“ဘာကွ၊ ဘယ်လို၊ ပြန်ပြောစမ်းပါဦး”
မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသောအဖေ့အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသလားဟု ထင်မှတ်ရပါသည်။ ဖေဖေ့မျက်နှာကတင်းမာခက်ထန်လျက်။ ဖေဖေ့ မျက်လုံးများက ကျွန်တော့်အား စူးစူးရဲရဲစိုက်ကြည့်လျက်။ ဖေဖေ့ရှေ့မှာတော့ ကြောင်ရှေ့ရောက်သည့်ကြွက်သူငယ်အလား ကျွန်တော်က ခေါင်းကိုငုံ့လျက် ခပ်ယို့ယို့ရပ်နေပါသည်။
“ကျွန်တော့်ရန်ကုန်သွားပြီး အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်အောင် ကြိုးစားပါရစေ ဖေဖေ”
ငယ်စဉ်ကတည်းကကြောက်ရွံ့ခဲ့ရသော ဖေဖေ့ရှေ့တွင် အသံကိုမတုန်အောင် သတိထားပြောဖို့ ဆိုသည်မှာ အလွန်တရာမလွယ်ကူလှသောအလုပ်ဖြစ်ပါသည်။ ဖေဖေ့ကိုကြောက်သည့် စိတ်ကြောင့် အယောင်ယောင် အမှားမှားနှင့် စကားမမှားအောင်မနည်းသတိထားပြီး ထိန်းပြောနေရပါသည်။
“ကျွန်တော်ငယ်စဉ်ကတည်းက မျှော်လင့်ခဲ့ရတဲ့ ဘဝတစ်ခုကိုအကောင်အထည်ပေါ်အောင် ကြိုးစားကြည့်ပါရစေ ဖေဖေ။ လူတစ်ယောက်ဟာ သူဖြစ်ချင်တဲ့အရာကို စိတ်ကူးယဉ် ခွင့်ရှိ . . . ရှိ . . .”
“အဲဒါခက်တာပေါ့ကွ၊ မင်းတို့ကောင်တွေက။ ကြည့်လိုက်ရင် စာယောင်ယောင်ပေယောင်ယောင်နဲ့၊ ပြီးရင် လာပါပြီ၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်ချင်တာနဲ့၊ ဘာနဲ့။ ဟေ့ မမြမေ မင့်သားကိုကြည့်မပြောတော့ဘူးလား”
ကျွန်တော့်ကိုတစ်လှည့်၊ ဖေဖေ့ကိုတစ်လှည့်ကြည့်ကာ ဘာပြောရမှန်းမသိဘဲ ဗျာများနေသော မေမေ့ဘက်လှည့်၍ ဖေဖေက စစ်ကူတောင်းပါသည်။ မေမေဘာပြောတတ်မည်နည်း။ မေမေက ခပ်အေးအေးနေတတ်သူ။ မိဘနှင့်ကျွန်တော် ကဏ္ဍကောစလုပ်တိုင်း မျက်ရည်များနှင့်သာ စေ့စပ်စကား ပြောတတ်သူ။ ဒီတစ်ကြိမ်မှာလည်း မေမေသည် နှုတ်ကဘာမျှမဆိုဘဲ ကျွန်တော့်မျက်နှာကိုသာ တောင်းပန် တိုးလျှိုးသည့်အကြည့်နှင့် ကြည့် နေပါသည်။ “သားအဖေနဲ့ဆန့်ကျင့်ပြီး ဘာမှမလုပ်ပါနဲ့ သားရယ်” ဟု မေမေ့မျက်လုံးများက ပြောနေသယောင်။
“ကျွန်တော်စာရေးဆရာဖြစ်ချင်တယ်ဆိုတာ အခိုက်အတန့် ရာသီပေါ်ရောဂါတစ်ခုမဟုတ်ပါဘူးဖေဖေ။ ကျွန်တော့်မှာ ငယ်ငယ်ကတည်းက တစ်နေ့ဒီဘဝကိုရောက်ရမယ်ဆိုပြီး ရည်မှန်းထားတာပါ။ အောင်မြင် ကျော်ကြားတဲ့ စာရေးဆရာကြီး တွေရဲ့စာတွေကိုဖတ်ပြီး သူတို့ကို လေးစားအားကျခဲ့ရတာပါ ဖေဖေ”
“အေးလေ မင်းဝါသနာပါတာကိုလည်း ငါဘယ်မှာ တားခဲ့လို့လဲ။ မင်း ကျောင်းသားဘဝကတည်းက မဂ္ဂဇင်းတိုက်တွေကို စာမူတွေပို့တာ၊ မင်းစာမူတွေပါတတ်တာ ငါတို့သိသားပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ပဲ ကျေနပ် ပါကွာ။ မင်း ဖေဖေ့အလုပ်မှာ ဦးစီးလုပ်ရင်း တစ်ဘက်တစ်လမ်းက စာရေးလို့လည်းရတာပဲ”
ဖေဖေသည် ရင်ထဲမှာအစိုင်အခဲများကို မရပ်မနားတရစပ်ပြောချလိုက်ရသဖြင့် အတန်ငယ် မောသွားဟန်ဖြင့် ခေတ္တနားလိုက်ပါသည်။ ဖေဖေ့အသံတို့ မည်မျှမာစေ၊ ဖေဖေ့စကား လုံးတို့မည်မျှပြင်းထန်စေ၊ ကျွန်တော့် အပေါ်ထားရှိသော ဖေဖေ့မေတ္တာကရုဏာတို့ကိုတော့ ကျွန်တော်သတိပြုမိသည်သာ။
“ဒီလိုရှိပါတယ်ဖေဖေ။ စာရေးဆရာအလုပ်ဆိုတာ အပျင်းပြေဝင်လုပ်ရတဲ့အလုပ်၊ ခဏတဖြုတ် လမ်းကြုံလို့ ဝင်လုပ်ရတဲ့အလုပ်၊ အားအားလျားလျားရှိလို့ ဝင်လုပ်ရတဲ့အလုပ်မျိုး မဟုတ်ပါဘူး။ တစ်ဘဝလုံး ရင်းနှီးပေးဆပ် ပြီး မြှုပ်နှံလုပ်ရတဲ့အလုပ်မျိုးပါဖေဖေ။ ကျွန်တော်က ဝါသနာအလျောက်ပဲစာရေးတဲ့ ဝါသနာရှင်စာရေးဆရာ မဖြစ်ချင်ဘူး ဖေဖေ”
“ဟေ့ကောင် တော် တော်။ မင့်စာအုပ်တွေထဲက စကားလှလှတွေ ငါ့ကိုလာရွတ်ပြမနေနဲ့။ စိတ်ကူးမယဉ်ချင်စမ်း ပါနဲ့ကွာ။ ဘဝဆိုတာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘူး ငါ့သား။ ဘဝဆိုတာ လက်တွေ့ကျခြင်းပဲ။ ဖေဖေ့ကို ပဲကြည့်။ ဖေဖေသာ မင်းအရွယ်ကလုပ်သင့်တာကိုမလုပ်ဘဲ လုပ်ချင်တာတွေလျှောက် လုပ်ခဲ့ရင် ဒီနေ့ ဘယ်မှာ ဒီလိုအဆင့်မျိုးရောက်လိမ့်မလဲ”
ဖေဖေသည် ကျွန်တော့်အားသူ့ဘဝနှင့်ယှဉ်၍ဆုံးမပါ သည်။ နယ်မြို့ကလေးတစ်မြို့တွင် ကြီးပြင်းခဲ့ရသော်လည်း လောကကြောင်းကိုနားလည်သော ဖေဖေ၊ အောက်ခြေမှစ၍ ကြိုစားခဲ့ပြီး ဆန်စက်ပိုင်ရှင်ဖြစ်လာခဲ့သောဖေဖေ၊ ဒီဖေဖေသည်ကျွန်တော့်ကိုလည်း သူ့ခြေရာနင်းကာ လက်တွေ့ကျသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်စေ ချင်သည်မှာ မဆန်းလှပါ။
“ကဲ ပြောစမ်း၊ မင်းရဲ့ စာရေးဆရာအလုပ်က ဘယ် လောက်ဝင်ငွေရနိုင်သလဲ။ ငါ တစ်လရတဲ့ဝင်ငွေလောက် မရနိုင်ရင်နေ၊ ငါ့လောက်နီးနီးရတယ်ဆိုရင် ငါကျေကျေနပ်နပ်ကြီး ခွင့်ပြုတယ်”
“စာရေးတာဟာ ချမ်းသာဖို့၊ ဝင်ငွေကောင်းဖို့ တစ်ခုတည်းအတွက်ရေးတာမဟုတ်ပါဘူးဖေဖေ။ စာရေးခြင်းရဲ့ တန်ဖိုးကိုပိုက်ဆံတစ်ခုတည်းနဲ့တိုင်းတာရင် မှားပါလိမ့်မယ်။ စာရေးဆရာဖြစ်လို့ နာမည်ကြီးရင် ချမ်းသာမယ် ဆိုတဲ့အတွေးနဲ့ စာရေးတဲ့သူတွေရှိကောင်းရှိမှာဖြစ်ပေမဲ့ အဲဒီအထဲမှာကျွန်တော်မပါပါဘူးဖေဖေ။ ကျွန်တော်က စာရေးဖို့ အသက်ရှင်မယ့်သူပါ”
ကျွန်တော့်စကားများသည် ဖေဖေ့မျက်နှာကိုသာ ပိုလို့ တင်းမာသွားစေပါသည်။ ဒီအခြေအနေတွင် ကြားဝင် လာသူကမေမေ။
“မေမေတို့နဲ့အတူပဲ ဒိုးတူပေါင်ဘက်စီးပွားလုပ်ရင် မကောင်းပါလားသားရယ်။ မေမေတို့မှာ သားသမီးဆိုလို့ သားတစ်ယောက်တည်းရှိတာမဟုတ်လား။ ငါ့သားလေး ဆင်းရဲ ပင်ပန်းမှာ မေမေတို့မကြည့်ရက်ပါဘူးသားရယ်။ မင်းဖေဖေ ပင်ပင်ပန်းပန်းတည်ထောင်ခဲ့ရတဲ့ ဒီဆန်စက်ကြီး သားလက် ထက်ရောက်မှပိတ်လိုက်ရမှာလား သားရယ်”
မေမေ့စကားများက ကျွန်တော့်အသည်းနှလုံးကို အရည်ပျော်အောင်ပြုနေသကဲ့သို့ရှိပါသည်။ ကျွန်တော်ဘာလုပ် ရမည်နည်း။ကျွန်တော်ဆုံးဖြတ်ချပြီးပြီ။ ရန်ကုန်သွားဖို့ ရထားလက်မှတ်ပင် ဝယ်ပြီးပြီ။ ချပြီးသား ဆုံးဖြတ်ချက်ကို ဘယ်လို အကြောင်းနှင့်မျှမပြင်ချင်တော့ပါ။
“ခွင့်လွှတ်ပါမေမေ။ ကျွန်တော် စီးပွားရေးမလုပ်ချင် ပါဘူး။ လုပ်လည်းမလုပ်တတ်ပါဘူး။ အဲဒီဘက်မှာ သားပါရမီပါမလာပါဘူးမေမေ။ လူဆိုတာ ကိုယ်ဘယ်ဘက်မှာ ထူးချွန်တယ်ဆိုတာသိရမယ်၊ သိတဲ့အတိုင်း ကိုယ့်အရည်အချင်းကို မှန်မှန်ကန်ကန်မြေတောင်မြှောက်ပေးရမယ်လို့ ထင်ပါတယ်။ ကိုယ် ဝါသနာမပါတဲ့ဘက်၊ ပါရမီမပါတဲ့ဘက်မှာလုပ်နေလို့ ကျွန်တော် ဘာမှဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်လျှောက်ချင်တဲ့လမ်းဟာ မသေချာမရေရာမှုတွေနဲ့ ပြည့်နေခဲ့ရင်တောင် ကျွန်တော်သွားကြည့်ပါရစေမေမေ။ ကျွန်တော့်ကိုခွင့်ပြုကြပါ။ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ မပြင်ပါရစေနဲ့တော့”
စကားအဆုံး ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချလိုက်ပြီး ဖေဖေနှင့်မေမေကိုဦးသုံးကြိမ်ချကာ ကန်တော့ လိုက်ပါသည်။ ဖေဖေကမျက်နှာကိုတခြားဘက်လွှဲထား၏။ မေမေက တရှုံ့ရှုံ့ နှင့်ငိုရင်း ဆုတွေပေးပါသည်။ အဝတ်အစားအိတ်နှင့် ကျွန်တော့် ကိုယ်ပိုင်စာအုပ်ထုပ်ကိုဆွဲ၍ ဘူတာဆင်းရန်လှည့်အထွက် ဖေဖေက နောက်ဘက်မှလှမ်းပြောပါသည်။ ဖေဖေ ပြောလိုက်သည့် နောက်ဆုံးစကားများသည် မိုးဦးလေဦးတွင် ပစ်ခတ် သည့် မိုးကြိုးသွားတစ်ခုလို။
“အေး၊ မိဘစကားကိုနားမထောင်ဘဲ တစွတ်ထိုးလုပ် ချင်တဲ့ကောင်။ ခွေးဖြစ်တော့မှ ကျွန်တော်မှားပါပြီဆိုပြီး မိဘ အိမ်ပေါ်မျက်နှာငယ်နဲ့ပြန်တက်မလာနဲ့။ ကြားလား”
ရင့်သီးစူးရှလှသည့် ဖေဖေ့စကားများက ကျွန်တော့် နှလုံးသားကိုဖောက်ထွက်သွားသည့် မြားတံများအလား။ ကိုယ်ဝါသနာပါသည့် အရာတစ်ခုကို စွန့်စားလုပ်မိသည့်သားကို ဖေဖေမို့ ဤမျှရက်ရက်စက်စက်ပြောရက်သည်။ ခုအချိန်တွင် ကျွန်တော့်ဘက်ကဘာများတင်းမာပြနိုင်ဦးမလဲ။ ကျွန်တော် ခေါင်းကိုမော့ထားရုံမှတပါး ကျွန်တော် ဘာမျှ ပြန်မပြောနိုင်ခဲ့ပါ။
“စိတ်ချပါဖေဖေ။ ကျွန်တော် မအောင်မြင်ဘဲနဲ့ ဖေဖေတို့ဆီကို ပြန်မလာပါဘူး” ဟု ရင်ထဲမှသာ ကြွေးကြော် လိုက်နိုင်ပါသည်။
ဤသို့ဖြင့် ဘဝဟောင်းကိုစွန့်ခွာ၍ဘဝသစ်တစ်ခုကို ကျွန်တော်စတင်ခဲ့သည်။ တခြားလူတစ်ဦးအဖို့ ယခုလိုစွန့်စား ခန်းသည်ရင်ခုန်စရာကောင်းနိုင်သော်လည်း ကျွန်တော့်အဖို့မူ ဖေဖေပြောလိုက်သည့် စကားများ အတွက် ဝမ်းပမ်းတနည်းဖြစ်ရပါသည်။ ရထားတွဲပြတင်းမှနေ၍ အပြင်သို့ လှမ်းမျှော်ကြည့် မိသည်။ ရွှေဝါရောင် စပါးခင်းများသည် ကျွန်တော့်အားလက်ပြလျက်။
လေးနှစ်တာပညာသင်ကြားခဲ့ရာ ရန်ကုန်ရွှေမြို့တော် သည် ကျွန်တော့်အတွက်တော့ သူစိမ်းမြို့ တစ်မြို့ မဟုတ်လှပါ။ကျွန်တော့်တွင် ရန်ကုန်ဇာတိအပေါင်းအသင်းများရှိသလို ကျောင်းတက်စဉ်က ပေးပို့ဖူးသည့် မဂ္ဂဇင်းတိုက်အသိအကျွမ်း များလည်းရှိသည်ဖြစ်ရာ ကျွန်တော့်ရှေ့ခရီးမှာ ထင်သလောက် မခက်ခဲနိုင်လောက်ဟု ထင်မိပါသည်။ ဤသို့နှင့် တူတူတန်တန် စာရေးဆရာ တစ်ယောက်ဖြစ်လိုသော ကျွန်တော်သည် အထက်တန်းစား၊ အလယ်အလတ်တန်းစား၊ သာမန် အတန်းအစား အတန်းအစားပေါင်းစုံသည့် ကလောင်ရှင် တို့စုဝေးရာ ရန်ကုန် မြို့ကြီးဆီသို့ ချေချမိပေပြီ။
ရန်ကုန်သို့ရောက်ရောက်ချင်း ကျောင်းတုန်းကသူငယ် ချင်းတစ်ယောက်၏အိမ်တွင် ခေတ္တသွားနေပါသည်။ ကံကောင်းသည်ဟုဆိုရပါမည်။ သူငယ်ချင်းမောင်မျိုးကရော၊ သူ့မိသားစုကပါ သဘောကောင်းကြသည်။ ကျွန်တော့်ထံမှအိမ်လခမယူဘဲသူတို့စားသည့်ထမင်းအိုးထဲသာ ထမင်းစရိတ်ထည့်စားခိုင်းပါသည်။ နေရေး စားရေးအတွက်တော့ အဆင်ပြေပြီ။ အလုပ်အကိုင်အတွက်စဉ်းစားရဦးမည်။ ဒါပေမဲ့ ဒါပြဿနာ မဟုတ်ပါ။ ကိုယ်က စာရေးဖို့လာခဲ့ပြီးပြီပဲ။ စာရေးခြင်းသည်သာ ကိုယ့်အလုပ်ပေါ့။
“ဟ စာတစ်ခုတည်းရေးရုံနဲ့ဖြစ်မလားကွ။ မင်းက ခုအချိန်မှာ ဘာနာမည်မှရှိသေးတာမှမဟုတ်တာ။ လောလော ဆယ်အလုပ်တစ်ခုခုတော့ ရှာလုပ်ထားပေါ့”
မောင်မျိုး၏အကြံပေးချက်အရ အလုပ်တစ်ခုလိုက်ရှာရာ ကျွန်တော့်ဘွဲ့နှင့်ကိုက်ညီသည့် အလုပ်တစ်ခုကို ကုမ္ပဏီ တစ်ခုတွင်ရပါသည်။ သို့သော် ထိုကုမ္ပဏီသည် စီးပွားရေးသိပ်ဆန် လွန်းအားကြီးသည်။ ဝန်ထမ်းများကို ပေးထားသည့်လစာနှင့်မကာမိအောင် မတန်တဆခိုင်းသည်။ မကြာပါ။ အလုပ်ရှင်နှင့် ကတောက်ကဆဖြစ်ပြီး ထိုအလုပ်ကိုကျွန်တော်ကျောခိုင်းခဲ့သည်။
ထိုအခါ နောက်အလုပ်တစ်ခုကိုရှာရပါသည်။ ရန်ကုန်တွင် ဂျာနယ်ဈေးကွက်ရွှေခေတ်ဖြစ်သည့်အတွက် ဘယ်နေရာကြည့်ကြည့် ဂျာနယ်နှင့်လွတ်သည့်နေရာဟူ၍မရှိ။ မောင်မျိုး အဆက်အသွယ်မှတဆင့် ဂျာနယ်တိုက် တစ်ခုက ကျွန်တော့်ကိုလက်ခံပါသည်။ ဘွဲ့ရတစ်ယောက်ဖြစ်၍ဟုဆိုကာ ဘာသာပြန်ဆရာနေရာတွင် ပေးပါသည်။ သို့သော် ထိုဂျာနယ်သည်အောင်မြင်သည့်ဂျာနယ်မဟုတ်။ ကျွန်တော့်လခ တစ်လ နှစ်သောင်းခွဲ ကိုပင် ဖြစ်ဖြစ်မည်အောင်ပေးနေရသည်။ ကျွန်တော့်မှာ နှစ်သောင်းခွဲနှင့်ဘယ်လိုမှအဆင်မပြေသဖြင့် ညဘက် ဆယ်တန်း ဖြေမည့်ကျောင်းသားများကို စာလိုက်ပြရသည်။ အလုပ်မှရသည့် လခနှင့်စာသင်၍ ရသည့် လခနှစ်ခုပေါင်းတာတောင် ကျွန်တော့်မှာ တစ်လတစ်လ လောက်ငသည်ဆိုရရုံ။
မကြာပါ။ မောင်မျိုးကအိမ်ထောင်ပြုတော့မည်ဟု ဆိုပါသည်။ ယောက္ခမအိမ်တွင်လိုက်နေရမည်ဖြစ်ရာ ကျွန်တော်လည်း သူ့အိမ်မှဆင်းရန်ပြင်ရပါသည်။ မောင်မျိုးအိမ်သားများက ဆက်နေရန်ပြော သော်လည်း သူငယ်ချင်းမရှိဘဲသူ့အိမ်တွင်မနေချင် သဖြင့် အတင်းဇွတ်ငြင်းကာ အခန်းတစ်ခန်းကို လိုက်ရှာရာ မြောက်ဥက္ကလာ ဘက်တွင် အခန်းကျဉ်းကျဉ်းတစ်ခန်းကို တစ်လနှစ်သောင်းနှင့်ရပါသည်။ အိမ်ရှင်တစ်ခြမ်း၊ အိမ်ငှားတစ်ခြမ်း နေရမည်ဖြစ်သည်။ ရေမီးတော့သိပ်အဆင်မပြေလှပါ။ သို့သော်လည်း အခန်းခကြီးမြင့်သောရန်ကုန်မြို့တွင် ချေးများနေလျှင် မဖြစ်သဖြင့် ဒီအခန်းကိုပင်ယူလိုက်ရပါသည်။
ရန်ကုန်ရောက်ကတည်းက အတည်တကျဖြစ်အောင် ကြိုးပမ်းနေရသော်လည်း ကျွန်တော့်ရည်မှန်းချက်ကိုတော့ မေ့မသွားပါ။ ဖေဖေနှင့်အတိုက်အခံလုပ်ပြီးထွက်လာခဲ့ကာမှ ကိုယ့်ဘက်က အဖျားရှူးသွား၍မဖြစ်ပါ။ ထိုအခန်းကျဉ်း ကလေးထဲတွင် ညဘက်စာပြရာမှ ပြန်လာပြီးနောက်ပိုင်း ညဉ့်နက်သည်အထိ ကျွန်တော် စာရေးပါသည်။ ထိုရပ်ကွက်တွင် မီးကလည်း မမှန် သဖြင့်ဖယောင်းတိုင်နှင့်သာစာရေးရသည်က များပါသည်။ မျက်စိအားစိုက်ရလွန်းသဖြင့် ကြာသော်မျက်စိအားနည်းလာပါ သည်။သို့သော်လည်း ပိုက်ဆံကုန်မည်စိုးသဖြင့် ပေကပ်ပြီးနေလာရာ မခံမရပ်နိုင်သည့်အဆုံး ဆရာဝန်နှင့်အသည်းအသန်သွားပြရသည်အထိ ဖြစ်လာပါသည်။ ဤသို့ဖြင့် ပိုက်ဆံမရှိသည့် ကြားထဲမှ မျက်မှန်တစ်လက်ကို ဈေးကြီးပေးလုပ်ရဦးမည်။ ပိုက်ဆံကိစ္စ ကျွန်တော့်မှာခေါင်းကိုက်ရသည်။ အိမ်သို့လှမ်းမှာ ရမည်လော။ ဖေဖေက ဟားတိုက်ရယ်ပါလိမ့်မည်။ မောင်မျိုး ကိုလည်းအိမ်ထောင်ကျကာစ သွားဒုက္ခမပေးချင်။ ကံအားလျော်စွာ ကျောင်းတုန်းက တစ်ဆောင်တည်း အတူနေသည့် ကိုချစ်နှင့်လမ်းမှာအတွေ့ကိုချစ်ကမျက်မှန်ဖိုးပိုက်ဆံထုတ်ချေး လိုက်သဖြင့် အဆင်ပြေသွား ပါသည်။ ကိုချစ်က အကြွေးကို အရစ်ကျပေးလျှင်ရသည်ဟု ဆိုသဖြင့်လည်း ကျေးဇူးတင်ရပါ သည်။ သူငယ်ချင်းကောင်းများရှိ၍ တော်သေးတော့သည်။ ကိုယ့်အခန်းပြန်ရောက်တော့မျက်မှန်တပ်ထားသည့် ကိုယ့်ရုပ် ကိုယ်မှန်ထဲမှာပြန်ကြည့်ရင်း ‘စာရေးဆရာဆိုတာ မျက်မှန်ပါမှ’ ဟု မဆီမဆိုင် ပဏာယူ ကြည့်မိပါသေးသည်။
ညစဉ်ညစဉ် ကျွန်တော့်စာရေးစားပွဲပေါ်မှ စာမူပေါင်းများစွာကိုရိုက်ထုတ်နေသော်လည်း မဂ္ဂဇင်း စာမျက်နှာများ ကမူကျွန်တော်ရေးသလောက် ရိုက်မထုတ်ပါ။ တက္ကသိုလ်ကျောင်းသား ဘဝက စာမူပို့ရင်းရင်းနှီးခဲ့ရသော မဂ္ဂဇင်းတိုက်များမှာလည်းကျွန်တော်ရန်ကုန်ပြန်ရောက်သည့်အချိန်တွင် မရှိတော့သည်ကများသည်။ ဤသို့ဖြင့် ရေးစရာမဂ္ဂဇင်းအသစ်များတွင် မြေစမ်းခရမ်းပျိုးရေးသားရင်း စာရေးဆရာအလုပ်သည် ကိုယ်ထင် သလောက် မလွယ်သည့်အလုပ်ဟု နားလည်လာပါသည်။ သုံး လေးလနေမှတစ်ပုဒ်လောက်ပါသော ကိုယ့်စာမူများကို ကိုယ် ပြန်ကြည့်ရင်း ကျွန်တော့်မှာ အားမလိုအားမရဖြစ်နေရသည်။ သို့သော်စိတ်ဓာတ်တော့မကျပါ။ “ဒီတစ်လမပါ နောက်လပါမှာပဲ” ဟုသာအားတင်းရင်း ယနေ့ခေတ်မဂ္ဂဇင်းရေစီးကြောင်းထဲ ရေကူးသင်စ ကျွန်တော် တစ်ယောက် ယက်ကန်ယက်ကန် ဖြစ်နေမိလေသည်။
“မင်းက စာပေလောကမှာ အပေါင်းအသင်းမှ မရှိ တာကိုးကွ” ဟု မောင်မျိုးကပြောပါသည်။ “ဒါလည်း ဟုတ်တာပဲ” ဟုတွေးရင်း ဂျာနယ်တိုက်တွင်အလုပ်ပါးသည့်အခါများ၌ ၃၃ လမ်း၊ လေထန်ကုန်း ဘက်သို့ ထွက်ကာ အပေါင်းအသင်းဝင် ဆံ့အောင်လုပ်ရပါသည်။ မဆိုးလှပါ။ စာပေလောကသားအသိအကျွမ်း နည်းနည်းပါးပါးရလာပါသည်။ ကျွန်တော့်အိတ်ကပ်ထဲကတော့ လက်ဘက်ရည်ဖိုး မြက်မြက်ကလေး ထွက်သွားသည်ကို သတိထားမိသည်။ သို့သော်လည်း ထောင်မြင်ရာစွန့်ဆိုသည့် စကားကိုသဘောပိုက်ရင်း “ကိုယ့်စာမူများများပါဖို့ ဒီလောက် တော့ရင်းနှီးရမှာပဲ” ဟုသာနှလုံးသွင်းမိပါသည်။
“ကိုယ့်လူကရေးလက်မဆိုးဘူးပဲ၊ မှန်းစမ်း၊ ကိုယ်နဲ့ သိတဲ့ မဂ္ဂဇင်းတိုက်တွေပေးစမ်းကြည့်မယ်” ဟု မကြာမီကမှ သိလာရသည့်ရေးဖော်တစ်ယောက်ကပြောသဖြင့် အားတက်ရသည်။ လေထန်ကုန်းရောက်တိုင်း ကျွန်တော့်ထက် စာရေးသက် ပိုရင့်သည့်သူ၏ “ပို့ချချက်” များကို တမေ့တမောနားထောင်ရင်း လက်ဘက်ရည် တန်လက်ဘက်ရည်၊ စီးကရက်တန်စီးကရက်၊ အရက်တန်အရက်နှင့် အလုပ်အကျွေးတပည့်အဖြစ်ခံယူကာ ကိုယ့်စာမူများ ကရားထဲမှရေလွှတ်သလိုပါမည့်နေ့ကို အားတက်သရောစောင့်မျှော်နေမိပါသည်။ ပါနိုးပါနိုးနှင့် စောင့်မျှော်ရင်း လပေါင်းများစွာသာကြာသွားသည်၊ ကျွန်တော့်စာမူများကိုအရိပ်အယောင်သော်မျှ မမြင် ရသဖြင့်ထိုပုဂ္ဂိုလ်အား မေးကြည့်ရာ -
“အား ကိုယ့်လူဟာတွေ သူတို့မသုံးဖြစ်သေးဘူးကွ၊ စာမူတွေနည်းနည်းကြပ်နေတယ်ဆိုပဲ၊ သူတို့သဘော ပေါ့ကွာ။ ငါဘာပြောလို့ရမှာလဲ”
“ခင်ဗျားပဲ အစကတော့ အဲဒီမဂ္ဂဇင်းမှာ ကိုယ့်လက် ကိုယ့်ခြေ အပေါက်မျိုးပြောပြီးတော့ ...”
“ဟဲ ဟဲ ဒါကတော့ - ”
“ဒါဆို ကျွန်တော့်စာမူတွေပြန်ပေးဗျာ”
“အာ မရတော့ဘူးကွ၊ သူတို့လည်းဘယ်နားထားမိ မှန်းမသိဘူး။ ပျောက်သွားပြီတဲ့”
ထိုနေ့ညကကျွန်တော်ကောင်းကောင်း အိပ်မပျော်ပါ။ သူ့ကိုမျက်နှာလုပ်မိ၍ ကိုယ့်ဆီက ပါသွားသော စာမူများရော၊ လက်ဘက်ရည်ဖိုး၊ ဆေးလိပ်ဖိုး၊ အရက်ဖိုးများရောတန်ဖိုးမနည်းလှ။ မိတ္တူခကုန်မည်စိုးသဖြင့် စာမူများကို ကော်ပီပွားမထားမိသဖြင့်လည်းနောင်တရလို့မဆုံး။ ကျွန်တော်လည်း တစ်ခါတည်းနှင့် မှတ်သွားပါတော့သည်။ နောင်ကို အပေါင်းအသင်းကြည့်ပေါင်းဟု ကိုယ့်ကိုယ်ကိုယ်ဆုံးမရုံမှတပါး ကျွန်တော် ဘာများ တတ်နိုင်ပါဦးမည်နည်း။
စာရေးဆရာလောကသို့ ခြေစုံချရပ်မိကာမှ ဖေဖေ ပြောဆိုလိုက်သည်ထက်ပင် ဘဝမှာပို၍ ခက်ခဲကြမ်းတမ်းမှန်း ရိပ်မိလာပါသည်။ ကိုယ်ကစာအဆက်မပြတ်ရေးနေချင်သော်လည်း စားဝတ်နေရေးကိစ္စက အတားအဆီး တစ်ခုဖြစ်ပါသည်။ ကိုယ်က အဆက်မပြတ်ရေးနိုင်သည်ထားဦး၊ ကိုယ့်စာမူများ မဂ္ဂဇင်းစာမျက်နှာများပေါ် အဆက်မပြတ်ပါနိုင်ဖို့က ပိုလို့ပင်ခက်သေးသည်။ ပရိသတ်လက်ခံဖို့၊ စာအုပ်ထုတ်ဖို့အဆင့်က နောက်မှ။ ကျွန်တော့်မှာ တစ်လ တစ်လ အလျင်မီအောင် သုံးစွဲနိုင်ရေးနှင့်စာမူပါရေးလုံးပမ်းရသည်နှင့်ပင် တော်တော် အမောဆို့နေပါပြီ။
သည်ကြားထဲ ကျွန်တော့်ဂျာနယ်တိုက်က အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းသွားပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ဆယ်တန်းစာမေးပွဲကလည်း ပြီးသွားပြီ။ ကျွန်တော့်မှာ ဗျာများရပါသည်။ ကံကောင်းထောက်မစွာပင် နောက်နှစ်ဆယ်တန်းတက်မည့်ကျောင်းသား နှစ်ယောက်သုံးယောက်ခန့် ကြိုရလိုက်သဖြင့်သာ အသက်ရှူ ချောင်သည်ဟု ဆိုရမည်။ သို့သော် ဤပုံစံနှင့် ရှေ့လျှောက်မည်သို့ ပြုရမည်နည်း။ ကျွန်တော့်မှာ ရှေ့ရေးကို တွေး၍ရင်လေးရပါသည်။ရန်ကုန်ရောက်သည်မှာ နှစ်နှစ်ခွဲကျော်၍သုံးနှစ်နီးပါး မျှရှိခဲ့ပေပြီ။ ကျွန်တော့်မှာ ကိုယ့်ရည်မှန်းချက်နှင့် ပတ်သက်ပြီးဘာမျှဖြစ်ဖြစ်မြောက်မြောက်မရှိသေး။ ရန်ကုန်၏နေစရိတ်၊ စားစရိတ် ကလည်း ဘတ်စ်ကားများနှင်နှင် တစ်နေ့တခြားတိုးတက်လျက်။ နေပူစပ်ခါးခြေလျင်လျှောက်သွား၍ အလုပ်ရှာရင်း နဖူး တွင်စို့လာသောချွေးစက်များ ခြေဖမိုးပေါ်သို့ ပေါက်ကနဲ မြည်အောင် ကျသွားသည့်အခါတိုင်း “နဖူးကချွေး ခြေမ ကျ” ဆိုသည့် စကားမှာ အလုပ်ကြမ်း ကူလီထမ်းသူများအတွက်သာဟု ထင်ခဲ့မိသည့် ကိုယ့်အတွေးကိုယ် ပြန်သတိရရင်း ပြုံးခဲ့မိရပါသည်။
နဖူးကကျလာသောချွေးနှင့်အတူ စိတ်ဓာတ်မှာလည်း တဖြည်းဖြည်းကျလာပါသည်။ နေပူပူတွင်သွားရ လွန်း၍လည်းကျွန်တော့်အသားအရေများ မွဲခြောက်လှပြီ။ ရေသောက်ဗိုက် မှောက်နေခဲ့ရသည့် နေ့ရက် များလည်းမနည်းတော့ပြီ။ နယ်မြို့လေးတစ်မြို့မှ ဆန်စက်ပိုင်ရှင်သူဌေးသားတစ်ယောက်သည် ရန်ကုန်မြို့၏ ပလက်ဖောင်းများပေါ် လည်ကတုံးအင်္ကျီ၊ လွယ်အိတ်အစုတ်တစ်လုံးနှင့် လူထူထူကြားထဲ လျှောက်သွားရင်း မိမိ ယုံကြည်ချက်တစ်ခုအတွက် ဒုက္ခဆင်းရဲခံနေရပုံများကိုသာ မိဘနှစ်ပါးမြင်ရလျှင် မည်သို့ခံစားရမည်နည်း။ အမေတို့ဆီ စာမရေးတာပင် ကြာခဲ့ပြီ။ ဖေဖေ မေမေ နေမှကောင်းရဲ့လား။
ဆန္ဒနှင့်ဘဝအကြား ညှပ်ပူးညှပ်ပိတ်ဖြစ်နေသော ကျွန်တော့်တွင် အိမ်လွမ်းသည့် ရောဂါပါ ဝင်ရောက်စွဲကပ်လာ သောအခါနာလန်မထူနိုင်အောင်ဖြစ်ရပါသည်။ တော်ပြီ။ လက်မြှောက် အရှုံးပေးတော့မည်။ တောပြန်ပြီးတော့သာ ဆန်စက်တွင်ကျကျနနစီမံခန့်ခွဲတော့မည်။ ထိုအခါ ကျွန်တော့်အား လှောင်ပြုံးပြုံးရင်း ကြည့်နေသော ဖေဖေ့မျက်နှာကို ပြေးမြင်လိုက်ပါသည်။ “ဟွန်း သွားတုန်းကတော့ လေတစ်လုံးမိုးတစ်လုံးနဲ့” ဟု ဖေဖေ ပြောမည်မှာမုချ။ မဖြစ်ပါ။ ထိုသို့အပြောခံ၍ မဖြစ်ပါ။ ခေါင်းမော့ကာ ထွက်လာခဲ့ပြီးမှ၊ ဒီအထိ ဒုက္ခခံလာခဲ့ပြီးမှ ခေါင်းငုံ့ကာ နောက်ဖေးပေါက်မှပြန်ဝင်မည်ဆိုလျှင် ယောက်ျားတို့ သိက္ခာမကျပါလား။ မာနမရှိရာ မကျပါလား။ ကျွန်တော် ချီတုံ ချတုံဖြစ်နေသည်။ ဘဝ၏အထုအထောင်းကိုလည်း ပြင်းလှသည်ကိုး။
နောက်ဆုံး အိမ်ပြန်မည့်လမ်းကိုကျွန်တော်ရွေးလိုက်ပါသည်။ ဖေဖေပြောချင်သလိုပြောစေတော့။ နှိမ်ချင်သလိုနှိမ် စေတော့။ ရန်ကုန်မှာ ခံစားရသည့်ဒုက္ခများကို ဆက်ပြီးသည်း ညည်းမခံနိုင်တော့ပါ။ မိဘနဲ့သားသမီးပဲ။ နှိမ်လည်းဘာအရေးလဲ။ သိက္ခာကျလည်း ဘာအရေးလဲ။ ကျွန်တော် ကိုယ့်ဘက်ကိုယ် ကာ၍တွေးနေမိပါသည်။ ဒီလကုန်လျှင် ငှားထားသောအခန်း ကလေးကို ပြန်အပ်တော့မည်။ သံယောဇဉ်တွယ်နေပြီဖြစ်သော အခန်းကလေးနှင့် ခွဲရဦးတော့မည်။ မတတ်နိုင်။ ဘဝကဒီလို ဖန်လာသည်ကိုး။ ဒီ့အပြင် လကုန်လျှင် ကျောင်းသားများကိုလည်း တခြားဆရာရှာဖို့ပြောရဦးမည်။ ကျွန်တော်၏ကျဆုံးခန်းကို စိတ်မကောင်းစွာ ကြည့်ရင်း အောင်မြင်စွာဆုတ်ခွာဖို့အတွက် သာပြင်ဆင်နေမိသည်။
လကုန်ခါနီးတစ်ရက် မြို့ထဲရှိလက်ဘက်ရည်ဆိုင် တစ်ခုတွင် ကျွန်တော်ထိုင်နေစဉ် မောင်မျိုးနျင့် သူ့မိတ်ဆွေတစ်ဦး ပေါက်ချလာပါသည်။ ကျွန်တော့်ကိုမြင်တော့ ကျွန်တော့်ဝိုင်းတွင် ဝင်ထိုင်ကြသည်။ မောင်မျိုးက သူ့မိတ်ဆွေနှင့်ကျွန်တော့်ကို မိတ်ဆက်ပေးပါသည်။ ကျွန်တော်စာတွေရေးနေကြောင်းနှင့် ရေးတတ်သည့်မဂ္ဂဇင်းများကို ရွတ်ပြသည့်အခါ သူ့မိတ်ဆွေက ကျွန်တော့်ကိုဝမ်းမြောက် ဝမ်းသာနှင့် ကြည့်ပါ သည်။
“သြော် ဟုတ်လား။ ကျွန်တော် ဆရာနဲ့တွေ့ချင်နေတာ”
“ဆရာ...” ဆိုပါလား။ တကယ်တော့ကျွန်တော့်ဘဝတွင် ဆရာအခေါ်ခံရသည်မှာ မဆန်းလှ။ ဖေဖေ့ ဆန်စက်မှ အလုပ်သမားများက ဆရာလေးဟုခေါ်သည်ကို လည်းကောင်း၊ စာသင်ပေးသည့် တပည့်များက ဆရာဟု ခေါ်သည်ကို လည်း ကောင်း၊ လက်ဘက်ရည်ကပ်သောက်ချင်သူများက ဆရာဟု ခေါ်သည်ကိုလည်းကောင်း ဖန်တစ်ရာတေအောင် ကြားရခဲ့ပြီးပါပြီ။ သို့သော် ထိုသူ၏ ဆရာခေါ်သံသည် ကျွန်တော့်အား စာရေးဆရာ တစ်ယောက်အဖြစ် အသိအမှတ်ပြုသောအားဖြင့် ပထမဆုံး ကြားရသည့် အသံဖြစ်သည်။ လုပ်ရိုးလုပ်စဉ်ဖြစ်၍၊ မျက်နှာလုပ်ချင်၍မဟုတ်။ သူခေါ်လိုက်သည့် “ဆရာ” ဟူသော အသံတွင် ကျွန်တော့်အား အထင်ကြီးမှု၊ လေးစားမှုများ စွက်လျက်ရှိသည်ဟု အောက်မေ့မိသည်။
“ဆရာ့စာတွေဖတ်ရကတည်းက ဆရာ့ကိုလေးစားနေတာပါ။ ဆရာနဲ့လည်းတွေ့ချင်နေတာ” ဟု ပြောရင်း ကျွန်တော့်စာမူပါသည့် မကြာမီကထွက်သည့်မဂ္ဂဇင်းတစ်စောင်ကိုထုတ်ပြပါသည်။ သူနှင့်ကျွန်တော်တို့ စကားဝိုင်းဖွဲ့ဖြစ်သွားသည်။ သူကကျွန်တော်ရေးသည့် စာမူများကိုဆွေးနွေးရင်း အားနည်းချက် အားသာချက် များကို ထောက်ပြသွားပါသည်။ ဆက်လက်အားထုတ်ဖို့ တိုက်တွန်းသွားပါသည်။ ထတော့လည်း လက်ဘက်ရည်ဝိုင်းကို သူကပဲတကာခံသွားပါသည်။
သူ့ပုံစံကိုကြည့်ရသည်မှာ နေနိုင်စားနိုင်သည့်အထဲက ဖြစ်ပါသည်။ ကျွန်တော့်အား မြှောက်ပင့်ပြောခြင်း ဖြင့် ကျွန်တော့်ထံမှလည်း ဘာမျှရနိုင်မည်မဟုတ်ပါ။ သူသည် သူ့ရင်ထဲရှိသည့် အတိုင်း ပွင့်ပွင့် လင်းလင်း ပြောသွားသည်ဟု ကျွန်တော်ယုံကြည်မိပါသည်။ စာဖတ်ပရိသတ်ထံမှ အရင်းအတိုင်း ကြားရသော ဝေဖန်ချက်ဟုကျွန်တော်နားလည်လိုက်ပါသည်။
ညနေဘက် ကျောင်းသားများဆီစာသင်သွားရာ၌ လည်းကောင်း၊ ကျွန်တော့်ရွှေနန်းတော် အခန်းကျဉ်းကလေးထံ သို့ပြန်ရာ၌လည်းကောင်း ကျွန်တော့်တစ်ကိုယ်လုံးလွတ်လပ်ပေါ့ပါးနေသည်ဟု ထင်မိလေသည်။ ပြည့်သိပ်နေ သော ဘတ်စ်ကားများသည်လည်းကောင်း၊ အော်ငေါက်တတ်သော စပယ်ယာများသည်လည်းကောင်း ကျွန်တော့်စိတ်ကို မနှောက်ယှက်နိုင်တော့ပါ။ မီးများမှောင်နေသော လမ်းတလျှောက် ဗွက်တောထဲ တစွက်စွက်နေအောင် နင်းမိသော်လည်း စိုးစဉ်းမျှ စိတ် မငြိုငြင်မိပါ။ အခန်းပြန်ရောက်တော့လည်း သော့ပိတ်ထားသည့်အခန်းတံခါးလေးသည် ကျွန်တော့်အား “မင်္ဂလာပါ” ဟု နှုတ်ဆက်နေသယောင်။ ကျွန်တော်စာရေးရာ စာရေးစားပွဲကလေးသည်လည်း ယခုညမှ ပိုမို အရောင်လက်နေသယောင်။
ဖေဖေတို့ဆီ မပြန်သေးဟု ဆုံးဖြတ်လိုက်ပါသည်။ ပြန်၍မဖြစ်သေးပါ။ ရှေ့ဆက်လျှောက်ရမည့်လမ်း မဆုံးသေးပါ။ ရေးစရာတွေ တစ်ပုံကြီးကျန်သေးသည် မဟုတ်ပါလား။
စားပွဲခုံကလေးကို ကုတင်ပေါ်တင်၊ ပျားဖယောင်းတိုင်ကိုထွန်း၊ မျက်မှန်ကိုပင့်တင်ရင်း ကြမ်းတမ်းလှသည့် ဘားပြာစက္ကူတစ်ရွက်ပေါ် ကလောင်တံကို ကျွန်တော် အသော့နှင်နေမိလေသည်။
၁။ ဗြူတီမဂ္ဂဇင်း၊ ၂၀၀၈ ခုနှစ်၊ မတ်လ။
၂။ အလင်းသစ်ရွေးသီရာ ဝတ္ထုတိုများ (၂၀၀၈)။ ၂၀၀၉ ခုနှစ်။

ယခုဝတ္ထုတိုအပါအဝင် ကျွန်တော်၏ ပင်ကိုရေးအခြားဝတ္ထုတိုများကို 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ 'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်ကို အိမ်တိုင်ရာရောက် မှာယူနိုင်ပါပြီ။ ကွန်းခိုရာစာပေ ရဲ့ Facebook Page messenger ကနေ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံနဲ့ စာပို့ပြီးမှာယူနိုင်သလို အောက်ပါ ဖုန်းနံပါတ် များကနေလည်း မှာယူနိုင်ပါသည်။ အဆိုပါစာအုပ်အကြောင်း စာအုပ်အညွှန်းများကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
Comments
Post a Comment
စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။
ဝေယံဘုန်း