဲ့ အပြီးသတ် ဂိုးသွင်းခြင်းနဲ့တူတဲ့ သမ္မာဒိဋ္ဌိဟာ ဆုံးခန်းတိုင်ဖို့လိုသေးတယ်။ ဘာလို့ဆို သူ့မှာက အဆင့် ၁၆ ဆင့်ရှိတာကိုး။ ခုနက ဥပမာမှာ လောဘစိတ်ကလေး ပေါ်လာတာကိုလည်း သိတယ်၊ ပျက်သွားတာကိုလည်း သိတယ်ဆိုတဲ့ (အဖြစ်အပျက်ကိုမြင်တဲ့) ပထမအဆင့်ကနေ မဂ်ဉာဏ်ဆိုတဲ့ ဂိုးဝင်သွားတဲ့အဆင့်အထိက အားလုံးရင့်ကျက်ဖို့လိုတာကိုး။ 

သမ္မာဒိဋ္ဌိဟာ ဉာဏ်စဉ်မြင့်တက်သွားပြီး နောက်ဆုံး ဖြစ်ခြင်းနဲ့ ပျက်ခြင်းတို့သာရှိတဲ့ လောကကို အာရုံမပြုတော့ဘဲ လောကရဲ့အလွန် (ပရမတ္ထ) ဖြစ်တဲ့ နိဗ္ဗာန်ကို မြင်တယ်။ ဒါဆိုရင်တော့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ဟာ လုံးဝပြီးပြည့်စုံသွားပြီး  အဲဒီလူဟာ နိရောဓသစ္စာနယ်ထဲ ရောက်သွားပါတော့တယ်။ 

အားလုံး ဝါဆိုလပြည့်နေ့မှာ မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံနိုင်ကြပါစေ။

အပိုင်း (၁) - https://waiyanhpone.blogspot.com/2023/08/blog-post.html 


Comments

  1. သိပ် နှစ် သက် တဲ့ စာ တ ပုဒ် ပါ။

    ReplyDelete
  2. Thanks for the post. လွန်ခဲ့တဲ့ နှစ်နှစ်က ပို့စ်ကိုပြန်ရှာနေတာ မတွေ့ဘူးဖြစ်နေလို့

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...