ကျနော်ငယ်ငယ်တုန်းက အိမ်မှာ တီဗီမရှိပါ။ ကြည့်ချင်လျှင် သူများအိမ်မှာ သွားကြည့်ရသည်။ ၁၉၈၀ နှင့် ၉၀ အစောပိုင်းကာလများတုန်းက အိမ်တိုင်းမှာ တီဗီမရှိကြသေး။ ထို့ကြောင့် ရပ်ကွက်ထဲက တီဗီရှိသည့် အိမ်တစ်အိမ်အိမ်မှာ စုပြီးကြည့်ကြသည်။ ကြည့်စရာ ရုပ်သံလိုင်း ကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွှင့်ရုံက ထုတ်လွှင့်သော တစ်ခုတည်းသော မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်သာ ရှိသည်မို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြတာကို ကြည့်ရုံ။ ကျနော်တို့တွင် ရွေးချယ်စရာ မရှိခဲ့။ အထူးသဖြင့် စနေ၊ တနင်္ဂနွေနှင့် ပိတ်ရက်ရှိသောညမျိုးတွင် လူစိတ်ဝင်စားသော ရုပ်သံအစီအစဉ်များ ပြသ တတ်သဖြင့် တီဗီရှိသော အိမ်များ၌ တခြား မိသားစုများ စုရုံးနေတတ်ပုံမှာ ယနေ့ခေတ် Sky Net က ဘောလုံးပွဲပြသည့် လက်ဖက်ရည်ဆိုင်များတွင် လူများ စုရုံးနေပုံနှင့် တူသည်။ သို့သော် အနှစ်သာရတော့မတူပါ။
အိမ်တိုင်းတွင် တီဗီမရှိသောအခါ တီဗီရှိသည့်အိမ်တွင် အိမ်နီးချင်းတို့ ဆုံဖြစ်ကြသည်။ မသိသေးသူများ လည်း သိလာကြ၊ သိပြီးသူများလည်း ပိုရင်းနှီးလာကြသည်။ တစ်ခုတည်းသောကြည့်စရာကို (အစောပိုင်းကာလများ က စလောင်းလည်း သိပ်မတွင်ကျယ်သေး) အိမ်ရှင်မိသားစုများရော၊ အိမ်နီးချင်းမိသားစုများရော စုပေါင်း ထိုင်ကာ ကြည့်ရသည်မှာ ပျော်စရာကောင်းသည်။ လူများတော့ ပွဲစည်သည်။ အိမ်ရှင်များကလည်း ကိုယ့်အိမ် တီဗီလာကြည့်သည့် ဧည့်သည်များကို ရှိတာလေး ထုတ်ကျွေး၊ ရုပ်ရှင်ဇာတ်လမ်း မလာခင် လူကြီးများက အလ္လာပသလ္လာပ ပြော၊ ကလေးတွေက ဆော့၊ တချို့လည်း သတင်းပေရှည်နေလျှင် အိပ်ပျော်၊ ရုပ်ရှင် လာတော့မှ လူကြီးတွေက နှိုး။ ထိုစဉ်တုန်းက ည ၈ နာရီသတင်းတွင် သူတို့အခေါ် “လူကြီးခရီးစဉ်” များလျှင် များသလောက် သတင်းကတော်တော်နှင့် မပြီးနိုင်သည်မို့ ဗိုလ်ခင်ညွန့် ခရီးများများ မထွက်ပါစေနှင့်ဟု ဆုတောင်းရသည်။ မဟုတ်လျှင် ရုပ်ရှင်ပြချိန်က ည ၁၀ နာရီကျော်၊ ၁၁ နာရီနီးပါးဖြစ်သွားတတ်သည်ကိုး။
ကျနော် ငယ်စဉ်က တီဗီ ပုံမှန်သွားကြည့်သည့်အိမ်များမှာ တစ်ရပ်ကွက်တည်းနေ အသိအိမ်၊ အမျိုးလို နေသည့်အိမ်များဖြစ်သည်။ သောကြာညမျိုး၊ စနေညမျိုးဆို ပိတ်ရက်ခံသည်မို့ ညဘက် ထမင်း စားသောက် ပြီးသည်နှင့် တီဗီကြည့်ရအောင် မိသားစုလိုက် ချီတက်သွားကြသည်။ အိမ့်ရှင် တီဗီပိုင်မိသားစုများမှာ မိဘများ နယ်မှရန်ကုန်သို့ မပြောင်းလာခင်ကတည်းက နယ်မှာ သိကျွမ်းပြီးသား၊ နယ်မှာတုန်းက ဆွေမျိုးတွေ လို နေလာခဲ့ကြသူများဖြစ်သည်။ ရန်ကုန် ပြောင်းလာကြတော့လည်း မရှေးမနှောင်းတွေချည်း၊ နေတော့လည်း တစ်ရပ်ကွက်တည်းမို့ ဆက်ပြီး ဆွေမျိုးများလို နေကြ၊ ဝင်ထွက်သွားလာကြစမြဲ။ လူကြီးချင်းတင်မက ကလေး ချင်းလည်း ဆက်ပြီး ခင်မင်ကြ၊ ဆော့ကစားကြ၊ နှစ်အိမ့်တစ်အိမ် သွားရောက်လည်ပတ်ကြပါသည်။
ထိုအချိန်ကာလများကဆိုလျှင် ရန်ကုန်၏လူနေမှုစရိုက်သည် နယ်နှင့်ယခုလောက် မကွာခြားသေး။ ရပ်ကွက် တစ်ခုတွင် လူစိမ်း၊ လူသစ်ကနည်းပြီး အစဉ်အဆက် နေထိုင်လာကြသူက များသည်။ ကန်ထရိုက်တိုက် ဆိုတာတွေလည်း မပေါ်သေးသမို့ လုံးချင်းအိမ်များပြီး လူဦးရေနည်းသည်။ တစ်ရပ်ကွက်တည်းသားချင်း သိကျွမ်းကြသည်။ ရပ်ရေးရွာရွာရေးတွင် အတူတူဝိုင်းပါကြ၊ သာရေးနာရေးရှိလျှင် ဝိုင်းဝန်းကြသည်။ ကျနော် သည် ရန်ကုန်သားဖြစ်သော်လည်း မိဘနှစ်ဖက်စလုံးက နယ်မြို့ဇာတိများဖြစ်သည့်အပြင် ကျောင်းပိတ်တိုင်း နယ်ကို အလည်ရောက်တတ်သည်မို့ နယ်မြို့ဓလေ့စရိုက်များနှင့် မစိမ်းလှပါ။ နယ်တွင် တစ်အိမ်နှင့်တစ်အိမ် အမျိုးအဆွေလို၊ မိသားစုလို စည်းစည်းလုံးလုံး နေထိုင်ကြ၊ တစ်ခုခုဆို ဝိုင်းဝန်းကြသည် မဟုတ်လား။ တချို့ အိမ်နီးချင်းတွေဆို ခြံရှေ့ပေါက်ကတောင် ဝင်မနေတော့ဘဲ နှစ်အိမ်ကြား ခြံစည်းရိုးရှိ မလွယ်ပေါက်မှသာ ဝင်ထွက်ကြသည် မဟုတ်လား။ တစ်အိမ်မှာ လူမရှိလျှင် ဘေးအိမ်က ဝင်စောင့်ပေး၊ တစ်အိမ်က ကလေးကို တစ်အိမ်က ဝိုင်းဝန်းအုပ်ထိန်းပေး၊ တစ်အိမ်က ဟင်းတစ်ခွက်ချက်လျှင် တစ်အိမ်ကို ဟင်းကမ်းပေး တတ်ကြသည် မဟုတ်လား။ မြန်မာ့ရိုးရာ လူနေမှုဓလေ့စရိုက်သည် commune ဟုခေါ်သော မရှိအတူ ရှိအတူ ဖေးမရိုင်းပင်းနေထိုင်ကြသည့် အိမ်ထောင်စုကြီးသဖွယ် ဖြစ်သည်။
တီဗီပေါ်လာသောအခါ မြို့ကြီးပြကြီးနေ မိသားစုများသည် တီဗီကိုအကြောင်းပြု၍ တစ်အိမ်နှင့်တစ်အိမ်၊ တစ်မိသားစုနှင့်တစ်မိသားစု အလည်ရောက်ဖြစ်၊ စကားဆိုဖြစ်၊ ထိတွေ့ဆက်ဆံဖြစ်ဖို့ အကြောင်းတစ်ခု ရှိနေဆဲဖြစ်သည်။ တီဗီကြောင့် ရပ်ကွက်ထဲတွင် မိသားစုနှစ်စု စုဆုံစရာမဏ္ဍိုင်လေးတွေ ပေါ်လာကြသည်။ ထိုဓလေ့ သည် အိမ်တိုင်းနီးပါး တီဗီဝယ်နိုင်လာသည့်အခါမှာတော့ ကွယ်ပျောက်သွားပါသည်။ မတတ်နိုင်သူပင်လျှင် တီဗီအဟောင်းဈေးကွက်မှတစ်ဆင့် ဈေးပေါသည့်တီဗီများ ဝယ်ကြည့်နိုင်လာကြသည်။ ထိုအချိန်မှစပြီး ကျနော်တို့ဆီတွင် အိမ်နီးချင်းများ တစ်အိမ်နှင့်တစ်အိမ် ဝင်ထွက်သည့်နှုန်းက ကျဆင်းသွား တော့သည်။ သာရေးနာရေးရှိမှ၊ မသွားမဖြစ်သွားရမည့် ကိစ္စပေါ်လာမှသာ ရောက်ဖြစ်ကြတော့သည်။ ကျနော်တို့ အိမ်မှာလည်း တီဗီရှိလာသည့်အခါမှစပြီး ယခင် အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက် တီဗီသွားကြည့် နေကျ အိမ်များသို့ တစ်လနေလို့တစ်ကြိမ်ပင် မိသားစုလိုက် ရောက်ဖြစ်ခဲလာတော့သည်။
တစ်အိမ်ထောင်လျှင် တီဗီတစ်လုံးရှိလာတော့ အိမ်နီးနားချင်းများ စုပေါင်းပြီး တီဗီမကြည့်ဖြစ်ကြတော့ သော်လည်း တစ်မိသားစုတည်းတော့ တီဗီကြည့်ဖြစ်ကြသေးသည်။ ဟိုတုန်းက တီဗီချန်နယ်ကလည်း တစ်ခုတည်းဆိုတော့ အစီအစဉ်တစ်ခုတည်းကိုပဲ သူလည်းကြည့်၊ ငါလည်းကြည့်။ နောက်နေ့ကျ အမေကလည်း ဈေးသွားတော့ ဈေးသည်နှင့်၊ အဖေကလည်း ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက်များနှင့်၊ သားသမီးများကလည်း ကျောင်းရောက်တော့ သူငယ်ချင်း များနှင့် ညကကြည့်ရသည့် ရုပ်ရှင်ဇာတ်ကား၊ အငြိမ့်ပြက်လုံး၊ မြန်မာဘောလုံးပွဲ စသည်စသည် အကြောင်း ပြန်ပြောကြသည်။ ကျနော်ဆိုလျှင် တနင်္ဂနွေနေ့ညတိုင်း ပြသည့် ဝူခုံးဇာတ်လမ်းတွဲ (မူလပထမ ဇာတ်လမ်းတွဲ၊ ပြန်ရိုက်သည့် ဇာတ်လမ်းတွဲ မဟုတ်) ကိုကြည့်ပြီး တနင်္လာနေ့မနက်ကျ ကျောင်းမှာ ပြန်စားမြုံ့ပြန်ဖူးကြသည့် မျိုးဆက်ဝင်ဖြစ်သည်။ ကျနော်တို့တွင် အတူတူ ရယ်စရာ၊ အတူတူငိုစရာ၊ အတူတူခံစားစရာ ရယ်လို့ အမြဲလိုလိုရှိနေကြပြီး ထိုအရာများအားလုံးသည် အားလုံးကြုံဖူးကြသည့်အမှတ်ရစရာ (shared memories) များအဖြစ် တည်ရှိခဲ့ကြသည်။
သည်လိုနှင့် တစ်စတစ်စ ရုပ်သံလိုင်းများ ပိုများလာသည်။ မြန်မာ့ရုပ်မြင်သံကြား ခေတ်ကလို တစ်ကြိမ်သာ ထုတ်လွှင့်သည် ဆိုတာမျိုး မဟုတ်တော့ဘဲ ထုတ်လွှင့်ချိန်ပိုများလာသည်မို့ ပြပြီးသားအစီအစဉ်ကိုလည်း နောက်တစ်ကြိမ် ထပ်မံပြသလာကြသည်။ ထို့ကြောင့် တစ်ချိန်တည်း တစ်နေရာတည်းမှာ မိသားစုဝင်တွေ စုပြီး အတူတူမကြည့်လည်း ဖြစ်လာကြသည်။ ညဘက် မကြည့်လိုက်ရလည်း နောက်တစ်နေ့ မနက် ပြန်ကြည့်နိုင်သည်။ တစ်ယောက်နှင့်တစ်ယောက် အကြိုက် တွေမတူကြတော့။ အဖေက ဂေါက်သီးရိုက်တာ ကြည့်ချင်မည်၊ အစ်ကိုက ဘောလုံးပွဲကြည့်ချင်မည်၊ ကိုယ်က ဟောလီးဝုဒ်ရုပ်ရှင် ကြည့်ချင်မည်၊ အမေနှင့်နှမက ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ချင်မည်။ သူနှင့်ကိုယ်နှင့် အချိန်လွှဲပြီး ကြည့်လာကြသည်။ အိမ်တစ်အိမ်တွင် တီဗီတစ်လုံးထက်မကလည်း ရှိတတ်လာကြသည်မို့ ကိုယ်ကြိုက်တာ ကိုယ့်တီဗီနှင့်ကိုယ် ကြည့်နိုင်သည်။ မိသားစုဟူ၍သာ နေလာသော်လည်း ကိုယ့်ဥခွံလေးနှင့်ကိုယ် နေဖြစ်လာကြသည်။ မိသားစု အတူတူထိုင်ပြီး အစီအစဉ်တစ်ခုတည်းကို ကြည့်ဖြစ်တာ ရှားလာကြသည်။
ထို့ထက် ပိုဆိုးသည့်အချိန်ကတော့ အင်တာနက်တို့၊ စမတ်ဖုန်းတို့တွေ ကျနော်တို့ နေ့စဉ် လူနေမှုဘဝကြီးထဲ ရဲရဲတင်းတင်း ထိုးဖောက်ဝင်လာခဲ့ချိန်ပဲဖြစ်သည်။ မိသားစု အတူတူထိုင် တီဗီမကြည့်ဖြစ်ရုံမက၊ တီဗီကိုပင် သိပ်မကြည့်ဖြစ်ကြတော့သည့်အပြင် အတူရှိနေချိန် စကားပြောသည့်အကျင့်ကိုပါ ထိခိုက်လာသည်။ တီဗီ ကြည့်ချင်လည်းကြည့်မည်၊ မကြည့်လျှင်လည်း ဖုန်းကနေ ကိုယ်ကြည့်ချင်တာကို ကြည့်မည်။ အပြင်မှာ စကားပြောဖို့ထက် ဖုန်းပေါ်ကနေ အာလူးဖုတ်ကြမည်။ ဂိမ်းဆော့ကြမည်။ ဖုန်းနှင့်မျက်နှာ အချိန်ပြည့်အပ်လာကြသည်မို့ တစ်အိမ်တည်းနေလို့လည်း မိသားစုတွေ စုစုစည်းစည်း စကားစမြည် မဆိုဖြစ်ကြတော့။ မိဘနှင့်သားသမီး၊ အဘိုးအဘွားနှင့်မြေး ဟိုအကြောင်း သည်အကြောင်း ဗဟုသုတ မဖလှယ်တော့၊ သက်ကြီးစကား သက်ငယ်မကြားတော့၊ မမေးမြန်း မစပ်စု မဆွေးနွေးတော့။ ကျနော် ငယ်ငယ်က အဘွားလာလျှင် အဘွားငယ်ငယ် ဂျပန်ခေတ် စစ်ပြေးခဲ့ပုံတွေ စပ်စုသလိုမျိုး ခုခေတ် ကလေးငယ်တို့သည် ဂိမ်းဆော့နေရသည်မို့ ဘိုးဘွားများနှင့် တီတာချိန်မရှိကြတော့။ မိသားစု နှစ်စု သုံးစု အတူတူစုထိုင် တီဗီကြည့်သည့် ဓလေ့သည် တစ်အိမ်လျှင် တီဗီတစ်လုံးရှိလာချိန်တွင် ပျောက်ကွယ် သွားခဲ့ပြီး၊ မိသားစုဝင်များ တီဗီရှေ့မှာ အတူတူထိုင်ကြည့်ကြသည့် ဓလေ့ကတော့ တီဗီချန်နယ်တွေ မှိုလိုပေါက်လာချိန် သို့မဟုတ် လူတိုင်းစမတ်ဖုန်းတွေ ကိုင်နိုင်လာချိန်မှစကာ ပြယ်လွင့်သွားခဲ့ပါသည်။
တစ်ချိန်တုန်းက ကျနော်တို့သည် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဇာတ်ကားတစ်ကားကို၊ ဘောလုံးပွဲ တစ်ပွဲကို၊ သို့မဟုတ် အစီအစဉ်တစ်ခုကို အတူတူကြည့်ကြသည်။ အတူတူခံစားကြသည်။ အတူတူ စားမြုံ့ပြန် ကြသည်။ နောက်တော့ ကြည့်စရာတွေအများကြီးကို သူ့အချိန်နှင့်သူ ကိုယ်အဆင်ပြေသည့်အချိန် ခွဲပြီး ကြည့်ကြသည်။ ကြိုကြည့်ချင်လည်းရသည်။ နောက်မှ ပြန်ကြည့်ချင်လည်း ရသည်။ လူချင်းတွေ့သည့်အခါ “ညက ပြသွားတဲ့ကားလေ…” ဟု အချင်းချင်းပြောသံတွေ တိတ်ဆိတ်သွားသည်။ ကိုယ်စိတ်ဝင်စားတာကိုပဲ ကိုယ့်စိတ်ကြိုက်ကြည့်သည်။ အစုံမကြည့်ရတော့၊ အစုံမသိတော့။
၂၁ ရာစုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူနေမှုစနစ်များ အကြီးအကျယ်ပြောင်းလဲသည့် ခေတ်ဖြစ် သည်။ စီးပွားရေးပုံသဏ္ဌာန်များလည်း ယခင်ကနှင့် ဘာမှမဆိုင်အောင် ပြောင်းလဲခဲ့ပြီ။ ရွှေ့ပြောင်းအခြေချ မှုများကြောင့် မြို့ကြီးပြကြီးများတွင် အသစ်ဝင်ရောက်လာသူတွေ များလာပြီး လူဦးရေတွေ ထူထပ်လာကြ သည်။ တစ်တိုက်တည်းနေပြီး ဘေးချင်းကပ်အခန်း ဘယ်သူနေလဲ မသိတော့။ လမ်းတွေ့လျှင် မနှုတ်ဆက် တော့။ တီဗီအတူတူကြည့်ဖို့ မဆိုထားနှင့် သူ့အခန်းကိုယ့်အခန်း သူ့အိမ်ကိုယ့်အိမ် ရိုးရိုးတန်းတန်းပင် သွားမလည်ကြတော့။ နှစ်အိမ့်တစ်အိမ် နေဖို့ဝေးလို့ တံခါးခေါက်လျှင်တောင် တံခါးချပ်ကို ကျဉ်းကျဉ်း ဟ ပြီး စကားပြောကြသည်။ အံ့မခန်းနည်းပညာဆန်းသစ်မှုများသည် ကောင်းကျိုးများကို ဆောင်ကြဉ်းလာခဲ့လင့် ကစား တချို့တချို့သော တန်ဖိုးဖြတ်မရနိုင်သည့် ဓလေ့စရိုက်ကလေးများကိုတော့ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။
ကျနော်သည် လွန်ခဲ့သည့် နှစ်သုံးလေးဆယ်ကို တမ်းတလွမ်းဆွတ်မိသလို ကျနော့ မိဘကလည်း သူတို့ ငယ်ငယ်က ဘဝကို လွမ်းဆွတ်မိမည်။ ကျနော့ အဘိုးအဘွားများ ရှိတုန်းကလည်း သူတို့ငယ်ဘဝကို သူတို့ လွမ်းမိကြမည်ဖြစ်သည်။ မျိုးဆက်တိုင်းသည် “ငါတို့ငယ်ငယ်က…” ဆိုသော စကားဖြင့် ကိုယ်သိမီလိုက်သည့် ခေတ်ဟောင်းကို တမ်းတတတ်သည်ချည်းဖြစ်သည်။ ခေတ်တွေ စနစ်တွေ ဓလေ့တွေ ဘယ်လိုပဲ ပြောင်းစေ မပြောင်းလဲသည်ကတော့ လူတို့သည် လူမှုရေးသတ္တဝါဆိုသည်အတိုင်း လူလူချင်းပေါင်းသင်းဆက်ဆံကြသည့် အလေ့အကျင့် ဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ်တွင် မကြုံစဖူး ရုပ်ဝတ္ထုပစ္စည်းများ တိုးတက် လာသည်နှင့် အမျှ လူ့အဖွဲ့အစည်း၏ အခြေခံ ယူနစ်ဖြစ်သော မိသားစု၊ ရပ်ရွာစသည်တို့၏ နှစ်သမဏိ ရှည်ကြာ တည်ရှိလာခဲ့သော ဆက်ဆံရေးပုံစံသည် တုန်လှုပ်စရာကောင်းလောက်အောင်ကို ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။
ကျနော်တို့သည် ပြောင်းလဲနေသော ခေတ်ရေစီးကို လက်မခံချင်လို့မရသော်လည်း အတိတ်မှာ ကျန်ခဲ့သည့် စနစ်များအားလုံးကို ဖြစ်ချင်ရာဖြစ် လွှင့်မပစ်ဘဲ တန်ဖိုးထားစရာများကိုတော့ အမိအရဖမ်းဆုပ်ဖို့လိုပါသည်။ မည်သည့်အရာများကို ဆက်လက်ထိန်းသိမ်းထားမလဲ ဆိုသည်ကတော့ မည်သည့်လူ့အဖွဲ့အစည်းပုံစံမျိုးကို ကျနော်တို့ တည်ဆောက်ချင်သလဲ၊ မည်သည့် အနာဂတ်ကို ကျနော်တို့မျှော်မှန်းသလဲဆိုသည့်အချက်အပေါ် မူတည်ပါလိမ့်မည်။ ကျနော်တို့သည် ခလုတ်တစ်ချက်နှိပ်တိုင်း လိုရာကိုရနေသော်လည်း မိသားစု၊ အိမ်နီးချင်း၊ ဆွေမျိုး စသည့် အစဉ်အလာယူနစ်များ၏ အနှစ်သာရတို့မှေးမှိန်နေသည့် လူ့ဘောင်တစ်ရပ်ကို တည်ဆောက် မည်လား၊ ရုပ်ဝတ္ထုတွေလည်း တိုးတက်သလို မိသားစုဝင်ချင်း၊ အိမ်နီးနားချင်း မိတ်ဆွေများနှင့်လည်း နွေးထွေးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ချင်သလား။ ဒါက ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် မေးရမည့် မေးခွန်းဖြစ်သည်။
ကွယ်လွန်သွားခဲ့ပြီဖြစ်သော ကျနော်တို့ ဘိုးဘွားများ ယခုနေအခါ အသက်ပြန်ရှင်လာမည် ဆိုပါက ကျနော်တို့ လက်ရှိနေထိုင်ရာ ကမ္ဘာကြီးကို မှတ်မိမည်မဟုတ်ပါ။ ကျနော်တို့၏ ဘာသာစကားကို သူတို့ နားလည်ချင်မှ နားလည်ပါတော့မည်၊ ယနေ့ခေတ် ကျနော်တို့၏ ရုပ်ရည်သွင်ပြင်နှင့် ဝတ်စားဆင်ယင်မှုတို့သည် သူတို့ မျက်စိထဲတွင် အထူးအဆန်းဖြစ်ချင်ဖြစ်နေမည်၊ ကျနော်တို့ သုံးစွဲနေသည့် နည်းပညာများကို အထူးအဆန်း အံ့ဩဘနန်းဖြစ်ချင်ဖြစ်မည်။ သို့သော်လည်း သူတို့လက်ထက်ကတည်းက တန်ဖိုးထား ထိန်းသိမ်းခဲ့ကြသည့် အပြန်အလှန် ရိုင်းပင်းကူညီဖေးမသည့် ဓလေ့၊ ချစ်ချင်ခင်ခင် စည်းစည်းလုံးလုံး နေကြသည့် ဓလေ့ကို ကျနော်တို့ဆီမှာ တွေ့လိုက်ရပြီဆိုလျှင်တော့ ကျနော်တို့သည် တခြားဂြိုဟ်မှ ဂြိုဟ်သားများမဟုတ်မှန်း သူတို့ ချက်ချင်းသိကြမည်ဖြစ်သည်။ “အစ်ကိုကြီးရေ လာဗျာ ထိုင်၊ ရေနွေးသောက်ဦး” ဆိုသော အသံများ၊ “အရီးရေ အိမ်မှာဆားကုန်သွားလို့ တစ်ဆုပ်လောက် နှိုက်သွားပြီရှင့်” ဆိုသော အသံများကြားပါက ကျနော်တို့၏ ဘိုးဘွားများ မျက်နှာတွင် အပြုံးပန်းတို့ပွင့်မည်ဖြစ်ပါသည်။ အပေါ်ယံတွေ မည်သို့ပြောင်းစေ အနှစ်သာရ ဖြစ်သော လူလူချင်း နွေးထွေးစွာပေါင်းသင်းဆက်ဆံသည့် ဓလေ့လေး မပျောက်ကွယ်သရွေ့ ရှေ့ရှေ့ကမျိုးဆက်တို့နှင့် ကျနော်တို့ကြားတွင် အဆက်အသွယ်ပြတ်တောက်သွားမည် မဟုတ်ပါ။
ကျနော်တို့ကိုယ်တိုင်ကရော။ နောင်နှစ်ပေါင်းများစွာကြာလို့ ကျနော်တို့ သေရာကနေ ပြန်နိုးထလာမည် ဆိုလျှင် ထိုခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းမှ မည်သို့သော အရာများကို ပြန်တွေ့ချင် မြင်ချင် ရှာဖွေကြမလဲ။ နောင်တစ်ချိန် ကျနော်တို့ ပြန်မြင်ချင်သည့်အရာများရှိမည်ဖြစ်သလို ထိုအရာများကိုပဲ ကျနော်တို့၏ သွားလေသူ ဘိုးဘေးဘီဘင်တို့ကလည်း ပြန်မြင်ချင်ကြမည်သာ ဖြစ်သည်။ သေချာသည်ကတော့ အတိတ်ကို ကျနော်တို့ပြန်မရနိုင်တော့။ သို့သော်လည်း ပြန်မရနိုင်တော့သည့် အတိတ်ထဲမှ ကျနော်တို့ပြန်ရနိုင်သေးသည့် အရာများကို ကျနော်တို့ ပြန်ရအောင် ကောက်ယူဖို့ လိုပါလိမ့်မည်။ တစ်အိမ်မှာ တီဗီတစ်လုံးစီ၊ လူတိုင်းမှာ ဖုန်းတစ်လုံးစီ ရှိနေပြီဖြစ်သည်ဆိုသော်လည်း ဘာအရေးနည်း။ ကျနော်တို့သည် အချိန်လေးတစ်ချိန်ကို သပ်သပ်ဖယ်ထားပြီး တစ်ပတ်လျှင် အိမ်တစ်အိမ် အလှည့်ကျ အိမ်နီးချင်းတွေ စုဝေးလို့ စားသောက်ကြ၊ တီဗီကြည့်ကြ၊ ပြန်စားမြုံ့ပြန်ကြသည့် ဓလေ့လေးကို ပြန်အသက်ဆက်မည်ဆိုလျှင်ကော… ထိုအရာသည် မဖြစ်နိုင်သည့်အရာတော့ မဟုတ်လောက်ဟု ထင်ပါသည်။
ကျနော်တို့ပြန်မရနိုင်တော့သည့် အတိတ်ထဲတွင် ကျနော်တို့ပြန်ရနိုင်စရာတွေ ရှိနေပါဦးမည်။
ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် ၉၁ (နိုဝင်ဘာ-ဒီဇင်ဘာ၊ ၂၀၁၉)


Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း