မရည်ရွယ်ဘဲ အလှပြမိသူ မိဖုရား ဘုရင့်မယားမှ ဘုရင့်မယားဆိုတဲ့ ဈာန်လျှောရသေ့ ခွင့်လွှတ်ဖို့မမေ့တဲ့ မင်းဧကရာဇ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာတော့ ချစ်ခန်းကြိုက်ခန်းတွေဟာ တရားလက်လွတ်တွေ မဖြစ်ခဲ့ကြဘူး။ ပညာရှိမုဒုလက္ခဏဟာ ရသေ့လူထွက်ကို မမှားစေချင်ခဲ့ဘူး။ “ရသေ့ကြီး၊ သတိဝင်စမ်းပါ၊ ခု ဘယ့်ကလောက် ပင်ပန်းရပြီလဲ၊ ဒါတောင် အစပဲရှိသေးတာ။” ရသေ့ကြီးရဲ့ မုတ်ဆိတ်ကို ဆွဲပြီး မိဖုရားဟာ သတိပေးရှာတယ်။ အချိန်တန်တော့လည်း ပိုနေမြဲကျားနေမြဲ။ ရသေ့ဟာ သံဝေဂနဲ့အတူ ဈာန်ကိုပြန်ရတယ်။ မုဒုလက္ခဏက မိဖုရားရာထူးကို ပြန်ရတယ်။ မင်းဧကရာဇ်က သူ့တောင်ညာစံမဟေသီကို ပြန်ရတယ်။ အလောင်းတော်တွေဟာ လှပတဲ့ဇာတ်တစ်ပုဒ်ကို အစအလယ်အဆုံး အကောင်းဆုံးသရုပ်ဖော်ခဲ့ကြတယ်။ သူတို့ဟာ သတိမြဲခဲ့ကြတယ်။ #waiyanhponepoetry