လွန်ခဲ့တဲ့ နှစ်နှစ်က ‘ ဝါဆိုလပြည့်နေ့အတွေးများ ’ ဆိုပြီး ရေးခဲ့ဖူးတော့ ခုတစ်ခါရေးတာက အပိုင်း (၂) ပဲ ဆိုကြပါစို့။ အများသူငါက ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာ ဒေသနာကို အကျဉ်းချုပ်ပြန်ရေးကြတာ လုပ်ကြပေမဲ့ ကျွန်တော်ကတော့ ဓမ္မစကြာထဲက အချက်အချို့ကို အမြင်တစ်မျိုးနဲ့ ပြန်ကြည့်ချင်တယ်။ (၁) ပထမအချက်က မဇ္ဈိမပဋိပဒါလို့ လူသိများကြတဲ့ အလယ်အလတ်လမ်း၊ အစွန်းမရောက်တဲ့လမ်း ဆိုတဲ့ ဟောကြားချက်ပါ။ သိပြီးဖြစ်တဲ့အတိုင်း ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးကို တရားဟောတော့ “ဒွေ မေ ဘိက္ခဝေ အန္တာ ...” အစချီပြီး ဟောပါတယ်။ ရဟန်းတို့၊ လောကမှာ အစွန်းနှစ်ပါးရှိတယ်။ တစ်ပါးက ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ခံစားတဲ့လမ်း)၊ တစ်ပါးက အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲတဲ့လမ်း)။ သစ္စာတရားရှာဖွေသူတွေဟာ အဲဒီ အစွန်းနှစ်ပါးစလုံးကို ရှောင်တယ် (ရှောင်ရမယ်) လို့ ဆိုတယ်။ ကာမဂုဏ် ခံစားနေခြင်းဖြင့် သို့မဟုတ် ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင် နှိပ်စက်နေခြင်းဖြင့် ဓမ္မဉာဏ်အလင်းကို မသိနိုင်ဘူး။ ဒါ အားလုံးသိပြီးသားအပိုင်း။ အဲဒီမှာ ကျွန်တော်တို့က အဲဒီလမ်းနှစ်သွယ်ကို ‘အစွန်း နှစ်ပါး’ ရယ်လို့ သိထားကြတယ်။ ဒါကလည်း ပါဠိ ‘အန္တာ’ ကို မြန်မာလို ‘အစွန်း’ အင်...