Skip to main content

ရေအေး၏ 'သားပိုက်ကောင်နေ့ရက်များ'



သားပိုက်ကောင်နေ့ရက်များ

ရေအေး

ဇလပ်နီစာပေ၊ ဩဂုတ် ၂၀၂၃ (ပထမအကြိမ်)

ဒီဝတ္ထုလေးထွက်လာတဲ့အတွက် စာရေးသူကိုရော ထုတ်ဝေသူကိုရော ကျေးဇူးတင်တယ်။ ဒါမျိုး မြန်မာပင်ကိုရေးထဲမှာ ဖတ်ချင်နေတဲ့ အာသီသလေး ပြည့်သွားတယ် ဆိုရမယ်။ အစဉ်အလာ ဝတ္ထုရေးဟန်တွေသာ လွှမ်းမိုးနေဆဲ မြန်မာခေတ်ပေါ်စာပေလောကရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တဲ့ ဝတ္ထုလို့ဆိုရမယ်။ 

ရုတ်တရက် ပြိုကျလာတဲ့ကျီးအုပ်တွေ၊ နေပြောက်တောင် မထိုးအောင် ကောင်းကင်မှာ ကျီးတွေဟာ အတောင်ပံချင်း ထိနေအောင် အုပ်မိုးထားတဲ့အတွက် ရုတ်တရက် မိုးမှောင်ကြီးကျသွားသလို ဖြစ်သွားတဲ့ အခိုက်အတံ့တွေရဲ့နောက်မှာ သွေးပျက်စရာ အဖြစ်အပျက်တွေ။ ရွာထဲကို ကြောင်နက်ကြီးတွေ ဝင်လာသတဲ့။ အိမ်ပြင်မှာတွေ့သမျှ လူတွေကို အကုန် လက်တွေခြေတွေ ဆွဲဖြုတ်။ တစ်ရွာလုံး ကမ္ဘာပျက်သလိုဖြစ်။ တချို့ကလည်း လူတစ်ကိုယ်စာမကမြင့်တဲ့ ကြောင်ကြီးတွေတဲ့။ တချို့ကလည်း လူကိုယ်ခန္ဓာနဲ့ ကြောင်ဦးခေါင်းတဲ့။ မျက်လုံးက ကြောင်မျက်လုံးတွေတဲ့။ 

ဒီလိုနဲ့ ရွာတွေ ရွာတွေဟာ ကျီးတွေ၊ ကြောင်တွေကြောင့် အိုးအိမ်ကိုစွန့်ခွာထွက်ပြေးကြရတယ်။ လူမရှိတော့တဲ့ ရွာပျက်ကြီးတွေကို ကြောင်တွေက မီးရှို့ဖျက်ဆီးတယ်။ ရွာကိုစွန့်ခွာထွက်ပြေးရသူတွေထဲက ဖိုးနီဆိုတဲ့ ဒုက္ခိတလေး တစ်ယောက်ရဲ့ နေရာကနေ ဝတ္ထုကို ဇာတ်ကြောင်းပြောထားတယ်။ ဖိုးနီရဲ့ အဘိုးနဲ့ ညီလေးနဲ့က ကြောင်တွေလက်ချက်ကြောင့် သေဆုံးပြီး မြေဇာမြက်ဘဝကို ရောက်သွားကြတယ်။ ဖိုးနီရဲ့ အမေက ကျားမ ဘဝကို ပြောင်းသွားတယ်။ ဖိုးနီကတော့ သူ့အဘွားနဲ့အတူ တစ်ရွာလုံး ရွာကိုစွန့်ခွာထွက်ပြေးကြရာမှာ ပါသွားတယ်။

လမ်းမှာထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်။ ဒုက္ခသည်ရွာသားတွေဟာ သူတို့နှုတ်က ပြောလိုက်တဲ့ အတိုင်း တကယ်ဖြစ်သွားတယ်။ ငှက်ကလေးဖြစ်ချင်လိုက်တာ ပြောတဲ့သူက ငှက်ဖြစ်သွားတယ်။ ချိုင်းထောက်ကြောင့် ခရီးမတွင်တဲ့ ဖိုးနီကိုကြည့်ရင်း အဘွားဖြစ်သူရဲ့နှုတ်က ဖိုးနီကို သားပိုက်ကောင်က သူ့ကလေးကို ရင်မှာပိုက်သလို ပိုက်ပြီးခေါ်သွားလို့ရရင် ကောင်းမယ် ပြောလိုက်တာနဲ့ ဖိုးနီဟာ ချက်ချင်း သူ့အဘွားရဲ့ရင်ဘတ်အိတ်ကြီးထဲ ကလေးပေါက်စနလေးဘဝနဲ့ ရောက်သွားတယ်။ အဲသည်က စလို့ ဖိုးနီဟာ သူ့အဘွားရဲ့ မျက်လုံးတွေ၊ နားတွေကနေ တစ်ဆင့်ပဲ အပြင်လောကကို မြင်ရ၊ ကြားရတော့တယ်။ နောက်ပြီး ဖိုးနီဟာ သူ့အဘွားရဲ့ စိတ်ထဲက စဉ်းစားနေတာတွေကို မြင်နေရတယ်။ အဘွားရဲ့စိတ်ကိုလည်း သိနေတယ်ပေါ့။ 

ဖိုးနီနဲ့သူ့အဘွားနဲ့ဟာ ပန်းစုံတောဆိုတဲ့ ထူးဆန်းတဲ့ရွာတစ်ရွာကို ရောက်သွားတယ်။ ရွာမှာလည်း သူတို့လိုပဲ ကြောင်တွေ ကျီးတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေ ခိုလှုံနေကြသေးတယ်။ ဖိုးနီရဲ့အဘွားက ဖိုးနီကို သူ့ရင်ဘတ်အိတ်ထဲ တစ်ချိန်လုံးထည့်ပြီး သယ်ဆောင်နေရသလိုမျိုး ထူးထူးဆန်းဆန်းတွေ ဖြစ်တဲ့ တခြားသူတွေကိုလည်း သူတို့ဆုံရတယ်။ တစ်ချိန်လုံး ဆံပင်တွေ တအားရှည်ထွက်နေတဲ့ ဆံရှည်မြင့်သန်း၊ ဒီရွာကိုရောက်ခါမှ ရုတ်တရက် ဆေးဆရာမဖြစ်သွားတဲ့ မခြင်္သေ့၊ အသက်နဲ့အရွယ်နဲ့ ပြောင်းပြန်တွေ ဖြစ်နေတဲ့ မြေးအဘွားသုံးယောက်၊ စကားပြောရင် ‘မ’ တွေထည့်မပြောလို့မရဖြစ်နေတဲ့ ဦးဇင်းဦးမာဏ၊ ည ၁၂ နာရီထိုးတာနဲ့ အိပ်ရာကနေ လန့်လန့်နိုးပြီး ဘာကိုကြောက်မှန်းမသိကြောက်နေရတဲ့ အဘိုးဦးမြစ် စတဲ့သူတွေပေါ့။

မခြင်္သေ့ရဲ့ဦးဆောင်မှုနဲ့ တစ်ပတ်တစ်ခါ ပြုလုပ်တဲ့ တနင်္ဂနွေစကားဝိုင်း။ အဲဒီမှာ မခြင်္သေ့မေးတဲ့သူက မေးတဲ့မေးခွန်းကိုဖြေရတယ်။ ရွာမှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ၊ ခု လတ်တလော စိတ်မှာဖြစ်နေတဲ့ အကြောက်တရားတွေ၊ ကြောက်နေမိတဲ့အရာတွေ စသည်ဖြင့်။ ဖိုးနီရဲ့အဘွားကတော့ သူ့မြေး ဖိုးနီကို ရင်ဘတ်အိတ်ထဲကနေ အပြင်ကို ပြန်ရောက်အောင် ဘယ်လိုလုပ်ရမလဲ သိရမယ်ဆိုလို့ တနင်္ဂနွေဝိုင်းကို ပုံမှန် လာတက်တယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူမှ မဆွေးနွေးကြဘူး။ ရွာ့ပြင်မှာ နှင်းတွေ အဆုပ်လိုက် အခဲလိုက်ကျတဲ့ညမှာ နှင်းခဲကိုစားရင် အဘွားခံစားနေရတဲ့အပူတွေ အေးသွားနိုင်တယ်လို့ မခြင်္သေ့ကဆိုတယ်။ နှင်းတွေ ကျတဲ့ ည ၁၂ နာရီမှာ ဖိုးနီရဲ့အဘွားဟာ နှင်းခဲစားဖို့ ရွာပြင်ကိုအသွားမှာ နှင်းထဲမှာ တောင့်တောင့်ကြီးရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့တယ်။ အဲသည်မိန်းကလေးကို ရွာက ကယ်တင်ပြီး ဖိုးနီတို့မြေးအဘွား အိမ်မှာပဲ ထားကြတယ်။ အဲဒီမိန်းကလေး ရောက်လာခြင်းဟာ တစ်ရွာလုံးရဲ့ ကံကြမ္မာပြောင်းလဲဖို့ အစလည်း ဖြစ်တယ်။ 

ဒီဝတ္ထုကို ဖတ်ပြီး ကျနော်တို့နဲ့ရင်းနှီးပြီးသား နေရာဒေသတစ်ခုက အဖြစ်အပျက်တွေနဲ့ အချိန်ကာလကြီး တစ်ခုကို မျက်စိထဲ မြင်ယောင်မိပါရဲ့။ ဒါ ကျနော်တစ်ဦးတည်းရဲ့ အမြင်နဲ့ခံစားချက်ပါ။ ရေးသူကိုယ်တိုင်ကလည်း ဒါကိုရည်စူးပြီး ရေးတာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ တခြားစာဖတ်သူတွေမှာလည်း အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ နို့ပေမဲ့လည်း မတူကွဲပြားတဲ့အမြင်နဲ့ ခံစားမှုတွေ ရောင်စဉ်ဖြာထွက်လာအောင် လုပ်တာကိုက ခေတ်သစ်/ခေတ်ပေါ် ဝတ္ထုတွေရဲ့ လက္ခဏာရပ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ 

‘သားပိုက်ကောင်နေ့ရက်များ’ ကို ကျနော်ကတော့ absurdist fiction အမျိုးအစားလို့ မရဲတရဲဆိုကြည့်ချင်ပါတယ်။ အဲသလိုဝတ္ထုမျိုးတွေရေးတဲ့နေရာမှာ နာမည်ကြီးတဲ့ ကက်ဖ်ကာတို့၊ ကမျူးတို့၊ ဆာ့(ထ်) တို့၊ ဒေါ့စတိုယက်စကီးတို့ရဲ့ ဝတ္ထုတွေမှာတွေ့ရတတ်တဲ့ meaningless, purposeless life အတွေးအခေါ်မျိုးတွေ၊ နောက်ပြီး dark humour တို့၊ surrealist အစိတ်အပိုင်းတွေ ပါတာ၊ အစဉ်အလာ ဇာတ်လမ်းဇာတ်ကွက်ပုံစံ (traditional plot structure) တွေကို ချိုးဖျက်တာ အစရှိတာတွေကြောင့် ပြောကြည့်တာပါ။ ကျနော်က ပညာရှင်မဟုတ်တဲ့အတွက် absurdist fiction အမျိုးအစား ဖြစ်နိုင်တယ်လို့ “မရဲတရဲ” လေး ဆိုကြည့်ခြင်းသာ ဖြစ်ပါတယ်။ 

အစဉ်အလာဝတ္ထုတွေကို ငြီးငွေ့နေတဲ့ ကျနော့်အနေနဲ့ကတော့ အလားတူဝတ္ထုမျိုးတွေကို ဆရာရေအေးဆီကရော တခြားခေတ်ပြိုင်စာရေးသူတွေဆီကနေပါ မျှော်လင့်နေပါတယ်။ 

Comments

အဖတ်အများဆုံး

အင်တာလုဒ်

လူ့လောကသည် ငြိမ်ငြိမ်သက်သက် …  လကလေးက ထွန်းမြကြည်သာ ...  လေနုသွေးမှာ ပိုးမွှားအချို့ပါလာသည် ကျေးလက်ရိုးရာဗုံသံအချို့ တိုးချည် ကျယ်ချည်ကြားရသည်။ ကမ္ဘာသည် ဝင်ရိုးပေါ်တစ်ပတ်သွားနှုန်း တစ်စက္ကန့်ထပ်နှေးသွား၏။ တစ်စုံတစ်ရာကို ကျောပိုးထားရသောကြောင့် …  ပြာလွင်လွင်ကောင်းကင်၌ တိမ်လွန်းပျံက  တက်သုတ်ရိုက် ခရီးနှင်၏။ သတင်းစကားကို သယ်လာရသောကြောင့် …  စစ်သည်တော်သည် သေနတ်ပြောင်းဝကို အောက်သို့စိုက်၏။ နှင်းဆီတစ်ခြင်း၏ဆွဲအားကြောင့် … ငွေဗျိုင်းဖြူကိုမြင်သော လယ်တောသူက အထက်သို့မော့ကြည့်သည်။ စပါးခင်းမှရောင်ပြန်အလင်း ထွန်းသောသူ့မျက်နှာကို သူ့ချစ်သူက စေ့စေ့ကြည့်၏။ ကျေးငှက်တို့သည် စပါးနှံတို့ကို ကိုက်ချီသွားသည်။ စောင်းသံသည် အဘယ်အရပ်မှလာသနည်း။ လေပြည်လာရာ လမ်းကြောင်းမှ … ရွှေလမှာယုန်ဝပ်နေဆဲ ဆန်ဖွပ်သူမရှိတော့ချေ။ 1.1.2021 #WaiYanHponePoetry

ဘယ်တော့မှဖတ်ခွင့်ရမှာ မဟုတ်တဲ့ ဂန္ထဝင်စာအုပ် ၆ အုပ်

စာအရေးအသားပေါ်ပေါက်လာတာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိခဲ့ပြီမို့ ဘယ်သောအခါမှ ဖတ်ခွင့်မရတော့မယ့် ပုံဝတ္ထုတွေလည်း ရှိပါတယ်။ အဲဒီထဲကတချို့ဆိုရင် ပျောက်လို့ပျောက်နေမှန်း​တောင် လူတွေမသိကြတဲ့ စာတွေဖြစ်ပြီး တချို့ကျတော့လည်း နှုတ်ဖြင့်သာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန်တွေ ဖြစ်ကြ ပါတယ်။ ဒါပေမဲ့လည်း ပျောက်ဆုံးစာအုပ်စာရင်းဆိုတာ ရှိနေမှန်းတော့ အသေအချာသိကြပါတယ်။ တချို့ စာအုပ်/စာမူတွေဆိုရင် စာကြည့်တိုက်တွေထဲမှာ၊ လက်ဆွဲသေတ္တာတွေထဲမှာ၊ ဒါမှမဟုတ် စာရေးစားပွဲခုံ တွေထဲမှာ ဘယ်သူမှမတို့မထိရဘဲ ရှိချင်ရှိနေမှာပါ။ ဆေးလ်ဗီးယား ပလာ့သ်ရဲ့ ပျောက်ဆုံးသွားတဲ့ စာမူတွေ အစ လော့ဒ်ဘိုင်ရွန်ရဲ့ မီးရှို့ပစ်လိုက်တဲ့ ကိုယ်ရေးမှတ်တမ်းတွေအဆုံး အဲဒီ စာအုပ်တွေ စာမူတွေဟာ အတိတ်သမိုင်း ဟိုးဝေးဝေးမှာ ကျန်ရစ်ပျောက်ဆုံးခဲ့ပြီဖြစ်ပါတယ်။ Isle of the Cross by Herman Melville ဟားမန်း မဲလ်ဗီးဟာ Isle of the Cross ဆိုတဲ့ စာမူကို Moby Dick စာအုပ်ထုတ်ဝေပြီး နှစ်နှစ်အကြာ ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေသူကို ပြသခဲ့ပါတယ်။ အဲဒီစာမူကတော့ သူအားလပ်ရက်ခရီးသွားတုန်း လေ့လာသိရှိခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ အခြေခံထားပါတယ်။ သင်္ဘောသား ခင်ပွန်းဖြစ်သူရဲ့...

ကပြားစာ၊ ကပြားစကား ရေးကြပြောကြလျှင်

“မြန်မာစာစောင်တွေ၊ ဂျာနယ်တွေဖတ်ရင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆောင် ထားကွ” ဟူ၍ မကြာမီက ထွက်သည့် လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်တွင် ကာတွန်းတစ်ပုဒ်တွေ့လိုက်ရပါသည်။ မြန်မာလို ရေးထားသည့် သတင်းများ၊ ဆောင်းပါးများ ကြားတွင် အင်္ဂလိပ်စာလုံးများ ကြားညှပ်ထည့်မှု များလာ ခြင်းကို မျက်စိနောက်လာသည့် ကာတွန်းဆရာက သရော်ထားသော ကာတွန်းတစ်ပုဒ်ဖြစ်ပါသည်။ သူပြောလည်း ပြောချင်စရာပါ။ ယနေ့ မြန်မာဘာသာဖြင့် ရေးထားသော စာအတော်များများကို ဖတ်ရသည် မှာ မြန်မာမဆန်လှပါ။ မြန်မာအက္ခရာများကြားတွင် အင်္ဂလိပ်အက္ခရာများကို တွေ့မြင်ရသည်မှာ အရုပ်ဆိုး လှပါသည်။ ဘာကြောင့် အခုလိုရေးကြသလဲဟု စဉ်းစားစရာဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်စကားလုံးကို မြန်မာ ဘာသာသို့ မပြန်ဆိုနိုင်သဖြင့် အလွယ်တကူ ရေးလိုက်ခြင်းလား၊ မြန်မာစကားပြောလျှင် အင်္ဂလိပ်လို ညှပ်ပြောနေကျ အကျင့်ပါနေ၍ စာရေးတော့လည်း ညှပ်ရေးလိုက်ခြင်းလား၊ ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်က အင်္ဂလိပ်လို ထည့်ရေးမှ ဂုဏ်ရှိသည်ဟု အထင်ရောက်၍လား။ မြန်မာဘာသာစကားတွင် သူများ ဘာသာစကားမှ မွေးစားစကားလုံးများ ရှိသည်။ ကိုယ့်မှာမရှိသဖြင့် မွေးစား ရခြင်းဖြစ်ပါသည်။ (ဥပမာ။ ရေဒီယိုတို့၊ ကက်ဆက်တို့၊ ကားတို့) မတတ်နိုင်ပါ။ ...

နိုင်ငံတကာဆက်ဆံရေး အဓိကအယူအဆများ

စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ပထမအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၄ ဒီဇင်ဘာ ထုတ်ဝေသူ - Myanmar Knowledge Society တန်ဖိုး - ကျပ် ၂၅၀၀ ဖြန့်ချိရေး - MKS ၀၁ ၆၈၃ ၁၉၈၊ ၀၉ ၇၃၀ ၆၆၉၁၈၊ ၉၀၉၇၂၃၄ ၃၅၆၁ စာအုပ်အမည် - နိုင်ငံတကာ ဆက်ဆံရေး အဓိကအယူအဆများ (ဒုတိယအကြိမ်) ထုတ်ဝေသည့်လ - ၂၀၁၉ ဇန်နဝါရီ ထုတ်ဝေသူ - Myanmar Harp Publishing တန်ဖိုး - ကျပ် ၄၀၀၀ ဖြန့်ချိရေး - Myanmar Harp Publishing အမှတ် ၁၈၀၊ မြေညီ၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတား၊ ရန်ကုန်မြို့ ဖုန်း ၀၉ ၉၇၂ ၇၄၂ ၁၅၀၊ ၀၉ ၇၇၇ ၀၀၁ ၀၁၇

သေမင်းနှင့်ရက်ချိန်းပြန်ယူခြင်း

ငါချစ်ခင်ရသူတွေ လေးစားရသူတွေ မြတ်နိုးရသူတွေ တဖြုတ်ဖြုတ်ကြွေသွားကြတော့ ငါ့မှာ သေမင်းနဲ့ပြန်တိုင်ပင်ရတယ်။ ရက်ချိန်းပြန်ယူဖို့မျက်နှာလုပ်ကြည့်တယ်။ ငါထားခဲ့ရမယ့်သူတွေ ငါ့မျက်နှာကိုကြည့်နေကြသူတွေ ငါအခုခံစားရသလို မခံစားစေချင်သေးဘူးလို့။  သေမင်းကပြောတယ်။ လူတိုင်းက ဒီလိုပဲပြောကြတာပဲ မင်းမို့လို့ အစဉ်အလာကိုဖောက်ဖျက်လိုက်ရင် ငါ မျက်နှာလိုက်ရာ ကျလိမ့်မယ် တဲ့။ ငါကပြန်ချေတယ်။ ခြွင်းချက်ဆိုတာလောကရဲ့ဓမ္မတာလို့။ ဆိုတော့ သူကပြောတယ် မင်းဟာခြွင်းချက်နဲ့ ထိုက်တန်ကြောင်း  ပရိုပိုဆယ် တင်ပါဦး၊ ငါကြည့်စမ်းမယ် တဲ့။ ငါဟာသစ်ပင်စိုက်ရဦးမှာလို့  ပြောလိုက်တော့ သူကရယ်တယ်။ ကမ္ဘာဟာခေါင်းတုံးဖြစ်တော့မယ်ဆိုမှ လူတွေဟာ မင်းလိုလူတွေနဲ့မတန်ပါဘူး။ မင်းတစ်ယောက်နဲ့ ဘာထူးမှာတုံး ...  နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးကွ တဲ့။ မဟုတ်ဘူး ... ငါကိုယ်တိုင်သစ်ပင်ဖြစ်မှာ သစ်ပင်နဲ့တူသောပုဂ္ဂိုလ်ဖြစ်မှာ ငါဟာအရိပ် ငါဟာအကိုင်းအခက် ငါဟာအသီးအပွင့်ဖြစ်မှာ။ ငါ့အရိပ်ကိုခိုသူတိုင်းဟာအေးမြနေမယ် ငါ့ရဲ့အသီးအပွင့်တွေကို ငှက်တွေကကိုက်ချီပြီး အရပ်ရှစ်မျက်နှာမှာ ပြန့်ပွားပေါက်ရောက်စေလိမ့်မယ်။ ငါဟာ လောကရဲ့နှစ်တစ်လုံးကနေ  ရာဝင်အိုးနဲ့ပြည့်...