Skip to main content

နှင်းဆီနီရောင် နန်းမြို့ရိုးနှင့် မန်းမြို့နေပြည်


“ရွှေမန်းဆီသို့ ... တစ်ခါတစ်ခေါက်ဖြင့် ရောက်စေချင်သည်။ ကျုံးတော်ပတ်လည် ပြမြို့ရိုး၊ ပြအိုးပစ္စင်၊ ကာရံကာအတည်၊ မြန်မာစံဌာနီ၊ သာယာပါပေ့သည်၊ ရေရိပ်ရေအောက်ဆီ၊ နေခြည်ဟပ်ကာ၊ အလွန် ပနံရလှသည်”

ကျွန်တော့်နှုတ်က အထက်ပါသီချင်း စာသားအား ခပ်တိုးတိုးညည်းဆိုမိလျက်သားဖြစ်နေသည်။ တစ်ခုသော ဆောင်းအခါကာလ မန္တလေးမြို့သို့ ကျကျနန ရောက်စဉ်က ဖြစ်ပါသည်။ မြို့ကိုဝိုင်းပတ် ကာရံထားသည့် အရာများဖြစ်သော အရှေ့ဘက်ရှိမှိုင်းညို့ညို့ ရှမ်းရိုးမ တောင်တန်းကြီးများ၊ မြောက်ဘက်နားရှိမန္တလေးတောင်တော်၊ အနောက်ဘက်ရှိ စစ်ကိုင်းတောင်တန်းကြီးနှင့် တသွင်သွင်စီးဆင်းနေသော မြစ်ကြီးဧရာတို့ကြားမှ ကဗျာဆန်၊ စာဆန်လှသည့် ရွှေမန္တလေး၏အလှက ကျွန်တော့်ကို ဖမ်းစားသွားသည်။

မန္တလေးကို စာဆိုတို့ ဖွဲ့ခဲ့ကြသည်။ မွှမ်းခဲ့ကြသည်။ ကျွန်တော် သည် မန်းမြို့ဖွဲ့သီချင်းများ၊ ကဗျာများ၊ စာများကိုဖတ်၍ “ဟုတ်ပါ့မလား”ဟု တွေးကြည့်ခဲ့ဖူးသည်။ သံသယ ဖြစ်ခဲ့ဖူးသည်။ အခု ကိုယ်တိုင်တွေ့ပြီ။ သူတို့ အကဲမပိုကြမှန်း၊ ကျွန်တော်ကသာ “လို” သွားခဲ့မှန်း ကျွန်တော်သိခဲ့ပြီ။

ကျွန်တော်သည် ယခုမှ မြန်မာပြည်သို့ နဖူးတွေ့ဒူးတွေ့စရောက်ဖူးသူတစ်ဦးနှယ် ဖြစ်နေပါ၏။ ဆိုင်ကယ်ကိုကျွမ်းကျင်စွာ မောင်းနှင်သွားကြသော အမျိုးသမီးများ၊ လူမပြည့်တတ်သော ဘတ်စ်ကားအိုကြီး များ၊ စတုရန်းကွက်ကျကျ ဖောက်လုပ်ထားသည့် သန့်ရှင်းသောလမ်းများ ... မြင်မြင်သမျှသည် စိတ်ဝင်စားစရာချည်းဖြစ်နေသည်။ “ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ချမ်းမြသာစည်” စသည်ဖြင့် အရပ်နာမည်များကလည်း မဟာဆန်လှသည်။ မြို့သူမြို့သားများ၏ ပုံစံကအေးဆေးသည်။ သူတို့ပြောသည့် မြန်မာစကားက တစ်မျိုးချစ်စရာကောင်းသည်။ အကဲပိုလှသည့် မန္တလေးဆောင်းကို ကြံ့ကြံ့ခံနေနိုင်ကြသည့် မန်းသူမန်းသားများကြားတွင် ကျွန်တော်သည်သာ ချမ်းလွန်းသဖြင့် အချုပ်တန်းဆရာဖေ၏ ကဗျာထဲကလို “မန်းတုန်အောင် လမ်းဆုံကဟစ်” ချင်နေမိသည်။ 

မန္တလေးနှင့်ပတ်သက်သည့် ဒဏ္ဍာရီတစ်ခုမှာ ဗုဒ္ဓမြတ်စွာသက်ရှိထင်ရှားရှိစဉ်က မန္တလေးအရပ်သို့ ဒေသစာရီကြွချီခဲ့စဉ် ယခု မန္တလေးတောင်ထက်၌ ဘီလူးမတစ်ကောင်က မိမိ၏အသားကိုဖြတ်၍ ဆက်ကပ်လှူဒါန်းဖူးသည်ဆို၏။ ဗုဒ္ဓမြတ်စွာသည် နောက်တစ်ချိန် ဤမန်းတောင်ခြေ၌ ကြီးကျယ် ခမ်းနားသော နေပြည်တော်ကြီးတစ်ခု ပေါ်ထွက်လာသည့်အခါ အဆိုပါဘီလူးမသည် ထိုမြို့ကို တည်သူဖြစ်မည်ဟု ဗျာဒိတ်ထားသည်ဟု ဆိုပါသည်။

ဤဒဏ္ဍာရီမှန်သည်မမှန်သည် မသိရသော်ငြား ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူ၍ နှစ်ပေါင်း ၂၄၀၀ တင်းတင်းပြည့်ချိန်တွင် မန္တလေးတောင်ခြေ၍ မင်းနေပြည်တော်ကြီးတစ်ခု အမှန်တကယ် ပေါ်ထွန်းလာခဲ့သည်။ ဒုတိယစစ်ပွဲတွင် အင်္ဂလိပ်တို့ကို စစ်ရှုံးခဲ့ရသည့်မင်းတုန်းမင်းသည် သူ၏မင်းနေပြည် တော်ဟောင်း အမရပူရကို နှစ်သက်တော် မမူတော့ချေ။ အမရပူရသည် ရှုံးနိမ့်ခြင်း၊ ကျဆုံးခြင်းတို့ဖြင့် ပြည့်နေ၏။ ဆွေးမြည့်စရာများနှင့် အတိဖြစ်နေ၏။ မင်းတုန်းမင်းသည် အင်္ဂလိပ်တို့အားစစ်ရှုံးခဲ့ရသည့် ဖြစ်ရပ်ကို မေ့ပစ်ချင်ဟန်ရှိသည်။ မင်းတုန်းမင်းသည် အဟောင်းတို့ကို ငြီးငွေ့လှပြီ။ ဤသို့ဖြင့် ကောဇာသက္ကရာဇ် ၁၂၁၉ (ခရစ် ၁၈၅၇) ခုနှစ်တွင် ရှမ်းရိုးမတောင်တန်းနှင့် ဧရာဝတီမြစ်အကြား၊ ပေ ၇၉၀ မြင့်သည့် မန္တလေးတောင်ခြေရှိ “စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးသော” မြေပြင်ရှိရာအရပ်တွင် ပါဠိစကား “ရတနာပူရ” မှဆင်းသက်လာသည့် “ရတနာပုံ” ဟူသော အမည်ဖြင့် နန်းမြို့သစ်တည်လေသည်။

“ရတနာမြို့” ဟု အဓိပ္ပာယ်လာသည့်အတိုင်း မန္တလေးနေပြည်သည် ရတနာများစုဝေးနေသည့် မြို့တစ်ခုနှင့် တူလေသည်။ ပထမဦးဆုံး ကျွန်တော် မြင်ခဲ့ရသည့်ရတနာကတော့ မန္တလေးတောင်ခြေမှာရှိသည့် ဂင်းနစ်မှတ်တမ်းဝင် “ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး” ရှိရာ ကုသိုလ်တော်ဘုရားကြီးပင်တည်း။ “ဗုဒ္ဓသာသနာကို ကမ္ဘာတည်သရွေ့ တည်တံ့စေချင်သည်”ဟု ဆိုသည့် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးသည် ဗုဒ္ဓမြတ်စွာ၏ ပိဋကတ်သုံးပုံကို ကျောက်ချပ်ရေ ၇၂၉ ချပ်ပေါ်တွင် ထွင်းထု၍ ဘုရားဝင်းအတွင်း စိုက်ထူထားရှိခဲ့သည်။ ကျောက်စာချပ်များစိုက်ထူထားသည့် အတန်းတစ်တန်းနှင့် တစ်တန်းကြားရှိ လူသွားလမ်းအတိုင်း လျှောက်ရင်း မင်းတုန်းမင်း၏မဟာကုသိုလ်ကို ကျွန်တော် အံ့ဩချီးကျူး မိရသည်။

ထိုမှတစ်ဆင့် တောင်ခြေမှာပင်ရှိသည့် အတုမရှိကျောင်းကြီးသို့ ဆက်သည်။ အတုမရှိကျောင်းသည် မင်းတုန်းမင်း၏ “ကုသိုလ်တော် ခုနစ်ပါး”တွင် တစ်ပါးအပါအဝင်ဖြစ်၏။ ၁၈၅၇ ခုနှစ်တွင် မန္တလေး နန်းမြို့နှင့်တစ်ပြိုင်နက် ပန္နက်ချခဲ့သည့် အဆောက်အဦးတစ်ခု ဖြစ်သည်။ ကျွန်တော်မြင်ရသည်က အသစ်ပြန်ဆောက်ထားသည့် အတုမရှိဖြစ်သည်။ မူလက ကျွန်းသားတိုင်လုံးများ၊ သစ်သားပန်းပု လက်ရာများနှင့် အံ့မခန်းရှိလှသည်ဟုဆိုသည့် မူရင်း အတုမရှိကျောင်းတော်သည် ၁၈၉၀ ပြည့်နှစ်တွင် မီးလောင်ပျက်စီးခဲ့ရာ ကျွန်းလုံးတိုင်ငုတ်တိုများ၊ မုခ်ဦးလှေကားနှင့် တိုင်လုံးအတန်းအချို့သာ ကျန်ရစ်တော့သည်။

အတုမရှိနှင့် ဝင်းတစ်ခုသာခြားသည့် နေရာတွင်ရှိသည်က “ရွှေနန်းတော်ကျောင်း” ခေါ် “ရွှေကျောင်းတော်”။ “ရွှေကျောင်းတော်”ဟု ခေါ်ဆိုသော်ငြား ကျောင်းမျက်နှာပြင် အပြင်ဘက်တွင် ရွှေများမရှိတော့ပါ။ မန္တလေးနန်းတော်ကြီး၏ တစ်ခုတည်းသာကျန်ရှိသည့် အဆောင်တစ်ခု ဖြစ်သည့် ထိုအဆောက်အဦးသည် မူလက မင်းတုန်းမင်းနတ်ရွာစံခဲ့သည့်အခန်းဖြစ်ပြီး သားတော် သီပေါမင်းက ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းခဲ့သည်။ ကံအားလျော်စွာပင် ဒုတိယကမ္ဘာစစ်အတွင်း မန္တလေးနန်းတော်မီးလောင်သည့်အခါ ၎င်းမှာ မီးဘေးလွတ်ရာတွင်ကျန်ရစ်ခဲ့သည်။

ညနေ နေဝင်ရီတရောတွင် မန္တလေးတောင်ပေါ်သို့ ကျွန်တော် တက်ခဲ့သည်။

“ကြည့်စမ်းပါဦး ဖဲင်နီရယ်၊ ဘယ်လောက် လှသလဲ။ မိစ္ဆာနတ်ဆိုးက အဘဘုရားသခင်ကို တောင်ထိပ်ခေါ်သွားပြီး လောကတစ်ခွင်မှာရှိတဲ့ဘုံဗိမာန်တွေကို ပြတယ် ဆိုတာ ဒီလိုနေမှာပဲနော်”

၁၉ ရာစုနှစ် အင်္ဂလိပ်စာရေးဆရာမ တင်နီဆီ ဂျက်ဆီ၏ The Lacquer Lady (ဆရာမြသန်းတင့် က “ချစ်သောယွန်းခင်ခင်”အမည်ဖြင့် ဘာသာပြန်ထား) ဝတ္ထုပါ ဇာတ်ကောင် အဂ္ဂါသာ၏ စကားသည် နေဝင်ဖျိုးဖျ ရွှေမြို့တော်အလှကို မန္တလေး တောင်ထက်မှရှုစားနေသော ကျွန်တော်၏ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာလေသည်။ ထိုစာအုပ်ကို ဖတ်ဖူးသူတိုင်း အထက်ပါစာသားကို သတိရပါလိမ့်မည်။ စာရေးဆရာသည် မန္တလေးကိုမမြင်ဖူးဘဲ၊ တကယ်မခံစားဘဲ ရေးခဲ့ခြင်းမဖြစ်တန်ရာ။ ကျွန်တော်သည် စစ်ကိုင်းတောင် တန်းကြီးများနောက်တွင် ငုပ်လျှိုးကွယ် ပျောက်တော့မည့် နေမင်းကြီး၏ ဆည်းဆာနေခြည်အောက်မှ မီးရောင်တလက်လက်နှင့် ခေတ်သစ်မန္တလေးကိုမမြင်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က နှင်းဆီနီရောင်နန်းမြို့ရိုး၊ ရွှေရောင်နန်း ပြာသာဒ်များ၊ ဟင်္သပြဒါးသုတ်နန်းဆောင်များ၊ ဘုံခုနစ်ဆင့်ပြာသာဒ်၊ အတုမရှိ ကျောင်းတော်ကြီး စသည်တို့နှင့် “နေခြည်ဟပ်ကာအလွန်ပနံရ” နေမည့် မန္တလေးကိုသာ မြင်ယောင်နေမိသည်။

နောက်တစ်နေ့တွင် နန်းမြို့တွင်းသို့ သွားကြည့်ပါသည်။ ကျုံးရေပြင်သည် မြစိမ်းရောင်ထနေ၏။ ငွားငွားစွင့်စွင့်ပွင့်နေသည့် ကြာပန်းများ၊ ပြည်ကြီးမွန်ဖောင်တော်တို့နှင့် တစ်ခါက ကျုံးရေသည် မည်မျှ ခန့်ညားလိုက်မည်နည်း။ ကျွန်တော်သည် နီကျံနေ သည့် နန်းမြို့ရိုးမြင့်မြင့်ကို ဖြတ်ကျော်ခဲ့ကာ နန်းမြို့ထဲ လျှောက်လာခဲ့၏။ သွားရင်း မန္တလေးက၏အတိတ်ဖြစ်ရပ်များသည် ကျွန်တော့်အာရုံတွင် အစီအရီ ပြန်ပေါ်လာကြသည်။ နန်းမြို့ကိုနဂိုအတိုင်းကြည့်ချင် မြင်ချင်စိတ်ပေါ်လာမိသည်။ စွမ်းနိုင်သူ တစ်ယောက်ယောက်ကများ ဖန်ဆင်းပြမည်ဆိုလျှင် ကောင်းလေစွဟု တောင့်တမိသည်။ သို့သော်လည်း မဖြစ်နိုင်တော့ပြီ။ ဒါတွေသည် အတိတ်မှာ ကျန်ခဲ့ပြီ။

ကျွန်တော်သည် ၂၁ ရာစုနန်းတော်ကြီးထဲ၌ ၁၉ ရာစုမြနန်းစံကျော်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ ဤနန်းတော်ကြီး၏ ညီလာခံခန်းမအတွင်း စုဖုရားလတ်သည် စစ်ကိုရှောင်လွှဲရန်ပြောသည့် ကင်းဝန်မင်းအား အရှက်ရစေခဲ့ဖူး၏။ ထိုမိဖုရားသည်ပင် စစ်ရှုံးသည့်ခဏ နန်းမြင့်မျှော်စင်ပေါ်တက်၍ အင်္ဂလိပ်စစ်သင်္ဘောများ ဂေါဝိန်ဆိပ်တွင် ကပ်နေသည်ကိုကြည့်ရင်း ငိုကြွေးခဲ့၏။ နန်းရှေ့က အမြောက်ကြီးများမှာလည်း အသံတိတ်နေခဲ့၏။ နန်းတော်တွင်းက အယူဝါဒရေးရာ အကွဲအပြဲများ၊ ခေါင်းဆောင်ကောင်းကင်းမဲ့မှုများက ကျွန်အဖြစ်ရောက်အောင် တွန်းပို့ခဲ့လေသည်။

ကျွန်တော်သည် စိတ်နှလုံးကောင်းသည့် သာသနာ့ဒါယကာမင်းတုန်းမင်း၊ နန်းတော်ကို ချယ်လှယ်လိုသူ ဆင်ဖြူမရှင်၊ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူ ကင်းဝန်မင်းကြီး၊ အမြင်ကျဉ်း၍ရက်စက်သူဟု နာမည်ကြီးသည့် တိုင်တား၊ ဓားထက်သူစုဖုရားနှင့် သိမ်မွေ့အေးဆေးသည့် သီပေါမင်းတို့၏ ရုပ်ပုံလွှာတို့ကို အပြေးအလွှား ရှာဖွေနေမိလေသည်။ မင်းတုန်းမင်း၏ “လက်ထက်တော်ကြီး” အခါက ကြက်ပျံမကျစည်ကားခဲ့ သောနေ့ရက်များ၊ သီပေါမင်းနန်းတက်စ မင်းညီမင်းသားများအား သုတ်သင်သတ်ဖြတ်မှု၊ အရှင်နှစ်ပါး ပျော်ရွှင်စွာဖြင့် နန်းတော်ကြီးထက် စံမြန်းကြပုံများ၊ ပါတော်မူဖြစ်ရပ်များ စသဖြင့် ငှက်ခါးပျံသလို နိမ့်ချည်မြင့်ချည်၊ အတက်အကျများနှင့် မန္တလေး၏အတိတ်က လွမ်းမောဖွယ်၊ ထိတ်လန့်ဖွယ်၊ သံဝေဂရဖွယ် တို့သည် ကျွန်တော့် အာရုံတံခါးကို တရစပ်ခေါက်လျက် ရှိလေသည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြနန်းစံကျော်နန်းတော်သည် ရန်သူများအား အမြောက်တစ်ချက်မှ မဖောက်လိုက်ရဘဲ အရှုံးပေးခဲ့ရ၏။ ညီလာခံခန်းမသည် အင်္ဂလိပ်တို့ဘုရားဝတ်ပြုခန်းဖြစ်ခဲ့ရ၏။ စုဖုရားလတ်၏ စက်ရာခန်းသည် အင်္ဂလိပ်တို့ညကလပ်ဖြစ်ခဲ့ရ၏။ စစ်အတွင်းမှာတော့ ဝမ်းနည်းစရာ မီးလောင်ပျက်စီးခဲ့ရပါသည်။

နာမည်ကျော် ဂေါဝိန်ဆိပ်ကိုရောက်တော့ နေအတော်စောင်းပြီ။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ဒီအချိန်၊ ဒီနေရာ၌ ဘယ်တော့မှပြန်မလာသော သွားခြင်းဖြင့်သွားခဲ့ကြသူနှစ်ဦးရှိသည်။

“အင်္ဂလိပ်အရာရှိက အရှင်နှစ်ပါးအား ကုန်းဘောင်ပေါ်တက်ရန် အချက်ပြ၏။ သို့ရာတွင် ဘုရင်မှာ တုံ့ဆိုင်းနေပါသည်။ သူ့နိုင်ငံ၊ သူ့မြေပေါ်မှ ခြေနုတ်ရမည်ကို ဝန်လေးနေဟန် ရှိပါသည် ... ဤတွင် မိဖုရားခေါင်ကြီးသည် စိတ်မရှည်သည့် အလား ဘုရင့်လက်ကိုဆွဲ၍ ကုန်းဘောင် ပေါ်တက်သွားသည်။ ကြောက်ရွံ့နေသော ကလေးငယ်ကို မိခင်က လက်ဆွဲခေါ်သကဲ့သို့တည်း” ဟု အင်္ဂလိပ်စာရေးဆရာ ဖီးလ်ဒင်း ဟောလ် (Fielding Hall) က သူ၏ ၁၉၀၅ ခုနှစ်ထုတ် Soul of a People (လူမျိုးတစ်မျိုး၏ဝိဉာဉ်) အမည်ရှိစာအုပ်တွင် ရေးပြပါသည်။

မန္တလေးသည် တဖြည်းဖြည်း ခေတ်မီ တိုးတက်လာကာ မြို့ပြအသွင်ပို၍ ဆန်လာနေပါသည်။ လူမှုစီးပွားရေးပုံသဏ္ဌာန်များ ပြောင်းလဲနေသော်ငြား မန္တလေးကပေးသော ရသများသည် မပြောင်းမလဲ တည်ရှိနေလိမ့်ဦးမည်ဟု ထင်ပါသည်။ တောင်သမန်ရွှေအင်းမှာ ဆော်သည့် လေညင်းသည် လည်းကောင်း၊ ဘိုးတော်ဘုရား၏ ပြီးပြတ်အောင် မတည်လိုက်ရသည့် မင်းကွန်းပုထိုးတော်ကြီးနှင့် အသံမြည်သမျှ ခေါင်းလောင်းများထဲတွင် ကမ္ဘာ့အကြီးဆုံးမင်းကွန်းခေါင်းလောင်းသည်လည်းကောင်း၊ ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သဖြင့် ဂင်းနစ်မှတ် တမ်းဝင်ခဲ့သည့် မင်းကွန်းဆရာတော်ကြီးသည်လည်းကောင်း၊ စစ်ကိုင်းနှင့်အမရပူရရှိ ရှေးလက်ရာအမွန်အမြတ် စေတီကျောင်းကန် ဘုရားများသည် လည်းကောင်း မန္တလေး၏ ထူးခြားသည့် ဝိသေသလက္ခဏာများ၊ မန္တလေးသို့ရောက်တိုင်း မပျက်မကွက်ခံစားရမည့် ရသများပင် မဟုတ်ပါလား။

“မန္တလေး” ကို တချို့က “မဏ္ဍလ” ဆိုသည့်စကားမှ ဆင်းသက်သည်၊ အဓိပ္ပာယ်က “ပျံ့ပျူးသာယာသောမြေ” ဟု ဆိုကြသည်။ “ကျက်သရေရှိသော” ဟု အဓိပ္ပာယ်ရသည့် “မန္ဓရ”မှ လာသည်ဟုလည်း အဆိုရှိကြသည်။ ကျွန်တော်ကတော့ “ကျက်သရေရှိသော” ဆိုသည့်အဓိပ္ပာယ်ကို ပိုမိုနှစ်သက်မိ၏။ မန္တလေးက ကျက်သရေရှိသည်။ မဟာဆန်သည်။ မြန်မာပီသသည်။ ရန်ကုန်က ခေတ်ဆန်ချင်သည့် ကလေးမတစ်ဦးနှင့် တူပြီး မန္တလေးက ဣန္ဒြေရှင် ဗိုင်းကောင်းကျောက်ဖိ လုံမပျိုကလေးနှင့်တူပါသည်။ ရန်ကုန်သည် ကြီးကျယ်၏။ သို့သော် မန္တလေးလိုတော့ မခမ်းနားမတင့်တယ်ပါ။ ကျွန်တော် မန္တလေးကို ချစ်သည်။ တောတောင်သဘာ၀ ကောင်းခြင်းနှင့် မြန်မာ့ယဉ်ကျေးမှု ဗဟိုဌာနဖြစ်ခြင်းတို့ကြောင့် မည်သို့သော အားနည်းချက်များရှိစေ မန္တလေးကို သဘောကျမိသည်။ 

ကျွန်တော်၏အားလပ်ရက်များကုန်ဆုံးချိန်မှာတော့ ရတနာပုံမန္တလေးကို လက်ပြနှုတ်ဆက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားဆဲ ဖြစ်သောမန္တလေးကို နောင်တွင်လည်း ဆက်ပြီး တတ်နိုင်သမျှ ထိန်းသိမ်းထားစေချင်၏။ အရာရာပြောင်းလဲတတ်သော လောကတွင် မပြောင်းလဲသော မန္တလေးကို သာမြင်ချင်ပါသည်။ ခေတ်ရေစီးထဲ ကတိုက်ကရိုက် မျောပါသွားသော မန္တလေးကိုတော့ မမြင်လိုပါ။ မန္တလေးသည် မြန်မာတို့၏ ထာဝရ အသည်းနှလုံးဖြစ်နေစေရန်သာ ကျွန်တော် ဆန္ဒရှိပါသည်။


မြန်မာတိုင်း(မ်)ဂျာနယ်။ အမှတ် ၂၆၈။ ၂၀၀၆ ခုနှစ် ဇူလိုင်လ။

Comments

  1. Ba Gyi,

    Thank you very much for this article and your wishes for Burmese people and Mandalay.

    ReplyDelete
  2. ဒီဆောင်းပါးကို ဖတ်ပြီး ချက်ချင်း ထပ်သွားချင်စိတ်ပေါက်မိတယ်...ငါတို့နိုင်ငံမှာ ဒါမျိုးတွေရှိခဲ့တယ်...ရှိနေတယ် လို့လည်း ဂုဏ်ယူမိပါတယ်...အရေးသားကောင်းလို့ ကိုယ်တိုင်သွားနေရသလို ခံစားရတယ်...
    တအားကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ....

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မယ်လွင့်၏ဝတ္ထုတပုဒ်တွင်တွေ့ရသော အပြာနှင့် အနုပညာကြားမှ နယ်ခြားမျဉ်း

မယ်လွင့်ဆိုတဲ့ အမျိုးသမီးကလောင် လူငယ်စာဖတ်ပရိသတ်ကြားမှာ နာမည်အတော်ကြီးပေမဲ့ တော်တော်နဲ့ မဖတ်ဖူးခဲ့ပါဘူး။ ကိုဉာဏ်လင်းအောင်ရဲ့ ‘ငါတို့ခေတ် ငါတို့အသံ’ အင်တာဗျူးမှာ မယ်လွင့်နဲ့အမေးအဖြေကို ဖတ်ပြီးတဲ့နောက်မှ သူ့စာအုပ်တွေ ရသလောက် ရှာဖွေပြီး ဖတ်ရှုဖြစ်ပါတယ်။ ခုဆိုရင် Psychopath ကလွဲရင် ကျန်တာ အားလုံးဖတ်ပြီးပြီလို့ ဆိုရပါမယ်။  ခုစာစုက မယ်လွင့် စာပေဝေဖန်ရေးမဟုတ်သလို မယ်လွင့် ပရိုမိုးရှင်းလည်း မဟုတ်ဘူးဆိုတာ ကြိုတင် စကားခံချင်ပါတယ်။ သူ့စာအုပ်တွေ အားလုံးနီးပါးဖတ်ပြီးတဲ့နောက် မယ်လွင့်ဟာ မယ်လွင့်ပါပဲ လို့ ဆိုရမလောက် မြန်မာပြည်မှာတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကိုယ်ပိုင်ဟန်၊ သူ့ကိုယ်ပိုင် identity တခုကို တည်ဆောက်ပြီးတဲ့ စာရေးဆရာမဆိုတာ သူ့ပရိသတ်တွေရော၊ လေ့လာဖတ်ရှုဖူးသူတွေပါ လက်ခံမယ်ဆိုတာ ယုံပါတယ်။ ခုပြောမယ့်ဟာက ကျနော့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်သာဖြစ်ပြီး စာရှုသူအနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။  ခု စာစုက မယ်လွင့်ရဲ့ Midnight Blue ဆိုတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ထဲမှာပါတဲ့ ပထမဆုံး အပုဒ် ‘ဟိုဘက်ခန်းက မိန်းမ’ ဆိုတဲ့ ဝတ္ထုတိုလေး တပုဒ်ကို ဆွေးနွေးချင်လို့ပါ။ မယ်လွင့်ရဲ့ တခြား ဝတ္ထုတို/ရှည်တွေက...

ဟားခါးသို့ လေးဆယ့်ရှစ်နာရီ

မန္တလေးမုံရွာကားလမ်းမထက် ဟားခါး-မန်း မှန်လုံယာဉ်ငယ်သည် ခရီးသည် ၂၂ ဦးကို တင်ဆောင်ရင်း တအိအိပြေး လျက်ရှိသည်။ ကားတွင်ကုန်ကအပြည့်။ သွားနှုန်းကလည်း နှေးလွန်းလှသည်။ ကျွန်တော်သည် မအိပ်ချင်အောင် သတိထား၍ လမ်းဘေးဝဲယာ မြင်ကွင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့၏။ အညာရှုခင်းသည် ခြောက်သယောင်း လွန်းလှသည်။ ကားတစ်စီးလုံးတွင် ယာဉ်မောင်းနှင့် စပယ်ယာကအစ အားလုံးနီးပါး ချင်းအမျိုးသားချည်း။ ဗမာဆိုလို့ ကျွန်တော်ပါမှ လေးဦးသာ။ ခရီးသည်အားလုံးက လိပ်လိုသွားနေသည့် ကားကို စိတ်မရှည် ချင်ကြ။ ဒီပုံစံနဲ့ဆို နောက်နေ့ ဟားခါး အရောက်နောက်ကျပြီ။ ခရီးစဉ်စကတည်းက နိမိတ်ကသိပ်မကောင်း။ မြင်းမူနားမှာ ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သည်။ ယာဉ်မောင်းက အသက်ကြီးကြီး၊ အတွေ့အကြုံရှိမည့်ပုံ ဆိုပေမယ့် သူမောင်းနေပုံက သိပ်အားရချင်စရာ မကောင်း။ ချောင်းဦး-ပခုက္ကူလမ်းခွဲ ရောက်တော့ ညနေစောင်းပြီ။ ချင်းတွင်းမြစ်ကူး ဆင်ဖြူ ရှင်တံတားကိုဖြတ်ပြီး မကွေးတိုင်းကို ဝင်သည်။ နေဝင်ရီတရောမှာ တောင်ယမားသဲချောင်းကိုဖြတ်သည်။ မိုးတွင်းကျ ဒီလမ်းကမသွားဘဲ မုံရွာဘက်က ပတ်သွားသည်ဟုသိရသည်။ သို့နှင့် ကင်းဝန်မင်းကြီးဇာတိ မင်းတိုင်ပင်ရွာ၊ ပုလဲမြို့တို့ကို အသီးသီး ဖြတ်ကျော...

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး

ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။) ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလ...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...