Skip to main content

ရေးသူဖတ်သူ ထုတ်ဝေသူတို့ရဲ့ အခက်အခဲတွေနဲ့ နှေးကွေးလာတဲ့ ရသစာပေရေစီး


ဟိုတစ်လောက စာရေးဆရာမ နုနုရည် (အင်း၀) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ ပင်ကိုရေးဝတ္ထုစာအုပ်ကို အဲဒီနှစ်ကမှ စတင်ချီးမြှင့်တဲ့ အာရှစာပေဆု (Man Asian Literary Prize) အတွက် ပဏာမစာရင်း တင်သွင်း လိုက်တယ်ဆိုတဲ့ သတင်းဟာ ဂန္ထဝင်မြောက်တဲ့ ပင်ကိုရေး ရသဝတ္ထုရှည် စာအုပ်တွေ အသစ်ထပ် မထွက်တာ ကြာပြီဖြစ်တဲ့ မြန်မာ့ရသ စာပေလောက ရေမျက်နှာပြင်ထက်မှာ ပလုံစီလေးတစ်လုံး ထပွက်သွားသလိုပါပဲ။ (မှတ်ချက်။ ဤဆောင်းပါးရေးစဉ်က ၂၀၀၇ ခုနှစ်ဖြစ်ပါသည်။ နုနုရည် (အင်း၀) ၏ စာအုပ် ဆန်ကာတင်စာရင်းမှာပါသည့် သတင်းထွက်လာပြီး မရှေးမနှောင်းအချိန် ဖြစ်သည်။ Man Asian Literary Prize သည် နိုဘဲလ်စာပေဆုလို တစ်ကမ္ဘာလုံးရှိ စာရေးဆရာများထဲမှ ရွေးချယ်ခြင်း မဟုတ်ဘဲ အာရှတိုက်သား စာရေးဆရာများအတွက် သီးသန့် ချီးမြှင့်သည့် ဆု ဖြစ်သည်။)
ခုချိန်မှာငြိမ်သက်နေတဲ့ မြန်မာ့ရသစာပေလောကဟာ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးပါတယ်။ ၁၉၄၀-၇၀ ကာလမှာ စံချိန်မီဝတ္ထုတို/ရှည်တွေ လှိုင်လှိုင်ကြီး ထွက်ခဲ့ဖူးတယ်။ မြန်မာ့ဂန္ထဝင်စာရေးဆရာအများစုဟာ အဲဒီခေတ်မှာ ရှင်သန်နေထိုင်ခဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း လောကရဲ့ အနိမ့်အမြင့်၊ အတက်အကျ သဘောကြောင့်ပဲလား၊ မမြဲသောအနိစ္စတရားကြောင့်ပဲလား၊ ၂၀ ရာစုကုန်ခါနီးကစလို့ ရသစာပေရေစီးဟာ အားနည်းလာတယ်။ ပြတ်တောင်း၊ ပြတ်တောင်းဖြစ်လာတယ်။ ဝတ္ထုတိုနဲ့ ကဗျာဘက်မှာ ငြင်းကြခုံကြရင်း ရေစီးကြောင်း ကောမသွားသေးပေမယ့်၊ တိုင်းခြားဝတ္ထုကြီးတွေ ဘာသာပြန်ဆိုမှု ကြိုကြားကြိုကြား ရှိနေသေးပေမယ့် တစ်ချိန်ကနာမည်ကျော်ခဲ့တဲ့ ဒဂုန်တာရာရဲ့ မေ တို့လို၊ သိန်းဖေမြင့်ရဲ့ အရှေ့ကနေဝန်း ထွက်သည့်ပမာ တို့လို၊  မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် တို့လို ဂန္ထဝင်စာရင်း သွင်းခံရတဲ့ ရသဝတ္ထုကြီးတွေလိုမျိုး အသစ်ထပ်မထွက်တော့တာ ဘာကြောင့်များပါလဲ။ ရေးမယ့်သူတွေ မရှိတော့လို့လား။ ဖတ်မယ့်သူ၊ ထုတ်ဝေမယ့်သူတွေ မရှိတော့လို့လား။ အဲ ... ဒါမှမဟုတ် “ရသ” ဆိုတာကြီးကိုက ခေတ်ကုန်သွားလို့များလား။

ရန်ကုန်အခြေစိုက် စိတ်ကူးချိုချိုစာပေတိုက်ပိုင်ရှင် ဦးစန်းဦးက အရင်ခေတ်နဲ့ ဒီဘက်ခေတ်ရဲ့  ပြောင်းလဲသွားတဲ့ အခြေအနေတွေကိုအခုလိုရှင်းပြပါတယ်။

“အရင်ခေတ်က လတ်တလောစာပေ စင်မြင့်ရှိတယ်။ (ဥပမာ-နေ့စဉ်ထုတ် သတင်းစာ၊) စာဖတ်ပရိသတ်က စောင့် ဖတ်ကြတယ်၊ စွဲလမ်းကြတယ်။ စာရေးဆရာက စိတ်ဖြောင့် လက်ဖြောင့် ရေးနိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာက စားဝတ်နေရေးဘက်ကို ဖြည့်ဆည်းနေရတော့ အချိန်မပေးနိုင်တော့တာကြောင့် လို့ထင်တယ်။ မဂ္ဂဇင်းတွေကလည်း ရေရှည်တည်တံ့တဲ့ မဂ္ဂဇင်းကနည်းတယ်။ ရသစာပေကို ဇောင်းပေးတဲ့ မဂ္ဂဇင်းကလည်း လက်ချိုးရေလို့ရတယ်။”

ဝတ္ထုကောင်းအသစ်ထပ်မထွက်တာမှာ ဒီနေ့ခေတ်ရဲ့ ရေးကွင်းရေးကွက် နည်း တာနဲ့ စာရေးသူအတွက် စားဝတ်နေရေး ပံ့ပိုး ဖြည့်ဆည်းမှုမှာ အာမခံချက်မပေးနိုင်တာရယ်ကို ဦးစန်းဦးကထောက်ပြပါသေးတယ်။

“ဂန္ထဝင်ဝတ္ထုကြီးတွေမှာ ခေတ်ကိုနောက်ခံထားမှ ဝတ္ထုတန်ဖိုးတက်တယ်။ ခေတ်အခြေအနေကို ဘယ်လောက် တိုက်ရိုက်ရေးထည့်လို့ ရလဲ၊ ဒါနဲ့လည်း ဆိုင်တယ်။”

မန္တလေးသား စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆရာနေဝင်းမြင့်ကတော့ ဒီနေ့ခေတ်ဟာ အမြင်ယဉ်ကျေးမှု ကြီးစိုးတဲ့ခေတ် ဖြစ်တဲ့အတွက် တကောက်ကောက်လိုက်စရာ ဖျော်ဖြေမှုပုံစံတွေများလာတာကလည်း တစ်ပိုင်းပါတယ်လို့ဆိုပါတယ်။

“ဒီမေးခွန်းမျိုး (ကွယ်လွန်သူစာရေးဆရာ) ဆရာတက္ကသိုလ်ဘုန်းနိုင်ကို ကျွန်တော်မေးဖူးတယ်။ ဆရာက ဒီခေတ်မှာ ဝတ္ထုတစ်ပုဒ်အတွက် အချိန်နဲ့နေရာကို သတ်မှတ်လို့မရတဲ့ပြဿနာရှိတယ်။ ဒီခေတ်မှာရေးတဲ့ဝတ္ထုရှည်တွေက (လေဟာနယ်) ထဲမှာရေးနေကြတာတွေ့ရတယ်လို့ ဖြေပါတယ်။ ခေတ်တိုင်း၊ လူတိုင်းခံစားလို့ရမယ့် အကြွင်းမဲ့အမြင်ရေးမှ ခေတ်တိုင်းပါလာနိုင်ပြီး နှိုင်းရအမြင်နဲ့ရေးနေရင် မပါနိုင်တော့ဘူးလို့ လည်း ပြောတယ်။”

မန္တလေးသား စာရေးဆရာနောက်တစ်ဦးဖြစ်တဲ့ ဆရာညိုထွန်းလူကတော့ ဂန္ထဝင်မြောက် ပင်ကိုရေး ဝတ္ထုရှည်ကြီးတွေ ထပ်မထွက်လာနိုင်တော့တာက “အရိုးဆုံးနဲ့ အရှင်းဆုံးပြောရရင် မရေးနိုင်ကြတော့ လို့ဖြစ်တယ်” လို့ ဆိုပါတယ်။ ဝါသနာစာရေးဆရာနဲ့ အသက်မွေးဝမ်းကျောင်းစာရေးဆရာဆိုပြီး နှစ်မျိုးရှိတဲ့နေရာမှာ ဝါသနာစာရေးဆရာကတော့ သူစိတ်ပါမှစာရေးတဲ့အတွက် ဂန္ထဝင်မြောက်လက်ရာတွေ ထွက်လာဖို့ နည်းပါသတဲ့။ ဒါဆို စာရေးပြီးအသက်မွေးသူတွေကရော။


“ရသဝတ္ထုတွေ ထွက်လာနိုင်ဖို့ ဝမ်းစာလိုပါတယ်။ ... ဘဝအမြင်နဲ့ ကြည့်လိုက်ရင် စိတ်အလုပ်ရုံထဲ နှစ်ထားရတဲ့ စာရေးဆရာရဲ့ဘဝဟာ ဘာမှအာမခံချက် မရှိပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့အဖြစ်ပါ။

“ကျွန်တော်တို့ဖြတ်သန်းနေကြရတဲ့ ခေတ်ရဲ့ထမင်းအိုးစရိတ်ကလည်း နည်းတာမဟုတ်တော့ တစ်ခါတလေ အဲဒီ ဝမ်းစာပြည့်ဖို့ ကိစ္စထဲမှာပဲ အချိန်ကုန် သွားကြရတယ်”တဲ့။

ဆရာညိုထွန်းလူကလည်း ဆရာ နေဝင်းမြင့်လိုပဲ ဒီနေ့ခေတ်ရဲ့ရုပ်ဝတ္ထု ပစ္စည်းလွှမ်းမိုးမှုကို ထောက်ပြသွားပါ တယ်။ ဝတ္ထုကြီးတွေဟာ အရင်ခေတ်ကလို လူတွေရဲ့ (အထူးသဖြင့်လူငယ်တွေရဲ့) အသည်းနှလုံးကို သိမ်းကျုံးမယူနိုင်တော့ဘူး။ လူငယ်တွေရဲ့ အာရုံဝင်စားမှုဟာ ဝတ္ထုကောင်းတစ်ပုဒ်ကနေ အခြားအရာ တွေဘက်ဆီ ရွေ့လျားသွားကြပါပြီ။ ကျေးလက်ဆိုလည်း ကျေးလက်အလျောက်၊ မြို့ပြဆိုလည်း မြို့ပြအလျောက် “နေခဲ့တဲ့ နေရာဒေသနဲ့ ဘ၀ဖြတ်သန်းမှု ကွာဟသွားရင် အာရုံခံစားမှုကလည်း အနည်းနဲ့ အများကွာခြားသွားမှာ”ပါတဲ့။

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး ကွန်ပျူတာဂိမ်းတွေ ပေါ်လာတယ်။ သတင်းဆက်သွယ်ရေး စနစ်ဖွံ့ဖြိုးလာ တယ်။ ဂြိုဟ်တုစလောင်း၊ လက်ကိုင်ဖုန်း၊ အခုအင်တာနက်၊ လူငယ်တွေမှာ ကြီးပွား တိုးတက်ချင်တဲ့ ဇောတွေကပ်နေတယ်။ ဗီဒီယို၊ ဂီတတွေကအစ မြန်မြန်သွက်သွက် ခံစား၊ နောက်ထပ် အသစ်ရောက်လာရင် အဲဒီအထဲကို စိတ်အာရုံရောက် သွားတယ်၊ အငှားဆိုင်က လစဉ်ထုတ် မဂ္ဂဇင်းတွေ ငှားကြ၊ ကိုယ်ကြိုက်တာ လေးပဲဖတ်၊ ကြည့်၊ နောက်တစ်နေ့ပြန်အပ်၊ ဒီအထဲ ဗီဒီယိုခွေငှားတာနဲ့ ဈေးကွက်ခြင်းယှဉ်ရင် စာအုပ်ငှားတာထက် တွက်ခြေကိုက်တဲ့ ဗီဒီယိုအခွေငှားတာဘက်ကိုပိုပြီး အာရုံရောက်သွားတယ်။

“ပြောချင်တာကတော့ ခေတ်လူငယ်အများစုဟာ ဝတ္ထုရှည်မှ၊ လုံးချင်းမှရယ် မဟုတ်ဘူး။ စာဖတ်ခြင်းအလေ့ကို အားနည်းနေတာ”လို့ ဆရာညိုထွန်းလူက ဆိုပါတယ်။

စာရေးသူ၊ ထုတ်ဝေသူနဲ့ စာဖတ်သူဆိုပြီး သုံးဦးသုံးဖလှယ်ရှိရာမှာ ရေးသူနဲ့ဖတ်သူတွေမှာ သူ့ပြဿနာနဲ့သူ ရှိနေကြတယ်။ ဒါဆို ထုတ်ဝေသူကရော။

“ဘာသာပြန်နဲ့ လုံးချင်းတွေက အာမခံ ချက်ပေးဖို့ ခဲယဉ်းတယ်။ မြှုပ်နှံဖို့က ခဲယဉ်းတယ်။ စီးပွားရေးဘက်က တွက် ကြည့်ရင် မလွယ်နိုင်ဘူး။ အချိန်ပေးဖတ် နိုင်တဲ့သူက ရှားတယ်” လို့  ဦးစန်းဦးက ပြောပါတယ်။

ရသဝတ္ထုကြီးတွေနဲ့ တခြားသုတစာအုပ်တွေရဲ့ ရောင်းရတဲ့အုပ်ရေအချိုးကလည်း တော်တော်ကွာပါတယ်။ စာအုပ်ဆိုင်တွေရဲ့ အရောင်းရဆုံးစာအုပ်စာရင်းမှာ ဝတ္ထုစာအုပ်ကောင်းတွေဟာ ပါဝင်လေ့မရှိကြပါဘူး။ ဦးစန်းဦးကတော့ အသုံးချစာအုပ်တွေဟာ တကယ့်လိုအပ်ချက်၊ “ရသကျတော့ တကယ့်လိုအပ်ချက် လို့ ပြောရခက်တယ်။ မဝယ်လည်းဖြစ်တဲ့ အရာတွေကိုး”တဲ့။

ဒါကိုကြည့်ရင် ထုတ်ဝေသူတစ်ဦးဟာ အဝယ်နည်းမယ့်ဝတ္ထုစာအုပ်အသစ်ကို စွန့်စားထုတ်ဝေဖို့ဆိုတာ တော်ရုံစာပေချစ်စိတ်နဲ့မရဘူးဆိုတာ ပေါ်လွင်လာပါပြီ။ သူ့ထက်စာရင် အရင်ကနာမည်ရှိခဲ့တဲ့ စာအုပ်အဟောင်းတွေကိုပဲ ပြန်ရိုက်ကြတာမဆန်းပါဘူး။

“အကယ်၍ ဝတ္ထုကောင်းရှိလာခဲ့ရင် ထုတ်မှာပါ။ အရင်ကရှားပါးတွေတောင် ထုတ်ခဲ့ရင် ဘာလို့မထုတ်ရမှာလဲ” လို့ ဦးစန်းဦးကပြောပါတယ်။ ဦးစန်းဦးလို ထုတ်ဝေသူမျိုး ဒီကနေ့စာပေလောကမှာ ဘယ်နှယောက် ရှိနိုင်ပါမလဲ။

တွက်ခြေမကိုက်လို့ မထုတ်၊ အကြောင်း အမျိုးမျိုးကြောင့် မရေးကြ၊ မရေးကြလို့ အလှမ်းဝေးပြီးမဖတ်ကြ ဆိုတဲ့ မုန့်လုံးစက္ကူကပ်သံသရာကလွတ်အောင်ဆိုရင် ဘယ်သူကဘယ်လိုစပြီး ဦးဆောင်ကြမလဲ။ အားလုံးဝိုင်းဝန်းနည်းလမ်းရှာရမှာပါ။

“ဝတ္ထုအသစ်တွေ ထွက်လာအောင် အခြေအနေဖန်တီးပေးနိုင်ဖို့ပါပဲ။ ရသ စာပေတွေနေရာပေးမယ့် ဂျာနယ်တို့၊ မဂ္ဂဇင်းတို့လိုအပ်ပါတယ်။ အနစ်နာခံပြီးရေးမယ့်စာရေးဆရာတွေ လိုအပ်ပါတယ်။ သူတို့ခမျာ အားထုတ်တာနဲ့ မတန်တဲ့ စာမူခကို ရရမှာ” လို့ ဦးစန်းဦးကဆိုပါ တယ်။

အကယ်၍ ဦးစန်းဦးပြောသလို စာရေးဆရာတွေအတွက် “စင်မြင့်” တွေရှိလာရင်လည်း စာရေးဆရာရဲ့ ကလောင်ဟာ ပရိသတ်ရဲ့ နှလုံးသားဆီအရောက်သွားဖို့ ထက်နေအောင် သွေးနေရ ပါလိမ့်မယ် ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဆရာညိုထွန်းလူရဲ့ စကားနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

“ရသဝတ္ထုရေးတဲ့ စာရေးဆရာဟာ ရသကိုပေးနိုင်စွမ်းရှိတဲ့ စကားလုံးတွေကို ချစ်တတ်ရမယ်။ အဆက်မပြတ် ဖတ်မှတ် စုဆောင်းပြီးမှ ရသခံစားမှုအားကောင်းတဲ့ စကားလုံးတွေ ဖန်တီးနိုင်အောင် ကြိုးစား ရတယ်။ ဖန်တီးခြင်းအတတ်ပညာဟာ ဘယ်တော့မှ ပြည့်စုံတယ်လို့ မရှိပါဘူး။ ရသဖန်တီးခြင်းအတတ်ပညာဟာ ဘယ်တော့မှ ပြည့်စုံတယ်လို့ မရှိပါဘူး။ ရသဝတ္ထုတွေဟာ စာရေးဆရာရဲ့ နှလုံးသားထဲက ထွက်လာတာပါ။”

မြန်မာတိုင်း(မ်) ဂျာနယ်၊ အမှတ် ၃၂၉။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ။

ဆက်စပ်ဖတ်ရှုစရာ


ဆောင်းပါးကဏ္ဍမှာ အခြားဖတ်စရာ 

Comments

အဖတ်အများဆုံး

အာရှ ယဉ်ကျေးမှုတန်ဖိုးများနှင့် အစိမ်းရောင်မူဝါဒ နိုင်ငံရေး - ဗုဒ္ဓဝါဒရှုထောင့်မှချဉ်းကပ်ခြင်း

 နိဒါန်း အာရှသား အစိမ်းရောင်သမားတွေဟာ အနောက်တိုင်းသား အစိမ်းရောင်သမားတွေရဲ့ စဉ်းစားကြံစည် လုပ်ကိုင်ပုံတွေကို ပုံတူကူးရုံပဲဆိုရင်တော့ အာရှတိုက်မှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒ နိုင်ငံရေးဟာ ကျရှုံးမှာပါပဲ။ ရှေ့မှာလည်း နမူနာတွေရှိထားပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာတွေ့ရတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်နဲ့ ဆိုရှယ်လစ်မူဝါဒရေးရာတွေကို ကြည့်ရင်လည်း ရလဒ်တွေဆိုးရွားလေ့ရှိတာ မြင်ရမှာပါ။ ကျွန်တော်တို့အာရှမှာ ဖော်ဆောင်မယ့် အစိမ်းရောင်မူဝါဒအားပြုနိုင်ငံရေးကို အနှစ်အသား ပြည့်ပြည့်နဲ့ အောင်မြင်တာ မြင်ချင်တယ်ဆိုလို့ရှိရင်တော့ လုပ်ရမှာက သီးခြား အစိမ်းရောင်အယူအဆတွေနဲ့ အလေးအနက်ထား ပေါင်းစပ်ဖို့အတွက် အာရှရဲ့ ယဉ်ကျေးမှုဇာစ်မြစ်တွေထဲက သင့်လျော်မယ့် အစိတ်အပိုင်းတွေကို စေ့စေ့စပ်စပ် လိုက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာဆွေးနွေးမှာကတော့ အာရှရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဘာဖြစ်လို့ ပစ်ပယ်လို့မရဘူးလဲဆိုတာ၊ အဲဒီ တန်ဖိုးတွေက ဘာတွေလဲ ဆိုတာ၊ အာရှတိုက်မှာရော အာရှတိုက်ကြီးအတွက်ရော သီးခြားအသွင်ဆောင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖန်တီးရာမှာ အဲဒီတန်ဖိုးတွေက ဘယ်လိုအကူအညီဖြစ်မလဲဆိုတာတွေပဲဖြစ်ပါတယ်။  အခုဆောင်းပါး...

မင်္ဂလာဦးည

သတို့သမီးသည် အိပ်ခန်းပြတင်းပေါက်နှင့်ယှဉ်ပြီးချထားသည့် ကုလားထိုင်ပေါ်တွင် စိတ်လွတ်လက်လွတ် ထိုင်ချလိုက်ရင်း လေသာပြတင်းတံခါးဘောင်ပေါ် လက်ကိုတင်ထားလိုက်သည်။ ယနေ့မှတော်ရသည့် ခင်ပွန်းအသစ်စက်စက်ကလေး ပြန်လာမည့်အရပ်ဘက် သူ့မျက်လုံးများက ငေးငေးရီရီ။ အိမ်အပေါ်ထပ်ရှိ သူတို့၏စက်ရာခန်းသည် အိမ်အပြင် လမ်းဘက်ခြမ်းကို မျက်နှာမူပြီး ဖွဲ့ထားသဖြင့် အိမ်ရှေ့က လမ်းသွားလမ်းလာများကို မြင်နေရသည်။ အခန်းမီးကိုမှိတ်ထား၍ရလောက်အောင် လဆန်းရက်၏ ထွန်းလင်းသော လရောင်ကလည်း အခန်းတွင်းသို့ ဖြာကျလျက်ရှိသည်။ မင်္ဂလာသတို့သမီးဝတ်စုံကြီးနှင့် တစ်နေ့ခင်းလုံးစိတ်အိုက်ခဲ့ရသည့် သတို့သမီးသည် ယခုမှအသက်ဝဝ ရှူနိုင်တော့သည်။ သူတို့သည် မင်္ဂလာပွဲမတိုင်မီ လနှင့်ချီ၍ ဒီပွဲအတွက်ကြိုတင်ပြင်ဆင်ရင်း စိတ်မောခဲ့ရသည်။ ခန်းမကိစ္စ၊ အကျွေးအမွေးကိစ္စ၊ ဖိတ်စာကိစ္စ၊ ဝတ်စုံကိစ္စ၊ ဟိုကိစ္စ၊ သည်ကိစ္စ... ကိစ္စပေါင်းစုံနှင့် လုံးချာလည်လိုက်ခဲ့ရသည်မှာ ‘တစ်သက်မှာ တစ်မင်္ဂလာ’ ဟုဆိုကြသည့် ယနေ့လိုပွဲအတွက် ကြိုတင်စိတ်ကူးယဉ် ကြည်နူးခွင့်ပင် သိပ်မရခဲ့ချေ။ ဒါပေမဲ့လည်း ပင်ပန်းရသည်နှင့်တန်အောင်ပင် မင်္ဂလာပွဲသည် ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နှင့် ပြ...

နှလုံးသားကိုစတေးတန်စတေးရသည်

စေ့စပ်ပွဲကျင်းပရန် ရက်ပိုင်းမျှသာအလိုကျမှ ကျွန်တော့အစ်မဝမ်းကွဲတစ်ယောက်သည် သူနှင့်သူ့ချစ်သူတို့ ဘာသာမတူမှန်း မိဘများအား ဖွင့်ပြောလိုက်ပါသည်။ လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စေ့စပ်ပွဲကလည်း မနက်ဖြန်သန်ဘက်။ ဘာမှမတတ်နိုင်တော့။ စေ့စပ်ပွဲပြီးဆုံးသွားသော်လည်း သူ့မိဘ နှစ်ပါးမှာ အောင့်သက်သက်ဖြစ်ကျန်ခဲ့သည်ဟု ပြန်ကြားရပါသည်။  ကျွန်တော့အစ်မလုပ်ပုံသည် လူကြီးများကို တစ်ခါတည်း ချည်ပြီးတုပ်ပြီး လုပ်သည့်ပုံစံ ဖြစ်နေပါသည်။ သို့သော်လည်း ငယ်စဉ်ကတည်းက ချစ်ကြောက်ရိုသေခဲ့ရသည့်ဖခင်ကို ကြောက်သည့်စိတ်ကတစ်ဘက်၊ ချစ်သူနှင့် ဝေးရမည်ကို စိုးရွံ့သည့်စိတ်က တစ်ဘက်နှင့်မို့ ယခုလို စွန့်စားပြီးလုပ်လိုက်ရသည်ဟု ကျွန်တော်ကတော့ နားလည်ပေးလိုက်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုနေ့က ရေးတဲ့စာ

မနက်ဖြန် ရွေးကောက်ပွဲကျင်းပတော့မယ်။ ၂၀၀၈ ကို ကြက်ခြေခတ်ခဲ့၊ ၂၀၁၀ မှာ သပိတ်မှောက်ခဲ့၊ ၂၀၁၅ မှာ တက်ကြွစွာမဲပေးခဲ့သူ တစ်ယောက်အနေနဲ့ ၂၀၂၀ မှာ ရင်ခုန်စိတ်လှုပ်ရှားမှု မရှိဘူးဖြစ်နေတယ်။  ရလဒ်ကို ကြိုသိနေလို့လည်း ဖြစ်နိုင်သလို နိုင်ငံရေးကိုပိုသိလာလို့လည်း ဖြစ်နိုင်တယ်။ အစိုးရတွေ ပါတီတွေဆိုတာ လူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူ့သဘောအတိုင်း အာဏာရလာရင် ဖောက်ပြန်တာတွေလည်း ရှိမှာပဲ။ အာဏာနိုင်ငံရေးရဲ့သဘောအတိုင်း တစ်ချိန်က ဆန့်ကျင်ခဲ့သူတွေနဲ့ ပလဲနံပသင့် ပုလင်းတူဘူးဆို့ လုပ်ရတဲ့ အကွက်တွေလည်း ရှိလာနိုင်သလို မြန်မာနိုင်ငံအနေအထားနဲ့ဆို သိပ် ရန်-ငါ စည်းပြတ်လို့ မရတာတွေကိုလည်း မြင်နေရဦးမှာဆိုတာကို လက်ခံလိုက်လို့လည်း ဖြစ်နိုင်ပါတယ်။  နောက်တစ်ခုက ဒီမိုကရက်တစ်ပါတီတွေထဲက ဘယ်ပါတီပဲ နိုင်နိုင် ဘာမှကြီးကျယ်တဲ့ transformation ကြီးတစ်ခု ဖြစ်မလာနိုင်(သေး)ဘူးဆိုတာ သိနေလို့လည်း ဖြစ်နိုင်တယ်။  ထားပါ။ အဓိကအချက်က ဒါမဟုတ်ပါဘူး။ အဓိကတွေးနေတာက ၂၀၀၈ ကိုဘယ်လိုပြင်/သစ်မလဲ၊ စစ်တပ်ကို စစ်တန်းလျား ဘယ်လိုပြန်ပို့မလဲ မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော် လမ်းကြောင်းကနေ ခြေဥပြင်ရေး မဖြစ်နိုင်သလောက်ပဲ ဆိုပေမဲ့ ဘယ်လောက် ဖြစ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...